Friday, September 27, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၃)



အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် ဘဏ္ဍာရေး အထောက်အပံ့
အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် လိုအပ်သည့် ရန်ပုံငွေကို မည်သည့် နည်းဖြင့် ထောက်ပံ့မည် ဆိုသည့် အချက်သည် အရေး ကြီးသော အချက် ဖြစ်သည်။ အခြေခံ အားဖြင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် ရန်ပုံငွေ ထောက်ပံ့သည့် နည်းစနစ်သည် အယ်ဒီတာ လွတ်လပ်ခွင့် အပါအ၀င် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ အခြေခံ မူများ အပေါ် နိုင်ငံရေး အရ၊ စီးပွားရေး အရ ၀င်ရောက် စွက်ဖက်မှု မပြုနိုင်အောင် အကာ အကွယ် ပေးနိုင် ရမည် ဖြစ်သည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အတွက် ရန်ပုံငွေ မည်မျှ ခွင့်ပြုမည် ဆိုသည့် ဆုံးဖြတ် ချက်သည်  အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ စွမ်းဆောင် နိုင်မှုနှင့် အနာဂတ် ရည်မှန်းချက် များ အပေါ် တွင်သာ မူတည် နေရမည် ဖြစ်ပြီး အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ သတင်း ရေးသားချက် များအပေါ် နှစ်သက်မှု မရှိခြင်း ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခြင်း၊ လျော့ချ ခြင်းမျိုး မဖြစ်အောင် ဥပဒေဖြင့် အကာအကွယ် ပေးထား ရမည် ဖြစ်သည်။ တစ်ဖက်ကလည်း အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အနေဖြင့် ရန်ပုံငွေ သုံးစွဲ မှုများ အပေါ် ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှု အပြည့်အ၀ ရှိမည် ဖြစ်သည်။ ထို့ပြင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ စွမ်းဆောင် နိုင်မှုနဲ့ ဘဏ္ဍာငွေ သုံးစွဲမှု များကို စောင့်ကြည့် အကဲ ဖြတ်မည့် သီးခြား လွတ်လပ်သော အဖွဲ့ တစ်ဖွဲ့လည်း ရှိရန် လိုအပ်မည် ဖြစ်သည်။
ထို့ပြင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အနေဖြင့် ဘဏ္ဍာရေး အရင်းအမြစ် တစ်ခုတည်း ကိုသာ အားကိုး နေရခြင်းမှ ရှောင်လွှဲ နိုင်ရန် အတွက် ကွဲပြားသည့် အရင်း အမြစ်များ ထံမှ ရန်ပုံငွေ ရရှိရန်လည်း လိုအပ် ပေသည်။ ထို့ကြောင့် နိုင်ငံတကာမှ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ များကို လေ့လာပါက အများစုသည် လွှတ်တော်မှ သတ်မှတ် ခွင့်ပြုသည့် ပြည်သူ့ ရန်ပုံငွေ (Public Funding) နှင့် ကြော်ငြာ အပါအ၀င် အခြား စီးပွားရေး လုပ်ငန်း များမှ ၀င်ငွေကို ပေါင်းစပ် အသုံးပြု သည်ကို တွေ့ရမည် ဖြစ်ပါသည်။ နိုင်ငံအချို့မှ အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ အတွင်း ရန်ပုံငွေ ထောက်ပံ့မှု စနစ် ကိုအောက်ပါ အတိုင်း လေ့လာ နိုင်ပါသည်-
နိုင်ငံ
ပြည်သူ့ရန်ပုံငွေ
ကြော်ငြာ
အခြား ( ရုပ်သံအစီ အစဉ် ရောင်းချခြင်း စသည်ဖြင့်)
ၾသစေတးလ် (ABC)
၈၀%
၂၀%
-
ကေနဒါ (CBC)
၆၆%
၂၃%
၁၁%
ပြင်သစ်
၉၉% မှ ၄၈% ထိ[1]


ဂျပန် (NHK)
၉၈%
၂ %

တောင်အာဖရိက (SABC)
၂၃.၅%
၇၆.၃%

ယူနိုက်တက်ကင်းဒမ်း (BBC)
၈၂%
၁၇%
၁%
ဂျာမနီ ( ARD)
၈၂%
၉%
၉%
နော်ဝေ (NRK)
၉၈%
၂%

ဆွီဒင် (SR, SVT)
၉၈%
၂%

ဒိန်းမတ် (DBC)
၉၁%
၁%
၈%
ထိုင်း ( Thai PSB)
၁၀၀%





[1]ပြင်သစ် နိုင်ငံတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ၈ ခုရှိပြီး လုပ်ငန်း အပေါ် မူတည်ကာ ပြည်သူ့ ရန်ပုံငွေ ရရှိမှု ကွာခြား ပါ သည်။ ပျှမ်းမျှ တွက်ချက် ပါက ၆၉.၁ % ရရှိပါသည်။

ထိုနိုင်ငံများ အနက် တောင်အာဖရိက နိုင်ငံတစ်ခု တည်းတွင်သာ ကြော်ငြာ ၀င်ငွေကို အဓိကထား အသုံးပြုသည်ကို တွေ့ရမည် ဖြစ်ပါသည်။ သို့သော် ၂၀၁၂ ခုနှစ် စက်တင် ဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့ များ၌ ရန်ကုန် မြို့တွင် ပြုလုပ် ခဲ့သည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေး ပွဲတွင် Political transition and media reform: South Africa experiences ခေါင်းစဉ်ဖြင့် ဆွေးနွေး ချိန်တွင် ပါဝင် ဆွေးနွေး သူများက တောင် အာဖရိက ၏ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာဖြစ် သည့် SABC သည် ကြော်ငြာ ၀င်ငွေကို အားထား ရသဖြင့် အခြား ပုဂ္ဂလိက စီးပွားရေး မီဒီယာ များနှင့် ပုံစံတူ သွားကြောင်း၊ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ အခြေခံ မူများကို ဖြည့်ဆည်း နိုင်ခြင်း မရှိတော့ကြောင်း ထောက်ပြ ဆွေးနွေး ခဲ့ကြသည်။ တောင် အာဖရိက ကိုယ်စား လှယ်ကလည်း အဆိုပါ ထောက်ပြချက် များကို လက်ခံခဲ့ပြီး ၎င်းတို့ အနေဖြင့်လည်း SABC ကို ပြန်လည် ဖွဲ့စည်းရန် ဆောင်ရွက် နေကြောင်း ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံ ကမူ အရက်နှင့် ဆေးလိပ် အပေါ် ကောက်ခံသည့် အခွန် အားလုံးကို အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာသို့ တိုက်ရိုက် လွှဲပြောင်း ပေးသည့် အတွက် ကြော်ငြာ ၀င်ငွေ အပေါ် မှီခိုရန် မလိုသည် ကိုလည်း တွေ့ရပါသည်။
ယနေ့ မြန်မာ နိုင်ငံတွင် အကောင် အထည်ဖော် ဆောင်ရွက် နေသည့် မီဒီယာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အရ နိုင်ငံပိုင် မီဒီယာ များကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်း ရမည် ဖြစ်သည်။ ထိုသို့ ဖွဲ့စည်း ရာတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အခြေခံ မူများကို ဖော်ဆောင် နိုင်ရန် အတွက် အယ်ဒီတာ လွတ်လပ်ခွင့်ကို အာမခံ နိုင်မည့်၊ စီးပွားရေး အကျိုး စီးပွား ဆိုင်ရာ ဖိအားများမှ လွတ်ကင်းသည့် ရန်ပုံငွေ ထောက်ပံ့သည့် စနစ်တစ်ခု ရှိရန် လိုအပ် ပါသည်။ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် အတွက် ယူနက်စကို အပါအ၀င် နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်း များမှ ပညာရှင် များနှင့် ဆွေးနွေး တိုင်ပင် ခဲ့ရာတွင် နိုင်ငံ အများ အပြားတွင် ကျင့်သုံး နေသည့် ပြည်သူ့ ရန်ပုံငွေနှင့် ကြော်ငြာ ၀င်ငွေ နှစ်ခု ပေါင်းစပ် အသုံးပြုသည့် စနစ်ကို အသုံးပြုရန် ထောက်ခံ တင်ပြခဲ့ ကြပါသည်။ ရန်ပုံငွေ ရယူမှု အချိုးအစားကို စဉ်းစား ကြရာတွင် ပြည်သူ့ ဘဏ္ဍာငွေ အပေါ်တွင်လည်း ၀န်ထုပ် ၀န်ပိုး မဖြစ် စေရန်၊ စီးပွားရေး အကျိုး စီးပွား များလည်း လွှမ်းမိုးမှု မခံရ စေရန် သင့်တော်သည့် အချိုးအစား ဖြစ်သော ရန်ပုံငွေ လိုအပ်ချက်၏ ၇၀% ကို ပြည်သူ့ ရန်ပုံငွေ အဖြစ် နိုင်ငံတော် ဘဏ္ဍာမှ ရယူရန်၊ ၃၀% ကို ကြော်ငြာ ၀င်ငွေမှ ရယူရန် သတ်မှတ် ခဲ့ပါသည်။ တနည်း အားဖြင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို အများပိုင် ကုမ္ပဏီ အဖြစ် ရှုမြင် ကြည့်လျှင် ပြည်သူ များက အစုရှယ်ယာ ၇၀% ကို ပိုင်ဆိုင်ပြီး ကြော်ငြာရှင် များက ၃၀% သာ ပိုင်ဆိုင် သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ အနေဖြင့် အများစု ရှယ်ယာ ပိုင်ရှင် ဖြစ်သော ပြည်သူများ၏ အကျိုး စီးပွား ကိုသာ ဦးစားပေး ဆောင်ရွက် ရမည် ဖြစ်သည်။
ထို့ကဲ့သို့ ကြော်ငြာ ၀င်ငွေကို ၃၀% သတ်မှတ် ခဲ့ခြင်းကြောင့်  အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များတွင် အများဆုံး ထည့်သွင်း နိုင်သည့် ကြော်ငြာ စာမျက်နှာ အရေအတွက်၊ ထုတ်လွှင့်ချိန် စသည် တို့ကို ဥပဒေဖြင့် ကန့်သတ် ခဲ့ရသည်။ ယခု တင်သွင်း ထားသည့် ဥပဒေ ကြမ်းအရ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အနေဖြင့် ပုံနှိပ် စာမျက်နှာ၏ ၃၀% ကိုသာ ကြော်ငြာ ထည့်သွင်းခွင့် ရှိပြီး အများပြည်သူ ၀န်ဆောင်မှု အသံလွှင့် ဌာန အနေဖြင့် အစီအစဉ် တစ်ခု၏ ထုတ်လွှင့်ချိန် ၁၀ %၊ တစ်နေ့တာ ထုတ်လွှင့်ချိန် စုစုပေါင်း၏ ၇ ဒဿမ ၅  % သာ ကြော်ငြာ ဖော်ပြခွင့် ရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံပိုင် မီဒီယာများ အနေဖြင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ်သို့ ပြောင်းလဲ ပြီးချိန်တွင် ကြော်ငြာ မှ ရရှိသည့် အမြတ် အစွန်းများ လျော့နည်း သွားမည် ဖြစ်သည်။ သို့သော် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို စီးပွားရေး အကျိုး စီးပွား များ၏ ဖိအား ပေးမှုမှ ကင်းလွတ် စေရန် အတွက် အဆိုပါ ကန့်သတ် ချက်ကို မဖြစ်မနေ လိုက်နာရမည် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဗညားအောင်

No comments:

Post a Comment