Saturday, September 7, 2013

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးရှုထောင့် (၁)

၂၀၀၈ ခုနှစ်တွင် ကျွန်တော်တို့ ၀န်ကြီးဌာန အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင် လာပါက စာနယ်ဇင်း လွတ်လပ်ခွင့် များကို အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင့်သုံး နိုင်ရန် ပြင်ဆင်ရမည့် အချက်များကို လေ့လာ မှုများ စတင် ပြုလုပ်ခဲ့သည်။ ထိုအချိန်က ကျွန်တော်တို့ အနေဖြင့် အခြေခံ ဥပဒေက ပေးအပ် ထားသည့် အခွင့်အရေးများနှင့် ကိုက်ညီခြင်း မရှိသည့် ဥပဒေများကို ဖျက်သိမ်းခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် တာဝန်ရှိမှု၊ တာဝန်ခံမှု တို့ယှဉ်တွဲ ဖော်ဆောင် နိုင်မည့် ဥပဒေများ၊ စာနယ်ဇင်း ကောင်စီများ ဖွဲ့စည်းခြင်း စသည် လုပ်ငန်းများကို ဆောင်ရွက် နိုင်မည့် နည်းလမ်း များကို သာ စိတ်ဝင် စားခဲ့သည်။ ပြည်တွင်း စာနယ်ဇင်း သမားများ ဘက်ကလည်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ကျင့်သုံးနေသည့် ဆင်ဆာစနစ် ဖျက်သိမ်း ရေးနှင့် စာနယ်ဇင်း လွတ်လပ်ခွင့် ရရှိရေးကို တင်ပြ တောင်းဆို နေကြသည်။ ထို့ကြောင့် ပြန်ကြားရေး ၀န်ကြီးဌာန ရော၊ စာနယ်ဇင်း သမားများကပါ စာနယ်ဇင်း လွတ်လပ်ခွင့် အရေးကို ကိုယ့်နည်း ကိုယ့်ဟန်နှင့် ချဉ်းကပ် အဖြေ ရှာဖို့ ကြိုးစား နေသည်ဟု ဆိုနိုင်ပါသည်။
သို့သော် ဒီမိုကရေစီ အသွင် ကူးပြောင်းစ နိုင်ငံများတွင် စာနယ်ဇင်း လွတ်လပ်ခွင့်များ ပြောင်းလဲ ကျင့်သုံး ခဲ့သည့် အခြေအနေများ ကို လေ့လာနိုင်ရန် အတွက် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ဆွေးနွေး ချိန်တွင် ကျွန်တော်တို့ အနေဖြင့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ( Media Development ) ဆိုသည့် အယူအဆနှင့် စတင် မိတ်ဆက်ခြင်း ခံရတော့သည်။
မီဒီယာ
မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အယူအဆကို မပြောမီ မီဒီယာ အကြောင်း စပြောရမည် ထင်သည်။ ပြန်ကြားရေး ကဏ္ဍ တွင်အပြောင်းအလဲများ လုပ်သည့်အခါ ကျွန်တော်တို့ ချဉ်းကပ် မှုများက ပုံနှိပ်မီဒီယာ ထို့ထက် ပိုပြီး ပြောရလျှင် စာနယ်ဇင်း၊ ထိုအထဲမှာမှ ဂျာနယ်နှင့် သတင်းစာ များကို အဓိကထားပြီး ဘာလုပ် ရမလဲဟု စဉ်းစားသည်။ သူတို့က မီဒီယာ ဟု ခြုံငုံစဉ်းစား သည်။ ထိုသို့ စဉ်းစားရခြင်းမှာ ၁၉၇၀ ပြည့်လွန် နှစ်များအထိ သတင်းစာ များသည် ပြည်သူ လူထုက သတင်းအချက် များ ရရှိရေး အတွက် အဓိက အားထားရာ ဖြစ်ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်တွင် ၂၄ နာရီပတ် လုံး သတင်းနှင့် သတင်း မှတ်တမ်း အစီအစဉ် များသာ ထုတ်လွှင့်သည့် စီအင်န်အင်န် (CNN) သတင်းဌာန ပေါ်ပေါက် လာသည့် အချိန်တွင်မူ သတင်းစာ များ၏ အခန်း ကဏ္ဍမှာ ပြောင်းလဲ သွားသောကြောင့် ဖြစ်သည်။ ယခု အချိန်တွင် CNN ကဲ့သို့သော ၂၄ နာရီသ တင်း ထုတ်လွှင့် သည့် ရုပ်မြင် သံကြား သတင်းဌာနများ အများအပြား ပေါ်ပေါက် လာရုံသာမက သတင်း သက်သက် ထုတ်လွှင့်သည့် FM အသံလွှင့် ဌာနများလည်း ရှိလာပြီ ဖြစ်သည်။ အထူးသဖြင့် သတင်း များကို အချိန်နှင့် တစ်ပြေးညီ တင်ဆက် နေသည့် ရုပ်သံလိုင်းများ က သတင်းစာ များထက် ပြည်သူများ အတွင်းသို့ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ထိုးဖောက် နိုင်ပြီး ပြည်သူများ၊ အစိုးရနှင့် လွှတ်တော်တို့၏ သဘောထား များကို ပိုမို လွှမ်းမိုး လာနိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် အမေရိကန် နိုင်ငံရေး လောကတွင် CNN Effect ဆိုသော ဝေါဟာရ အသစ်တခု ပင် ပေါ်လာခဲ့ပြီး သမ္မတ ကလင်တန်၏ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဖြစ်သူ အန်တိုနီလိတ်ခ် ကတော့ အမေရိကန် နိုင်ငံခြားရေး မူဝါဒက CNN ကင်မရာ ချိန်တဲ့ဘက်ကို လိုက်လုပ်ရတာ ပိုများလာပြီ ("American foreign policy is increasingly driven by where CNN  points its cameras.") ဟုပင် ဆိုခဲ့ရသည်။ ထို့ကြောင့်လည်း သူတို့က စတုတ္ထ မဏ္ဍိုင်ဟု ပြောရာတွင် သတင်းစာ သက်သက် သာမဟုတ် ပုံနှိပ် မီဒီယာရော၊ ရုပ်သံ မီဒီယာများ အားလုံးကိုပါ ခြုံပြီး မီဒီယာသည် စတုတ္ထ မဏ္ဍိုင် ဖြစ်သည်ဟု ဆိုသည်။ နောင် မကြာသော ကာလများတွင် မီဒီယာသစ် များဖြစ်သည် အွန်လိုင်း မီဒီယာများပါ စတုတ္ထ မဏ္ဍိုင်နေရာ ကိုဝင်လာ တော့မည် ဟုလည်း ဆိုသည်။
ယူနက်စကို အဖွဲ့ကတော့ အောက်ပါ လုပ်ငန်း တာဝန်များကို ဆောင်ရွက် နေသာ ဆက်သွယ်ရေး နည်းလမ်းမှန် သမျှကို မီဒီယာ ဟု သတ်မှတ်သည် ကို တွေ့ရပါသည်-
(က)
နိုင်ငံသားများအနေဖြင့် သတင်း အချက်အလက်နှင့် ပညာရေး ဆိုင်ရာများ ကို အပြန်အလှန် ဖလှယ်ခြင်း။
(ခ)
အတွေး အခေါ်၊ အယူအဆများ၊ သတင်း အချက် အလက်များ၊ ပုံပြင်၊ ၀တ္ထုနှင့် အခြား အကြောင်းအရာ များကို ဖြန့်ချိခြင်း။
(ဂ)
အုပ်ချုပ်သူနှင့် ပြည်သူများ အကြား၊ ပြည်သူများ အတွင်းရှိ အုပ်စု အမျိုးမျိုးကြား အပြန်အလှန် ဆက်သွယ် ခြင်း။
(ဃ)
အယူအဆ အမျိုးမျိုး ရှိသည့် အဖွဲ့အစည်းများ၊ အုပ်စုများ ကြား အပြန်အလှန် ဆွေးနွေးခြင်း၊ အငြင်းပွားမှု များကို ဒီမိုကရေစီ နည်းကျ ဖြေရှင်း နိုင်အောင် အထောက် အကူပြုခြင်း။
(င)
သက်ဆိုင်ရာ လူမှု အဖွဲ့အစည်း အတွင်းမှ ပြည်သူများ အနေဖြင့် မိမိတို့ အကြောင်းကို သိရှိအောင်၊ မိမိတို့ တန်ဖိုး ထားသော အစဉ်အလာ၊ ဓလေ့ ထုံးစံများ၊ တန်ဖိုးများကို နားလည် လက်ခံ လာအောင် အထောက် အကူပြုခြင်း။
(စ)
နိုင်ငံ အချင်းချင်းနှင် မိမိ နိုင်ငံအတွင်း ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို သိရှိအောင်၊ ကွဲပြား ခြားနားသည့် ယဉ်ကျေးမှု များအတွင် စုစည်း ညီညွတ်မှု ရအောင် အထောက် အကူပြုခြင်း။
(ဆ)
အစိုးရ အဖွဲ့၏ လုပ်ဆောင်ချက် များကို စောင့်ကြည့်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ နှစ်ခုလုံးတွင် ပွင့်လင်း မြင်သာမှု ရှိအောင် ဆောင်ရွက်ခြင်း၊ အဂတိ လိုက်စားမှု၊ အကျင့်ပျက်မှု၊ မှားယွင်း လုပ်ဆောင်မှု များကို စိစစ် တင်ပြခြင်း။
(ဇ)
စီးပွားရေး စွမ်းဆောင်ရည် မြင့်မား အောင် အထောက် အကူပေးခြင်း။
(စ်)
ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရးနှင့် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲများ ဖြစ်အောင် အထောက်အကူ ပြုခြင်း။
(ည)
ကွဲပြား ခြားနားသည့် တန်ဖိုးများကို လေးစားပြီး လူမှု အခွင့်အရေးများ ( Social Rights) များအတွက် လှုံ့ဆော်ခြင်း။
စာနယ်ဇင်း လွတ်လပ်ခွင့်
နောက်ထပ် ပြောဖို့ လိုတာက စာနယ်ဇင်း လွတ်လပ်ခွင့် ကိစ္စ ဖြစ်သည်။ စာနယ်ဇင်း လွတ်လပ်ခွင့် ဟုဆိုလျှင် စာနယ်ဇင်း များကို ထုတ်ဝေခြင်း မပြုမီ အစိုးရ စိစစ်သည့် ဆင်ဆာ စနစ်မှ ကင်းလွတ်ခွင့် ရှိခြင်းဟုသာ ယျေဘူယျ နားလည်ခဲ့သည်။ သို့သော် လက်တွေ့ လေ့လာသည့် အခါ စာနယ်ဇင်း လွတ်လပ်ခွင့်တွင် ပိုင်ရှင်များ၏ ၀င်ရောက် စွက်ဖက်မှုမှ ကင်းလွတ် ခြင်း၊ ကြော်ငြာ ရှင်များ၊ စီးပွားရေး လုပ်ငန်းများ၏ ဖိအားပေးမှုမှ  ကင်းလွတ်ခြင်း များပါ ပါဝင်သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း အနောက် ဒီမိုကရေစီ နိုင်ငံ များတွင် အယ်ဒီတာ လွတ်လပ်ခွင့်( Editoral Independent ) နှင့် ပတ်သက်ပြီး အစိုးရက လည်းကောင်း၊ သမဂ္ဂများက လည်းကောင်း အလေးထား ကာကွယ် စောင့်ရှောက် ကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ တွင် ဂုဏ်သိက္ခာ ကြီးမားသည့် သတင်းစာ တစ်စောင်ကို စီးပွားရေး လုပ်ငန်းတစ်ခုက ၀ယ်ယူရန် ကြိုးစားသည့် အခါမျိုးတွင် ပိုင်ရှင်သစ်က ၎င်းတို့သာ ပိုင်ဆိုင်ခဲ့လျှင် သတင်းစာ၏ အယ်ဒီတာ လွတ်လပ်ခွင့်ကို အာမခံကြောင်း အလေးထား ကတိက၀တ် ပြုရသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ ဖိအားပေးမှု အမျိုးမျိုးမှ ကင်းလွတ်သော စာနယ်ဇင်း ကိုသာ လွတ်လပ်သော စာနယ်ဇင်း (Independent Press) ဟု ပြည်သူ တွေက အသိအမှတ် ပြုကြသည်။ ထိုမီဒီယာများ၏ ထင်မြင်ချက်များ၊ ခေါင်းကြီးများကို အလေးထား ကြသည်။ စောင်ရေ များရုံ သက်သက်ဖြင့်၊ ၀င်ငွေ ကောင်းရုံ သက်သက်ဖြင့် လေးစား ခံရသည့် လွတ်လပ်သော စာနယ်ဇင်း အဖြစ်ကို မရရှိနိုင်၊ ထို့ကြောင့်လည်း ၁၉၉၁ ယူနက်စကို အထွေထွေ ညီလာခံက အတည်ပြု ခဲ့သည့် စာနယ်ဇင်း လွတ်လပ်ခွင့်၊ စာနယ်ဇင်း သမားများ၏ ဘ၀ လုံခြုံရေးတို့နှင့် ပတ်သက်သော ၀င်းဟုခ် ကြေညာချက် Declaration of Windhoek တွင် လွတ်လပ်သော စာနယ်ဇင်း ဆိုသည်မှာ အစိုးရ၊ နိုင်ငံရေးနှင့် စီးပွားရေး ထိန်းချုပ် မှုများမှ ကင်းလွတ်ခြင်း၊ စာနယ်ဇင်း ထုတ်ဝေ ဖြန့််ချိခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် လိုအပ်သည့် အခြေခံ အဆောက်အဦများ၊ ပစ္စည်းများကို ထိန်းချုပ် ခြင်းမှ ကင်းလွတ်ခြင်း ကို ဆိုလိုသည် ဟု ဖော်ပြ ထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။
“By an independent press, we mean a press independent from governmental, political or economic control or from control of materials and infrastructure essential for the production and dissemination of newspapers, magazines and periodicals.”
ဆက်လက်ဖော်ပြပါမည်
ရဲထွဋ် 

No comments:

Post a Comment