Monday, September 30, 2013

မလွယ်တဲ့ခရီး

၂ဝ ရာစုကို ဒီမိုကရေစီ ခေတ်လို့ ဆိုကြ သည်။ သမ္မတ ဘုရှ်ကတော့ သူ့မိန့်ခွန်း တစ်ခုမှာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ဒီမိုကရေစ စနစ်၊ ဗဟု ဝါဒကို ပြောင်းလဲ ကျင့်သုံး ခဲ့သည့် နိုင်ငံ အရေ အတွက်အား တန်းစီ ရွတ်ပြသွား ဖူးသည်။ သို့သော် ထိုနိုင်ငံ အားလုံးတွင် ဒီမိုကရေစီ စနစ်ကို စဉ်ဆက် မပြတ် ကျင့်သုံး နိုင်ခြင်း ရှိ၊မရှိ၊ ဒီမိုကရေစီ စံများနှင့် အညီ ကျင့်သုံး ခဲ့ခြင်း ရှိမရှိ ဆိုသည် ကိုတော့ ပြော မသွားခဲ့။
စစ်တမ်း ကောက်ယူချက် များအရ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ ကျင့်သုံးသည့် နိုင်ငံတိုင်း ထိုစနစ်ကို ရေရှည် ကျင့်သုံး နိုင်ခြင်း မရှိဟု တွေ့ရသည်။ ၁၉၆ဝ ပြည့်လွန် နှစ်များမှ ၂ဝဝ၄ ခုနှစ် အကြားတွင် ဖွံ့ဖြိုးဆဲ နိုင်ငံပေါင်း ၈၈ နိုင်ငံ၌ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ ကျင့်သုံးမှု ၁၂၃ ကြိမ် ပေါ်ပေါက် ခဲ့သည်။ လက်တင် အမေရိကမှာ ( ၂၆) ကြိမ်၊ အနောက် ဥရောပမှာ (၄) ကြိမ်၊ အရှေ့ ဥရောပမှာ (၂၁) ကြိမ်၊ ဆဟာရ တောင်ပိုင်း ဒေသ တွေမှာ ( ၄၆) ကြိမ်၊ အရှေ့ အလယ်ပိုင်းနှင့် မြောက်ပိုင်း အာဖရိကမှာ (၃)ကြိမ်၊ နှင့် အာရှ တိုက်မှာ (၂၃) ကြိမ် ဖြစ်ခဲ့သည်။ သို့သော် ထိုအထဲတွင် ၆၇ ကြိမ်ကသာ ဒီမို ကရေစီကို ခိုင်ခိုင် မာမာ ကျင့်သုံး နိုင်ပြီး ကျန် ၅၆ ကြိမ်တွင်မူ မူလ နိုင်ငံရေး အခြေအနေ သို့မဟုတ် ပိုဆိုးသည့် ဗရုတ် သုက္ခ အခြေ အနေသို့ ပြန်ရောက် သွားသည်ကို တွေ့ရသည်။
ကမ္ဘာ့ ဒေသ အလိုက် ဒီမို ကရေစီဖော် ဆောင်ရာတွင် အောင်မြင်မှု ကွာခြား သည်ကို လည်း တွေ့ရသည်။ ဆဟာရ တောင်ပိုင်း ဒေသတွင် ဒီမိုကရေစီ စနစ် ပြောင်းလဲ ကျင့်သုံးရန်ေ ဆာင်ရွက်မှု အကြိမ် များသော်လည်း ၎င်းတို့အနက် ၆၃% မှာ အချိန်သိပ် မကြာမီ ဒုံရင်း ဒုံရင်းပြန် ဖြစ်သွားသည်။ လက်တင် အမေရိက တိုက်တွင် အောင်မြင်မှု မရှိသည့် နှုန်းထားမှာ ၃၅% ရှိပြီး အာရှ ဒေသက ၅၇% ရှိ ပေသည်။ အထူး ခြားဆုံး မှာ အရှေ့ ဥရောပ နိုင်ငံများ ဖြစ်ပြီး ထိုဒေသ နိုင်ငံ များ၏ အောင်မြင် မှုက ၉ဝ% အထိ မြင့်မား သည်ကို တွေ့ရသည်။
ဒီမို ကရေစီ စနစ်ကို ဖော်ဆောင်ပြီးမှ ပြန်လည် ပြိုကွဲ သွားသည့် ဖြစ်စဉ် များကို လေ့လာ သည့်အခါ ပထမ ငါးနှစ် အတွင်း တွင် ပြန်လည် ပြိုကွဲမှု ၆၈% အထိ ရှိသည်ကို တွေ့ရ၏။ ပြန်လည် ပြိုကွဲသည့် ဖြစ်စဉ် ၈၄% မှာ ပြုပြင် ပြောင်းလဲရေး ဖြစ်ပေါ်ပြီး ဆယ်နှစ် အတွင်းတွင် ဖြစ်သည် ကိုလည်း တွေ့ရသည်။ ထိုအချက်က နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ် များတွင် ပထမ ဆယ်နှစ်သည် အရေး အကြီးဆုံး ဖြစ်သည် ဆိုသည်ကို ဖော်ညွှန်း နေခြင်းလည်း ဖြစ်ပေသည်။ အချို့ နိုင်ငံများ တွင်မူ ဒီမို ကရေစီသို့ ပြောင်းလဲ ကျင့်သုံးရန် ကြိုးစားမှုများ အကြိမ်ကြိမ် ပေါ်ပေါက် ခဲ့သည်ကို တွေ့ရ၏။ ထို အခြေအနေ မျိုးတွင် ပထမ အကြိမ် ဆောင်ရွက်စဉ်က ပျမ်းမျှ အောင်မြင်မှု နှုန်းသည် ၄၇ % သာ ရှိသော်လည်း ဒုတိယ အကြိမ် ဆောင်ရွက် ရာတွင် အောင်မြင်မှု နှုန်းမှာ ၆၃ % အထိ မြင့်တက် လာသည် ကိုလည်း တွေ့ရ ပြန်သည်။
ထို့ပြင် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲမှုကို ဆောင်ရွက်သည့် အချိန် ကာလ အပေါ် မူတည်ပြီး အောင်မြင်မှု ကွာခြားသည် ကိုလည်း သတိ ပြုဖွယ်ရာ တွေ့ရသည်။ ၁၉၆ဝ ဆယ်စုနှစ်များ အတွင်းက ဒီမို ကရေစီ စနစ်ကို ပြောင်းလဲ ကျင့်သုံး ခဲ့သည့် နိုင်ငံများ အနက် ၁၁.၅% သာ ရေရှည် တည်တံ့ ခဲ့သော်လည်း ၁၉၇ဝ ဆယ်စုနှစ် များတွင်မူ ၃ဝ % ဖြစ်လာခဲ့သည်။ ၁၉၈ဝ နှင့် ၁၉၉ဝ ဆယ်စုနှစ် များတွင်မူ ၇၂.၅% နှင့် ၇၆.၅% အထိ မြင့်မား လာခဲ့သည်။ ထို အခြေ အနေက ၁၉၈ဝ နောက်ပိုင်းတွင် ပြည်သူ များ၏ အသိပညာ ဗဟုသုတ ပိုမို ပြည့်ဝ လာမှု၊ ဂလိုဘယ် လိုက်ဇေးရှင်းနှင့် နိုင်ငံ တကာက ထိုဖြစ်စဉ် များအပေါ် ပိုမို စိတ်ဝင် စားလာမှုတို့၏ သြဇာ သက်ရောက်မှု ကို ဖော်ပြ နေခြင်း ဖြစ်သည်ဟု နိုင်ငံရေး သိပ္ပံ ပညာရှင်များက ကောက်ချက်ချ ခဲ့ကြသည်။
စီးပွားရေး အကြောင်းခံများ
ထိုကဲ့သို့ ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင် မာမာနှင့် ရေရှည် ကျင့်သုံး နိုင်ခြင်း မရှိသည့် အကြောင်းအရင်း များကို လေ့လာ ရာတွင် သက်ဆိုင်ရာ နိုင်ငံ၏ လူမှု စီးပွားရေး အခြေ အနေသည်လည်း အကြောင်း တစ်ချက် ဖြစ်သည်ကို တွေ့ရ ပြန်သည်။ တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ နှစ်ထောင်ကျော် (၂ဝဝ၆ ခုနှစ် ဒေါ်လာ တန်ဖိုး) သည့် နိုင်ငံများသည် ဒေါ်လာ ရှစ်ရာ အောက်ဝင်ငွေ ရှိသည့် နိုင်ငံများထက် ဒီမိုကရေစီ ဖော်ဆောင်မှု အောင်မြင်ရန် အခွင့်အရေး သုံးဆ ပိုများ သည်ကို တွေ့ရသည်။ သို့သော် တစ်ဦးချင်း ဝင်ငွေ တစ်ခုတည်းဖြင့် လည်း လူမှု စီးပွားရေး အခြေအနေကို အကဲ ဖြတ်၍ မရပြန်ပေ။ နိုင်ငံ၏ ဆင်းရဲ ချမ်းသာ ကွာခြားမှု ကိုလည်း ထည့်သွင်း စဉ်းစားရန် လိုသည်ကို တွေ့ရသည်။ စစ်တမ်း ကောက်ယူ ချက်များအရ ဆင်းရဲ နွမ်းပါးမှုမျဉ်း အောက်တွင် နိုင်ငံလူဦးရေ၏ ၄ဝ % ရှိသော နိုင်ငံများ အနေဖြင့် ဒီမို ကရေစီကို ရေရှည် တည်တံ့အောင် ဆောင်ရွက် နိုင်ရန် ခဲယဉ်း သည်ကို တွေ့ရ ပြန်သည်။ အချို့ ပညာရှင်များက စီးပွားရေး အကျပ်အတည်း သည် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု မအောင်မမြင် ဖြစ်ရသည့် အကြောင်း အရင်း တစ်ခု ဖြစ်သည် ဟုလည်း ဆိုကြသည်။ ထိုအဆိုကို ဆန့်ကျင်သည့် ပညာရှင် များကမူ အရှေ့ ဥရောပ နိုင်ငံများ၏ အသွင် ကူးပြောင်းရေး ကာလ အတွင်းတွင် စီးပွားရေး အကျပ် အတည်းများ ရှိသည့်တိုင် ဒီမို ကရေစီ စနစ် တည်တံ့အောင် ဆောင်ရွက် နိုင်သည့် အခြေ အနေနှင့် ထိုင်း နိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက် နေသည့် ၂ဝဝ၆ ခုနှစ်တွင် စစ်တပ်မှ အာဏာ သိမ်းမှု ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်၊ ရုရှားနှင့် ဗင်နီ ဇွဲလား နိုင်ငံ များ၏ နိုင်ငံရေး ဖြစ်စဉ် များကို ထောက်ပြပြီး စီးပွားရေး အကြောင်းခံ များမှာ ထင်သလောက် အရေး မပါကြောင်း စောဒက တက်ကြသည်။ ထို အယူအဆ ရှိသူများ ကမူ လေ့လာ ဆန်းစစ်ချက် များအရ နိုင်ငံရေး နှင့် အဖွဲ့အစည်း ဆိုင်ရာ အကြောင်းခံ များသည်သာ ဒီမို ကရေစီ စနစ် တည်တံ့ရေး အတွက် အရေးကြီး ဆုံးဖြစ်သည်ဟု ဆိုကြသည်။
နိုင်ငံရေး အကြောင်းခံများ
အဆိုပါ အယူအဆကို ထောက်ခံသူ များက ဒီမိုကရေစီ စနစ်ကို ကူးပြောင်း ရာတွင် နိုင်ငံရေး ပါတီများ၏ အရည် အချင်း၊ လူမှု အသိုင်း အဝန်း အတွင်း ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားမှု၊ မဲဆန္ဒရှင် များ၏ နိုင်ငံရေး အသိ ပြည့်ဝမှုနှင့် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရား စီရင်ရေး၊ မီဒီယာ စသည့် မဏ္ဍိုင် အဖွဲ့ အစည်း များ၏ အရည်အသွေး ပြည့်ဝမှုက ပိုအရေး ကြီးသည်ဟု ဆိုကြသည်။ ထိုသူတို့က အရှေ့ ဥရောပ နိုင်ငံများတွင် ဒီမိုကရေစီ အသွင် ကူးပြောင်း မှုများ အောင်မြင်မှု ရှိခြင်းမှာ ထိုနိုင်ငံများ အနေဖြင့် ဆိုဗီယက် ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဒီမိုကရေစီ စနစ် ကျင့်သုံးမှု ရှိခဲ့ခြင်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ အားကောင်းစွာ ရှိနေခဲ့ခြင်း၊ လူထု၏ နိုင်ငံရေး၊ ပညာရေး အဆင့် မြင့်မားခြင်း တို့က အဓိက အချက် ဖြစ်သည်ဟု ကောက်ချက်ဆွဲ ခဲ့ကြသည်။ ထိုသူတို့ ကပင် အာဖရိက တိုက် နိုင်ငံများ၊ အီရတ်နှင့် အရှေ့ တီမောလို နိုင်ငံမျိုးတွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများက ငွေကို ရေလို ပုံအော သုံးသည့် တိုင်အောင် တည်ငြိမ် သည့် နိုင်ငံရေးစနစ်ကို တည်ဆောက် နိုင်ခြင်း မရှိသည့် ဖြစ်စဉ် များကို ထောက်ပြပြီး အဖွဲ့အစည်းများ အင်အား ကောင်းရေး၏ အရေးပါမှုကို ပြောကြားခဲ့ကြသည်။
ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ ကျင့်သုံး ရာတွင် နိုင်ငံရေး စနစ် ပုံစံ အနေဖြင့် အခြေခံ အားဖြင့် သမ္မတက ဦးဆောင်သည့် စနစ်နှင့် ဗြိတိသျှ ပုံစံ ပါလီမန် စနစ်ဟု နှစ်မျိုး ရှိပေသည်။ အသွင် ကူးပြောင်းစ နိုင်ငံများတွင် နိုင်ငံရေး ဖြစ်စဉ်၌ ပါဝင် ပတ်သက်သည့် အဖွဲ့ အစည်းများ၏ အရည် အသွေး၊ မဲ ဆန္ဒရှင်များ၏ အမြင် ကျယ်မှုတို့ အားနည်း သည်မှာ ဓမ္မတာလို ဖြစ်နေသည်။ ထို အခြေအနေ မျိုးတွင် အုပ်ချုပ်ရေးနှင့် ဥပဒေ ပြုရေးကို တိတိ ကျကျ ခွဲခြား ထားသည့် သမ္မတ ဦးဆောင်သည့် စနစ်က ပိုပြီး သင့်တော် သည်ကိုလည်း တွေ့ရသည်။ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးကို ဆောင်ရွက် ခဲ့သည့် ၁၂၃ ကြိမ်တွင် ၈၁ ကြိမ်က သမ္မတ စနစ်ကို ကျင့်သုံး ခဲ့သည်။ သမ္မတ စနစ် ကျင့်သုံးသည့် ပြောင်းလဲမှု များတွင် ၆၄ % က ရေရှည် တည်တံ့ခဲ့ပြီး ဗြိတိသျှ ပုံစံ ပါလီမန် စနစ် ကျင့်သုံးသည့် ပြောင်းလဲမှု များတွင် ၄၅% သာ အောင်မြင်မှု ရှိသည် ကို တွေ့ရသည်။ ထိုအချက်က ပါလီမန် စနစ်တွင် ပါတီတစ်ခု တည်းက အများစု အနိုင်ရပြီး ထင်ရာ စိုင်းခြင်းနှင့် ပါတီများ အစိတ်စိတ် အမွှာမွှာ ကွဲပြီး အုပ်ချုပ်ရန် ခက်ခဲခြင်း ဆိုသည့် ဆိုးကျိုး များက အသွင် ကူးပြောင်းရေး ကာလ အောင်မြင်မှု အပေါ် အကျိုး သက်ရောက်မှု ရှိသည်ကို ပြဆို နေပေသည်။
ထို့အပြင် အသွင် ကူးပြောင်းရေး ဖြစ်စဉ်များ အကောင် အထည် ဖော်မှုသည် အခြေခံ ဥပဒေ၏ အပြန်အလှန် ထိန်းညှိ နိုင်မှု ( Check and Balance) အားကောင်း ခြင်း၊ အားနည်းခြင်း အပေါ် တွင်လည်း မူတည် နေသည်။ နိုင်ငံရေး သိပ္ပံ ပညာရှင် Ethan B. Kapstein က အသွင် ကူးပြောင်းရေး ဖြစ်စဉ် ၁၂၃ ကြိမ်တွင် ကျင့်သုံး ခဲ့သည့် အခြေခံ ဥပဒေ များကို လေ့လာခဲ့ရာ အပြန်အလှန် ထိန်းညှိမှု အားကောင်းသည့် အခြေခံ ဥပဒေကို ကျင့်သုံးသည့် ပြောင်းလဲမှု များတွင် အောင်ချက် ၆ဝ% ရှိပြီး အားနည်းသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျင့်သုံးသည့် ပြောင်းလဲမှု များတွင် ၂၉% မျှသာ အောင်မြင် သည်ကို တွေ့ရသည်။ ထိုအချက်က အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေ ပြုရေးကို ခွဲခြား ထားသည့် သမ္မတ စနစ်၏ အကျိုးကို ထောက်ပြ နေခြင်းလည်း ဖြစ်ပေသည်။
အထက်တွင် ဖော်ပြခဲ့သည့် စစ်တမ်း ကောက်ယူ ချက်များ အရ ဆိုလျှင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ် များသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထောင့်စုံမှ စဉ်းစား ဆောင်ရွက် ရသည့် ဖြစ်စဉ်များ ဖြစ်သည် ဆိုသည်မှာ ထင်ရှား ပေသည်။ သို့သော် အဓိက ပြဿနာမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စသည်နှင့် ပြည်သူ များက ရလဒ် ကောင်းများ မြန်မြန် ရရန် မျှော်လင့်သည်။ နေ့ချင်း ညချင်း အကောင်အထည် မြင်လိုသည်။ ထိုအခါ အချိန်နှင့် အရှိန် အဟုန်သည် အငြင်းပွား စရာ ဖြစ်လာသည်။ သို့သော် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းသည် အဆင့်ဆင့် ဆောင်ရွက် ရသည် လုပ်ငန်းစဉ် (Process) ဖြစ်သည်။ တစ်ကြိမ် တစ်ခါတည်းနှင့် ပြီးမြောက်သော အလုပ် မဟုတ်၊ တစ်လှမ်းခြင်း လှမ်းရင်း သင်ခန်းစာတွေ ရှာဖွေရင်း ရှေ့ဆက် ရသော ခရီး ဖြစ်သည်။ ပါဝင် ပတ်သက် နေသူ အားလုံးက ဒီမိုကရေစီ ကျင့်စဉ် တွေ၊ လုပ်နည်း တွေနဲ့ ရင်းနှီး ကျွမ်းဝင်အောင်၊ ကိုယ်တိုင် ကျင့်သုံး တတ်အောင် အချိန်ယူ ရပေမည်။ ထိုအချက်ကို နားလည် နိုင်လျှင် အသွင် ကူးပြောင်းရေး ဖြစ်စဉ်သည် အောင်မြင် ပေလိမ့်မည်။
ရဲထွဋ်
Bi Weekly ; 16-1-09
မှီငြမ်းပြုစာစောင်များ

၁။
Why Democracy Fail by Ethan B. Kapstein and Nathan Converse
၂။
Democracy in ASIA, Europe and the World ediated by Chung- Si An

No comments:

Post a Comment