Thursday, September 5, 2013

ပြုပြင်ရတော့မည့် ဗြိတိန်နိုင်ငံစာနယ်ဇင်းလောက (၂)

စုံစမ်းရေး ကော်မရှင်က စာနယ်ဇင်းများကို  ကြီးကြပ် ထိန်းကျောင်းမည့် အဖွဲ့ ( Self Regulatory Body )( စာဖတ်သူများ ပိုမို ရှင်းလင်းစေရန် အတွက် ဆောင်းပါးတွင် စာနယ်ဇင်း ကောင်စီ ဟုသာ သုံးစွဲပါမည်။)   ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အဓိက တင်ပြသည့် အချက်မှာ အစိုးရနှင့် လည်းကောင်း၊ စာနယ်ဇင်း သမားများ၊ စာနယ်ဇင်း လုပ်ငန်းရှင်များ နှင့် လည်းကောင်း သီးခြား လွတ်လပ်သည့် အဖွဲ့အစည်း အဖြစ် ဖွဲ့စည်းရန် ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်သည် လက်ရှိ PCC ကြုံတွေ့နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် အတွက်လည်းဖြစ်သည်။
ကော်မရှင်က စာနယ်ဇင်း ကောင်စီ  ဥက္ကဌနှင့် အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် လက်ရှိစနစ် ဖြစ်သည့် PCC ကို စာနယ်ဇင်း လောကသားများ ပါဝင်သည့် Press Standards Board of Finance ( Press BOF ) ကရွေးချယ် ခန့်အပ်သည့် စနစ်အစား သီးခြား လွတ်လပ်သည့် ရွေးချယ် ခန့်ထားရေး အဖွဲ့( Appointment Panel) ဖြင့် ရွေးချယ် ခန့်အပ်ရန်၊ ရွေးချယ် ခန့်အပ်သည့် စနစ်သည် လွတ်လပ်ပြီး ပွင့်လင်း မြင်သာမှု ရှိရန် လိုသည်ဟု ဆိုသည်။ ထို့ပြင် ရွေးချယ်ရေး အဖွဲ့ဝင်များ အတွင်းတွင် လက်ရှိ တာဝန် ထမ်းဆောင်ဆဲ အယ်ဒီတာ တစ်ဦးနှင့် စာနယ်ဇင်း လောက အတွေ့အကြုံ ရှိသူ တစ်ဦးသာ ပါဝင်ရန်နှင့် ကျန်အဖွဲ့ဝင်များသည် စာနယ်ဇင်း လောကနှင့် ပတ်သက်သူများ မဖြစ်ရန် လိုအပ်ကြောင်း ကိုလည်း အလေးထား ဖော်ပြထား ခဲ့သည်။
စာနယ်ဇင်း ကောင်စီဝင်များနှင့် ပတ်သက် လျှင်လည်း အများစုမှာ စာနယ်ဇင်း လောကနှင့် မပတ်သက်သူများ ဖြစ်ရန်၊ အနည်းစုမှာ စာနယ်ဇင်း အတွေ့အကြုံ ရှိသူများ ဖြစ်ရန်၊ သို့သော် သတင်းစာ များတွင်လက်ရှိ တာဝန် ထမ်းဆောင် နေသည့် အယ်ဒီတာများ၊ သတင်းစာ ဆရာများနှင့် အစိုးရ အရာရှိများ၊ လွှတ်တော် အမတ်များကို အဖွဲ့ဝင်အဖြစ် လက်ခံခြင်း မပြုရန် အကြံပြု ထားသည်။
ဘဏ္ဍာရေး လွတ်လပ်မှုနှင့် ပတ်သက်ပါက စာနယ်ဇင်း ကောင်စီအတွက် ရန်ပုံငွေကို စာနယ်ဇင်း လုပ်ငန်းများမှ ထည့်ဝင်ရာ တွင် ကောင်စီအပေါ် ဖိအားပေးမှုများ မပေါ်ပေါက် စေရန်အတွက် ရန်ပုံငွေကို လေးနှစ် သို့မဟုတ် ငါးနှစ် အတွက် ကြိုတင် လျာထား သတ်မှတ် သင့်ကြောင်း အကြံပြု ထားသည်။
စာနယ်ဇင်း ကျင့်ဝတ်နှင့် ပတ်သက်လျှင် လက်ရှိ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များမှ သင်ခန်းစာ ဖော်ထုတ်ပြီး စာနယ်ဇင်း ကျင့်ဝတ် များနှင့် သတင်း စုဆောင်း ရယူရာတွင် လိုက်နာရမည့် စည်းမျဉ်း များကို ပြန်လည် ရေးဆွဲရန်၊ ထိုသို့ ပြန်လည် ရေးဆွဲရာတွင် စာနယ်ဇင်း ကောင်စီနှင့် သတင်းစာ များမှ လက်ရှိ အယ်ဒီတာများ ပါဝင်သည့် ကော်မတီ ဖွဲ့စည်း ဆောင်ရွက်ရန် အကြံပြုထား ပါသည်။ စုံစမ်းရေး ကော်မရှင်က အထက်ပါ ကျင့်ဝတ်နှင့် စည်းမျဉ်းများကို ပြုစုရာတွင် စာနယ်ဇင်း လွတ်လပ်ခွင့်၊ ပြည်သူများ၏ အမှန်တရားကို သိပိုင်ခွင့်နှင့် ပုဂ္ဂလိက လွတ်လပ်မှုတို့ကို မျှတအောင် စဉ်းစားပြီး အောက်ပါ ကဏ္ဍများ အတွက် လိုအပ်သည့် စံနှုန်းများ သတ်မှတ်သင့်ကြောင်း တိုက်တွန်း ထားပါသည်-
(က)
သတင်း စုဆောင်း ရယူရာတွင် အခြားသူများ အပေါ် ပြုမူ ဆက်ဆံရမည့် နည်းလမ်းများ။
(ခ)
ပြည်သူ့ အကျိုးစီးပွား အတွက် လိုအပ်ချက်အရ မဟုတ်လျှင် အခြားသူများ၏ ပုဂ္ဂလိက အခွင့်အရေး များကို လေးစားသည့် အနေဖြင့် လိုက်နာ ဆောင်ရွက် ရမည့် အချက်များ။
(ဂ)
သတင်း တိကျ ခိုင်မာမှုကို အထောက်အကူ ဖြစ်စေရန် လိုက်နာရမည့် အချက်များ။
ထို့ပြင် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ အတွက် အဓိက ကျသည့် ပြည်သူ့ အကျိုးစီးပွား အတွက်  ( Publci Interest ) ဆိုသည့် စကားရပ်ကို ဖွင့်ဆိုနိုင်မည့် စံများကိုလည်း တိတိကျကျ သတ်မှတ် သင့်ကြောင်း စုံစမ်းရေး ကော်မရှင်က အကြံပြု ထားခဲ့သည်။ အလားတူပင် စာနယ်ဇင်း သမားများ အနေဖြင့် မိမိ၏ သတင်း အရင်းအမြစ်ကို ကာကွယ်ရမည် မှန်သော်လည်း ပြည်သူ များ၏ ယုံကြည်မှုကို ရရှိနိုင်ရန် အတွက် တတ်နိုင်သမျှ ပွင့်လင်း မြင်သာမှု ရှိရန် တိုက်တွန်း ခဲ့သည်။ စုံစမ်းရေး ကော်မရှင်က ထူးထူးခြားခြား ထောက်ပြခဲ့သည့် အချက်မှာ သတင်းထောက်များ၊ အယ်ဒီတာများ အနေဖြင့် ကျင့်ဝတ်များကို လျစ်လျူရှုပြီး သတင်း လိုက်ရသည့် အခြေအနေသို့ ရောက်အောင် တွန်းပို့နေသည့် လုပ်ငန်းခွင် အခြေအနေများ ( ဥပမာ၊ ပိုင်ရှင်များ၏ ဖိအားပေးမှု) များကို ဖယ်ရှားနိုင်မည့် နည်းလမ်း များကိုလည်း စဉ်းစားသင့် သည်ဆိုသည့် အချက်ဖြစ်သည်။
တိုင်ကြား မှုများကို ဖြေရှင်းခြင်း အတွက်ဆိုပါက စာနယ်ဇင်း ကောင်စီ အနေဖြင့် တိကျလျှင် မြန်သည့် တိုင်ကြားမှု ဖြေရှင်းနည်း စနစ်တစ်ခုကို တည်ထောင်ရန် လိုအပ် သည်ဟု ဆိုသည်။ ထို့ပြင် နစ်နာသူများ၊ တိုင်ကြား လိုသူများ အနေဖြင့် အခြား နည်းလမ်းများ ( ဥပမာ၊ တရားရုံး) ကို ရွေးချယ်ခြင်း မပြုမီ ကောင်စီ၏ တိုင်ကြားမှု ဖြေရှင်းနည်းလမ်းကို ယုံယုံကြည်ကြည် အသုံးပြု စေရန် အတွက်လည်း ကြိုးစားရန် လိုအပ်သည်ဟု ဆိုသည်။ စုံစမ်းရေး ကော်မရှင်၏ အဓိက အကြံပြုချက်မှာ တိုင်ကြားမှုများနှင့် ပတ်သက်ပြီး ကြားနာမှုများ ပြုလုပ်ရာတွင် စာနယ်ဇင်း ကောင်စီကို အကြံပေးရန် အတွက် အကြံပေး အဖွဲ့များ ဖွဲ့စည်း သင့်ကြောင်း၊ သို့သော် အကြံပေး အဖွဲ့တွင် လက်ရှိ သတင်းစာ အယ်ဒီတာများ ပါဝင်ခြင်း မပြုရန်နှင့် အကြံပေး အဖွဲ့သည်လည်း စာနယ်ဇင်း ကောင်စီ ကဲ့သို့ပင် စာနယ်ဇင်း လောကနှင့် မပတ်သက်သူ အများစု ပါဝင်ရန် လိုအပ်ကြောင်း ဆိုသည့် အချက်ဖြစ်သည်။
စာနယ်ဇင်း ကောင်စီ အနေဖြင့် တိုင်ကြား မှုများနှင့် ပတ်သက်လျှင် သက်ဆိုင်ရာ သတင်းစာ အနေဖြင့် အမှား ပြင်ဆင်ချက်၊ သို့မဟုတ် တောင်းပန်ခြင်း သို့မဟုတ် အခြား သင့်လျော်သည့် နည်းလမ်းဖြင့် နစ်နာမှုများကို ဖြေရှင်း ပေးရန် ညွှန်ကြား နိုင်သည့် အခွင့်အာဏာ ရှိရမည် ဖြစ်သည်။ သို့သော် စုံစမ်းရေး ကော်မရှင်က စာနယ်ဇင်း ကောင်စီ အနေဖြင့် အယ်ဒီတာ များကို ထူးခြားသော အခြေအနေ တစ်ခုတွင် သတင်း ဖော်ပြမှုနှင့် ပတ်သက်ပြီး အလေးထား စဉ်းစားရန် ညွှန်ကြား နိုင်သော်လည်း မည်သည့် စာစောင်မှ ထုတ်ဝေခြင်း မပြုရန် အတွက် တားမြစ် ပိုင်ခွင့် မရှိသင့်ကြောင်း အတိအလင်း ဖော်ပြ ထားသည် ကိုလည်း တွေ့ရသည်။
စုံစမ်းရေး ကော်မရှင်က စာနယ်ဇင်း ကောင်စီသည် လွတ်လပ်သော အဖွဲ့အစည်း ဖြစ်သည် နှင့်အညီ ကျင့်ဝတ် ချိုးဖောက်မှု များ ရှိနေသည်ဟု ယူဆပါက တိုင်ကြားမှုများ မရှိသည့်တိုင် မိမိ အစီအစဉ်ဖြင့် စတင် စုံစမ်းနိုင်သည့် အခွင့်အရေး ရှိရမည်ဟု အကြံပြု ခဲ့သည်။ ထို့ပြင် မိမိတို့သတင်းစာ အနေဖြင့် တယ်လီဖုန်း ကြားဖြတ် နားထောင်ခြင်း ကဲ့သို့သော ကျင့်ဝတ်နှင့် မညီသည့် လုပ်ရပ်များကို အစီအစဉ်ရှိရှိ လုပ်ကိုင်နေပါက အယ်ဒီတာများ၊ သတင်းထောက် များက တိုင်ကြား နိုင်သည့် Hot Line စနစ် ကိုလည်း ထားရှိ သင့်သည်ဟု ဆိုသည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီ အနေဖြင့် သက်ဆိုင်ရာ သတင်းစာ တိုက်က အစီအစဉ် ရှိရှိဖြင့် ကျင့်ဝတ် ချိုးဖောက်ကြောင်း တွေ့ရှိပါက ဒဏ်ငွေ ချမှတ်နိုင်သည့် လုပ်ပိုင်ခွင့် ပေးသင့် သည်ဟု အကြံပြု ထားသည်ကို လည်းတွေ့ရ ပါသည်။
နောက်ဆုံး အနေဖြင့် စုံစမ်းရေး ကော်မရှင်က စာနယ်ဇင်း ကောင်စီ၏ လွတ်လပ်မှုနှင့် လုပ်ပိုင်ခွင့်များကို အာမခံသည့် ဥပဒေ တစ်ခု ပြဋ္ဌာန်း သင့်သည်ဟု အကြံပြုခဲ့သည်။ သို့သော် ထိုဥပဒေသည် လွှတ်တော် သို့မဟုတ် အစိုးရ အဖွဲ့က စာနယ်ဇင် များကို ထိန်းချုပ်သည့် ဥပဒေ မဖြစ်စေပဲ၊ စာနယ်ဇင်း ကောင်စီ၏ လွတ်လပ်မှု၊ လုပ်ပိုင်ခွင့်နှင့် စာနယ်ဇင်းများ၏ အချင်းချင်း ထိန်းကျောင်းသည့် စနစ်ကို အထောက် အကူ ဖြစ်ဖို့ လိုအပ်သည်ဟု သတိပေးထားခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
၂။ The Guardian , 4 Dec

No comments:

Post a Comment