Wednesday, September 4, 2013

ဝါရှင်တန် သတင်းလောက အတွေ့အကြုံ (၂)

( သမ္မတ ဂျော့ ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူက အတွေ့အကြုံ များကို Taking Heat အမည်ဖြင့်  စာအုပ် ထုတ်ဝေခဲ့သည်။  ထိုစာအုပ်မှ အခန်းလေး Bias ? ကို ဆီလျော်အောင် ဘာသာ ပြန်ဆို တင်ပြ အပ်ပါသည်။)
ဝါရှင်တန် သတင်း လောက သားတွေ ဒီမိုကရက်ဘက် ယိမ်းတယ် ဆိုတာကလည်း သတင်းစာ ပညာသင်တန်း တက်သူ တွေနဲ့ သူတို့ကို သင်ပေးတဲ့ ဆရာတွေ ကိုယ်တိုင်က လစ်ဘရယ် သမားတွေ များနေ လို့ပဲ။ ၂၀၀၂ ခုနှစ် စက်တင် ဘာလ ထုတ် The American Enterprise မဂ္ဂဇင်းရဲ့ ဆောင်းပါး အဆိုအရ တော့ ပညာရှင်တွေ ကြားမှာ ဒီမိုကရက် ဘက်ကို ယိမ်းတဲ့ ကိစ္စက အရမ်းသိသာ ထင်ရှားတယ် လို့ဆိုတယ်။ အဲဒီ ဆောင်းပါးမှာ ကော်နယ် တက္ကသိုလ်ရဲ့ မဟာဌာန ရှစ်ခုက ပါမောက္ခ ၁၆၆ဦး က ဒီမိုကရက် ဒါမှမဟုတ် တစ်ခြား လစ်ဘရယ် ပါတီ ငယ်တွေရဲ့ ပါတီဝင်အဖြစ် မှတ်ပုံတင် ထားပြီး ရီပတ် ဘလီကင် အဖြစ် မှတ်ပုံတင် ထားတာ ခြောက်ဦးပဲ ရှိတယ်။ ကျန် တက္ကသိုလ် တွေမှာလည်း ပညာရှင် တွေထဲမှာ  ဒီမိုကရက်နဲ့ ရီပတ်ဘလီကင် အချိုးက အရမ်း ကွာတယ်။   ကော်လိုရာဒို တက္ကသိုလ် မှာတော့ ၁၁၆ ယောက်နဲ့ ငါးယောက်၊ စတန်းဖို့ဒ် တက္ကသိုလ်မှာ ၁၅၁ ယောက်နဲ့ ၁၇ ယောက်၊ ဘရောင်း တက္ကသိုလ်မှာ ၅၄ ယောက်နဲ့ သုံးယောက်၊ ကယ်လီ ဖိုးနီးယား တက္ကသိုလ်မှာ ၉၉ ယောက်နဲ့ ၆ယောက်၊ ဘာကလေ တက္ကသိုလ်မှာ ၅၉ ယောက်နဲ့၇ ယောက် ဆိုပြီး တွေ့ရတယ်။ ဝီလီယံ ကော်လိပ်မှာဆို ပါမောက္ခ ၂၀၀ မှာ ရီပတ် ဘလီကင်က ၄ယောက်ပဲရှိတယ် ဆိုပြီး ဖော်ပြထား တယ်။  American Enterprise က လုပ်ခဲ့တဲ့ နောက် ထပ်စစ်တမ်း ကောက်ယူမှု တစ်ခုမှာတော့ ထိပ်တန်း တက္ကသိုလ် တွေက ပညာရှင် တွေရဲ့ ၈၄% ဟာ ၂၀၀၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်း အယ်လ်ဂိုးကို မဲပေးခဲ့ကြတယ်။ ဘုရှ်ကို မဲပေးတဲ့လူက ၉% ပဲရှိတယ်။ အဲဒါ ဟာ နောက်ထပ် လစ်ဘရယ် တစ်သီးပုဂ္ဂလ သမ္မတလောင်း ဖြစ်တဲ့ Nader ကိုမဲပေးတဲ့ သူ ၆% ထက်မဆိုစလောက်လေးပဲ များတာပါ။
တကယ်တော့ သတင်းထောက် ဆိုတာ အမှန်တရား ကို ရှာဖွေဖို့၊ ဘယ်သူ့ကို မဆို မေးခွန်းထုတ်ဖို့၊ စိန်ခေါ်ဖို့ အတွက် သင်ကြား လေ့ကျင့်ပေး ခံရသူတွေပါ။ ဒါပေမယ့် တစ်နှစ်လောက် သင်တန်း တက်လိုက်ရုံနဲ့ သူ့မှာ နဂိုထဲက ရှိနေတဲ့ အမြင်တွေ၊ သဘောတရား တွေကို ပြောင်းလဲ ပစ်လိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သင်ပေးတဲ့ ဆရာတွေကိုယ် တိုင်က ဒီမို ကရက်ဘက်ကို ယိမ်းတယ် ဆိုတော့ ပိုဆိုးတော့ တာပေါ့။ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာရဲ့ သတင်း တစ်ပုဒ်မှာ ဒီမိုကရက်တစ် ပါတီ ညီလာခံကို သတင်း ယူနေတဲ့ သတင်းထောက် ၁၅၅ ယောက်ကို ဆန္ဒခံယူတဲ့ သတင်းတစ်ပုဒ် ပါလာတယ်။ အဲဒီသတင်းမှာ ဝါရှင်တန် ပြင်ပက သတင်းထောက် တွေထဲက  ဂျွန်ကယ်ရီကို ထောက်ခံသူနဲ့ ဘုရှ်ကို ထောက်ခံသူ အချိုးက ၃ အချိုး ၁ ရှိတယ်။ ဒါပေမယ့် ဝါရှင်တန် အခြေစိုက် သတင်း ထောက်တွေမှာတော့ ကယ်ရီကို ထောက်ခံသူနဲ့  ဘုရှ်ကို ထောက်ခံသူ အချိုးက ၁၂ အချိုး ၁ အထိ ကွာခြားတယ်လို့ ဖော်ပြ ထားတယ်။ နောက်ပြီး သတင်းထောက်တွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ် သူတို့ လစ်ဘရယ်လို့ ခံယူတာ ပိုများတယ်။ ၂၀၀၄ ခုနှစ်မှာ Pew Research Center  က လုပ်တဲ့ စစ်တမ်း ကောက်ယူမှု တစ်ခုမှာ သတင်းထောက် ၃၄ % က သူတို့ ကိုယ်သူတို့ လစ်ဘရယ် သမားတွေလို့ ပြောခဲ့တယ်။  ၁၉၉၅ ခုနှစ်တုံးက ကောက်တဲ့ စစ်တမ်း မှာတော့ ၂၂ % ကပဲ လစ်ဘရယ် ပါလို့ ပြောခဲ့တယ်။ တစ်ဖက်မှာတော့ သတင်းထောက် ၉% ကပဲ သူတို့ ကိုယ်သူတို့ ကွန်ဆာဗေးတစ် တွေပါ လို့ ဆိုထားတာကို တွေ့ရတယ်။ သတင်းထောက် တွေက အဲဒီလို ဖြစ်နေသလို လူထုကလည်း စာနယ်ဇင်း သမား တွေကို လစ်ဘရယ် တွေလို့ မြင်တယ်။ ၂၀၀၄ ခုနှစ်မှာ Gallup လူထု သဘောထား ကောက်ယူရေး အဖွဲ့က ကောက်ယူတဲ့ စစ်တမ်းမှာ လူထုထဲမှာ စာနယ်ဇင်း သမားတွေကို လစ်ဘရယ် ဆန်လွန်း တယ်လို့ ယူဆသူ ၄၈%၊ ကွန်ဆာဗေးတစ် ဆန်လွန်းတယ် လို့ယူဆသူ ၁၅% နဲ့ မျှတတယ်လို့ ယူဆသူ ၃၃ % လို့တွေ့ခဲ့ရတယ်။
ဒီလို အခြေအနေက သတင်းတွေ ဖော်ပြတဲ့ နေရာမှာ ပြဿနာပေါ် စေပါတယ်။ အခုခေတ်မှာ သတင်းရေးတဲ့ အခါ သတင်းထောက် ဒါမှမဟုတ် အယ်ဒီတာရဲ့ အာဘော် မပါရဘူး ဆိုတဲ့ ကျင့်ဝတ်က အတော် လိုက်နာဖို့ ခက်နေတယ်။ ဘယ်ဟာက သတင်း အချက်အလက်လဲ၊ ဘယ်ဟာက ရေးသူရဲ့ အမြင်လဲ ဆိုတာ ခွဲဖို့ မလွယ်တော့ဘူး။ ၁၉၉၉ ခုနှစ်မှာ လုပ်ခဲ့တဲ့ Pew Research Center ရဲ့ စစ်တမ်းမှာ သတင်းထောက် ၆၉% က သတင်းနဲ့ ရေးသူ အမြင်ကြား စည်းခြား ထားမှု ဟာ သိသိသာသာ ပျက်ပြား နေခဲ့ပြီလို့ ၀န်ခံ ထားတယ်။ နယူးယောက် တိုင်းမ် သတင်းစာရဲ့ အမှုဆောင် အယ်ဒီတာချုပ် ဘီလ်ကီလာ ကလည်း ၂၀၀၄ ခုနှစ် ဖေဖော် ဝါရီလ ၉ရက်နေ့ က အမျိုးသား သတင်းထောက် ကလပ်မှာ မိန့်ခွန်း ပြောတဲ့အခါ အခု နယူးယောက် တိုင်းမ် သတင်းစာမှာ မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြနေတဲ့ သတင်း အတော် များများဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဆိုရင် ကိုယ်ပိုင် အယူအဆတွေ ဖော်ပြတာ များလွန်းတယ် ဆိုပြီး အပြောခံရမှာ သေချာ တယ်လို့ ၀န်ခံ သွားခဲ့တယ်။
နောက်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က ဆိုရင် သတင်းသမား တွေက  ရုပ်သံ တွေ့ဆုံ မေးမြန်းခန်း တွေမှာ ပါဝင် ပြောဆိုမှု မရှိသလောက်ပဲ။ ဒါမျိုးကို ပင်တိုင် ဆောင်းပါးရှင် တွေကပဲ လုပ်တယ်။ အခုတော့ သတင်းထောက်တွေက သူတို့ လိုက်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး သူတို့ အမြင်တွေကို ရုပ်သံလိုင်း တွေမှာ တက်ပြောနေတယ်။ ရုပ်သံ သတင်းထောက် ကလည်း သူ့အမြင်ကို ၀င်ပြောတယ်။ သတင်းထောက်ကို နောက် သတင်းထောက် တစ်ယောက်က တွေ့ဆုံ မေးမြန်းတာ မျိုးက မြင်ရဖန် များလွန်းလို့ ရိုးတောင် နေပြီ။ ဒီလိုနဲ့ သတင်းထောက် တွေက ရှေ့ရေးကို ကြိုတွက် ပြောတဲ့သူ တွေဖြစ်လာတယ်။ သူတို့ ကိုယ်ပို်င် အမြင်တွေက ရုပ်သံပေါ်မှာ သတင်းစာ စာမျက်နှာ တွေပေါ်မှာ ရောက်ကုန် တော့ တာပဲ။
သတင်းထောက် ဆိုတာ ကြားရတဲ့ သတင်းကို အလွယ်တကူ မယုံရဘူး။ မေးခွန်းတွေ ထုတ်ရမယ်။အဲဒီလို သံသယ တွေထားတဲ့ အတွက် သတင်းထောက် တွေဟာ ပြဿနာ အတော် များများကို ဖော်ထုတ်နိုင်တာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း သူတို့ဟာ လူ့အဖွဲ့အစည်း ကိုယ်စား စောင့်ကြည့်သူတွေ ဖြစ်လာတာပဲ။ သူတို့ ဒီလိုမေးခွန်း ထုတ်တတ်တဲ့ အတွက် အစိုးရရော၊ လွှတ်တော်ကပါ သူတို့လုပ်တဲ့ အလုပ်တွေ မှန်ကန်ကြောင်း သက်သေ ပြနိုင်ဖို့ အပြင်းအထန် ကြိုးစား ရတယ်။ သတင်းထောက် တွေရဲ့ ဖော်ထုတ်မှု များကြာင့် စီးပွားရေး လုပ်ငန်းများရဲ့ မသမာမှုတွေ၊ အလုပ်သမား သမဂ္ဂတွေရဲ့ မဖွယ်မရာ လုပ်ရပ်တွေ ပေါ်ထွက် လာခဲ့တယ်။ ဒါပေမယ့် ပြဿနာက အဲဒီလို သံသယ ထားမှုတွေ၊ မေးခွန်း ထုတ်မှု တွေကို ဘယ်လောက် အတိုင်းအတာ ထိလုပ်မှာလဲ၊ မျှမျှတတ ဖြစ်အောင် ဘက်လိုက်ရာ မရောက်အောင် ဘယ်လို လုပ်မှာလဲ ဆိုတဲ့ အချက်ပဲ။ ဒီနေရာမှာ သတင်းထောက် တွေရဲ့ ပဋိပက္ခ သတင်းတွေ၊ ဝိရောဓိ သတင်းတွေကို ကြိုက်တာက မရည်ရွယ်ဘဲနဲ့ ဘက်လိုက်မှု တွေကို ဖြစ်စေတော့တာပဲ။
ကျွန်တော့် မိတ်တွေ Ron Reese က ရီပတ်ဘလီကင် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးထံမှာ သတင်း ထုတ်ပြန်ရေး အရာရှိ အဖြစ်နဲ့ အမှုထမ်း ဖူးတယ်။ ၂၀၀၄ ခုနှစ် ကျတော့ သူက လာ့ဗီဂတ်စ်မြို့က အကြီးဆုံး ကာစီနို ဟိုတယ်တစ်ခု ဖြစ်တဲ့ ဗင်နီးရှန်း ဟိုတယ်ရဲ့ ပြည်သူ့ ဆက်ဆံရေး အရာရှိအဖြစ် ပြောင်းသွားတယ်။ သူ့ကို ဝါရှင်တန်မှာ လုပ်ရတာနဲ့ အခု လုပ်နေရတာ ဘာကွာ သလဲလို့ မေးတော့ သူက  ကွန်ဂရက်မှာ တုန်းက သတင်းထောက်တွေက ကျွန်တော့်ကို မေးခွန်း မေးမယ်။ ကျွန်တော် ဖြေပြီးတာနဲ့ ဒီမိုကရက် ဘက်က တစ်ယောက်ယောက်ကို  ဖုန်းဆက်ပြီး ဟိုဘက်ကတော့ ဒီလို ပြောနေပြီ၊ ခင်ဗျား ဘယ်လို တုန့်ပြန် ချင်သလဲလို့မေးမယ်။ ဒီမှာတော့ ကျွန်တော် ပြောတာနဲ့ပတ်သက်ပြီး သတင်းထောက် တွေက ပြိုင်ဘက် ဟိုတယ်ကို သွားမေးမှာ မဟုတ်ဘူး။ ကျွန်တော် ပြောတာဟာ သတင်း တန်ဖိုးရှိရင် ဖော်ပြမယ်၊ မရှိရင် မဖော်ပြ ဘူး။ --- လို့ ရှင်းပြ ရှာပါတယ်။
ဝါရှင်တန် မှာက ပါတီ နှစ်ခုလုံး က လူတွေက ပြိုင်နေကြတာ၊ တစ်ခါ တစ်လေ အပြန်အလှန် စွပ်စွဲ ပုတ်ခတ် ကြတယ်။ သတင်းထောက် တွေက ဟိုဘက် ဒီဖက် ပြောတာ တွေကို အပြန်အလှန် ဖော်ပြတယ်။ မပြောရင် ပြောအောင် ဆွပေး တယ်။ ဒီလိုလုပ်တဲ့အတွက် စာဖတ်ပရိသတ်က နှစ်ဘက်လုံးရဲ့ အမြင်တွေကိုသိခွင့်ရတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကျတော့ သတင်းထောက် တွေက အငြင်းအခုန် ဖြစ်အောင် တမင် သက်သက် ဖွတာ မျိုးတွေ လည်းရှိတယ်။
ကျွန်တော် အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်နေတဲ့ အချိန်မှာ အဲဒီလို အငြင်းအခုန် တွေကို ရှောင်ရှားနိုင်ဖို့ အတွက် သတင်းထောက် တွေက ပြောတဲ့ အချက်တွေကို ကိုယ်တိုင် ပြန်မစိစစ်ဘဲနဲ့ လက်ခံပြီး တုန့်ပြန် ပြောဆိုတာ မလုပ်ခဲ့ဘူး။ ကျွန်တော့်ကို တစ်ခြား နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်၊ ဒါမှမဟုတ် လွှတ်တော် အမတ် တစ်ဦးရဲ့ အငြင်းပွား ဖွယ်ရာ ပြောဆိုချက် အပေါ် တုန့်ပြန် ပြောဆိုဖို့ မကြာခဏ အမေးခံ ရတယ်။ ဒါပေမယ့် သတင်းထောက် တွေက အဲဒီ ပြောဆိုချက် ထဲက အရေးကြီး တဲ့အချက်ကို ချန်ပြီး အငြင်းအခုန် ဖြစ်မယ့် အချက်ကိုပဲ ရွေးမေးတာမျိုး လုပ်လေ့ရှိတယ်။
ဥပမာအားဖြင့် ၂၀၀၁ ခုနှစ် ဧပြီလမှာ အေပီသတင်းထောက် Ron Fournier က ကျွန်တော့်ကို ရုရှားသမ္မတ ပူတင်က အမေရိကန်နိုင်ငံအနေနဲ့ ဒုံးခွင်းဒုံးသဘောတူညီချက် ( Anti Ballistic Missile Treaty, ABM) ကနေ နှုတ်ထွက် လိုက်တာဟာ အမှားတစ်ခုကို ကျူးလွန်လိုက်တာပဲ၊ ဒီသဘောတူညီချက်က တကယ်တော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်ဖြစ်တယ်လို့ ပြောသွားတယ်။ အဲဒါနဲ့ပတ်သက်ပြီး ခင်ဗျားဘာမှတ်ချက်ပေးချင်လဲ လို့ မေးခဲ့တယ်။
            ဒါပေမယ့် ကျွန်တော်က ချက်ခြင်းအဖြေမပေးဘဲ ပူတင်ပြောတာကို ပြန်စိစစ်ခဲ့တယ်။ ပူတင်က အမေရိကန် အနေနဲ့ အမှားလုပ်ခဲ့တယ်လို့ ပြောတာမှန်တယ်။ ဒါပေမယ့် အဲဒီစကားနောက်မှာ သူက အဲဒီလို နှုတ်ထွက်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အံ့သြမှုမရှိပါဘူး၊ နောက်ပြီး ဒီလို နှုတ်ထွက်လိုက်တဲ့အတွက် အမေရိကန်အနေနဲ့ ရုရှားနိုင်ငံရဲ့ အမျိုး သားလုံခြုံရေးကို ခြိမ်းခြောက်ရာရောက်တယ်လို့လည်း သူမထင်ပါဘူး လို့ဆက်ပြောခဲ့တာကိုတွေ့ရတယ်။ နောက်ပြီး ပူတင်က ဒီစာချုပ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်သော့ချက်ဆိုတာလုံးဝမပြောခဲ့ဘူး။
            ဒီလိုပဲ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလမှာ အေဘီစီရုပ်သံသတင်းဌာနက Terry Moran က အရှေ့အလယ်ပိုင်း ပြဿနာနဲ့ပတ်သက်ပြီး -- မနေ့ညက ( ထိုအချိန်တွင်သမ္မတခရီးထွက်နေသည်) သမ္မတဘုရှ်က အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်ပြီး ပြောသွားခဲ့တယ်၊ မနှစ်ဇွန်လတုံးကတော့ သမ္မတက အစ္စရေးအနေနဲ့  သိမ်းပိုက်ထား တဲ့နယ်မြေတွေမှာ လူနေအခြေချအိမ်ယာတွေဆောက်နေတာ ချက်ခြင်း ချက်ခြင်း ရပ်ဆိုင်းရမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် မနေ့ညကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေတိုးတက် လာတာနဲ့အမျှ လူနေ အခြေချ အိမ်ယာတွေ ဆောက်လုပ်တာ ရပ်ဆိုင်း ရမယ်လို့ ပြန်ပြောသွားတယ်။ သမ္မတရဲ့ မူဝါဒက ဘာကြောင့် နောက်ပြန် လှည့်သွားတာလဲ  --- လို့ မေးခဲ့ပါတယ်။  
ကျွန်တော့် အနေနဲ့ ဒါဟာ သမ္မတပြောတဲ့စကားလို့ မထင်ဘူး။ ဒါ့ကြောင့် ပြန်စစ်ဆေးပြီးမှာ ပြောပါ့မယ်လို့ ပြန်ဖြေခဲ့ တယ်။ ဒါတောင် Terry Moran က သမ္မတ အရင်တုန်းက ပြောထားတာ ရှင်းနေတာပဲ။ အိမ်ယာ ဆောက်တာ တွေကို ချက်ခြင်း ရပ်ရမယ်လို့ ပါတယ်ဆိုပြီး ထပ်အတွန့် တက်လိုက် ပါသေးတယ်။
ဒါပေမယ့် ကျွန်တော် တကယ် ပြန်စိစစ်တဲ့ အခါကျတော့ လူနေ အခြေချ အိမ်ယာတွေ ဆောက်နေတာ ချက်ခြင်း ချက်ခြင်း ရပ်ဆိုင်း ရမယ်လို့ ပြောခဲ့တာ သမ္မတဘုရှ် မဟုတ်ပါဘူး။ အီဂျစ် သမ္မတ မူဘာရက်က ဘုရှ်နဲ့ တွေ့တဲ့အချိန်မှာ ပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။ ဒါဟာ အင်မတန်မှ စေ့စပ် သေချာတယ်လို့ နံမည်ကြီးတဲ့ သတင်းထောက် တစ်ယောက် ရိုးရိုး သားသား မှားသွား ခဲ့တာပဲလား။
သတင်းထောက် တွေကတော့ ကျွန်တော် အဲဒီလို ပြန်စိစစ်မယ် လို့ဖြေတာ မျိုးကို ဘယ်တော့မှ မကြိုက်ပါဘူး။ သူတို့က ချက်ခြင်း ဖြေစေ ချင်တယ်။ ပြီးရင် အဲဒီကနေ အစထုတ်ပြီး ဆက်ဖွချင်တယ်။
ဆက်လက်ဖော်ပြပါမည်။

ရဲထွဋ် 

No comments:

Post a Comment