Saturday, April 26, 2014

အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ဒီမိုကရေစီအစဉ်အလာ (၅)


( ဒီမိုကရေစီ စနစ်၏ အင်္ဂါရပ် တစ်ခုမှ ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲ များနှင့် ထို ရွေးကောက်ပွဲ များမှ တဆင့်  အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး လုပ်ပိုင်ခွင့် များကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခြင်းပင် ဖြစ်သည်။ ရောဘတ်ဂိတ် သည် သမ္မတဘုရှ် ဒုတိယ သက်တမ်းတွင် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အပြင် ၂၀၀၈ သမ္မတ ရွေးကောက် ပွဲတွင် အနိုင်ရရှိ ခဲ့သည့် သမ္မတ အိုဘားမား လက်ထက် တွင်လည်း ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသူ ဖြစ်သည်။ သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့ အကြုံ ကို ရေးသားသည့် Duty စာအုပ် အခန်း (၈) Transition တွင် သမ္မတဘုရှ် အုပ်ချုပ်ရေး အဖွဲ့က သမ္မတ အဖြစ် ရွေးချယ် ခံပြီးသူ အိုဘားမားထံ တာဝန် လွှဲပြောင်း ခဲ့သည့် အတွေ့ အကြုံ များကို ဖော်ပြထားရာ ထိုအခန်းမှ တာဝန် လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် ဖြစ်စဉ် များကို ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။ အမေရိကန် နိုင်ငံရေး လောက သက်သက် နှင့်သာ ဆိုင်သည့် အကြောင်းအရာ အချို့ကိုမူ ချန်လှပ်ထား ခဲ့ပါသည်။ ဂိတ်၏ အတွေ့အကြုံကို လေ့လာခြင်း အားဖြင့် ဒီမိုကရေစီ စနစ်၏ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းမှု တနည်းအားဖြင့် အာဏာ လွှဲပြောင်းမှု အခြေအနေ များကို ဆ၀ါး နိုင်မည် ဖြစ်ပါသည်။)
အဲဒီလို သမ္မတ ရာထူး လွှဲပြောင်း လက်ခံရေး အတွက် ပြင်ဆင် နေချိန်မှာပဲ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် ခံထားရတဲ့  Joe Biden ကလည်း ကျွန်တော်ကို သီးခြား တွေ့ဆုံခဲ့ ပါသေးတယ်။ သူက အမျိုးသား လုံခြုံရေးရာ ကိစ္စတွေမှာ ဒုတိယ သမ္မတ အနေနဲ့ ဘယ်လို အခန်း ကဏ္ဍက ပါဝင်သင့် လဲလို့ အကြံဥာဏ် တောင်းပါတယ်။
ကျွန်တော်က အလွန် ကွဲပြားတဲ့ ပုံစံ နှစ်ခု ရှိကြောင်း၊ ပထမ တစ်ခုက ဂျော့်ခ်ျ အိပ်ခ်ျ ဒဗလျူ ဘုရှ် ( လက်ရှိ သမ္မတ ဘုရှ်၏ ဖခင်၊ သမ္မတ ရီဂင် လက်ထက် ဒုတိယ သမ္မတ) နဲ့ ဒုတိယ တစ်ခုက  ဒစ်ချေယင်နီ ( လက်ရှိ သမ္မတဘုရှ် ၏ ဒုတိယ သမ္မတ)ဖြစ်ကြောင်း ပြောပြခဲ့ ပါတယ်။
ဘုရှ် (အကြီး)ရဲ့ ပုံစံက သူ့လက်ထောက် အရာရှိ တွေက ၀န်ကြီးအဆင့် အစည်းအဝေး အပါ အ၀င် အမျိုးသား လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အစည်းအဝေး တွေကို တက်တယ်။ ပြီးရင် ဒုတိယ သမ္မတကို ပြန်သတင်း ပို့တယ်။ ဘုရှ်က သူ့အမြင် တွေကို သမ္မတ တစ်ဦးတည်းကို ပဲ တင်ပြပါတယ်။
ဒစ်ချေယင်နီ ကတော့ အဲဒီလို မဟုတ်ဘူး။ သူ့လက်ထောက် တွေက အဆင့်မြင့် အရာရှိများ အစည်းအဝေး တွေကို တက်ပြီး  သူကိုယ်တိုင် ကတော့ ၀န်ကြီးအဆင့် အစည်းအဝေး တွေကို တက်တယ်။ ပြီးရင် အစည်း အဝေးမှာ သူ့သဘောထားကို ပြောတယ်။ အပြင်း အထန် ဆွေးနွေးတယ်။ သူ့လက်ထောက် တွေကလည်း သူတို့ တက်တဲ့ အစည်းအဝေး တိုင်းမှာ သူ တို့ ဆရာလိုပဲ ၀င်ဆွေးနွေးတယ်။
ကျွန်တော် ကတော့ ဘုရှ် (အကြီး)ရဲ့ ပုံစံကို ထောက်ခံတယ်။ အဲဒီလုပ်ကိုင် ပုံဟာ နိုင်ငံရဲ့ ဒုတိယ အမြင့်ဆုံး ရာထူးရဲ့ ဂုဏ်သိက္ခာ နဲ့လည်း ကိုက်ညီတယ်။ နောက်ပြီး သမ္မတ တစ်ဦးတည်း ကိုပဲ သူ့အမြင်ကို ပြောတဲ့ အတွက် သူပြောတာကို သမ္မတက လက်ခံသလား၊ ပယ်ချ သလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါဟာ နိုင်ငံရေး အတင်း အဖျင်းတွေ ပြန့်လွယ် လွန်းတဲ့ ၀ါရှင်တန် နိုင်ငံရေး လောကမှာ လက်တွေ့ကျတဲ့ လုပ်နည်း ဖြစ်ပါတယ်။
အဲဒီလို မဟုတ်ဘဲ သမ္မတ မတက်တဲ့ ၀န်ကြီးအဆင့် အစည်းအဝေးတွေ အားလုံး လိုက်တက်ပြီး ကိုယ်တိုင် ပါဝင် ဆွေးနွေး နေရင် ဒုတိယ သမ္မတဟာ ကျန်တဲ့ သူတွေနဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး။ သူဘာပြောတယ်၊ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာ အားလုံး သိသွား နိုင်တယ်။
အဲဒါတွေကို ရှင်းပြတော့ Biden က သေသေ ချာချာ နားထောင်ပါတယ်။ ပြီးတော့ ကျေးဇူး တင်ကြောင်း ပြောတယ်။ တကယ် လက်တွေ့ လုပ်တော့ ဒစ်ချေယင်နီ ပုံစံအတိုင်း တသွေ မတိမ်း လိုက်လုပ်တော့ တာပါပဲ။
ဒီဇင်ဘာ ၁၉  ရက်နေ့မှာ ဟီလာရီ ကလင်တန်နဲ့ ကျွန်တော့် ပင်တဂွန် ရုံးခန်းမှာ နေ့လည်စာ အတူ စားတယ်။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် အကြောင်း တစ်ယောက် သိဖို့ လိုတဲ့အတွက် သူ့ကို ဖိတ်ကြား ခဲ့ပြီး သူကလည်း လိုလိုလားလား လက်ခံခဲ့ပါတယ်။  နေ့လည်စာ စားရင်း ကျွန်တော်က နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီး မသင့်မြတ် တာကြောင့် အစိုးရ အဖွဲ့နဲ့ သမ္မတ အပေါ် ဆိုးကျိုးတွေ ဖြစ်ခဲ့ရတဲ့ ဖြစ်စဉ် တွေကို ရှင်းပြ ခဲ့ပါတယ်။
ပြီးတော့ ကျွန်တော်နဲ့ ဘုရှ်ရဲ့ နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာရိုက်စ် ကြား ဆက်ဆံရေး ကောင်းမှုဟာ ၀န်ကြီးဌာန နှစ်ခု အပေါ်မှာ သာမက အမျိုးသား လုံခြုံရေး ဆိုင်ရာ အဖွဲ့ အစည်းတွေ အပေါ်မှာပါ အကျိုး သက်ရောက် ခဲ့တဲ့ အကြောင်း ရှင်းပြခဲ့ ပါတယ်။
ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ တစ်ချို့ ကာကွယ်ရေး ၀န်ကြီးတွေလို နိုင်ငံခြားရေး ၀န်ကြီး အပြိုင် အမေရိကန် နိုင်ငံခြားရေး မူဝါဒရဲ့ ပြောရေးဆိုခွင့် ရှိသူ နေရာကို ရဖို့ ကြိုးစားမှာ မဟုတ်ဘူး၊ ဒါ့အပြင် ဘုရှ်အစိုးရ တုန်းကလိုပဲ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ လိုအပ်ချက်တွေ ရရှိ နိုင်ဖို့အတွက် ထောက်ခံ ပေးမယ်လို့ ရှင်းပြခဲ့ ပါတယ်။ ကလင်တန်ဟာ အိမ်ဖြူတော် မှာရော၊ အထက် လွှတ်တော်မှာပါ ကျင်လည်ခဲ့သူ ဖြစ်တဲ့ အတွက် ကျွန်တော့် ဆိုလိုချက်ကို ချက်ခြင်း သဘောပေါက်ပြီး လက်တွဲလုပ်ဖို့ သဘောတူ ခဲ့ပါတယ်။ တကယ်လည်း ကျွန်တော် တို့နှစ်ဦးဟာ အလွန်ခိုင်မြဲတဲ့ လုပ်ဖော် ကိုင်ဘက် ဆက်ဆံရေးကို တည်ဆောက် နိုင်ခဲ့ပါတယ်။
ဇန်န၀ါရီလ ၁၉  ရက်နေ့ ကတော့ လက်ရှိ သမ္မတဘုရှ်ရဲ့ သမ္မတ သက်တမ်း နောက်ဆုံးနေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သမ္မတဘုရှ်ရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့က သမ္မတသစ် အိုဘားမားရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့ကို အိမ်ဖြူတော် အစည်းအဝေး ခန်းမှာ အမျိုးသား လုံခြုံရေး ဆိုင်ရာ ကိစ္စများ ရှင်းပြခဲ့ ပါတယ်။ အရင်တုန်းက သမ္မတသစ်ကို သီးခြား ရှင်းပြတာ မျိုးပဲ ရှိပါတယ်။ အခုလို အဖွဲ့နှစ်ဖွဲ့ တွေ့ပြီး ရှင်းပြတာမျိုးမရှိခဲ့ပါဘူး။ အခုအစည်းအဝေးက သမ္မတ ဘုရှ်အနေနဲ့ တာဝန် လွှဲပြောင်းမှုကို အဆင်ပြေ ချောမွေ့အောင် တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ ဆန္ဒကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ အစည်းအဝေးမှာ ကျွန်တော် ဘယ်ဘက်က ထိုင်ရမလဲဆိုတဲ့ ကိစ္စကလွဲပြီး အားလုံးအဆင်ပြေပါတယ်။
ဇန်န၀ါရီလ ၂၀ ရက်နေ့က သမ္မတ အိုဘားမား ကျမ်းသစ္စာ ကျိန်ဆိုတဲ့ နေ့ပါ။  အိုဘားမား ဟာ ကျွန်တော် တာဝန် ထမ်းဆောင် ခဲ့တဲ့ ရှစ်ဦးမြောက် သမ္မတ ဖြစ်ပါတယ်။ ရှေ့သမ္မတ ခုနှစ်ဦး လုံးရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ တွေကို ကျွန်တော် မတက်ခဲ့ဘူး။ အခုလည်း အဲဒီ အစဉ်အလာကို ထိန်းသိမ်းဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ ပါတယ်။ အခုလို အစိုးရအဖွဲ့ တစ်ဖွဲ့လုံး တက်ရောက်ရတဲ့ အခမ်းအနား များမှာ ၀န်ကြီး တစ်ဦးက  အခမ်းအနား မတက်ဘဲ အရေးပေါ် အခြေအနေ အတွက် အသင့် နေရတဲ့ အစဉ်အလာ ရှိပါတယ်။ ဒါ့ကြောင့် ဘုရှ်နဲ့ အိုဘားမား နှစ်ဖွဲ့ လုံးကို ကျွန်တော်ဟာ အဲဒီတာဝန် အတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း နားချပြီး အခမ်းအနားကို မတက်ခဲ့ ပါဘူး။ ကျွန်တော်က ဘုရှ်လက်ထက်မှာ တာဝန်ယူခဲ့သလို အိုဘားမား လက်ထက် မှာလည်း ဆက်တာဝန် ယူရမယ့်၊ လွှတ်တော် ကလည်း အတည်ပြုပြီး ဖြစ်တဲ့ တစ်ဦး တည်းသော ၀န်ကြီး ဖြစ်တော့ တကယ်လည်း သင့်တော်တဲ့ တာဝန်ယူမှုပါ။
ဇန်န၀ါရီလ ၂၁ ရက်နေ့မှာတော့ ကျွန်တော်ဟာ အိုဘားမားရဲ့ အစိုးရသစ်မှာ စတင် တာဝန် ထမ်းဆောင် ပါတော့တယ်။
(ရဲထွဋ်)

Read more

အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ဒီမိုကရေစီအစဉ်အလာ (၄)



( ဒီမိုကရေစီ စနစ်၏ အင်္ဂါရပ် တစ်ခုမှ ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲ များနှင့် ထို ရွေးကောက်ပွဲ များမှ တဆင့်  အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး လုပ်ပိုင်ခွင့် များကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခြင်းပင် ဖြစ်သည်။ ရောဘတ်ဂိတ် သည် သမ္မတဘုရှ် ဒုတိယ သက်တမ်းတွင် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အပြင် ၂၀၀၈ သမ္မတ ရွေးကောက် ပွဲတွင် အနိုင်ရရှိ ခဲ့သည့် သမ္မတ အိုဘားမား လက်ထက် တွင်လည်း ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသူ ဖြစ်သည်။ သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့ အကြုံ ကို ရေးသားသည့် Duty စာအုပ် အခန်း (၈) Transition တွင် သမ္မတဘုရှ် အုပ်ချုပ်ရေး အဖွဲ့က သမ္မတ အဖြစ် ရွေးချယ် ခံပြီးသူ အိုဘားမားထံ တာဝန် လွှဲပြောင်း ခဲ့သည့် အတွေ့ အကြုံ များကို ဖော်ပြထားရာ ထိုအခန်းမှ တာဝန် လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် ဖြစ်စဉ် များကို ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။ အမေရိကန် နိုင်ငံရေး လောက သက်သက် နှင့်သာ ဆိုင်သည့် အကြောင်းအရာ အချို့ကိုမူ ချန်လှပ်ထား ခဲ့ပါသည်။ ဂိတ်၏ အတွေ့အကြုံကို လေ့လာခြင်း အားဖြင့် ဒီမိုကရေစီ စနစ်၏ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းမှု တနည်းအားဖြင့် အာဏာ လွှဲပြောင်းမှု အခြေအနေ များကို ဆ၀ါး နိုင်မည် ဖြစ်ပါသည်။)
အိုဘာမားနဲ့ တွေ့ပြီးတာနဲ့ ကျွန်တော်က သမ္မတဘုရှ်ကို အခြေအနေ အားလုံး တင်ပြခဲ့တယ်။ ရွေးကောက်ပွဲ ကာလ တစ်လျှောက်လုံး သူ့မူဝါဒ တွေကို ဝေဖန် တိုက်ခိုက် ခဲ့တဲ့ သမ္မတလောင်းနဲ့ ဆက်ပြီး လက်တွဲဖို့ ဆုံးဖြတ် ခဲ့တဲ့ အတွက် ကျွန်တော့်ကို စိတ်များ ခုသွားလေ မလားလို့ စိုးရိမ် ခဲ့ပေမယ့် ဘုရှ် ကတော့ ကျေနပ်နေပုံ ရပါတယ်။ ကျွန်တော့် အထင်တော့ အီရတ်မှာ တန်ဖိုးကြီးကြီး ပေးဆပ်ပြီး ရယူထား ရတာတွေကို ဆက်ပြီး ထိန်းသိမ်း နိုင်ဖို့အတွက် ကျွန်တော် ကာကွယ်ရေး ၀န်ကြီး အဖြစ် ဆက်ရှိ နေသင့် တယ်လို့ သူယူဆ ထားပုံ ရပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မှာတော့ အိုဘားမားရဲ့ တာဝန် လွှဲပြောင်း လက်ခံရေး အဖွဲ့က ပင်တဂွန် စစ်ဌာနချုပ်ကို ရောက်လာ ပါတယ်။ (အမေရိကန် သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ လတွင် ကျင်းပ သော်လည်း အနိုင်ရသူ သမ္မတ လောင်းသည် နောက်နှစ် ဇန်န၀ါရီလ ရက်နေ့မှသာ ကျမ်းသစ္စာ ကျိန်ဆိုပြီး စတင် တာဝန် ထမ်းဆောင်သည်။ ထိုကြား ကာလတွင် ၀န်ကြီးဌာန အသီးသီးတွင် တာဝန် လွှဲပြောင်း နိုင်ရေး အတွက် ပြင်ဆင် ရသည်။ ဘာသာ ပြန်သူ) အဲဒီအချိန် ကစပြီး နေရထိုင်ရ ခက်တဲ့အချိန် ရောက်တော့ တာပါပဲ။ တာဝန် လာလွှဲတဲ့ အဖွဲ့က ဘယ်လောက်ပဲ ဆက်ဆံရေး ကောင်းတယ် ဆိုပေမယ့် ငါ တို့ လာပြီ၊ မင်းတို့ သွားကြတော့၊ ပြီးခဲ့တဲ့ လေးနှစ် ဒါမှမဟုတ် ရှစ်နှစ် အတွင်း မင်းတို့ မှားခဲ့သမျှ ငါတို့အဖတ်ဆယ် ရတော့မယ်  ဆိုတဲ့ ခံစားမှုက  သိသိသာသာ ဖြစ်ဖြစ်၊ မသိမသာ ဖြစ်ဖြစ် ရှိနေ တာပါပဲ။ တစ်ခါ တစ်လေ အပြုံးတွေရဲ့ နောက်မှာ မထီ လေးစားမှု တွေကို တွေ့ရ တတ်ပါတယ်။
တစ်ခု ကံကောင်းတာက အိုဘားမားရဲ့ အဖွဲ့ကို ခေါင်းဆောင်လာတဲ့ သူနှစ်ယောက် လုံးက ကလင်တန် အစိုးရ လက်ထက် ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန် ထမ်းဆောင် ခဲ့သူတွေ ဖြစ်တဲ့ အတွက် လိုရင်းကိုပဲ တိုက်ရိုက် လုပ်ဆောင် သွားပါတယ်။ တစ်ခုပဲ သူတို့ နှစ်ယောက် လုံးက အိုဘားမား အနေနဲ့ ကျွန်တော့်ကို ကာကွယ်ရေး ၀န်ကြီးအဖြစ် ဆက်ပြီး တာဝန်ပေးဖို့ ဆုံးဖြတ် ထားတယ် ဆိုတာကို မသိဘူး။ သူတို့က ကျွန်တော့် ရုံးအဖွဲ့ တွေကို လက်ရှိ စစ်ဆင်ရေး အခြေ အနေတွေ၊ အရေးပေါ် အခြေအနေ အတွက် ပြင်ဆင် ထားမှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း အဲဒီနေ့ ကစပြီး ကျွန်တော့်ရဲ့ ရုံးအဖွဲ့မှာ သူတို့ ကိုယ်စားလှယ် တစ်ဦး တွဲထားပြီး နေ့စဉ် ဖြစ်ပျက် နေတဲ့ အခြေ အနေတွေ၊ လုပ်ငန်း လုပ်ဆောင်ပုံ တွေကို လေ့လာဖို့ စီစဉ် ပေးပါတယ်။
ခက်တာက အခုလာတဲ့ လွှဲပြောင်း လက်ခံရေး အဖွဲ့ထဲက ဘယ်သူတွေကို ကာကွယ်ရေး ၀န်ကြီး ဌာနမှာ တာဝန်ပေးဖို့ လျာထားတယ် ဆိုတာကို ကျွန်တော်တို့ မသိရ သေးတာပဲ။ ကျွန်တော်တို့ ဘက်က ဒီနှစ်လပဲ အဖွဲ့မှာ တာဝန် ထမ်းဆောင်ပြီး ဇန်န၀ါရီ ၂၀ နောက်ပိုင်း ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန် ဆက်မယူ မယ့် သူတွေကို အရေးကြီးတဲ့ စစ်ရေး လျှို့ဝှက် ချက်တွေ အကြောင်းကို ရှင်းမပြ ချင်ပါဘူး။ နောက်ပြီး လွှဲပြောင်း လက်ခံရေး အဖွဲ့ဝင်တွေ အနေနဲ့ လုံခြုံရေး ဆိုင်ရာ ကင်းလွတ် ခွင့်တွေ ရှိထားဖို့လိုပါတယ်။
ကျွန်တော်နဲ့ လွှဲပြောင်း လက်ခံရေး အဖွဲ့က လျှို့ဝှက် အဆင့် ကိစ္စတွေ ကိုပဲ ရှင်းပြဖို့၊ ထိပ်တန်း လျှို့ဝှက် ကိစ္စတွေကို ဆွေးနွေးခြင်း မပြုဖို့ သဘောတူ ခဲ့ကြ ပါတယ်။ အိမ်ဖြူတော် ကလည်း လက်ရှိ ဆောင်ရွက် နေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှု များနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းများ၊ အီရန် ပါကစ္စတန် နိုင်ငံ တို့နဲ့ ပတ်သက် နေတဲ့ လုပ်ဆောင် ချက်များ အကြောင်း ပြောကြားခြင်း မပြုဖို့ တင်းတင်း ကျပ်ကျပ် အမိန့်ထုတ် ထားပါ တယ်။
ဒီကာလထဲမှာ ကျွန်တော့် အတွက် အရေးကြီးတဲ့ အလုပ် တစ်ခုကတော့ အိုဘားမား အစိုးရ အဖွဲ့ရဲ့ တာဝန် လွှဲပြောင်း လက်ခံရေး အဖွဲ့ ခေါင်းဆောင် John Podesta နဲ့ ဆက်သွယ်တာ ပါပဲ။ နိုဝင်ဘာ ၂၃ ရက်နေ့မှာ သူ့ဆီကို အီးမေးလ် အရှည်ကြီး တစ်စောင် ပို့လိုက် ပါတယ်။ အဲဒီအထဲမှာ ကျွန်တော်ကို ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ပေးဖို့ လျာထားကြောင်း တရားဝင် ကြေညာပြီးတာနဲ့ ကာကွယ်ရေးနဲ့ ဆိုင်တဲ့ လွှဲပြောင်း လက်ခံရေး အဖွဲ့ဟာ သူ့ကိုရော၊ ကျွန်တော့် ကိုပါ သတင်းပို့ သင့်တယ်လို့ ပြောထားတယ်။ ကျွန်တော့် အနေနဲ့ သမ္မတကို တင်ပြမယ့် တွေ့ရှိချက်၊ သုံးသပ်ချက်နဲ့ ထောက်ခံ တင်ပြချက်တွေ အပေါ် ကျွန်တော့် သဘောထား တွေကို ဖြည့်စွက်ခွင့် ရချင်တယ်။ နောက်ထပ် တောင်းဆိုတဲ့ အချက်ကတော့ အိုဘားမားနဲ့ ဆွေးနွေးခဲ့ တုန်းကလိုပဲ အိုဘားမားက အစားထိုး ခန့်မယ့် သူတွေကို ကျွန်တော် တွေ့ဆုံး မေးမြန်းခွင့် ရဖို့နဲ့ သမ္မတကို တာဝန် ပေးရန် သင့်မသင့် ထောက်ခံတင် ပြခွင့်ရဖို့၊ ကျွန်တော့်ရဲ့ ရုံးအဖွဲ့၊ ပြောရေး ဆိုခွင့် ရှိသူနဲ့ မိန့်ခွန်း ရေးသားသူ အပြင် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး (ထောက်လှမ်းရေး) ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jim Clapp er ကို ဆက်တာဝန် ပေးခွင့်ရဖို့ ဖြစ်ပါတယ်။ နောက်ပြီး အိုဘားမားနဲ့ သဘောတူ ပြီးဖြစ်တဲ့ အတိုင်း အိုဘားမား ခန့်မယ့် သူတွေ တာဝန် မထမ်းဆောင်မီ ယာယီ ဆက်တာဝန်ပေး ထားသင့်တဲ့ လက်ရှိ တာဝန် ထမ်းဆောင် နေသူတွေ စာရင်းကိုလည်း ထောက်ခံ တင်ပြ လိုက်တယ်။
John Podesta ဆီက နာရီပိုင်းအတွင်း အကြောင်းပြန်ကြားချက်ရတယ်။ သူက တာဝန် လွှဲပြောင်း အစီရင် ခံစာကို ကျွန်တော့်ထံ တင်ပြဖို့ ကိစ္စနဲ့ နောက်ထပ် ခန့်မယ့် လူသစ်တွေ ကိစ္စကို သဘောတူတယ်။ Jim Clapper နဲ့ပတ်သက်လို့ ရက်အနည်းငယ် အတွင်း အကြောင်း ပြန်မယ်လို့ ဆိုတယ်။ ယာယီ တာဝန် ပေးမယ့် သူတွေနဲ့ပတ်သက်ပြီး တစ်ဦး ချင်းအပေါ် သုံးသပ်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။
တစ်ခုပဲ အထစ်အငေါ့ ရှိတာက ကျွန်တော့်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ  Geof Morrell နဲ့ ပတ်သက် တာပါပဲ။ အိုဘားမား အဖွဲ့ဘက်က ပြောရေး ဆိုခွင့် ရှိသူတွေ အားလုံးကို သူတို့က ရွေးချယ် တာဝန်ပေး ချင်တယ်။ ကျွန်တော်က Morrell ဟာ ကျွန်တော် ယုံကြည် ရတဲ့သူ ဖြစ်တယ်။ ကျွန်တော် ပြောချင်တာ တွေကို သိပြီး အဲဒီအတိုင်း ပြောမယ့်သူ ဖြစ်တယ်။ သူ့ကိုပဲ တာဝန် ပေးချင် ပါတယ်လို့ ထပ်တင်ပြ ခဲ့ရတယ်။ ကျွန်တော် Morrell ကို တာဝန်ပေးချင် တာက သူ့ရဲ့ လုပ်ငန်း ကျွမ်းကျင်မှု၊ ၀ါရှင်တန် သတင်း လောကကို ၀င်ဆန့်မှု တို့ကြောင့် တင်မကဘူး၊ သူဟာ ကျွန်တော့်ကို မထောက်မညှာ ဝေဖန် ၀ံ့တဲ့သူ၊ သတင်း ပေါက်ကြားမှာကို မစိုးရိမ်ရပဲ ကျွန်တော့် အတွေး အမြင်တွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးနိုင်သူ ဖြစ်တဲ့ အတွက်ကြောင့် သူ့ကို ဆက်ထား လိုတာဖြစ်ပါတယ်။
အိုဘားမားဟာ သူ့အစိုးရရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ ဌာနများမှာ တာဝန်ပေးဖို့ လျာ ထားတဲ့ သူတွေ စာရင်းကို ဒီဇင်ဘာလ ၁ ရက်နေ့ ချီကာဂိုမြို့မှ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ အဲဒီနေ့က ချီကာဂိုမှာ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်၊ ကျွန်တော် ၊ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဗိုလ်ချုပ်ကြီး Jim Jones,  အမိမြေ ကာကွယ်ရေး ဌာန ၀န်ကြီး  Janet Napolitano, ရှေ့နေချုပ် Eric Holder နဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး  Susan Rice တို့အားလုံးဆုံခဲ့ကြတယ်။
အဲဒီနောက်တော့ ကျွန်တော့် ရုံးအဖွဲ့ တွေနဲ့ ကျွန်တော့် ဒုတိယ သက်တမ်း အတွက် ဦးစားပေး လုပ်ငန်း တွေကို လျာထားတဲ့ အလုပ်တွေ လုပ်ရပါ တော့တယ်။  ကျွန်တော်နဲ့ အဖွဲ့သား တွေဟာ တစ်ခါမှ လက်မတွဲ ဘူးတဲ့ လုပ်ဖော်ကိုင်ဘက် အသစ်တွေနဲ့ လက်တွဲ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရသစ် သက်တမ်းအစ ရက်ပေါင်း ကိုးဆယ် အတွင်းမှာ ပြည်ပ ခရီးမသွားဘဲ လုပ်ဖော် ကိုင်ဘက် အသစ်တွေနဲ့ ရင်းနှီး အသားကျ အောင်လုပ်ဖို့၊ ၂၀၁၀ ပြည့်နှစ် ဘတ်ဂျက် အတွက် ဦးစားပေး လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။
ဒီဇင်ဘာလထဲမှာတော့ ကျွန်တော်နဲ့ ပူးတွဲ စစ်ဦးစီး ချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mullen တို့ဟာ သမ္မတသစ် အိုဘားမား အကြောင်းကို လေ့လာတဲ့ အိုဘားမား ၁၀၁ သင်ခန်း စာကို စတင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သမ္မတသစ် အနေနဲ့ ကမ္ဘာ့ ရေးရာများကို ဘယ်လို ရှုမြင်သလဲ၊ ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ် တွေကို ဘယ်လို လုပ်သလဲ၊ လက်အောက် ၀န်ထမ်းတွေနဲ့ ဘယ်လို ဆက်ဆံသလဲ ဆိုတာ သိအောင် လေ့လာရ ပါတယ်။ ကျွန်တော် တို့ကို အိုဘားမားနဲ့လက်တွဲ လုပ်ဖူးသူ တွေက အဲဒီအချက် တွေကို ရှင်းပြကြ ပါတယ်။ နောက်ပြီး အိုဘားမား ရေးတဲ့ Dream of My Father စာအုပ်ကို ဖတ်ဖို့ သူတို့က တိုက်တွန်းပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မှာတော့ အိုဘားမားရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အစည်းအဝေး ကို ကျင်းပ ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က အီရတ်စစ်ပွဲ၊ အာဖဂန် စစ်ပွဲ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အရှေ့ အလယ်ပိုင်း ဆိုင်ရာ ကိစ္စ တွေကို ဆွေးနွေးခဲ့ ကြပါတယ်။ နောက်ပြီး အမျိုးသား လုံခြုံရေး ကောင်စီ လုပ်ငန်း ဆောင်ရွက်ပုံနဲ့ သမ္မတရုံးရဲ့ လုပ်ငန်း ဆောင်ရွက်ပုံ စနစ် တွေကို သက်ဆိုင်ရာ ကျွမ်းကျင်သူ တွေက ရှင်းပြကြ ပါတယ်။
ကျွန်တော် ကတော့ ဒီပထမ အစည်းအဝေးဟာ အစကောင်း တယ်လို့ မြင်တယ်။ အစည်းအဝေး တက်သူ တွေက သမ္မတ အသစ် ဒါမှမဟုတ် ကျန်တဲ့ လုပ်ဖော် ကိုင်ဘက်တွေ အထင် ကြီးအောင် အပိုဆာဒါးပြောတာတွေမရှိဘူး။ အဲ ဘုရှ်အစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒ နဲ့နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေအပေါ် ဝေဖန်ထိုးနှက်တာတွေတော့ ကြားရတာပေါ့။ ဒါကလည်း ကိစ္စမရှိပါဘူး။ သမ္မတရာထူးအလွှဲအပြောင်းကို အကြိမ်ကြိမ် ကြုံခဲ့ပြီးတဲ့ ကျွန်တော့်အတွက် ( ဂိတ်သည် အိုဘားမားအပါအ၀င် အမေရိကန်သမ္မတ ရှစ်ဦးလက်အောက်တွင်အမှုထမ်းခဲ့ဖူးသည်။ ဘာသာပြန်သူ) နောက်လေးနှစ်၊ဒါမှမဟုတ် ရှစ်နှစ်ကြာရင် နောက်ထပ်အဖွဲ့တစ်ဖွဲ့က အခုလိုပဲ ရှေ့က လုပ်သွားသူတွေကို ဝေဖန် ဦး မယ်ဆိုတာ သိပြီးသားပါ။
နောက်ပြီး အစပိုင်းမှာ ဘယ်လောက်ပဲ ပြောပြော တကယ် လက်တွေ့ လုပ်တဲ့အခါ ကျတော့လည်း အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်ရင်  အရင်တုံးက လုပ်ခဲ့တဲ့ လုပ်ငန်းစဉ် အတော် များများကို ဆက်လုပ် ရတာပဲ ဆိုတာ လုပ်ရင်း ကိုင်ရင်းနဲ့ သူတို့တွေ့လာမယ် ဆိုတာကို သိနေပါတယ်။  
(ဆက်လက်ဖော်ပြပါမည်။)
Read more

အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ဒီမိုကရေစီအစဉ်အလာ (၃)



(ဒီမိုကရေစီ စနစ်၏ အင်္ဂါရပ် တစ်ခုမှ ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲ များနှင့် ထိုရွေးကောက်ပွဲ များမှတဆင့်  အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး လုပ်ပိုင်ခွင့် များကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခြင်းပင် ဖြစ်သည်။ ရောဘတ် ဂိတ်သည် သမ္မတဘုရှ် ဒုတိယ သက်တမ်းတွင် ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အပြင် ၂၀၀၈ သမ္မတ ရွေးကောက် ပွဲတွင် အနိုင် ရရှိခဲ့သည့် သမ္မတ အိုဘားမား လက်ထက် တွင်လည်း ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသူ ဖြစ်သည်။ သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့ အကြုံကို ရေးသားသည့် Duty စာအုပ် အခန်း (၈) Transition တွင် သမ္မတဘုရှ် အုပ်ချုပ်ရေး အဖွဲ့က သမ္မတ အဖြစ် ရွေးချယ် ခံပြီးသူ အိုဘားမားထံ တာဝန် လွှဲပြောင်း ခဲ့သည့် အတွေ့ အကြုံ များကို ဖော်ပြထားရာ ထိုအခန်းမှ တာဝန် လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် ဖြစ်စဉ် များကို ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆို တင်ပြအပ် ပါသည်။ အမေရိကန် နိုင်ငံရေး လောက သက်သက် နှင့်သာ ဆိုင်သည့် အကြောင်းအရာ အချို့ ကိုမူ ချန်လှပ်ထားခဲ့ပါသည်။ ဂိတ်၏ အတွေ့အကြုံကို လေ့လာခြင်း အားဖြင့် ဒီမိုကရေစီ စနစ်၏ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းမှု တနည်းအားဖြင့် အာဏာ လွှဲပြောင်းမှု အခြေအနေ များကို ဆ၀ါးနိုင်မည် ဖြစ်ပါသည်။ )
သမ္မတဘုရှ်နဲ့ ကျွန်တော် ရာထူး ခန့်အပ်ရေး ကိစ္စတုန်း ကလိုပဲ ကျွန်တော်နဲ့သမ္မတ အိုဘားမားတို့ တွေ့ဆုံမှု ဟာလည်း လျှို့ဝှက်ပြီး ဆောင်ရွက်ခဲ့ တာပါ။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ သမ္မတ ရွေးကောက်ပွဲ မှာ အနိုင်ရပြီး ဖြစ်တဲ့ အိုဘားမားက ချီကာဂို မြို့ကို ပြန်မယ်။ အဲဒီလို မပြန်ခင် ရီဂင် နိုင်ငံတကာ လေဆိပ် ထဲက မီးသတ် အဆောက်အဦ ထဲမှာ ကျွန်တော်တို့ တွေ့ခဲ့ ကြတာ ဖြစ်ပါတယ်။
ကျွန်တော်က ရုံးအဖွဲ့ တွေကို အခန်းထဲမှာ သီးသန့် တွေ့ဆုံဖို့ ရှိတယ်၊ ဘယ်သူမှ မလာနဲ့လို့ မှာထားတယ်။ ပြီးတော့ ကျွန်တော့် အတွက် ထားတဲ့ သီးသန့် ဓာတ်လှေခါးနဲ့ မြေအောက် ကားဂိုဒေါင်ကို တိုက်ရိုက်ဆင်းပြီး ကျွန်တော်နဲ့ ကားသမား နှစ်ယောက်ထဲ လေယာဉ်ကွင်းကို သွားခဲ့ပါတယ်။ အိုဘားမား ကတော့ ကွင်းထဲမှာ ရပ်ထားတဲ့  သူ့လေယာဉ် ဆီကို မသွားပဲ မီးသတ် အဆောက်အဦကို လှည့်ဝင် လာတာ ဖြစ်ပါတယ်။
အစည်းအဝေး ခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်ထဲ တွေ့တာပါ။ အိုဘားမားက လက်ဆွဲ နှုတ်ဆက် ပီးတာနဲ့ သူ့အိတ်ထဲက ကျွန်တော့် မေးခွန်း စာရွက်ကို ထုတ်ပြီး အလုပ်ကိစ္စ တန်းပြောပါတယ်။ ကျွန်တော်က သူ့ကို မေးခွန်း ကိုးခု မေးထားတာပါ။
ပထမ မေးခွန်း ကတော့ ရိုးရှင်းပါတယ်။ ကျွန်တော့်ကို ဘာ့ကြောင့် ဆက်ပြီး တာဝန်ပေးချင် တာလဲလို့ မေးတာပါ။ အိုဘားမားက ပထမအချက်က ကျွန်တော် ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်မှု အပေါ်မှာ ကြိုက်တယ်၊ ဒုတိယ အချက်ကတော့ သမ္မတ သက်တမ်း ပထမ ခြောက်လမှာ သူ့အနေနဲ့ စီးပွားရေး ကဏ္ဍကို အာရုံစိုက် ချင်တယ်။ (ထိုအချိန်က အမေရိကန် နိုင်ငံတွင် ၂၀၀၈ ဘဏ္ဍာရေး အကျပ် အတည်းနှင့် ရင်ဆိုင် နေရချိန် ဖြစ်သည်။ ဘာသာပြန်သူ) ဒါ့ကြောင့် ကာကွယ်ရေး အပိုင်းမှာ တည်တည် ငြိမ်ငြိမ်နဲ့ ဆက်လုပ် နိုင်တာကို လိုလားတယ်လို့ ပြောပါတယ်။
ဒုတိယ မေးခွန်း ကတော့ ကျွန်တော့ကို ဘယ်လောက် ကြာကြာ တာဝန် ပေးမှာလည်း ဆိုတာ ပါပဲ။ ကျွန်တော်က တစ်ဆက်တည်းပဲ တစ်နှစ် ဆိုရင် အိုဘားမား အဖွဲ့သားတွေ အတွက် ကာကွယ်ရေး ကဏ္ဍကို ဆက်တာဝန်ယူ နိုင်အောင် လုံလောက်တယ်လို့ အကြံပေး ထားပါတယ်။ အိုဘားမားက အဲဒီကိစ္စကို လူသိရှင်ကြား ထုတ်မပြောဘူး။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်ကြား မှာတော့ တစ်နှစ်ဆိုတာကို အခြေခံ သဘောတူ ထားမယ်လို့ ဆုံးဖြတ်ပါတယ်။
တတိယ မေးခွန်း ကတော့ ကျွန်တော်နဲ့ အိုဘားမားဟာ တစ်ယောက် အကြောင်း တစ်ယောက် မသိဘူး။ ဒါကြောင့် ကျွန်တော်ကို ယုံကြည် နိုင်ပါ့မလား၊ အမျိုးသား လုံခြုံရေး ဆိုင်ရာ ကိစ္စတွေမှာ အတွင်း စည်းအထိ ကျွန်တော့်ကို ပါဝင်ခွင့် ပြုမှာလား ဆိုတာပါပဲ။ အိုဘားမား ကတော့ ကျွန်တော့် အပေါ်မှာ ယုံကြည်မှု မရှိရင် ဒီတာဝန် ပေးဖို့ မကမ်းလှမ်းဘူး။ ကျွန်တော့်ကို အရေးကြီးတဲ့ ကိစ္စတိုင်း အတွက် ဆုံးဖြတ်ချက် ချမှတ်ရာမှာ ပါဝင်ခွင့်ပြု မှာပါလို့ ပြောပါတယ်။
စတုတ္ထ မေးခွန်း ကတော့ အမျိုးသား လုံခြုံရေးနဲ့ ဆိုင်တဲ့ ၀န်ကြီး ဌာနတွေ အတွက် ဘယ်သူ တွေကို လျာထား သလဲဆိုတာပါပဲ။ ကျွန်တော်က သမ္မတ အနေနဲ့ အမျိုးသား လုံခြုံရေးနဲ့ ဆိုင်တဲ့ ၀န်ကြီး ဌာနတွေ အတွက် လူရွေးရာမှာ အသင်းတစ်သင်း အနေနဲ့ စဉ်းစား သင့်တယ်။ ဒါမှ အလုပ်လုပ်ရာမှာ ပေါင်းစပ် ညှိနှိုင်းမှု ကောင်းမယ်လို့ ယူဆထား ပါတယ်။ ကျွန်တော့် အတွေ့အကြုံ အရ ပြီးခဲ့တဲ့ အစိုးရ အဖွဲ့ အတော် များများမှာ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီး တွဲလုပ်လို့ မရတာတွေ မြင်ခဲ့ရ ပါတယ်။ အိုဘားမားက နိုင်ငံခြားရေး ၀န်ကြီး အတွက် ဟီလာရီ ကလင်တန်ကို လျာထား ကြောင်းနဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျင်ဂျုံးကို အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် လျာထားကြောင်း ပြောပါတယ်။
ပဉ္စမ မေးခွန်း ကတော့ အိုဘားမား အနေနဲ့ ကာကွယ်ရေး ၀န်ကြီး ဌာနရဲ့ အရပ်ဘက် ရာထူး များကို ခန့်ထား ရာမှာ ကျွန်တော် ပါဝင်ခွင့် ပေးမလား ဆိုတာပါပဲ။ အိုဘားမား အနေနဲ့ နှစ်သက်ရာ လူကို ရွေးလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော် မကြိုက်ရင် ပယ်ချခွင့် ပေးစေချင် တာပါ။ နောက်ပြီး အိုဘားမား ရွေးချယ်တဲ့ သူတွေ စပြီး တာဝန် မထမ်းဆောင် နိုင်ခင် စပ်ကူး မတ်ကူး ကာလမှာ လက်ရှိ တာဝန် ထမ်းဆောင် နေသူ တစ်ချို့ကို ယာယီ ဆက်တာဝန်ပေး ထားခွင့်လည်း တောင်းခဲ့ ပါတယ်။ ဒါမှလည်း လက်ရှိ လုပ်ငန်းတွေကို အဆင်ပြေပြေ နဲ့ဆက် လုပ်ထား နိုင်မှာ ဖြစ်ပါတယ်။  အိုဘားမားက ဒါဖြစ် နိုင်ပါတယ်လို့ ကတိပေးပါ တယ်။ (အမေရိကန် နိုင်ငံရေး စနစ်အရ ၀န်ကြီး ဌာနများတွင် ညွှန်ကြား ရေးမှူးချုပ် အဆင့်နှင့် အထက် နေရာ အများစုမှာ သမ္မတက ခန့်အပ်သူများ ( Political Appointees ) ဖြစ်သည်။ ထို့ကြောင့် သမ္မတ အသစ် တာဝန်ယူလျှင် ယခင် သမ္မတက ခန့်အပ် ခဲ့သူ များမှာ တာဝန်မှ အနားယူ ရသည်။ ဘာသာပြန်သူ)
ဆဌမ မေးခွန်းက ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရာထူးနေရာနဲ့ ပတ်သက် ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး ဖြစ်နိုင်ချေ ရှိတဲ့သူတွေ အကြောင်း ဆွေးနွေး ခဲ့ပါတယ်။ အိုဘားမားက ဒုဝန်ကြီး နေရာ အတွက် ကျွန်တော်နဲ့ နီးနီး ကပ်ကပ် တိုင်ပင်မယ် လို့ကတိ ပေးသွားပါတယ်။
သတ္တမ မေးခွန်း ကတော့ လက်ရှိ သမ္မတဘုရှ် ခန့်ထား သူတွေထဲက ကျွန်တော် ဆက်တာဝန် ပေးချင်တဲ့သူ သုံးယောက်ကို ဆက်ထားလို့ ရမလား ဆိုတာပါပဲ။ အဲဒီ သုံးယောက် အကြောင်း ရှင်းပြတော့ အိုဘားမားက ကြည့်ရ သလောက် စွံမယ့်ပုံပဲ။ ဒါကြောင့် သူစဉ်းစား ပါ့မယ် လို့ ပြောတယ်။
အဋ္ဌမ မေးခွန်းကတော့ အိုဘားမား အနေနဲ့ သူ့သက်တမ်း ပထမနှစ်မှာ ကာကွယ်ရေး ဘတ်ဂျက်ကို အကြီးအကျယ် အပြောင်းအလဲ လုပ်ဖို့ ရှိလား ဆိုတာပါပဲ။ ကျွန်တော်က အိုဘားမားကို ပြီးခဲ့တဲ့ နှစ်တစ်ရာ ကျော်မှာ စစ်ပွဲတစ်ခု ပြီးတိုင်း ကာကွယ်ရေး ဘတ်ဂျက်ကို အကြီးအကျယ် ဖြတ်တောက် ခဲ့တယ်။ ဒါပေမယ့် နောက်တစ်ခါ စစ်ပွဲနဲ့ ပြန်ကြုံတော့ အဲဒီ ဘတ်ဂျက် ဖြတ်တောက် မှုတွေအတွက် သွေးနဲ့ချွေးနဲ့ ပြန်ပေးဆပ် ခဲ့ရတယ်လို့ ရှင်းပြခဲ့ ပါတယ်။ အိုဘားမားက ကာကွယ်ရေး ဘတ်ဂျက်ကို အကြီးအကျယ် လျှော့ချဖို့ မရှိဘူး၊ ဒါပေမယ့် စီးပွားရေး ကျဆင်းမှုကို ကုစားတဲ့ နေရာမှာ ကာကွယ်ရေး ကိုလည်း ချန်ထားခဲ့ လို့မရဘူး။ ကာကွယ်ရေး ၀န်ကြီးဌာန အနေနဲ့ ဘဏ္ဍာငွေ သုံးစွဲရာမှာ ပိုပြီး စီစီစစ်စစ် လုပ်ဖို့ တော့လိုမယ်၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုလိမ့်မယ်လို့ ပြောပါတယ်။
နောက်ဆုံး မေးခွန်း ကတော့ အီရတ်စစ်ပွဲနဲ့ ပတ်သက် ပါတယ်။ ကျွန်တော်က အာဖဂန် စစ်ပွဲနဲ့ ပတ်သက်ရင် ကျွန်တော်တို့ အမြင် တူပါတယ်။ ဒါပေမယ့် အီရတ်စစ်ပွဲနဲ့ ပတ်သက်ရင် ပြီးခဲ့တဲ့ ၁၈ လ အတွင်း ရခဲ့တဲ့ အောင်မြင်မှု တွေကို ဆက်ထိန်း နိုင်ဖို့ အတွက် သမ္မတ အိုဘားမားရဲ့ အီရတ်စစ်ပွဲ ဆိုင်ရာ ရည်မှန်းချက် တွေကို ပြောင်းလွယ် ပြင်လွယ် လုပ်နိုင်ပါ့ မလားလို့ မေးခဲ့ပါတယ်။ အိုဘားမားက သူဟာ ပြောင်းလွယ် ပြင်လွယ် ရှိပါတယ်။ အစွန်းရောက် အုပ်စုတွေ နောက်ကို ရေဆုံးရေဖျား လိုက်ဖို့ လက်မတွန့် ပါဘူးလို့ ဆိုပါတယ်။
ကျွန်တော်တို့ ဆွေးနွေးမှုဟာ မိနစ် ငါးဆယ်လောက် ကြာပါတယ်။ အဆုံးမှာတော့ ကျွန်တော်က ခင်ဗျား အနေနဲ့ ကျွန်တော့်ကို တစ်နှစ်ဆက် တာဝန်ပေးဖို့ ဆုံးဖြတ်ရင် ကျွန်တော် လက်ခံဖို့ အသင့် ရှိပါတယ်လို့ ပြောလိုက် ပါတယ်။ အိုဘားမား ကလည်း သူဆုံးဖြတ် ထားပါတယ်လို့ ပြန်ဖြေပါတယ်။
ကျွန်တော့်ရဲ့ မေးခွန်းတွေအပေါ် ဆွေးနွေးပြီးတဲ့အဆုံးမှာ ကျွန်တော်က အိုဘားမားကို အခုလို ကတိပေးခဲ့ ပါတယ် -
  ကျွန်တော့် အနေနဲ့ ထဲထဲဝင်ဝင် မေးခွန်းတွေ မေးခဲ့ပြီးပါပြီ။ ကျွန်တော့်ဘက် ကလည်း ကျွန်တော့်ကို တာဝန် ပေးတဲ့အခါ ယုံယုံ ကြည်ကြည် တာဝန်ပေးပါ။ ကျွန်တော့်ဆီမှာ  မြုပ်ကွက်တွေ၊ ဖုံးကွယ် ထားတဲ့ တစ်ခြား အစီအစဉ် တွေများ ရှိလေ မလားလို့ စိတ်မပူပါနဲ့လို့အာမခံ ပါတယ်။ အခြား သမ္မတတွေ လက်အောက်မှာ တာဝန် ထမ်းဆောင်ခဲ့ တုန်းကလိုပဲ ကျွန်တော် အနေနဲ့ အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည်တဲ့ အကြံဥာဏ် တွေကို ပွင့်ပွင့် လင်းလင်း တင်ပြပါ့မယ်။ သမ္မတက ကျွန်တော် ပေးတာကို လက်မခံဘဲ အခြား နည်းလမ်းကို ရွေးခဲ့ရင် ကျွန်တော် ဆက်ထောက်ခံပြီး လုပ်နိုင်ရင် လုပ်ပါ့မယ်၊ မလုပ်နိုင်ရင် ထွက်ပါ့မယ်။ ဒါပေမယ့် သမ္မတ လက်အောက်မှာ အမှုထမ်း နေပြီး နောက်ကွယ်က သစ္စာမဲ့တဲ့ အလုပ်မျိုး ကိုတော့ ဘယ်တော့မှ မလုပ်ပါဘူး။”
သမ္မတ အိုဘားမား လက်အောက်မှာ တာဝန် ထမ်းဆောင် ခဲ့တဲ့ နှစ်နှစ် ခွဲကာလ တစ်လျှောက်လုံး အဲဒီကတိ စကားကို ကျွန်တော် မြဲမြဲမြံမြံ ထိန်းသိမ်း ခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
Read more

အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ဒီမိုကရေစီအစဉ်အလာ (၂)



( ဒီမိုကရေစီ စနစ်၏ အင်္ဂါရပ် တစ်ခုမှ ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲ များနှင့် ထို ရွေးကောက်ပွဲ များမှ တဆင့်  အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး လုပ်ပိုင်ခွင့် များကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခြင်းပင် ဖြစ်သည်။ ရောဘတ်ဂိတ် သည် သမ္မတဘုရှ် ဒုတိယ သက်တမ်းတွင် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အပြင် ၂၀၀၈ သမ္မတ ရွေးကောက် ပွဲတွင် အနိုင်ရရှိ ခဲ့သည့် သမ္မတ အိုဘားမား လက်ထက် တွင်လည်း ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရသူ ဖြစ်သည်။ သူ၏ ကာကွယ်ရေး ၀န်ကြီးဘ၀ အတွေ့ အကြုံ ကို ရေးသားသည့် Duty စာအုပ် အခန်း (၈) Transition တွင် သမ္မတဘုရှ် အုပ်ချုပ်ရေး အဖွဲ့က သမ္မတ အဖြစ် ရွေးချယ် ခံပြီးသူ အိုဘားမားထံ တာဝန် လွှဲပြောင်း ခဲ့သည့် အတွေ့ အကြုံ များကို ဖော်ပြထားရာ ထိုအခန်းမှ တာဝန် လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် ဖြစ်စဉ် များကို ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။ အမေရိကန် နိုင်ငံရေး လောက သက်သက် နှင့်သာ ဆိုင်သည့် အကြောင်းအရာ အချို့ကိုမူ ချန်လှပ်ထား ခဲ့ပါသည်။ ဂိတ်၏ အတွေ့အကြုံကို လေ့လာခြင်း အားဖြင့် ဒီမိုကရေစီ စနစ်၏ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းမှု တနည်းအားဖြင့် အာဏာ လွှဲပြောင်းမှု အခြေအနေ များကို ဆ၀ါး နိုင်မည် ဖြစ်ပါသည်။)
အဲဒီလို နိုင်ငံရေး မိုင်းကွင်းထဲ ဖြတ်နေရတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီး Mullen က နောက်ထပ် ဗုံးတစ်လုံးခွဲဖို့ လုပ်လာ ပြန်တယ်။ အမေရိကန် နိုင်ငံရဲ့ စနစ်အရ သမ္မတက (လာမည့် လေးနှစ် အတွက်) အမျိုးသား လုံခြုံရေး မဟာဗျူဟာ ( National Security Strategy, NSS ) ကို ချမှတ် ပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာန က အဲဒါကို အခြေခံပြီး ကာကွယ်ရေး ၀န်ကြီး ဌာနက အကောင်အထည်ေ ဖ်ာမယ့် အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ ( National Defence Strategy, NDS) ကို ရေးဆွဲရ ပါတယ်။ ပူးတွဲ စစ်ဦးစီး ချုပ်များ အဖွဲ့က သမ္မတ နဲ့ ကာကွယ်ရေး ၀န်ကြီးရဲ့ မဟာဗျူဟာ များကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် စစ်ဆင်ရေး လိုအပ်ချက်တွေ၊ လူ၊ လက်နက် ပစ္စည်း လိုအပ်ချက် တွေကို ဖော်ပြ ထားတဲ့ အမျိုးသား စစ်ရေး မဟာဗျူဟာ ( National Military Strategy, NMS) ကို ဆက်ပြီး ရေးဆွဲ ရပါတယ်။
ရှေ့ပိုင်းမှာ ကျွန်တော် ရေးခဲ့သလိုပဲ ကျွန်တော်ရဲ့ အမျိုးသား ကာကွယ်ရေး မဟာ ဗျူဟာကို ပြုစုချိန်မှာ  ဗိုလ်ချုပ်ကြီး Mullen နဲ့ ဦးစီးချုပ် တွေက လက်ရှိ ဆင်နွဲနေတဲ့ အီရတ်နဲ့ အာဖဂန် စစ်ပွဲကို အနိုင်ရဖို့ အတွက် သမားရိုးကျ စစ်ပွဲများ အတွက် စစ်လက်နက် ပစ္စည်း လိုအပ်ချက် အချို့ကို စွန့်လွှတ် ရမယ်ဆိုတဲ့ အယူအဆကို လက်မခံ ကြဘူး။
စက်တင် ဘာလမှာ ပူးတွဲ စစ်ဦးစီးချုပ် အဖွဲ့ရဲ့ အမျိုးသား စစ်ရေး မဟာဗျူဟာ မူကြမ်းကို ကျွန်တော့်ဆီ တင်ပြတဲ့ အချိန်မှာ  ဗိုလ်ချုပ်ကြီး Mullen က သမ္မတဘုရှ်ရဲ့ အယူအဆဖြစ် တဲ့ အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေး စစ်ပွဲကို ရေရှည် ဆင်နွဲရမယ် ဆိုတဲ့ အချက်၊ အမေရိကန်ရဲ့ စစ်အင်အားကို ဒီမိုကရေစီ ဖော်ဆောင်ဖို့ အသုံးချ ရမယ် ဆိုတဲ့ Freedom Agenda တို့ကို လုံးဝ ရည်ညွှန်းခြင်း မပြုဘဲ ချန်ထား ခဲ့တယ်။ နောက်ပြီး အရင်က ကျွန်တော်တို့ ပြောနေတာ နဲ့ ဆန့်ကျင်ပြီး အမေရိကန် တပ်ဖွဲ့ တွေဟာ ကမ္ဘာ့နေရာ အနှံ့မှာ အရေးပေါ် အခြေအနေ တွေကို တစ်ချိန်တည်း ရင်ဆိုင် ဖြေရှင်းဖို့ အသင့်မဖြစ် သေးဘူးလို့ ဖော်ပြထားတယ်။  ဗိုလ်ချုပ်ကြီး Mullen က ဒီအမျိုးသား စစ်ရေး မဟာဗျူဟာကို အောက်တိုဘာ လလယ်မှ ထုတ်ပြန်ဖို့ ရည်ရွယ် ထားတယ်လို့ ကျွန်တော့်ကို တင်ပြခဲ့တယ်။
သူ့ရဲ့ အချိန် ဇယားက အလွန် မှားယွင်းတဲ့ တွက်ချက်မှုပဲ။ ဒါ့ကြောင့် ကျွန်တော်က အောက် တိုဘာ ၅ ရက် နေ့မှာ  ဗိုလ်ချုပ်ကြီး Mullen ကို အမျိုးသား စစ်ရေး မဟာဗျူဟာကို သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ မတိုင်ခင် အပြင်းအထန် မဲဆွယ်နေတဲ့ ကာလမှာ ထုတ်ပြန် လိုက်မယ် ဆိုရင် အမှားကြီး မှားလိမ့်မယ်၊ အဲဒီလို လုပ်ခြင်းဖြင့် တပ်မတော်ဟာ နိုင်ငံရေး ငြင်းခုန်မှုတွေ ကြားကို ရောက်သွား လိမ့်မယ်၊ အထူးသဖြင့် သမ္မတ ဘုရှ်ရဲ့ မူဝါဒ တွေကို ဖယ်ထုတ်ထားတဲ့ အတွက် ဒီမဟာ ဗျူဟာကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ထုတ်ပြန် တယ်လို့ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူ တွေရဲ့ စွပ်စွဲမှု ခံရနိုင်တယ်။ ဒါဟာ တပ်မတော် အတွက်ရော၊ သူ့အတွက်ရော မကောင်းဘူးလို့ ထောက်ပြခဲ့တယ်။ ကျွန်တော်က ဒီမဟာ ဗျူဟာကို ရွေးကောက်ပွဲ ပြီးမှ ထုတ်ပြန်ဖို့နဲ့ ဘုရှ်ရဲ့ မူဝါဒတွေကို ချန်လှပ် မထားဖို့ သူ့ကို တိုက်တွန်း ခဲ့တယ်။ နောက်ဆုံးတော့  ဗိုလ်ချုပ်ကြီး Mullen က သူ့ရဲ့ မဟာဗျူဟာမှာ ပြင်ဆင်မှု အချို့ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ အပြီးမှ ထုတ်ပြန်ဖို့ သဘောတူ ခဲ့ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ မှာတော့ သမ္မတ ဘုရှ်ဟာ သူ့ရဲ့ နောက်ဆုံး အစည်းအဝေး အဖြစ် ပင်တဂွန် စစ်ဌာနချုပ်မှာ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့နဲ့ လာရောက် တွေ့ဆုံခဲ့ ပါတယ်။ အဲဒီ အစည်းအဝေးဟာ သူ့လက်ထက်မှာ ဆောင်ရွက် ခဲ့တဲ့ စစ်ရေး ဆိုင်ရာ ကိစ္စများ အပေါ် ပြန်လည် ဆင်ခြင် သုံးသပ်တဲ့ အစည်းအဝေးလို့ ဆိုနိုင် ပါတယ်။ တပ်မှူး အားလုံးက ဘုရှ်လက် ထက်မှာ  အမေရိကန် တပ်မတော် အနေနဲ့ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အကြီးမားဆုံး အပြောင်းအလဲ တွေနဲ့ ကြုံခဲ့ ရတယ်။ ဒါပေမယ့် အခုအချိန်မှာ တိုက်ပွဲ အတွေ့အကြုံ အရှိဆုံး၊ ပင်လယ်ရပ်ခြား စစ်ဆင်ရေး အတွေ့အကြုံ အရှိဆုံး တပ်မတော် ဖြစ်နေပြီ။ အခုစစ်ပွဲ တွေမှာ ပါဝင်ခဲ့တဲ့ အရာရှိငယ်များကို ဆက်ပြီး ပြုစု ပျိုးထောင်ပေးရင် အနာဂတ် အတွက် စိတ်ချရပြီလို့ သုံးသပ် ခဲ့ကြပါတယ်။
အစည်းအဝေး အပြီးမှာ ဘုရှ်က အမေရိကန် တပ်မတော်ရဲ့ ကမ္ဘာ့ ဒေသကြီး နှစ်ခုမှာ သမားရိုးကျ စစ်ပွဲကြီး နှစ်ခုကို တစ်ပြိုင်တည်း ဆင်နွဲ နိုင်အောင် ပြင်ဆင်ထား ရမယ်ဆိုတဲ့ ရည်မှန်းချက်က အခု အခြေအနေမှာ လက်တွေ့ မကျတော့ဘူး၊ အဲဒီလို စစ်ပွဲကြီး နှစ်ခုကို တိုက်ဖို့အခြေ အနေလည်း မရှိတော့ ဘူးလို့ သုံးသပ်ခဲ့ ပါတယ်။ နောက်ပြီး နိုင်ငံ တည်ဆောက်ရေး ( Nation Building ) အလုပ်ကို ပြဿနာ ဖြစ်နေတဲ့ နိုင်ငံ တိုင်းမှာ အလွယ်တကူ ၀င်မလုပ်မိဖို့ သတိထားဖို့ လိုတယ်လို့ သတိပေး ခဲ့ပါတယ်။
အဲဒီနေ့ အစည်းအဝေးကို တက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ကျွန်တော့် အနေနဲ့ အိုဘားမား အစိုးရသစ် လက်ထက်မှာ ဆက်ပြီး တာဝန် ထမ်းဆောင်ဖို့ အတော် နီးစပ်နေပြီ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဇူလိုင်လ ၁၄ ရက်နေ့တုံးက ဒီမိုကရက်ပါတီ အထက် လွှတ်တော် အမတ် Jack Reed က ကျွန်တော့်ကို သမ္မတလောင်း အိုဘားမား အနေနဲ့ သူသာ သမ္မတ ဖြစ်လာရင် ကျွန်တော့်ကို ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ပေးမယ်လို့ ကမ်းလှမ်း လာရင် ကျွန်တော့်ဘက်က လက်ခံစဉ်းစား ပေးနိုင်မလားလို့ မေးလာ ပါတယ်။ ကျွန်တော်က အိုဘားမား အနေနဲ့ နိုင်ငံက ကျွန်တော့်ကို လိုအပ် နေတယ်လို့ ယူဆရင် အိုဘားမားနဲ့ ကျွန်တော် ဆွေးနွေး လိုပါတယ်လို့ အကြောင်းပြန် ခဲ့ပါတယ်။
အောက်တို ဘာလ ၄ ရက်နေ့မှာ Jack Reed က ထပ်ဆက်သွယ် လာပြီး အိုဘားမားနဲ့ တွေ့မလားလို့ မေးလာ ပါတယ်။ ကျွန်တော်က ရွေးကောက်ပွဲ မပြီးခင်တွေ့ဖို့ မသင့်ဘူး။ ရွေးကောက်ပွဲ ပြီးရင် တွေ့ပါ့မယ်။ လောလော ဆယ်ဆယ်တော့ အိုဘားမား အနေနဲ့ စဉ်းစား စေလိုတဲ့ မေးခွန်းအချို့ ပေးထား ချင်တယ်လို့ အကြောင်းပြန် ခဲ့ပါတယ်။
Jack Reed နဲ့ဖုန်းပြော ပြီးပြီးချင်း သမ္မတဘုရှ်ကို အိုဘားမား ဘက်က လာပြီး ဆက်သွယ် နေတဲ့အကြောင်း သတင်းပို့ ခဲ့ပါတယ်။ ဘုရှ်က အဲဒီလို ကမ်းလှမ်းချက် အပေါ် သဘောကျပြီး အိုဘားမား ဘက်က တရားဝင် ကမ်းလှမ်း လာရင် ကျွန်တော့် အနေနဲ့ လက်ခံ သင့်တယ်၊ ကျွန်တော် ကာကွယ်ရေး ၀န်ကြီး ဆက်လုပ်ရင် နိုင်ငံအတွက် အများကြီး အကျိုး ရှိမယ်လို့ အကြံပေးပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျွန်တော်က Jack Reed ကို ဆက်သွယ်ပြီး အိုဘားမား အတွက် မေးခွန်းတွေကို ပေးပို့ခဲ့ ပါတယ်။ အောက်တိုဘာ ၂၉  ရက်နေ့မှာ သူ့ဘက်က ပြန်ဆက်သွယ် လာပြီး အိုဘားမားက အဲဒီမေးခွန်း တွေနဲ့ ပတ်သက်ပြီး အခုစာရေးပြီး ဖြေရမလား၊ ဒါမှမဟုတ် Jack Reed ကို သူ့ကိုယ်စားလှယ် အဖြစ် လွှတ်ပြီး ဖြေပေး ရမလား။ ဒါမှမဟုတ် ကျွန်တော်နဲ့ နှစ်ယောက်ထဲ တွေ့တဲ့ အချိန်ကျမှ ဖြေရမလားလို့ ပြောကြောင်း အကြောင်းကြား လာပါတယ်။ ကျွန်တော်က တတိယ နည်းလမ်းကို ရွေးလိုက်ပြီး ကျွန်တော်တို့ နှစ်ယောက် ဆွေးနွေးတဲ့ အခါမှာ ကျွန်တော့် မေးခွန်း တွေကို အခြေခံ အချက်တွေ အဖြစ် ထားပြီး ဆွေးနွေး ပါ့မယ်လို့အကြောင်းပြန် ခဲ့ပါတယ်။
တကယ်တော့ ရာထူး တာဝန် ပေးဖို့ စဉ်းစားခြင်း ခံရသူက  သူ့ကို ခန့်အပ်မယ့် သမ္မတ လောင်းဆီကို မေးခွန်းတွေ ပို့တယ် ဆိုတာ ဖြစ်တောင့် ဖြစ်ခဲ၊ ကြုံတောင့် ကြုံခဲ အဖြစ်ပါပဲ။ ပုံမှန်အားဖြင့် သမ္မတ လောင်းက သူစဉ်းစား ထားတဲ့ ပုဂ္ဂိုလ်ကိုပဲ သူသိချင်တဲ့ အချက်တွေ ကို မေးလေ့ ရှိတာ ဖြစ်ပါတယ်။
ဒါပေမယ့် အိုဘားမားနဲ့ ကျွန်တော်က အမေရိကန် သမိုင်းမှာ မကြုံဘူး သေးတဲ့ အခြေ အနေတစ်ခုကို ဖြတ်သန်း ရတော့မှာ ဖြစ်ပါတယ်။ အခုအချိန်က နိုင်ငံအနေနဲ့ စစ်ပွဲ နှစ်ခုကို ဆင်နွဲ နေရတဲ့ အချိန် ဖြစ်တယ်။ ပြီးတော့ ၁၉ ၄၇ ခုနှစ်မှာ ကာကွယ်ရေး ၀န်ကြီးဌာနကို စတင်ဖွဲ့စည်း ခဲ့ပြီးချိန် ကစလို့ သမ္မတ ရာထူးကို ပါတီတစ်ခု တည်းက နိုင်ခဲ့ရင်တောင် လက်ရှိ သမ္မတရဲ့ ကာကွယ်ရေး ၀န်ကြီးက နောက် သမ္မတရဲ့ ကာကွယ်ရေး ၀န်ကြီးအဖြစ် ဆက်ပြီး တာဝန် ထမ်းဆောင်တာ မရှိခဲ့သေး ပါဘူး။ အခုလို ရီပတ် ဘလီကင်နဲ့ ဒီမိုကရက် ပါတီ မတူ တဲ့ အခြေအနေ မျိုးက ဝေလာ ဝေးပေါ့။
ကျွန်တော်က သမ္မတလောင်း အိုဘားမား ဆီကို ရေးတဲ့ စာမှာ  “အခု ကိစ္စက ကျွန်တော်တို့ မျှော်လင့်ထား တာထက် ပိုပြီး ရှုပ်ထွေး နိုင်ပါတယ်။ ကျွန်တော့် မေးခွန်း တွေက ကျွန်တော်တို့ နှစ်ယောက်လုံး အဲဒီ အခြေအနေကို နားလည်နိုင်ဖို့ အထောက်အကူ ဖြစ်ပါ လိမ့်မယ်။” လို့ ရေးခဲ့ပါတယ်။ ကျွန်တော့်ကို တာဝန် ပေးမယ့် ကိစ္စက တကယ် အလုပ်ဖြစ်ပြီး နိုင်ငံ အတွက် အကျိုးရှိဖို့ ဆိုရင် ကျွန်တော်တို့ နှစ်ဦးလုံး တစ်ယောက်ကို တစ်ယောက် အစထဲက နားလည်မှု ရှိဖို့ လိုပါတယ်။ ကျွန်တော့် ဘက်က အိုဘားမား အနေနဲ့ ပွင့်ပွင့် လင်းလင်း ပြောတာ၊ မေးခွန်း ထုတ်တာကို ကြိုက်သလား ဆိုတာ သိလိုတယ်။ တကယ်လို့ ဒီလိုမေးတာ မြန်းတာကို မကြိုက်ဘူးဆိုရင်လည်း ကျွန်တော့် အတွက် အရှုံး မရှိပါဘူး။ အစ ထဲက ဖြစ်နိုင်ရင် ဒီတာဝန်ကို ဆက်မလုပ်ဖို့ဆုံးဖြတ် ထားပြီးသားပဲလေ။
ဒါပေမယ့် ရွေးကောက်ပွဲပြီး သိပ်မကြာခင်မှာပဲ ကျွန်တော့်ကို အိုဘားမားရဲ့ အနီးကပ်ဆုံး လက်ထောက် အရာရှိနဲ့ ဆက်သွယ်ပြီး အိုဘားမားနဲ့လျှို့ဝှက် တွေ့ဆုံ နိုင်ရေး စီစဉ်ဖို့ အကြောင်း ကြားလာပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
Read more