Tuesday, November 26, 2013

တရုတ်-အာဆီယံဆက်ဆံရေးနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွား(၃)

အာဆီယံ၏ အခန်းကဏ္ဍ
၁၉၈ဝ ပြည့်လွန် နှစ်များ အထိ အာရှတိုက်၏ ပထဝီ နိုင်ငံရေး စင်မြင့်တွင် အမေရိကန်၊ ဆိုဗီယက်၊ တရုတ်နှင့် ဂျပန် တို့သည်သာ အဓိက ဇာတ်လိုက်များ ဖြစ်ခဲ့ ကြသည်။ ၂၁ ရာစုသို့ ဝင်လာ ချိန်တွင်မူ အာဆီယံ သည် အာရှ ဒေသတွင် အရေး ပါသည့် ဒေသ ဆိုင်ရာ အဖွဲ့အစည်း တစ်ခု အဖြစ်သို့ ရောက်လာကာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှား တို့နှင့် တန်းတူ ရည်တူ ရပ်တည် နေပြီ ဖြစ်သည်။
ထိုကဲ့သို့ အာရှ ဒေသ ရေးရာ များတွင် အာဆီယံ ရှေ့တန်း ရောက်လာ ခြင်းကို အဆင့် လေးဆင့် ဖြင့် ခွဲခြား သုံးသပ် နိုင်သည်။ ပထမ အဆင့်မှာ ၁၉၇၈ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံက ကမ္ဘော ဒီးယား နိုင်ငံကို ကျူးကျော် သိမ်းပိုက် ခဲ့ပြီး နောက်တွင် အာဆီယံက ဒေသ ပြင်ပ အင်အားကြီး နိုင်ငံ များနှင့် ပူးပေါင်းပြီး ကမ္ဘော ဒီးယား နိုင်ငံမှ ဗီယက်နမ် တပ်များ ဆုတ်ခွာ သွားစေ ရန်နှင့် ကမ္ဘော ဒီးယား နိုင်ငံတွင် နိုင်ငံရေး အရ ငြိမ်းချမ်းစွာ အဖြေရှာ နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက် ခဲ့သည့် အဆင့် ဖြစ်သည်။ ဤကြိုးစား မှု၏ ရလဒ်အဖြစ် ၁၉၉၁ ခုနှစ်တွင် ပါရီ သဘော တူညီချက်ကို လက်မှတ် ရေးထိုး နိုင်ပြီး ကမ္ဘော ဒီးယား နိုင်ငံ အရေးကို ဖြေရှင်း နိုင်ခဲ့သည့် အခါ အာဆီယံ၏ အခန်း ကဏ္ဍကို နိုင်ငံတကာ က အလေးထား လာသကဲ့သို့ အာဆီယံ အဖွဲ့ အနေဖြင့်လည်း ဒေသတွင်း ပြဿနာ များတွင် ပိုမို ပါဝင် ဆောင်ရွက် နိုင်ရန် အတွက် ယုံကြည်မှု ပိုမို ရရှိလာ ခဲ့သည်။ ဒုတိယ အဆင့်မှာ ၁၉၉ဝ ပြည့်နှစ်များ အစ ပိုင်းတွင် အာဆီယံက တရုတ်နှင့် ကျန်ဒေသ ပြင်ပ အင်အားကြီး နိုင်ငံများကို အာဆီယံ ဒေသ ဆိုင်ရာေ ဆွးနွေးပွဲ ARF ဘောင် အတွင်းမှ လုံခြုံရေး ကိစ္စများ အား ဆွေးနွေး အဖြေရှာ စေရေး အတွက် ကြိုးစား ခဲ့သည့် အဆင့် ဖြစ်သည်။ တတိယ အဆင့်မှာ ၁၉၉ဝ ပြည့်လွန် နှစ်များ နှောင်းပိုင်းတွင် အာဆီယံ အဖွဲ့ကို ချဲ့ထွင် ခဲ့ခြင်းနှင့် အာဆီယံ အနေဖြင့် ဒေသ ပြင်ပ အင်အားကြီး နိုင်ငံများနှင့် ဥရောပ သမဂ္ဂ တို့နှင့် စီးပွားရေး၊ လုံခြုံရေး အရ ဆက်ဆံ မှုကို ဘက်စုံ၊ အလွှာစုံမှ ပူးပေါင်း ဆောင်ရွက် နိုင်ရန် အတွက် အာဆီယံ- ဥရောပ ဆွေးနွေးပွဲ (ASEM) ၊ အာဆီယံ အပေါင်းတစ်၊ အာဆီယံ အပေါင်း သုံး ဆွေးနွေး ပွဲများ၊ အာဆီယံ လွတ်လပ်သော ကုန်သွယ် မှုဇုံ၊ တရုတ်- အာဆီယံ လွတ်လပ်သော ကုန်သွယ် မှုဇုံ၊ စသည့် လှုပ်ရှားမှု များဖြင့် အရှိန် မြှင့်တင် ခဲ့သည့် အဆင့် ဖြစ်သည်။ နောက်ဆုံး အဆင့်မှာမူ ၂ဝဝ၅ ခုနှစ်မှ စတင်ပြီး အရှေ့တောင် အာရှ ဒေသ သာမက အရှေ့ အာရှ တစ်ခုလုံးကို လွှမ်းခြုံ နိုင်သည့် နိုင်ငံရေး စင်မြင့် တစ်ခု တည်ထောင်ရန် ကြိုးစားသည့် အဆင့် ဖြစ်၏။ မလေးရှား ဝန်ကြီး ချုပ်ဟောင်း မဟာသီယာ စတင်ခဲ့သည့် ထိုအကြံ ဥာဏ်ကြောင့် ၂ဝဝ၅ ခုနှစ် ဒီဇင် ဘာလတွင် ပထမဆုံး အကြိမ် အရှေ့ အာရှ ထိပ်သီး အစည်းအဝေး East Asia Summit ကိုကျင်းပ နိုင်ခဲ့သည်။ ထိုထိပ်သီး အစည်း အဝေးတွင် မူလက လျာထားသည့် ဒေသတွင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်၊ ရုရှား၊ ဂျပန်နှင့် ကျန်အရှေ့ အာရှ နိုင်ငံများ သာမက အိန္ဒိယ၊ သြစတေး လျနှင့် နယူးဇီလန် တို့ပါ တက်ရောက် ခဲ့သည်။ ထိုအစည်း အဝေး၏ ထူးခြား ချက်မှာ အာရှ ဒေသတွင်း အမြဲလို အဓိက ဇာတ်ကောင် အဖြစ် ပါဝင် ခဲ့သည့် အမေ ရိကန် နိုင်ငံကို ဖိတ်ကြားမှု မရှိခဲ့ခြင်းပင် ဖြစ်သည်။ နိုင်ငံရေး အကဲခတ် အချို့ကမူ ထိုဖြစ်ရပ်ကို အာရှ ဇာတ်ခုံ ပေါ်မှ အမေရိကန်တို့ ပျောက်ကွယ် တော့မည့် အစပျိုးမှု ဖြစ်မည်ဟု စိုးရိမ် ခဲ့ကြသည်။
အမေရိကန်အမျိုးသားအကျိုးစီးပွား
အမေရိကန် အနေဖြင့် တရုတ်နှင့် အာဆီယံ အကြား ဆက်ဆံမှု အရှိန် မြင့်လာခြင်း၊ အာရှ ဒေသတွင် တရုတ်တို့ စစ်ရေး၊ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်လာ ခြင်းကို မည်ကဲ့သို့ ရှုမြင် သုံးသပ် မည်နည်း။
ယျေဘူယျ ပြောရမည် ဆိုလျှင် တင်းမာမှု လျော့ပါး နေသော၊ တည်ငြိမ် အေးချမ်း နေသော အာရှ ဒေသနှင့် စစ်အေးခေတ် အမူ အကျင့် များကို စွန့်လွှတ်ပြီး ဒေသတွင်း နိုင်ငံ အားလုံးနှင့် ချစ်ကြည်ရ င်းနှီးစွာ ဆက်ဆံ နေသော တရုတ်ပြည် ဆိုသည့် အနေ အထားသည့် အမေ ရိကန်တို့ အကျိုး စီးပွားကို အထောက် အကူ ပြုနေ သည်ဟု ဆိုရမည် ဖြစ်ပေသည်။ သို့သော် လက်တွေ့ တွင်မူ အမေရိကန် အနေဖြင့် ထိုကဲ့သို့ သဘောထား နိုင်ခြင်း မရှိဟု ဆိုရမည်။ အမေရိကန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ် များအဖွဲ့က ထုတ်ပြန် ထားသည့် ပူးတွဲ စစ်ဆင်မှု သဘောတရား (Joint Warfare) စာစောင်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ဆိုသည်မှာ ကမ္ဘာ့ နေရာ ဒေသ အသီးသီးတွင် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံရေး သဘောတရား၊ လူမှုရေး စံနှုန်း များကို လက်ခံသော၊ အမေရိကန် ပြည်ထောင်စု၏ မဟာဗျူဟာ ရည်မှန်း ချက်များကို အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ရန် အတွက် အခွင့် သာသော အခြေအနေ ဖြစ်သည်။ အမေ ရိကန်တို့၏ အကျိုး စီးပွား များကို ဆန့်ကျင်သော တည်ငြိမ်မှု မျိုးသည် လက်ခံ နိုင်သော အခြေအနေ မဟုတ်ဟု ဖွင့်ဆို ထားသည်ကို ကြည့်ပါက အမေရိကန် အနေဖြင့် တရုတ် နိုင်ငံက အဓိက အခန်း ကဏ္ဍမှ ပါဝင် နေသည့် အာရှ ဒေသကို လက်မခံနိုင် ဆိုသည်မှာ ထင်ရှားနေ ပေသည်။ ထိုသို့ ဖြစ်ရခြင်း မှာလည်း အမေ ရိကန် တို့၏ အမျိုးသား လုံခြုံရေး မဟာ ဗျူဟာနှင့် ဆက်စပ် နေပေသည်။
စစ်အေး ခေတ်လွန်၊ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ပြီး နောက်တွင် အမေရိကန် တို့သည် တစ်ခုတည်း သော မဟာ အင်အားကြီး နိုင်ငံ အဖြစ်သို့ ရောက်ရှိ ခဲ့သည်။ အမေရိကန် ပြည်ထောင်စု အင်အားကြီး နိုင်ငံ အဖြစ်သို့ ရောက်ရှိ လာခြင်းမှာ ကမ္ဘာ့ သမိုင်းတွင် အခြား အင်ပါယာများ ပေါ်ထွန်း လာခြင်းနှင့် မတူသည်ကို တွေ့ရသည်။ သမိုင်းတွင် ပေါ်တူဂီ၊ ဒတ်ခ်ျ၊ စပိန်၊ ပြင်သစ်တို့ အင်အား ကြီးထွား ခဲ့စဉ်က ၎င်းတို့နှင့် အခြား ပြိုင်ဖက် အင်အားကြီး နိုင်ငံများ အကြားတွင် စစ်ရေး၊ စီးပွားရေး အင်အား ကွာခြား မှုမှာ သိသိ သာသာ ကွာဟခြင်း မရှိလှ သည်ကို တွေ့ရမည် ဖြစ်သည်။ နောက်ဆုံး အင်ပါယာ ဖြစ်သည့် ဗြိတိသျှ အင်ပါယာ သည်ပင်လျှင် ၂ဝ ရာစု အစတွင် ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံကို အုပ်ချုပ် ထားလင့် ကစား ကြည်းတပ် အင်အားတွင် ဂျာမနီ၊ ပြင်သစ် တို့နှင့် ကွာခြား လှခြင်း မရှိပဲ ရေတပ် အင်အား တွင်သာ ထိုနိုင်ငံ နှစ်ခု ပေါင်းနှင့် ညီမျှအောင် အင်အား ကောင်းခဲ့ကာ စီးပွားရေး အင်အား တွင်မူ အမေရိကန် ပြည်ထောင်စုနှင့် ညီမျှသည့် အခြေ အနေတွင် ရှိနေ ခဲ့သည် ကိုတွေ့ရသည်။
စစ်အေး ခေတ်လွန် အမေရိကန် နိုင်ငံ မှာမူ ကမ္ဘာ ပေါ်တွင် စီးပွားရေး အင်အား အတောင့် အတင်းဆုံး ဖြစ်ကာ ၎င်းနိုင်ငံ၏ စီးပွားရေး ပမာဏသည် ဂျပန်၊ ဂျာမဏီနှင့် ဗြိတိန် နိုင်ငံ သုံးနိုင်ငံ ပေါင်းနှင့် ညီမျှ သည်ကို လည်းကောင်း၊ ကာကွယ်ရေး အသုံး စရိတ် အနေဖြင့် ၂ဝဝ၃ ခုနှစ်၌ ဒေါ်လာ ၃၃၉ ဘီလီယံ သုံးစွဲ ခဲ့ချိန်တွင် အခြား အင်အားကြီး နိုင်ငံများ ဖြစ်သော ရုရှား နိုင်ငံသည် ၆၃.၇ ဘီလီယံ၊ တရုပ် ၄၆ ဘီလီယံ၊ ဗြိတိသျှ ၃၄.၇ ဘီလီယံနှင့် ပြင်သစ် ၃၃ ဘီလီယံသာ သုံးစွဲ နိုင်ခဲ့ သည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် စစ်အေး တိုက်ပွဲလွန် ကာလတွင် အမေရိကန် နိုင်ငံကို စစ်ရေး၊ စီးပွားရေး စသည့် Hard Power ပိုင်းတွင် ကမ္ဘာ အဆင့်တွင် စိန်ခေါ် နိုင်သူ မရှိနိုင် သေးသည်မှာ ထင်ရှား နေပေသည်။
ထို့ကြောင့်ပင် အမေ ရိကန် တို့၏ အမျိုးသား လုံခြုံရေး မူဝါဒသည် အမေ ရိကန်တို့ကို ဒေသ အဆင့်  Regional Level တွင် စစ်ရေး၊ စီးပွားရေး စသည့် Hard Power အပိုင်းတွင် လည်းကောင်း၊ သံတမန်ရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ ဆက်ဆံရေး စသည့် Soft Power ပိုင်းတွင် လည်းကောင်း ပခုံးခြင်း ယှဉ်မည့် သူများ မပေါ်ပေါက်ရေး၊ တနည်း အားဖြင့် အာရှ ဒေသ၊ အာဖရိက ဒေသ၊ အရှေ့ အလယ်ပိုင်း စသည့် ကမ္ဘာ့ ဒေသကြီး များတွင် အမေရိကန် တို့၏ အကျိုး စီးပွားကို စိန်ခေါ် နိုင်မည့် သူများ ပေါ်မလာ အောင် တားဆီးရေး သို့ ဦးတည် သွားခဲ့ လေသည်။
၂ဝဝ၆ ခုနှစ် ထုတ်ပြန် ခဲ့သည့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန၏ ကာကွယ်ရေး မူဝါဒ ဆိုင်ရာ သုံးသပ်ချက် အစီရင် ခံစာတွင် ၂၁ ရာစု နိုင်ငံတကာ လုံခြုံရေး အခြေ အနေကို သြဇာ သက်ရောက် နိုင်သည့် နိုင်ငံ သုံးခုမှာ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ ဖြစ်ကြောင်း ဖေါ်ပြ ခဲ့ကာ အိန္ဒိယသည် အမေရိကန်၏ မဟာဗျူဟာ မြောက် လုပ်ဖော် ကိုင်ဖက် ဖြစ်လာ နိုင်ကြောင်း၊ ရုရှား နိုင်ငံမှာ အသွင် ကူးပြောင်းဆဲ ကာလ ဖြစ်ပြီး နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်စရာ ရှိသည့်တိုင် ဆိုဗီယက် ခေတ်လို အမေရိကန် အပေါ် စိန်ခေါ် နိုင်မည့် အနေအထား မရှိကြောင်း သုံးသပ် ထားသည်ကို တွေ့ရသည်။ တရုတ် နိုင်ငံနှင့် ပတ်သက်ပြီးမူ တရုတ်သည် အမေရိကန်ကို စစ်ရေး အရ စိန်ခေါ် လာနိုင်သည့် အနေ အထားတွင် ရှိကာ စစ်အင်အား တည်ဆောက်မှု ကိုလည်း တိုးချဲ့ ဆောင်ရွက် နေကြောင်း၊ သုံးသပ်ကာ အမေရိကန် အနေဖြင့် တရုတ်ကို အာရှ- ပစ္စဖိတ် ဒေသ အရေးတွင် ငြိမ်းချမ်းစွာ ပါဝင် ဆောင်ရွက်အောင် ထိန်းကျောင်း ပေးရမည် ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ ထို့အပြင် အမေရိကန် အနေဖြင့် မည့်သည့် အင်အားကြီး နိုင်ငံ ကမျှ ကမ္ဘာ့ အရေး၊ ဒေသ အရေးတွင် အမေ ရိကန် တို့နှင့် ဆန့်ကျင်ပြီး ၎င်းတို့ အလိုကျ ဆောင်ရွက် နိုင်စွမ်း မရှိအောင် တားဆီး သွားမည် ဖြစ်သည်ဟု သတိပေး ဖော်ပြ ထားခဲ့သည်။ ထိုပြောကြား ချက်တွင် မည်သည့် နိုင်ငံ ကိုမျှ ရည်ညွန်း ထားခြင်း မရှိ သော်လည်း တရုတ်ကို ရည်ရွယ် ပြောဆိုသည် ဆိုသည်မှာ ထင်ရှား လှပေသည်။
ထိန်းချုပ်ရေးမူဝါဒ
သို့သော် အမေရိကန် တို့သည် စစ်အေး ကာလက ဆိုဗီယက် ပြည်ထောင်စု အပေါ် ကျင့်သုံး ခဲ့သည့် ထိန်းချုပ်ရေး မူဝါဒ Containment Policy ကဲ့သို့ စစ်ရေး မဟာမိတ် စာချုပ်များ ချုပ်ဆိုခြင်း၊ အရေးယူ ဒဏ်ခတ် ပိတ်ဆို့ မှုများ ပြုလုပ် ခြင်းများ ဆောင်ရွက် နိုင်သည့် အခြေအနေ မရှိသည်ကိုေ တွ့ရသည်။ ထို့ကြောင့် အမေရိကန် အနေဖြင့် တရုတ် နည်းတူ အာရှ ဒေသ နိုင်ငံ များနှင့် စီးပွားရေး၊ လုံခြုံရေးရာ ကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ဆောင်ရွက် လာသည်ကို တွေ့ရသည်။ ထို့အပြင် တရုတ်ကို အင်အား ချိန်ခွင်လျှာ ထိန်းညှိ နှိုင်မည့် ဂျပန်နှင့် အိန္ဒိယ နိုင်ငံ တို့နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု များကို မြှင့်တင် နိုင်ရေး ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။ ထိုမူဝါဒအရ အမေရိကန် အနေဖြင့် ဂျပန် နိုင်ငံ၏ ကာကွယ်ရေး အင်အားကို တိုးချဲ့ပြီး ဒေသတွင်း နှင့် နိုင်ငံတကာ လုံခြုံရေး တွင် ပိုမို ပါဝင်အောင် အားပေးခြင်း၊ ဂျပန် နိုင်ငံ၏ စစ်ပြီး ကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ကာကွယ်ရေး ဆိုင်ရာ ကန့်သတ် ချက်များကို ပြင်ဆင်ရန် ကြိုးစား မှုများ အပေါ် ကန့်ကွက်မှု မပြုခဲ့ခြင်း၊ အိန္ဒိယ နိုင်ငံနှင့် အဏုမြူ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် ချုပ်ဆိုခြင်း တို့ကို ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တရုတ်နှင့် နယ်နမိတ် ပြဿနာ ကြောင့် စစ်ဖြစ် ခဲ့သည် ဗီယက်နမ် နိုင်ငံ ကိုလည်း သမ္မရော ကာကွယ်ရေး ဝန်ကြီးပါ သွားရောက် လည်ပတ် ခဲ့ပြီး ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးစား ခဲ့သည်ကို တွေ့ရသည်။ တကယ်တော့ ကွန်မြူနစ်ပါ တီက တစ်ပါတီ စနစ်ဖြင့် အုပ်ချုပ် နေသော ဗီယက်နမ် နိုင်ငံ၏ နိုင်ငံရေးနှင့် လူ့အခွင့် အရေး စံများက အမေရိကန်တို့ သတ်မှတ် ထားသော စံနှုန်း များကို မှီသည်တော့ မဟုတ်ပေ။ သို့သော် တရုတ် အင်အား ညှိရန် အရေးကြီး နေသော ဘုရှ် အစိုးရက သူတို့ စံနှုန်းတွေကို ဘေးချိတ်ပြီး ဗီယက်နမ်နှင့် ပလဲနံပ သင့်ရေးကို အားထုတ် လာသည်ကို တွေ့ရသည်။
အမေရိကန် တို့၏ တရုတ် အပေါ် ထိန်းချုပ်ရေးတွင် အဓိက ကျသည့် အချက်မှာ တရုတ် နိုင်ငံ၏ လောင်စာ စွမ်းအင် လိုအပ် ချက်ပင် ဖြစ်သည်။ ၂ဝဝ၄ ခုနှစ်တွင် တရုတ်သည် ဂျပန်ကို ကျော်လွှားပြီး ကမ္ဘာပေါ် တွင် ဒုတိယ ရေနံ အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်လာ ခဲ့သည်။ (အများဆုံး တင်သွင်းသော နိုင်ငံမှာ အမေ ရိကန်ဖြစ်သည်။) သို့တိုင်အောင် တရုတ်၏ စွမ်းအင် လိုအပ်ချက် ၇ဝ% ကို ကျောက်မီးသွေးမှ ရယူနေ ခြင်းဖြစ်ရာ အနာဂတ်တွင် ရေနံ တင်သွင်း မှုမှာ ပိုမို များပြား လာဖွယ် ရှိနေ ပေသည်။ တရုတ် နိုင်ငံသို့ တင်သွင်း နေသည့် ရေနံ ၇ဝ% မှာ အရှေ့ အလယ်ပိုင်း ဒေသမှ ဖြစ်ပြီး မလက္ကာ ရေလက်ကြားမှ ဖြတ်ကျော် သယ်ဆောင် နေရခြင်း ဖြစ်သည်။ လက်ရှိ အခြေအနေတွင် အမေရိကန် အနေဖြင့် ပါရှန် ပင်လယ် ကွေ့ရှိ ဟိုမုဇ် ရေလက်ကြားနှင့် မလက္ကာ ရေလက်ကြားကို အချိန်မရွေး ပိတ်ဆို့ပြီး တရုတ် နိုင်ငံသို့ တင်ပို့သည့် ရေနံများကို ပိတ်ပင် နိုင်သည့် အခြေအနေတွင် ရှိနေ သည်ကို တွေ့ရသည်။ ထိုအချက်သည် တရုတ်နှင့် ဆက်ဆံရေးတွင် အဆိုးဆုံး အခြေ အနေသို့ ရောက်လာပါက အမေရိကန် တို့အတွက် နိုင်ဖဲ တစ်ချပ်ပင် ဖြစ်ပေသည်။
ထို့ကြောင့်လည်း ထိုအကဲသာမှု အခြေ အနေကို ထိန်းထား နိုင်ရေးသည် အာရှ ဒေသအတွက် အမေ ရိကန်တို့၏ နောက်ထပ် အရေး ကြီးသော အမျိုးသား အကျိုး စီးပွား ဖြစ်လာ ခဲ့သည်။ ဤအချက် ကြောင့်ပင် တရုတ် နိုင်ငံက အရှေ့ အလယ်ပိုင်းမှ ရေနံ အပေါ် မှီခို နေရမှုကို လျှော့ချပြီး ဗဟိုအာရှ၊ အရှေ့တောင် အာရှ၊ တောင် အမေရိကနှင့် အာဖရိက ဒေသ များတွင် စွမ်းအင် အရင်း အမြစ်များ ရရှိအောင် ကြိုးစားမှု၊ ဆိုင်ဘေး ရီးယား၊ ပါကစ္စတန် နှင့်မြန်မာ နိုင်ငံ တို့ကို ဖြတ်သန်းပြီး တရုတ် နိုင်ငံ ဆီသို့ကုန်းတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရန် ကြိုးစား နေမှု များကို အမေရိကန်က ၎င်း၏ အမျိုးသား အကျိုး စီးပွား အပေါ် ခြိမ်းခြောက်မှု များအဖြစ် ရှုမြင်ကာ နည်းမျိုး စုံဖြင့် ဟန့်တား နိုင်ရေး ဆောင်ရွက် နေခြင်းပင် ဖြစ်သည်။
အလားတူပင် ရေနံ ကြွယ်ဝသော စပရတ်လေ ကျွန်းစု များကို တရုတ်က ထိန်းချုပ် သွားနိုင်မည့် အရေးကို လည်းကောင်း အိန္ဒိယ သမုဒ္ဒရာ အတွင်းတွင် တရုတ် နိုင်ငံက ရေတပ် အခြေစိုက် စခန်း ရရှိပြီး ကုန်သွယ် ရေလမ်း ကြောင်း များကို ထိန်းချုပ် နိုင်စွမ်း ရှိသွားမည့် အရေးကို လည်းကောင်း အမေရိကန်တို့ စိုးရိမ် ပူပန် နေသည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် ၂ဝဝ၅ ခုနှစ်တွင် ဘုရှ် အစိုးရက ကွန်ဂရက်သို့ တင်သွင်းသည့် တရုတ် နိုင်ငံနှင့် ပတ်သက်သည့် အစီရင် ခံစာတွင် တရုတ နိုင်ငံက ကမ္ဘာ့ နေရာ အနှံ့ အပြားမှ ရေနံနှင့် ဓာတ်ငွေ့ စွမ်းအင် အရင်း အမြစ် များကို ရရှိအောင် ကြိုးစား လာမှုနှင့် ၎င်း၏ ကုန်သွယ် ရေလမ်းကြောင်း များကို လုံခြုံမှု ရှိစေရန် အတွက် ရေတပ် အင်အားကို တိုးချဲ့ လာမှု များကြောင့် အမေ ရိကန်တို့၏ အကျိုး စီးပွားနှင့် ထိပ်တိုက် ရင်ဆိုင် မှုများ ဖြစ်လာ နိုင်သည်ဟု ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။
အထက်ပါ အခြေအနေ များကို လေ့လာ ပါက အနာဂတ် ကာလတွင် တရုတ်- အာဆီယံ ဆက်ဆံရေး တိုးတက် လာမှု ကိုလည်း အမေရိကန် အနေဖြင့် ခြိမ်းခြောက်မှု တစ်ခု အဖြစ် ရှုမြင် လာနိုင်သည့် အလား အလာ ရှိနေ ပေသည်။ ထိုသို့ ရှုမြင် လာသည့်နှင့် အမျှ အာဆီယံ တစ်ဖွဲ့လုံး အပေါ်တွင် လည်းကောင်း၊ အဖွဲ့ဝင် နိုင်ငံများ အပေါ်တွင် လည်းကောင်း နိုင်ငံ တစ်ခုခြင်း၏ ပထဝီ နိုင်ငံရေး အရ အရေးပါမှု အပေါ် မူတည်ပြီး ဖိအား ပေးမှု၊ စည်းရုံး သိမ်းသွင်းမှု များလည်း ပိုများ လာမည်မှာ သေချာ နေပြီ ဖြစ်သည်။ ထို့ကြောင့် အာဆီယံ အနေဖြင့် ယခင် ကျင့်သုံး ခဲ့သည့် မူဝါဒများကို ဆက်လက် ထိန်းသိမ်းပြီး ဒေသတွင်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ကို အင်အားကြီး နိုင်ငံ များ၏ အားပြိုင်မှုတွင် စတေး မခံရရေး အတွက် အားထုတ် လုပ်ဆောင် သွားရမည့် အခြေ အနေသို့ ရောက်ရှိ နေပြီ ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Jing-dong Yuan, CHINA-ASEAN RELATIONS:PERSPECTIVES, PROSPECTS AND IMPLICATIONS FOR U.S. INTERESTS, October, 2006
၂။
Christopher J. Pehrson , MEETING THE CHALLENGE OF CHINA'S RISING POWER ACROSS THE ASIAN LITTORAL, July , 2006
၃။
David Shambaugh, The US and China: Friends or Foes? , April, 2006
၎။
Joshua Kurlantzick, The Beijing's Big Push, Newsweek 9-4-2007
၅။
Quadrennial Defense Review Report, Department of Defence, United State, February 2006
Read more

တရုတ်-အာဆီယံဆက်ဆံရေးနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွား(၂)

ကာကွယ်ရေးနှင့်လုံခြုံရေး
တရုတ်နှင့် အာဆီယံ အကြား ဆက်ဆံရေး တိုးတက် လာသည် နှင့်အမျှ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များလည်း အရှိန်မြင့် လာခဲ့သည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက် ရာတွင် စစ်ဘက် ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့များ အပြန် အလှန် လည်ပတ်ခြင်း၊ စစ်ဘက် သင်တန်း သားများ အပြန် အလှန် စေလွှတ်ခြင်း မှအစ ပူးတွဲ စစ်ရေး လေ့ကျင့် ခြင်းအထိ ကဏ္ဍ ပေါင်းစုံ ပါဝင် ခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၆ ခုနှစ် အတွင်းတွင် တရုတ် ကာကွယ်ရေး ဝန်ကြီး၊ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ် များနှင့် အခြား အဆင့်မြင့် အရာရှိကြီး များသည် အာဆီယံ ဆယ်နိုင်ငံ လုံးသို့ သွားရောက် ဆွေးနွေး ခဲ့သကဲ့သို့ ထိုနိုင်ငံများမှ အဆင့်မြင့် အရာရှိ များလည်း တရုတ် နိုင်ငံသို့ အပြန် အလှန် သွားရောက် ဆွေးနွေးခဲ့ ကြသည်။ ထို့အပြင် တရုတ် နိုင်ငံသည် အာဆီယံ အဖွဲ့ဝင် ဆယ်နိုင်ငံ အနက် ခုနှစ် နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ တင်ပို့ ရောင်းချလျှက် ရှိပေသည်။
၂ဝဝ၃ ခုနှစ် အောက်တို ဘာလတွင် တရုတ် နိုင်ငံသည် အာဆီယံ ချစ်ကြည် ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် ASEAN Treaty of Amity and Cooperation တွင် ပါဝင် လက်မှတ် ရေးထိုး ခဲ့ပြီး အာဆီယံနှင့် တရုတ်ကြား ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာဗျူဟာ အရ ပူးပေါင်း ဆောင်ရွက်မည့် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန် ခဲ့သည်။ ထိုကြေညာချက် အပေါ် အခြေခံ ပြီးနောက် အာဆီယံနှင့် တရုတ် နိုင်ငံ တို့သည် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ငါးနှစ် စီမံချက် (၂ဝဝ၅-၂ဝ၁ဝ) ကိုထုတ်ပြန် ခဲ့ရာ ကာကွယ်ရေး နှင့် လုံခြုံရေး ကဏ္ဍတွင် အောက်ပါ အတိုင်း ပူးပေါင်း ဆောင်ရွက်ရန် ဖော်ပြ ထားသည်ကို တွေ့ရပေသည် -
(က)
ကာကွယ်ရေး ကဏ္ဍတွင် အပြန်အလှန် ယုံကြည် မှုနှင့် နားလည် မှုကို တည်ဆောက်ရန်။
(ခ)
ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍတွင် တိုင်ပင် ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ်ရန်။
(ဂ)
စစ်ဘက် ဆိုင်ရာ လေ့ကျင့်ရေး များတွင် ပူးပေါင်း ဆောင်ရွက်ရန်။
(ဃ)
ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန်။
(င)
ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်မှု Peace Keeping Operation များတွင် ပူးပေါင်း ဆောင်ရွက်ရန်။
ထို့နောက် အာဆီယံ အဖွဲ့သည် တရုတ် နိုင်ငံ၏ အဆိုပြုချက် ဖြစ်သည့် အာရှ ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ပုံမှန် ကျင်းပရန် အဆိုကို လက်ခံခဲ့ပြီး ပထမဆုံး အာဆီယံ ဒေသ ဆိုင်ရာ အစည်း အဝေး၏ လုံခြုံရေး ဆိုင်ရာ မူဝါဒ ဆွေးနွေးပွဲ ARF Security Conference ကို ၂ဝဝ၄ ခုနှစ် နိုဝင် ဘာလတွင် ဘေဂျင်းမြို့၌ ကျင်းပ ခဲ့သည်။ ထိုဆွေးနွေး ပွဲများကို နှစ်စဉ် ကျင်းပရန် စီစဉ်ခဲ့ပြီး ဒေသတွင်း တင်းမာမှု ကိုဖြစ်ပေါ် စေသည့် အကြောင်း အရာ များမှ အစ အကြမ်းဖက် ဝါဒ အန္တရာယ်နှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေး ပြဿနာ များအထိ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး လျှက်ရှိ နေပြီ ဖြစ်သည်။
တရုတ်-အာဆီယံ လွပ်လပ်သော ကုန်သွယ်မှုဇုံ
တရုတ် နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အကြား ဆက်ဆံရေး တိုးတက် လာခြင်းကြောင့် အကျိုးအမြတ် အများဆုံး ရရှိခဲ့သော ကဏ္ဍမှာ စီးပွားရေး ကဏ္ဍပင် ဖြစ်၏။ ပြီးခဲ့သည့် ဆယ်စုနှစ်တွင် နှစ်ဘက်ကြား ကုန်သွယ်မှု ပမာဏ သည် နှစ်စဉ် ပျမ်းမျှ ၂ဝ% တိုးတက် ခဲ့ရာ ၂ဝဝ၄ ခုနှစ်တွင် ဒေါ်လာ ဘီလီယံ တစ်ရာ အမှတ်သို့ ရောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် တွင်မူ ၂၃% တိုးတက်ကာ ဒေါ်လာ ၁၃ဝ.၄ ဘီလီယံ ရှိလာ ခဲ့သည်။ ထို့ပြင် အခြား နိုင်ငံများနှင့် ကုန်သွယ် ရာတွင် တရုတ် နိုင်ငံ အနေဖြင့် ကုန်သွယ်ရေး ပိုငွေ ပြခဲ့သ်ာလည်း အာဆီယံ အဖွဲ့ဖြင့် ကုန်သွယ် ရာတွင်မူ အာဆီယံ ဘက်မှ ဒေါ်လာ ၂ဝ ဘီလီယံ ပိုငွေ ပြခဲ့ သည်ကို ထူးထူး ခြားခြား တွေ့ရ ပါသည်။
အကဲခတ် လေ့လာ သူများက တရုတ်နှင့် အာဆီယံ အကြား ကုန်သွယ်မှု တိုးတက် လာခြင်းတွင် အဆင့်နှစ် ဆင့် ရှိသည်ဟု သတ်မှတ် ကြသည်။ ပထမအဆင့်မှာ တရုတ်နိုင်ငံနှင့် အာဆီယံကြားဆက်ဆံမှု စတင် တိုးမြှင့် ခဲ့သည့် ၁၉၉၁ ခုနှစ်မှ ၂ဝဝ၁ ခုနှစ် အထိ ဖြစ်သည်။ ဒုတိယ အဆင့်မှာ တရုတ်- အာဆီယံ လွတ်လပ်သော ကုန်သွယ် မှုဇုံ တည်ထောင် နိုင်ရန် အတွက် အခြေခံ မူများကို သဘော တူခဲ့သည့် ၂ဝဝ၂ ခုနှစ်မှ ယနေ့ အထိ ဖြစ်သည်။ အကယ်၍ တရုတ်နှင့် အာဆီယံ သဘော တူညီချက် အရ အာဆီယံ၏ ပထမ ဦးဆုံး အဖွဲ့ဝင် နိုင်ငံ ခြောက် နိုင်ငံနှင့် တရုတ် အကြားတွင် ၂ဝ၁ဝ ပြည့်နှစ်၌ လည်းကောင်း၊ ကျန်အဖွဲ့ဝင် နိုင်ငံများနှင့် ၂ဝ၁၅ ခုနှစ် တွင် လည်းကောင်း လွပ်လပ်သော ကုန်သွယ်မှု ဇုံကို အကောင် အထည် ဖော်ရမည် ဖြစ်သည်။
ထိုသို့ အကောင်အထည် ဖော်ပြီး သွားပါက လူဦးရေး ၁.၇ ဘီလီယံနှင့် ဂျီဒီပီ နှစ် ထရီလီယံ ဒေါ်လာ ရှိသာ ကုန်သွယ်မှု ဈေးကွက်ကြီး ပေါ်ပေါက် လာမည် ဖြစ်သည်။ ဤကဲ့သို့ အာဆီယံနှင့် စီးပွားရေးနှင့် လုံခြုံရေး ရာများတွင် ပိုမို ပူးပေါင်း ဆောင်ရွက် ခဲ့ရာတွင် တရုတ် အနေဖြင့် မဟာဗျူဟာ ရည်မှန်းချက် သုံးခု ထားရှိ ခဲ့သည် ဟုလည်း အကဲခတ် များက ဆိုကြ ပါသည်။ ပထမ ရည်မှန်းချက်မှာ တရုတ် နိုင်ငံ၏ စီးပွားရေး ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံ လိုအပ်ချက် ဖြစ်သော တည်ငြိမ်သည့် ဒေသ ပတ်ဝန်းကျင် အခြေအနေကို ရရှိစေရန် ဖြစ်သည်။ ဒုတိယ အနေဖြင့်မူ တရုတ် နိုင်ငံ အင်အား ကြီးထွား လာမှုအပေါ် စိုးရိမ်မကင်း ဖြစ်နေသည့် အာရှဒေသ နိုင်ငံများ အနေဖြင့် တရုတ် နိုင်ငံ၏ တိုးတက် မှုသည် ငြိမ်းချမ်းစွာ ဖြစ်ပေါ် တိုးတက်မှု ဖြစ်ပြီး ဒေသ တစ်ခုလုံး ၏ အကျိုး စီးပွားကို အထောက်အကူ ဖြစ်သည်ဟု လက်ခံ လာစေရန် ဖြစ်သည်။ နောက်ဆုံး ရည်မှန်းချက် မှာမူ တရုတ် နိုင်ငံသည် အာဆီယံ နိုင်ငံ များ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုတွင် အဓိက ကျသော အခန်း ကဏ္ဍမှ ပါဝင် ခြင်းဖြင့် နှစ်ဘက် အကြား မဟာဗျူဟာ ဆက်ဆံ မှုကို ပိုမို ခိုင်မြဲ စေလို ခြင်းပင် ဖြစ်သည်။
အာဆီယံ နိုင်ငံများ အနေဖြင့် တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေး အရ ပိုမို ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေ သော်လည်း ရေရှည်တွင် တရုတ်နိုင်ငံက နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီး မြှပ်နှံမှုများကို အာဆီယံ လက်ထဲမှ လုယူ သွားမည့် အလားအလာကို စိုးရိမ် မှုများ ရှိနေဆဲ ဖြစ်သည်။ ထိုအချက်ကို အသိအမှတ် ပြုသည့် အနေဖြင့် တရုတ် နိုင်ငံက အာဆီယံ နိုင်ငံများတွင် ပိုမို ရင်းနှီး မြှပ်နှံ မှုများ ပြုလုပ်ရန် ကတိပြု ခဲ့သော်လည်း တရုတ်၏ ၁၉၉၅ ခုနှစ်မှ ၂ဝဝ၄ ခုနှစ် အတွင်း အာဆီယံ နိုင်ငံ များတွင် ပြုလုပ် ခဲ့သည့် ရင်းနှီး မြှပ်နှံမှု တစ် ဘီလီယံသည် အီးယူ၏ ၆၈.၅ ဘီလီယံ၊ အမေရိကန်၏ ၄၂.၃ ဘီလီယံနှင့် ဂျပန်၏ ၃၂ ဘီလီယံ တို့နှင့် နှိုင်းယှဉ် လျှင် မပြောပ လောက်သည်ကို တွေ့ရ ပေသည်။ တရုတ်၏ ပြိုင်ဖက် တရုတ် (တိုင်ပေ) ကပင် ၈.၉ ဘီလီယံ ရင်းနှီး မြှပ်နှံခဲ့ရာ တရုတ်အ နေဖြင့် အာဆီယံ နိုင်ငံများ စိုးရိမ်မှုကို ပြေပျောက် စေရန် အတွက် များစွာ လုပ်ဆောင် ပေးရန် လိုသည်မှာ ထင်ရှား နေပေသည်။
တရုတ် နိုင်ငံသည် လုံခြုံရေးနှင့် စီးပွားရေး ကဏ္ဍ များတွင် သာမက ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တရား ဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်ရေးနှင့် အခြား ကဏ္ဍ များတွင်လည်း အာဆီယံ နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက် မှုကို တိုးမြှင့် ဆောင်ရွက်လျှက် ရှိနေသည်။ ထိုလုပ်ဆောင်မှု များကို တရုတ် ဝန်ကြီးချုပ် ၀မ်ကြားပေါင်က ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်းများ၊ လုံခြုံ စိတ်ချ ရသော အိမ်နီး ချင်းများ၊ ပြည့်စုံ ကြွယ်ဝသော အိမ်နီး ချင်းများ ဟု အဓိပ္ပါယ်ရသည် တရုတ် ဘာသာဖြင့် mulin, anlin, fulin မူဝါဒ အဖြစ် ထုတ်ဖော် ပြောကြား ခဲ့သည်။
တရုတ် အနေဖြင့် အာဆီယံ အပေါ် အဆိုပါ မူဝါဒဖြင့် ပူးပေါင်း ဆောင်ရွက် ရေးကို မြှင့်တင်ရန် ဆောင်ရွက် နေသကဲ့သို့ အာဆီယံ အနေ ဖြင့်လည်း တရုတ်နှင့် ပူးပေါင်း ဆောင်ရွက် ရာတွင် အာဆီယံ နိုင်ငံ များ၏ အမျိုးသား အကျိုး စီးပွားပေါ် မူတည်ပြီး သုံးသပ်ေ ဆာင်ရွက် နေသည်ကို တွေ့ရပါသည်။ အာဆီယံ အနေဖြင့် တရုတ်နိုင်ငံ၏ အင်အား ကြီးမား လာမှုကို အခွင့်အလမ်း အဖြစ် ရှုမြင် သကဲ့သို့ စိန်ခေါ်မှု အဖြစ်လည်း ရှုမြင်လျှက် ရှိသည်။ အတိတ် အတွေ့ အကြုံ များကြောင့် တရုတ် နိုင်ငံ အနေဖြင့် အသစ် ပိုင်ဆိုင် လာသည့် စစ်ရေး၊ စီးပွားရေး အင်အားများကို ဒေသ ဆိုင်ရာ အရေးအခင်း များတွင် မည်ကဲ့သို့ အသုံး ချမည် ဆိုသည့် အပေါ် အာဆီယံ ခေါင်းဆောင်များ အနေဖြင့် စိုးရိမ် စိတ်များလည်း ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အာဆီယံသည် တရုတ်နှင့် ဆက်ဆံရာတွင် ပူးပေါင်း ဆောင်ရွက်မှုနှင့် အင်အား ချိန်ဆမှု ဆိုသည့် အခြေခံ နှစ်ရပ် ပေါ်တွင် ရပ်တည် ဆောင်ရွက် နေသည်ကို တွေ့ရမည် ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်ရေး
အာဆီယံ အနေဖြင့် တရုတ် နိုင်ငံကို ဒေသတွင်း ကုန်သွယ်ရေး၊ စီးပွားရေး နှင့် လုံခြုံရေး ဆိုင်ရာ များတွင် ပါဝင် လာအောင် ဆွဲဆောင် စည်းရုံးခြင်း အားဖြင့် ဒေသတွင်း တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးသည် တရုတ် နိုင်ငံ၏ အရေး ပါသော အကျိုး စီးပွား ဖြစ်လာအောင် ဆောင်ရွက် ခဲ့သည်။ အာဆီယံ အနေဖြင့် တရုတ်ကို အထီးကျန် ထားခြင်းထက် အပြု သဘောဆောင် ပူးပေါင်း ဆက်ဆံခြင်း အားဖြင့် တရုတ် နိုင်ငံသည် တာဝန် သိသော ဒေသတွင်း နိုင်ငံ အဖြစ် ရောက်ရှိ လာမည်ဟု ယူဆ ခဲ့သည်။ ထို့ကြောင့်လည်း တရုတ် နိုင်ငံက အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကြိုးစားမှု မှန်သမျှကို ကြိုဆို ခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့် တရုတ် နိုင်ငံ၏ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှု များနှင့် တရုတ်နှင့် အာဆီယံ နိုင်ငံ အချို့ အကြား တည်ရှိ နေသည့် ရေပြင် နယ်နမိတ် အငြင်းပွား မှုများကို ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး ဖြေရှင်း နိုင်ရန် အတွက် အာဆီယံ ဒေသ ဆိုင်ရာ ဆွေးနွေးပွဲ ARF တွင် တရုတ် ပါဝင် လာအောင် ဆောင်ရွက် ခဲ့သည်။ အာဆီယံ ဒေသ ဆိုင်ရာ ဆွေးနွေးပွဲ များသည် အမေရိကန် အပါအဝင် အာရှ- ပစိဖိတ်ဒေသမှ နိုင်ငံပေါင်း ၂၅ နိုင်ငံ ဖြင့် ဖွဲ့စည်း ထားပြီး အဓိက ရည်ရွယ် ချက်မှာ ဒေသတွင်း လုံခြုံရေး ပြဿနာများ၊ အငြင်း ပွားမှု များကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရန် အတွက် နိုင်ငံများ အကြား အပြန်အလှန် ယုံကြည်မှု ရှိအောင် ဆွေးနွေး နိုင်သည့် စင်မြင့် အဖြစ် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ တရုတ် နိုင်ငံ ပါဝင် လာအောင် ဆောင်ရွက် ခြင်းဖြင့် ယခင် က တရုတ် နိုင်ငံက အာဆီယံ ဒေသ ဆိုင်ရာ အစည်း အဝေးကို အမေ ရိကန်တို့က အာရှ ဒေသ အရေး အခင်း များတွင် ဝင်ရောက် စွတ်ဖက်ရန် နည်းလမ်း အဖြစ် အသုံးပြု နေသည်ဟု ထင်မြင် နေသည့် သံသယကို ပြေပျောက် စေသည့် အပြင် တရုတ်နှင့် အာရှ ဒေသတွင်း နိုင်ငံများ အကြား ယုံကြည်မှု တည်ဆောက်ရာ နေရာ အဖြစ် ရောက်ရှိ အောင် ဖန်တီး နိုင်ခဲ့ သည်ကို တွေ့ရသည်။
အင်အားချိန်ဆမှု
နိုင်ငံရေး အကဲခတ် လေ့လာသူ Denny Roy က အာဆီယံ၏ တရုတ်အပေါ် အင်အား ချိန်ဆမှုကို သိမ်မွေ့သည့် ချဉ်းကပ်မှု အဖြစ် သုံးသပ် ပြခဲ့သည်။ ၎င်း၏ အဆိုအရ အာဆီယံသည် တရုတ်နှင့် ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက် သကဲ့သို့ တစ်ဖက် ကလည်း အမေရိကန်၊ ဂျပန်၊ ဥရောပ သမဂ္ဂနှင့် အိန္ဒိယ နိုင်ငံ တို့နှင့် အာဆီယံ အကြား ဆက်ဆံရေး ကိုလည်း တိုးတက်အောင် ဆောင်ရွက် လျှက်ရှိသည်။ အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယ နိုင်ငံ တို့သည် အာဆီယံ ဒေသ ဆိုင်ရာ အစည်းအဝေး ARF အဖွဲ့ဝင်များ ဖြစ်နေပြီး ဥရောပ သမဂ္ဂဖြင့်မူ အာဆီယံ-အီးယူ အစည်း အဝေး (ASEM) လမ်းကြောင်းမှ ဆောင်ရွက် လျှက်ရှိ နေသည်ကို တွေ့ရ ပါသည်။
အာဆီယံ နိုင်ငံများ အထဲတွင် စင်္ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင် တို့ကမူ အာရှ တိုက်တွင် အမေရိကန် တပ်ဖွဲ့များ ဆက်လက် ထားရှိမှုကို လိုလား နေပြီး အမေရိကန် ရေတပ်ဖွဲ့နှင့် လေတပ် ဖွဲ့များ ရပ်နားခွင့် ပြုခြင်း၊ ပူးပေါင်း စစ်ရေး လေ့ကျင့် မှုများ ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်လျှက် ရှိသည်။ သို့သော် ထိုနိုင်ငံများ အနေဖြင့် အမေရိကန် စစ်စခန်များ တည်ဆောက်ခွင့် ပြုခြင်းနှင့် တရားဝင် စစ်ရေး မဟာမိတ် ပြုခြင်း အစ ရှိသည့် တရုတ် နိုင်ငံနှင့် ဆက်ဆံ ရေးတွင် ထိခိုက် စေမည့် လုပ်ရပ်မျိုးကို ရှောင်ရှားလျှက် ရှိသည်။ ယျေဘူယျ အားဖြင့် ခြုံငုံ ပြောရလျှင် အာဆီယံသည် ဒေသ တည်ငြိမ်ရေး အတွက် အင်အားကြီး နိုင်ငံ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ဒေသတွင်း အင်အား ချိန်ခွင် လျှာကို ထိန်းသိမ်း နိုင်အောင် ဆောင်ရွက်လျှက် ရှိသကဲ့သို့ တစ်ဖက် ကလည်း အာဆီယံ အဖွဲ့၏ လွပ်လပ်သော အနေ အထားကို ခိုင်မာအောင် ထိန်းသိမ်း ထားရန် ကြိုးစား နေသည်ဟု ဆိုနိုင် ပါသည်။ ထို့ပြင် အာဆီယံက ၎င်းနှင့် အမေရိကန် အပါအဝင် အခြား အင်အားကြီး နိုင်ငံ များနှင့် ဆက်ဆံ မှုများ ကို တရုတ်က ၎င်းအပေါ် ထိန်းချုပ်ရေး မူဝါဒ Containment Policy ကျင့်သုံး သည်ဟု ထင်မြင်မှု မရှိစေရန် သတိထား ဆောင်ရွက် လျှက်လည်း ရှိပေသည်။ မည်သို့ပင် ဖြစ်စေ အာဆီယံ၏ အင်အား ချိန်ဆမှု မူဝါဒ မှန်ကန် မှုကြောင့် တရုတ်ရော အမေရိကန် ကပါ အာဆီယံ အဖွဲ့ကြီးကို အာရှ ဒေသတွင် ပထဝီ နိုင်ငံရေး အရ လည်းကောင်း၊ စီးပွားရေး အရ လည်းကောင်း အရေးပါသော အဖွဲ့ အဖြစ် လက်ခံ လာပြီဟု ဆိုရပေမည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Jing-dong Yuan, CHINA-ASEAN RELATIONS:PERSPECTIVES, PROSPECTS AND IMPLICATIONS FOR U.S. INTERESTS, US Army, Strategic Study Institute, October, 2006
၂။
Christopher J. Pehrson, MEETING THE CHALLENGE OF CHINA'S RISING POWER ACROSS THE ASIAN LITTORAL,. US Army, Strategic Study Institute, July , 2006
Read more

တရုတ်-အာဆီယံဆက်ဆံရေးနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွား(၁)

ပြီးခဲ့သည့် ဆယ့်ငါးနှစ် ကာလ ၁၉၉၁ ခုနှစ်တွင် တရုတ်နှင့် အာဆီယံ နိုင်ငံ ခြောက်နိုင်ငံ အကြား ပုံမှန် ပြန်လည် ဆက်သွယ်မှု ပြုသည့် အချိန်က အာဆီယံ နိုင်ငံများ အတွင်းတွင် တရုတ် နိုင်ငံ၏ ကြီးထွား လာသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အင်အား အပေါ် သံသယ စိတ်နှင့် စိုးရိမ် စိတ်များ ရှိနေဆဲ ဖြစ်၏။
အထူး သဖြင့် ၁၉၉၁ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံမှ အမေရိကန် ရေတပ်နှင့် လေတပ် အခြေစိုက် စခန်း များကို ရုပ်သိမ်း သွားပြီး နောက် အမေ ရိကန် တို့၏ အာရှတိုက် ဆိုင်ရာ မူဝါဒက မပြတ်မသား ဖြစ်နေ ချိန်၌ တရုတ် နိုင်ငံ၏ မဟာ ဗျူဟာ ရည်မှန်း ချက်များ အပေါ် အာဆီယံ နိုင်ငံ များက စိုးရိမ် တကြီး စောင့်ကြည့် ခဲ့ကြ၏။ စစ်အေး တိုက်ပွဲ ကာလ အတွင်းက ကျင့်သုံး ခဲ့သည့် တရုတ် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ တရုတ် ကွန်မြူနစ် ပါတီ၏ သဘောထား များကလည်း စစ်အေး လွန်ကာလ တရုတ် နိုင်ငံ၏ မူဝါဒနှင့် ရည်မှန်း ချက်များ အပေါ် အာဆီယံ နိုင်ငံများက စိုးရိမ် စေသည့် အကြောင်းများ ဖြစ်ခဲ့ ပေသည်။
ဆယ်ငါးနှစ် ကြာခဲ့သည့် အချိန်တွင်မူ တရုတ် နိုင်ငံနှင့် အာဆီယံ အကြားတွင် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု အနေ အထားသည် အလွန် ခိုင်မာ နေသည် ကို တွေ့ရ ပေသည်။ စီးပွားရေးတွင် တရုတ်- အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ တည်ဆောက်ရေး အတွက် အခြေခံ လုပ်ငန်း စဉ်များ အပေါ် သဘော တူညီမှု ရထား သကဲ့သို့ ကုန်သွယ် ရေလမ်းကြောင်း၊ လုံခြုံရေး၊ အကြမ်းဖက် ဝါဒ တိုက်ဖျက် ရေးနှင့် အခြားသော သမားရိုးကျ မဟုတ်သည့် ခြိမ်းခြောက်မှု အန္တရာယ် Non Traditional Severity Challenges များတွင်လည်း ပူးပေါင်း ဆောင်ရွက် လျှက်ရှိ နေပြီ ဖြစ်သည်။ ယခုလို အခြေ အနေသို့ ရောက်ရှိ စေရန် အတွက် တရုတ် နိုင်ငံက ဆောင်ရွက် ခဲ့မှု များကို လေ့လာ ကြည့်လျှင် တရုတ် နိုင်ငံ ခြားရေး မူဝါဒ ၏ လိမ္မာ ပါးနပ်မှုကို တွေ့နိုင် ပေသည်။
သံသယများ
၁၉၄၉ ခုနှစ်တွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင် ခဲ့ပြီးနောက် ပထမဆုံး အသိအမှတ် ပြုခဲ့သည့် နိုင်ငံ များတွင် အင်ဒို နီးရှား (ဧပြီလ ၁၉၅ဝ ) နှင့် မြန်မာ (ဇွန် ၁၉၅ဝ ) တို့ ပါဝင် ခဲ့ပါသည်။ အာရှ နိုင်ငံများ ဖြစ်သော တရုတ်၊ အန္ဒိယ၊ အင်ဒို နီးရှားနှင့် မြန်မာ တို့သည် ဘက်မလိုက် လှုပ်ရှားမှု၏ အစ ဖြစ်သော ဘန်ဒေါင်း ညီလာခံ (၁၉၅၅) တွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ ကြသည်။ ထို့အတူ တရုတ် နိုင်ငံသည် ဗီယက်နမ် နိုင်ငံ၏ ပြင်သစ်နှင့် အမေရိကန် နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများ တွင်လည်း ငွေအား၊ ပစ္စည်း အားနှင့် လူအင်အား များ အကူအညီ ပေးခဲ့သည်။ သို့တိုင်အောင် အာဆီယံ မူလ အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား စသော နိုင်ငံများ အနေဖြင့် ကွန်မြူနစ် ဝါဒ၏ ခြိမ်းခြောက်မှု အန္တရာယ် ကြောင့် တရုတ် နိုင်ငံနှင့် ပုံမှန် ဆက်ဆံမှု ပြုလုပ်ရန် နှောင့်နှေး ခဲ့သည့် အပြင် ကွန်မြူနစ် အန္တရာယ်ကို ကာကွယ်ရန် အတွက် အမေရိကန်နှင့် ပူးပေါင်းပြီး အရှေ့တောင် အာရှ စာချုပ်အဖွဲ့ SEATO (၁၉၅၄-၁၉၇၇) နှင့် ငါးနိုင်ငံ ကာကွယ်ရေး သဘော တူညီချက် (Five Power Defense Arrangement) တို့ကို ဖွဲ့စည်း ခဲ့သည်ကို တွေ့ရသည်။ တရုတ် နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန် နေသော အင်ဒို နီးရှား နိုင်ငံ သည်ပင်လျှင် ၁၉၆၅ ခုနှစ် စက်တင် ဘာလ ၃ဝ ရက်နေ့ မအောင် မြင်သော အာဏာ သိမ်းမှုတွင် အင်ဒိုနီးရှား ကွန်မြူနစ် ပါတီ ပါဝင် ပတ်သက် ခဲ့ပြီး နောက်ပိုင်းတွင် တရုတ် နိုင်ငံနှင့် သံတမန် အဆက် အသွယ် ဖြတ်တောက် ခဲ့သည်။
အမေ ရိကန်နှင့် တရုတ်တို့ ပြန်ပေါင်း ထုတ်ခဲ့သည့် ၁၉၇ဝ ပြည့်လွန် နှစ်များ မှသာ အာဆီယံ နိုင်ငံများ သည် တရုတ် နိုင်ငံနှင့် ပုံမှန် ဆက်ဆံမှု ပြုလုပ်ရန် စတင် ဆောင်ရွက် ခဲ့ကြသည်။ သို့သော် ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှား တို့သည် ၁၉၇ဝ ပြည့်လွန် နှစ်များ နှောင်းပိုင်း မှသာ တရုတ်နှင့် သံတမန် ဆက်ဆံမှု စတင် ခဲ့သည့် တိုင်အောင် စင်္ကာပူနှင့် အင်ဒို နီးရှားတို့သည် ၁၉၉၁ ခုနှစ်မှသာ တရုတ် နိုင်ငံနှင့် ပုံမှန် သံတမန် ဆက်ဆံ မှုများ ပြုလုပ် ခဲ့သည်ကို တွေ့ရသည်။
ကမ္ဘောဒီယား သို့မဟုတ် ပူးပေါင်းဆောင်ရွက်ရေးအစ
တရုတ် နိုင်ငံနှင့် အာဆီယံ ခြောက်နိုင်ငံ အကြား ပြန်လည် သင့်မြတ် မှု၏ အစမှာ ကမ္ဘော ဒီးယား နိုင်ငံ အရေး အခင်းပင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံက ကမ္ဘော ဒီးယား နိုင်ငံကို ကျူးကျော် တိုက်ခိုက်ပြီး ဗီယက်နမ် အလိုကျ ဟမ်ဆာရင် အစိုးရကို တင်မြှောက် ခဲ့သည့် အခါ ထိုကျူးကျော် မှုအပေါ် တရုတ် နှင့် အာဆီယံ နိုင်ငံ များက ဆန့်ကျင် ခဲ့ကြသည်။ ထိုအချိန်တွင် ကမ္ဘော ဒီးယား နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ် နေသော ထိုင်းနိုင်ငံ အနေဖြင့် ဗီယက်နမ်၏ စစ်ရေး ခြိမ်းခြောက် မှုကို တရုတ် နိုင်ငံဖြင့် တန်ပြန်ရန် လိုအပ်သည် ဟူသော အယူအဆကို အာဆီယံ နိင်ငံများထံ တင်ပြ ခဲ့ပြီး တရုတ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် ရေးကို စတင် ခဲ့သည်။
တရုတ် နိုင်ငံ အနေ ဖြင့်လည်း ထိုင်း နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ အကူအညီ ပေးခဲ့သည့် အပြင် ထိုင်း နယ်စပ်တွင် အခြေပြု နေသော ခမာနီ တပ်ဖွဲ့ များကို ထိုင်း နိုင်ငံကို ဖြတ်သန်းပြီး စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ ပေးခဲ့သည်။ ထို့အပြင် တရုတ်သည် အာဆီယံ အဖွဲ့၏ ရပ်တည်ချက် ဖြစ်သော ဘုရင် သီဟာနု ခေါင်းဆောင်သည့် အစိုးရ ကိုသာ ကုလ သမဂ္ဂမှ အသိအမှတ် ပြုရန် ဆိုသည့် မူဝါဒကို လုံခြုံရေး ကောင်စီ တွင် ထောက်ခံမှု ပေးခဲ့သည်။ နောက်ဆုံးတွင် ကမ္ဘော ဒီးယား နိုင်ငံတွင် ဟွန်ဆန် အစိုးရ ပြုတ်ကျပြီး နိုင်ငံရေး အရ အဖြေ ရှာနိုင်သည် အထိ တရုတ် နိုင်ငံသည် အာဆီယံနှင့် လက်တွဲ ဆောင်ရွက် ခဲ့ခြင်းဖြင့် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်ရေး လမ်းကြောင်းကို ခိုင်မာအောင် ဖောက်လုပ် ခဲ့ပေသည်။
၁၉၈ဝ ပြည့်နှစ်များ အတွင်းတွင် တရုတ် နိုင်ငံသည် အာဆီယံ နိုင်ငံများနှင့် သာမက ကျန်အာရှ နိုင်ငံများ နှင့် ဆက်ဆံ ရေးတွင် ကောင်းမွန် စေရန် အတွက် အရေး ပါသော ပြုပြင် ပြောင်းလဲမှု နှစ်ရပ်ကို ပြုလုပ် ခဲ့သည်။ ပထမ အပြောင်း အလဲမှာ တရုတ် ကွန်မြူနစ် ပါတီက ဒေသ တွင်းရှိ ကွန်မြူနစ် ပါတီများ အပေါ် ပါတီချင်း ဆက်ဆံရေး ထားရှိပြီး အကူအညီ ပေးနေ မှုများကို ဖြတ်တောက်ပြီး အစိုးရချင်း ဆက်ဆံရေးကို ဦးစားပေး ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အပြောင်း အလဲမှာ ၁၉၈၉ ခုနှစ်တွင် ပင်လယ် ရပ်ခြား တရုတ် အမျိုး သားများ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံ များတွင် နိုင်ငံသား အဖြစ် ခံယူပြီး ဥပဒေနှင့် အညီ နေထိုင်ရန် ဥပဒေ ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။
၁၉၉၁ ခုနှစ် ဇူလိုင်လ တွင်မူ အာဆီယံ အဖွဲ့သည် တရုတ် နိုင်ငံခြားရေး ဝန်ကြီးကို ၂၄ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်ရန် ဖိတ်ကြား ခဲ့သည်။ ထိုအချိန်မှ စတင်ပြီိး တရုတ် နိုင်ငံသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးသို့ ပုံမှန် တက်ရောက် ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် တရုတ် နိုင်ငံသည် အာဆီယံ ဒေသ ဆိုင်ရာ အစည်း အဝေး ASEAN Regional Forum, ARF သို့ စတင် တက်ရောက် ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင်မူ အာဆီယံ ဆွေးနွေးဘက် နိုင်ငံ  Dialogue Partner ဖြစ်လာ ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တရုတ် သမ္မတ ကျန်စီမင်းနှင့် အာဆီယံ ခေါင်းဆောင် များသည် မလေးရှား နိုင်ငံ ကွာလာ လမ်ပူ မြို့တွင် ထိပ်သီး အစည်းအဝေး ပြုလုပ် ပြီးနောက် တရုတ်နှင့် အာဆီယံ အကြားတွင် အိမ်နီး ချင်းကောင်း မူဝါဒ နှင့် အပြန်အလှန် ယုံကြည်မှု အပေါ် အခြေ ခံသည့် ပူးပေါင်း ဆောင်ရွက်ရေးကို ထုတ်ပြန် ကြေညာ ခဲ့သည်။ ၂ဝဝ၃ ခုနှစ် အောက်တို ဘာလတွင် တရုတ်နှင့် အာဆီယံ ခေါင်းဆောင် များသည် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးအတွက် ပူးပေါင်း ဆောင်ရွက်မည့် ပူးတွဲ ကြေညာ ချက်ကို လက်မှတ် ရေးထိုး ခဲ့ကြ ပြန်သည်။ ထို့အချက် များက တရုတ်နှင့် အာဆီယံ အကြား ဆက်ဆံ ရေးမှာ မှန်မှန်ကြီး တိုးတက် နေသည်ဟု ညွှန်ပြ နေသော်လည်း တရုတ်နှင့် အာဆီယံ အကြားတွင် ဖြေရှင်းရန် ကျန်နေသော ပြဿနာများ ရှိနေဆဲ ဖြစ်သည်။ ထိုအထဲတွင် အဓိက အကျဆုံးမှာ တောင်တရုတ် ပင်လယ် အတွင်း နယ်မြေ ပိုင်ဆိုင်မှု အငြင်း ပွားမှု ပြဿနာပင် ဖြစ်သည်။
စပရက် လေကျွန်း သို့မဟုတ် နောက်ဆုံး အတားအဆီး
တောင်တရုတ် ပင်လယ် အတွင်းမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အရင်းအမြစ် ကြွယ်ဝ လှသော စပရတ်လေ (Spratly) ကျွန်းစု များကို ပိုင်ဆိုင် ကြောင်း တရုတ်၊ ဘရူးနိုင်း၊ တရုတ် (တိုင်ပေ)၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့ ပိုင်ဆိုင် ကြောင်း ကြေညာ ထားကြသည်။ လူမနေသည့် သန္တာ ကျွန်းပေါင်း များစွာဖြင့် ဖွဲ့စည်း ထားသည့် စပရက်လေ ကျွန်းမှာ စွမ်းအင် အရင်းအမြစ် ကြွယ်ဝသည့် အပြင် အရှေ့ အာရှ ကုန်သွယ် ရေလမ်းကြောင်း တွင်လည်း အချက်အခြာ ကျသော နေရာတွင် တည်ရှိ နေသည်။ ထိုအချက် နှစ်ချက် လုံးက တရုတ် နိုင်ငံ အနေဖြင့် စပရတ်လေ ကျွန်းများကို ပိုင်ဆိုင် နိုင်ရေး အတွက် အလေး အနက် ထား ဆောင်ရွက် လာအောင် တွန်းအား ပေးနေ ခြင်းပင် ဖြစ်၏။
တရုတ် နိုင်ငံသည် ၁၉၉၃ ခုနှစ်မှ စတင်ပြီး ရေနံ တင်သွင်းသော နိုင်ငံ ဖြစ်လာခဲ့ပြီး ၂ဝဝ၄ခုနှစ်မှ စ၍ ဂျပန် နိုင်ငံကို ဖြတ်ကျော်ကာ ကမ္ဘာ ပေါ်တွင် ဒုတိယမြောက် ရေနံ အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်လာ ခဲ့သည်။ တရုတ် နိုင်ငံတွင် တရုတ် ကွန်မြူနစ် ပါတီ အနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တည်ငြိမ်မှု များကို ထိန်းသိမ်း နိုင်ရန် အတွက် လက်ရှိ စီးပွားရေး တိုးတက် မှုနှုန်း အတိုင်း ဆက်လက် တိုးတက်ရန် လိုအပ် နေပေသည်။ ထိုစီးပွားရေး တိုးတက်မှု နှုန်းကို ဆက်လက် ထိန်းသိမ်း ထားနိုင် ရန်မှာလည်း စိတ်ချရသည့် ရေနံ စွမ်းအင် အရင်းအမြစ် များကို ရရှိ ထားရန် လိုနေ ပေသည်။ ထိုကြောင့် ရေနံ အရင်း အမြစ် များကို အခြား ကမ္ဘာ့ ဒေသ များတွင် ရှာဖွေ သကဲ့သို့ နိုင်ငံ၏ ကမ်းလွန် ပင်လယ် ပြင်တွင်လည်း ရှာဖွေရန်မှာ တရုတ် နိုင်ငံအတွက် အရေး ကြီးသော အမျိုးသား အကျိုး စီးပွား ဖြစ်နေ သည်မှာ ထင်ရှား နေပေသည်။
လက်ရှိ အချိန်တွင် တောင်တရုတ် ပင်လယ် ပြင်တွင် အခြား နိုင်ငံများမှ ကမ်းလွန် ရေနံတွင်း ၁၂ဝ ကျော် တူးဖော် ထားပြီး တစ်နှစ်လျှင် ရေနံ တန်ချိန် သန်း ၃ဝ မှ၅ဝ ကြား ထုတ်လုပ်လျှက် ရှိနေ ပေသည်။ ထိုပမာဏ သည် တရုတ် နိုင်ငံ၏ နှစ်စဉ် ထုတ်လုပ်မှု ၃ဝ% ကျော် ရှိသည့် အပြင် တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ်ပြင် ရေနံတွင်း များမှ ထုတ်လုပ် နေသည့် ပမာဏ ထက် အဆ လေးဆယ်ကျော် များနေ သည်ကို တွေ့ရ သည်။ ထို့ပြင် တရုတ် နိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုနှင့် ရေနံ တင်သွင်းမှု ၈ဝ% သည် မလက္ကာ ရေလက်ကြား တို့မှ တဆင့် တောင်တရုတ် ပင်လယ်ကို ဖြတ်သန်း သွားနေရာ စပရက်လေ ကျွန်းများသည် တရုတ် နိုင်ငံ၏ ကုန်သွယ် ရေလမ်းကြောင်း လုံခြုံရေး အတွက်ပါ အရေးပါ နေသည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ကြောင့် ၁၉၈ဝ ပြည့်လွန် နှစ်များမှ စတင်ပြီး တရုတ် ရေတပ် အနေဖြင့် ကမ်းရိုးတန်း ကာကွယ်ရေး ကိုသာ အလေးပေး ထမ်းဆောင် ရာမှ အနာဂတ်တွင် တောင်တရုတ် ပင်လယ်နှင့် မလက္ကာ ရေလက်ကြား အလွန် ဒေသ များရှိ တရုတ် နိုင်ငံ၏ အကျိုး စီးပွား များကို ကာကွယ် နိုင်သည့် စွမ်းရည် ရရှိစေရန် အတွက် ခေတ်မီ အောင် ပြုပြင် ပြောင်းလဲ မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် လာခဲ့သ ည်ကို တွေ့ရ ပေသည်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ် ပြည်သူ့ အမျိုးသား ကွန်ဂရက်က တရုတ် နိုင်ငံ၏ ရေပိုင် နက်နှင့် ပတ်သက်သော ဥပဒေ တစ်ခုကို ပြဋ္ဌာန်း ခဲ့ရာတွင် စပရတ်လေ ကျွန်းစု အားလုံးကို တရုတ် နိုင်ငံက ပိုင်ဆိုင်ကြောင်း ဖော်ပြ ခဲ့သည့် အပြင် ထိုနယ်နမိတ်ကို ကာကွယ်ရန် အတွက် လိုအပ်ပါက စစ်အင်အားကို အသုံးပြုမည် ဖြစ်ကြောင်း အတိအလင်း ဖော်ပြ ခဲ့ပေသည်။ ထို့နောက် တရုတ် တပ်မတော်က Woody ကျွန်ပေါ်တွင် လေယာဉ် ပြေးလမ်း တစ်ခု ဖောက်လုပ်ခြင်း၊ ဖိလစ်ပိုင်က ပိုင်ဆိုင်ကြောင်း ကြေညာ ထားသည့် Mischief ကျွန်းကို သိမ်းပိုက်ပြီး စခန်း ဆောက်လုပ် ခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။ တရုတ် နိုင်ငံ၏ လုပ်ဆောင်ချက် များကြောင့် အာဆီယံ အဖွဲ့ အနေဖြင့် ၁၉၉၅ ခုနှစ် မတ်လတွင် စပရတ်လေ ကျွန်းစု ပိုင်ဆိုင်မှု အပေါ် အငြင်းပွား နေမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုသည့် ကြေညာချက်ကို ထုတ်ပြန် ခဲ့ရသည့် အပြင် တရုတ် နိုင်ငံမှ ကန့်ကွက် နေသည့် ကြားမှ စပရတ်လေ ကျွန်း အရေး အခင်းကို အာဆီယံ ဒေသ ဆိုင်ရာ ဆွေးနွေးပွဲ တွင် ထည့်သွင်း ဆွေးနွေး ခဲ့ကြသည်။
သို့သော် တရုတ် နိုင်ငံ အနေဖြင့် စပရတ်လေ ကျွန်း အရေးအခင်းတွင် မိမိ သဘောထားကို ခိုင်မာစွာ ရပ်တည် သကဲ့သို့ တစ်ဖက် ကလည်း အာဆီယံ နိုင်ငံများနှင့် ဆက်ဆံ ရေးတွင် စပရတ်လေ ကျွန်း အရေးအခင်း က အဟန့် အတား မဖြစ်ေ အာင်လည်း ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် ၂ဝဝ၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ တွင် အာဆီယံနှင့် တရုတ် နိုင်ငံ အကြား တောင် တရုတ် ပင်လယ် အတွင်း အငြင်းပွား မှုများနှင့် ပတ်သက်ပြီး ပူးတွဲ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန် ခဲ့သည်။ ထို ကြေညာချက် အရ စပရက်လေ ကျွန်းစုကို ပိုင်ဆိုင် ကြောင်း ကြေညာ ထားသည့် နိုင်ငံများ အနေဖြင့် အငြင်း ပွားမှုကို အရှိန် အဟုန် မြင့်စေ မည့် လုပ်ရပ် များကို ရှောင်ရှားရန်နှင့် လက်ရှိ လူနေ ထိုင်ခြင်း မရှိသော ကျွန်းများ ပေါ်တွင် တပ်စွဲခြင်း၊ အရပ်သားများ နေထိုင်ခြင်းတို့ မပြုလုပ်ရန် သဘော တူညီ ခဲ့ကြသည်။
တရုတ် နိုင်ငံက စပရတ်လေ ကျွန်း အငြင်း ပွားမှုတွင် ယခု ကဲ့သို့ အာဆီယံနှင့် ပြေလည်အောင် လုပ်ဆောင် ခဲ့ခြင်း၏ အဓိက အကြောင်း အရင်းမှာ အမေရိကန် နိုင်ငံက ထိုအငြင်း ပွားမှုကို အကြောင်း ပြုပြီး အာဆီယံနှင့် တရုတ်အကြား သပ်လျှို လာမည့် အရေးကို တားဆီး ရန်ပင် ဖြစ်သည်။ ထို့ပြင် တရုတ် ခေါင်းဆောင်များ အနေဖြင့် နယ်မြေ ပိုင်ဆိုင်မှုကို အငြင်းပွား နေမည့် အစား ပိုင်ဆိုင်ကြောင်း ကြေညာ ထားသည့် နိုင်ငံများ ပူးပေါင်းပြီး ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ များကို ပူးပေါင်း ရှာဖွေ ထုတ်လုပ် ခွဲဝေ ခံစားသည့် ပိုမို လက်တွေ့ ကျသည့် နည်းလမ်းကို ကျင့်သုံး ရန်လည်း ရည်ရွယ် သည်ဟု ယူဆ ရပါသည်။ ထို့ကြောင့်ပင် ၂ဝဝ၅ ခုနှစ် မတ်လတွင် တရုတ်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် ရေနံ ကုမ္ပဏီများ အကြား တောင်တရုတ် ပင်လယ်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပူးပေါင်း ရှာဖွေရန် သဘော တူညီ ချက်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ သည်ကို တွေ့ရသည်။ ယခု ကဲ့သို့ တောင်တရုတ် ပင်လယ် အတွင်း အငြင်း ပွားမှုကို အရှိန်လျော့ သွားအောင် ဆောင်ရွက် လိုက်ခြင်းဖြင့် တရုတ်နှင့် အာဆီယံ ကြား ဆက်ဆံရေးကို အနှောက် အယှက် ဖြစ်စေသည့် နောက်ဆုံး အတားအဆီးကို ဖယ်ရှား လိုက်နိုင်သည် ကတော့ အမှန်ပင်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Jing-dong Yuan, CHINA-ASEAN RELATIONS:PERSPECTIVES, PROSPECTS AND IMPLICATIONS FOR U.S. INTERESTS, US Army, Strategic Study Institute, October, 2006
၂။
Christopher J. Pehrson, MEETING THE CHALLENGE OF CHINA'S RISING POWER ACROSS THE ASIAN LITTORAL,. US Army, Strategic Study Institute, July , 2006
Read more

တရုတ်နိုင်ငံအတွက်ရေနံ

မရှိမဖြစ်ရေနံ
၁၉၉၀ ပြည့်လွန် နှစ်များ အတွင်း အရှိန် အဟုန်ဖြင့် တိုးတက် လာခဲ့သော စီးပွားရေး ဖွံ့ဖြိုး မှုများ နှင့်အတူ တရုတ် နိုင်ငံ၏ ရေနံ လိုအပ်ချက် သည်လည်း မြင့်မား လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တစ်နေ့လျှင် ရေနံစည် တစ်သန်းခွဲ ကျော်သာ အသုံးပြု ခဲ့ရာမှ ၁၉၉၃ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည် သုံးသန်း နီးပါးခန့် အသုံးပြု ခဲ့ရပြီး ရေနံ တင်ပို့သည့် နိုင်ငံ အဖြစ်မှ ရေနံ တင်သွင်း ရသည့် နိုင်ငံ အဖြစ်သို့ ရောက်ရှိ သွားခဲ့သည်။ ၂၀၀၄ ခုနှစ် တွင်မူ တစ်နေ့လျှင် ရေနံစည် ၆.၅ သန်း သုံးစွဲ ခဲ့ပြီးနောက် ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာပေါ်တွင် ဒုတိယ မြောက် ရေနံ အများဆုံး သုံးစွဲသည့် နိုင်ငံ ဖြစ်လာ ခဲ့သည်။ ယနေ့ အချိန်တွင် တရုတ် နိုင်ငံသည် တစ်နေ့လျှင် ရေနံ စည် ၇.၈၅ သန်း သုံးစွဲ လျှက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည် ဆယ်သန်းမှ ဆယ့်နှစ်သန်း ကြား သုံးစွဲ ရမည်ဟု ခန့်မှန်း ထားသည်။
ထိုအချိန်တွင် တရုတ် နိုင်ငံ၏ ပြည်တွင်း ရေနံ ထုတ်လုပ်မှုက သုံးစွဲမှုကို လိုက်မမီပဲ ရှိနေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း တရုတ် နိုင်ငံ၏ ရေနံ သုံးစွဲ မှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၆% တိုးတက် နေချိန်၌ ပြည်တွင်း ရေနံ ထုတ်လုပ် မှုမှာ တစ်နှစ်လျှင် ပျမ်းမျှ ၁.၅% ခန့်သာ တိုးတက် လျှက်ရှိသည်။ ထို့ကြောင့် တရုတ် နိုင်ငံ အနေဖြင့် နေ့စဉ် ရေနံ လိုအပ် ချက်၏ ၅၃% ဖြစ်သည့် ၄.၄ သန်းကို ပြည်ပမှ တင်သွင်း နေရပြီး ၂၀၀၈ ခုနှစ်မှ စတင်ကာ ကမ္ဘာပေါ်တွင် ဒုတိယ မြောက်ရေနံ အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်လာ ခဲ့သည်။
ရေနံတွေ ဘယ်ကရ
တရုတ် နိုင်ငံမှ တင်သွင်း နေသည့် ရေနံ၏ ၄၆% မှာ အရှေ့ အလယ်ပိုင်း ဒေသမှ ဖြစ်ကာ ၃၂% မှာ အာဖရိက ဒေသမှ ဖြစ်ပြီး ကျန်လိုအပ် ချက်ကို အရှေ့ အာရှ ဒေသနှင့် ဗဟို အာရှ ဒေသမှ ရယူလျှက် ရှိသည်။ နိုင်ငံ အလိုက် ပြောရလျှင် ဆော်ဒီ အာရေး ဘီးယား နိုင်ငံသည် တရုတ် နိုင်ငံသို့ နေ့စဉ် ရေနံစည် ခုနှစ် သိန်း နှစ်သောင်း ငါးထောင် တင်ပို့ပြီး အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်သည်။ ၎င်း၏ နောက်တွင် အင်ဂိုလာ နိုင်ငံက တစ်နေ့လျှင် ရေနံစည် ငါးသိန်း ကိုးသောင်း ခြောက်ထောင် တင်ပို့ပြီး အီရန်ကမူ တစ် နေ့လျှင် လေးသိန်း နှစ်သောင်း ငါးထောင် တင်ပို့လျှက် ရှိသည်။
ပြည်တွင်း ရေနံ ထုတ်လုပ်မှု
၂၀၀၆ ခုနှစ် စာရင်း ဇယားများ အရ တရုတ် နိုင်ငံတွင် တိုင်းတာပြီး ရေနံသိုက်ပမာဏမှာ ရေနံ စည်ပေါင်း ၁၈.၃ ဘီလီယံရှိကာ နေ့စဉ် ရေနံစည် ၃.၈သန်း ထုတ်လုပ်လျှက် ရှိသည်။ ၁၉၉၈ ခုနှစ်တွင် တရုတ် အစိုးရက စွမ်းအင် လိုအပ်ချက် များကို ပိုမို ဖြည့်စည်း နိုင်ရန် အတွက် နိုင်ငံပိုင် ရေနံ ကုမ္ပဏီ များကို ပြင်ဆင် ဖွဲ့စည်း ခဲ့သည်။ ထို့ကြောင့် တရုတ် နိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွင် အဓိက ကုမ္ပဏီများ အဖြစ် China National Petroleum Corporation (CNPC) ၊ China Petroleum and Chemical Corporation (Sinopec) နှင့် China National Offshore Oil Corporation (CNOOC) ကုမ္ပဏီ ကြီးသုံးခု ပေါ်ပေါက် လာခဲ့သည်။ တရုတ် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး အစီ အစဉ် အရ ၂၀၀၀ ပြည့်နှစ်တွင် အဆိုပါ ကုမ္ပဏီ သုံးခု၏ အစု ရှယ်ယာ များကို အများ ပြည်သူသို့ ရောင်းချ ပေးခဲ့သည်။ သို့သော် ရှယ်ယာ အများစု ကိုမူ တရုတ် အစိုးရက ပိုင်ဆိုင် ထားဆဲ ဖြစ်သည့် အပြင် ဘုတ် အဖွဲ့ဝင် အများစု ကိုလည်း အစိုးရ ကသာ ခန့်အပ် ခဲ့သည်။ လုပ်ငန်း ဆောင်ရွက်မှု အနေဖြင့်မူ CNPC နိုင်ငံ မြောက်ပိုင်း နှင့် အနောက်ပိုင်း ဒေသရှိ ရေနံမြေ များကို တာဝန်ယူ လုပ်ကိုင် နေပြီး Sinopec ကမူ နိုင်ငံ တောင်ပိုင်းရှိ ရေနံမြေ များကို တာဝန်ယူ ဆောင်ရွက် လျှက်ရှိသည်။ CNOOC ကမူ ကမ်းလွန် ရေနံ ရှာဖွေ ထုတ်လုပ်မှု များအတွက် တာဝန်ယူ လုပ်ဆောင် လျှက်ရှိသည်။
တရုတ် နိုင်ငံ၏ ရေနံ ထုတ်လုပ်မှု ၈၅% ကို ကုန်းတွင်း ရေနံမြေ များက ထုတ်လုပ် နေခြင်း ဖြစ်ပြီး နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ တာချင့် ရေနံ မြေသည် တရုတ် နိုင်ငံ၏ အကြီးဆုံး ရေနံမြေ ဖြစ်ကာ တရုတ် နိုင်ငံ၏ ရေနံထုတ်လုပ်မှု ၂၅% ဖြစ်သည့် နေ့စဉ် ရေနံ စည်ပေါင်း ကိုးသိန်း ကျော်ကျော် ထုတ်လုပ် လျှက်ရှိသည်။ သို့သော် တာချင့် ရေနံမြေမှာ သက်တမ်း ကြာမြင့် နေပြီ ဖြစ်သောကြောင့် ၂၀၀၄ ခုနှစ်မှ စတင်ပြီး အထွက်နှုန်း တစ်ဖြေးဖြေး ကျဆင်း လာလျှက် ရှိသည်။ သို့သော် ၂၀၀၄ ခုနှစ် ဧပြီလ အတွင်းတွင် Sinopec ကုမ္ပဏီက ဒုတိယ အကြီးဆုံး ရေနံမြေ ဖြစ်သည့် Shengli တွင် နောက်ထပ် ရေနံတွင်း သစ်များ တွေ့ရှိခဲ့ပြီး ယခုအခါ နေ့စဉ် ရေနံစည် ငါးသိန်းကျော် ထုတ်လုပ် လျှက်ရှိ ပေသည်။
တရုတ်တို့ အနေဖြင့် ပြည်ပမှ ရေနံ တင်သွင်းမှု များကို လျှော့ချ နိုင်ရန် အတွက် ရှင်ကျန်၊ ကန်စု၊ စီချွမ်နှင့် အတွင်း မွန်ဂိုး လီယား ဒေသ များတွင် စမ်းသပ် ရှာဖွေ မှုများ ပြုလုပ် သကဲ့သို့ ပုလဲ မြစ်ဝ ကျွန်းပေါ် ဒေသနှင့် တောင်တရုတ် ပင်လယ် တွင်လည်း ကမ်းလွန် ရေနံ ရှာဖွေ မှုများ ပြုလုပ် လျှက်ရှိသည်။ သို့သော် ပြည်တွင်း ထုတ်လုပ်မှုမှာ မည်သည့် နည်းနှင့်မျှ မြင့်မား လာသည့် ရေနံ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မည့် အခြေအနေ မရှိပေ။ ထို့ကြောင့် တရုတ် ကုမ္ပဏီများ အနေဖြင့် ပြည်ပတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ မှုများ ပြုလုပ်ရန် ခြေလှမ်း ပြင်ခဲ့ ကြသည်။
ပြည်ပရင်းနှီးမြှပ်နှံမှုများ
တရုတ် အစိုးရ အနေဖြင့် နိုင်ငံ၏ ရေနံ လိုအပ်ချက် အတွက် နိုင်ငံတကာ ဈေးကွက် ကိုသာ မှီခို နေရခြင်း အပေါ်မ လိုလားပေ။ နိုင်ငံ တကာ ရေနံ ဈေးကွက်မှာ အနောက် အုပ်စု ရေနံ ကုမ္ပဏီ ကြီးများ၏ လက်ထဲတွင် ရှိနေရာ တစ်စုံ တစ်ရာသော အခြေ အနေတွင် တရုတ် နိုင်ငံ အတွက် ရေနံ ရောင်းချ ပေးခြင်းများ အပေါ် ချုပ်ခြယ် ကန့်သတ် မှုများ ပြုလုပ် လာနိုင် သည်ဟု တရုတ် ခေါင်းဆောင် များက သုံးသပ် ကြသည်။ ထို့ကြောင့် တရုတ် ရေနံ ကုမ္ပဏီ များကလည်း အနောက် အုပ်စု ရေနံ ကုမ္ပဏီများ နည်းတူ နိုင်ငံ တကာတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော် ထုတ်လုပ် ခွင့်များ ရရှိအောင် လုပ်ဆောင် လာခဲ့သည်။
တရုတ် တို့သည် ၁၉၉၄-၉၅ ခုနှစ်တွင် ထိုင်း၊ ကနေဒါနှင့် ပီရူး နိုင်ငံ များရှိ ရေနံ မြေများတွင် အစု ရှယ်ယာများ စတင် ၀ယ်ယူ ခြင်းဖြင့် ပြည်ပ ဈေးကွက်ကို စတင် ခြေချ ခဲ့သည်။ ယခု အချိန် တွင်မူ တရုတ် ကုမ္မဏီ များသည် အာရှ၊ အာဖရိနှင့် ဗဟို အာရှ ဒေသ နိုင်ငံ များတွင် ရေနံရှာဖွေ၊ ထုတ်လုပ် ခွင့်များကို အနောက် ကုမ္မဏီ များနှင့် အပြိုင် ရယူ နေသကဲ့သို့ လက်ရှိ ရေနံ ထုတ်လုပ်ခွင့် ရရှိ ထားသည့် ကနေဒါ၊ သြစတေးလျ နှင့် ရုရှား ရေနံ ကုမ္မဏီ များတွင် အစု ရှယ်ယာများ ၀ယ်ယူ ခြင်းကိုလည်း တိုးချဲ့ ဆောင်ရွက်လျှက် ရှိနေသည်။ ထို့ပြင် တရုတ်တို့ အနေဖြင့် အင်ဒိုနီးရှား၊ ချဒ်၊ အီဂျစ်၊ ကာဇက်စတန်၊ နိုင်ဂျီး ရီးယား၊ အိုမန်၊ ဆူဒန်၊ အီရန်၊ ရုရှား၊ သြစတေးလျ၊ ဆော်ဒီ၊ မြန်မာနှင့် ဗင်နီဇွဲလား ကုမ္မဏီ များဖြင့် နှစ်ရှည် ရေနံ ထုတ်လုပ် ရောင်းချမှု သဘော တူညီ ချက်များ ရရှိထားပြီး ဖြစ်သကဲ့သို့ နိုင်ငံပေါင်း လေးဆယ် ကျော်တွင်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပေသည်။
တရုတ် အစိုးရ အနေဖြင့် ရေနံ ရရှိ နိုင်မည့် ဈေးကွက်များကို တိုးချဲ့ ရှာဖွေ နေသကဲ့သို့ တရုတ် နိုင်ငံ အတွက် လိုအပ်သည့် ရေနံများကို သယ်ဆောင် ရာတွင် မလက္ကာ ရေလက်ကြားကို မှီခို နေရမှုအား လည်း လျှော့ချ နိုင်ရန် အတွက် ဆောင်ရွက် ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မိုင် ၆၀၀ ရှည်လျားသည့် တရုတ်- ကာဇက် စတန် ပိုက်လိုင်းကို ဖွင့်လှစ် ခဲ့ပြီး ဗဟို အာရှ ဒေသမှ နေ့စဉ် ရေနံစည် နှစ်သိန်းကို ပို့ဆောင် လျှက်ရှိကာ ၂၀၁၀ ပြည့်နှစ်တွင် လေးသိန်း အထိ ပို့ဆောင် နိုင်ရေး အတွက် ပြင်ဆင်လျှက် ရှိပေသည်။ အလားတူပင် မိုင်၂၅၀၀ ကျော်ရှည်လျားသည့် ရုရှား- တရုတ် ရေနံ ပိုက်လိုင်း ကိုလည်း ၂၀၀၆ ခုနှစ် မှ စတင် တည်ဆောက် လျှက်ရှိသည်။ ဆိုင်ဘေး ရီးယား ဒေသကို ဖြတ်ကျော်ပြီး ပစိဖိတ် ကမ်းခြေ အထိ သွယ်တန်းသည့် ထိုပိုက်လိုင်း စီမံကိန်း ပြီးဆုံးပါက တရုတ် နိုင်ငံနှင့် ဂျပန် နိုင်ငံ အတွက် နေ့စဉ် ရေနံစည် ၁.၆ သန်းကျော် ပို့ဆောင် ပေးနိုင်မည် ဖြစ်သည်။ အလားတူပင် မြန်မာ နိုင်ငံ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း မှ ယူနန် ပြည်နယ်သို့ ဆက်သွယ်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံချက် ကိုလည်း စတင် တော့မည် ဖြစ်သည်။
စွမ်းအင် ဖူလုံရေး
တရုတ် အစိုးရ အနေဖြင့် ရေနံ စွမ်းအင် အရင်း အမြစ် များနှင့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း များကို တိုးချဲ့လျှက် ရှိသည့် နည်းတူ နိုင်ငံ အတွက် မဟာ ဗျူဟာ ရေနံ သိုလှောင်ရေး စီမံချက် ကိုလည်း အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက် လျှက် ရှိသည်ကို တွေ့ရသည်။ ထိုစီမံချက်၏ ပထမ အဆင့်မှာ ၂၀၀၈ ခုနှစ်တွင် ပြီးဆုံး ခဲ့ပြီး နိုင်ငံ၏ ရေနံ လိုအပ်ချက် ၂၅ ရက်စာနှင့် ညီမျှသည့် ရေနံစည် သန်းတစ်ရာကို သိုလှောင် ထားနိုင်ပြီ ဖြစ်သည်။ စီမံချက် ဒုတိယ အဆင့်မှာ ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးမည် ဖြစ်ကာ ၄၂ ရက် စာ ရေနံစည် သန်း နှစ်ရာကို သိုလှောင် ထားနိုင်မည် ဖြစ်သည်။ တတိယ အဆင့်ပြီးဆုံး ပါကမူ တရုတ် နိုင်ငံ အနေဖြင့် ရေနံစည် သန်းငါးရာကို မဟာဗျူဟာ အရန် အဖြစ် သိုလှောင် နိုင်စွမ်း ရှိမည် ဖြစ်သည်။
တရုတ် နိုင်ငံ အနေဖြင့် ရေနံ အပေါ် မှီခိုမှုကို လျှော့ချ နိုင်ရန် အတွက် ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နှင့် အနုမြူ စွမ်းအင် များကို တိုးချဲ့ အသုံးပြု နိုင်ရေး အတွက် လည်း ဆောင်ရွက် လျှက် ရှိပေသည်။ သို့သော် ကျောက်မီး သွေးနှင့် အနုမြူ စွမ်းအင် များမှာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများ၊ နည်းပညာ ဆိုင်ရာ ပြဿနာ များနှင့် ကုန်ကျ စရိတ် များကြောင့် ရေနံကို အစားထိုး နိုင်မည့် အခြေ အနေ မရှိသေး သည်ကိုလည်း တွေ့ရသည်။
တရုတ် နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ထူးခြားသည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ ရှိခဲ့ပြီး ဖြစ်သည်။ တရုတ် အစိုးရ အနေဖြင့်လည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းနိုင် မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုများ ရရှိနိုင်မည်ကို အသိအမှတ် ပြုထားပြီး ဖြစ်သည်။ ထိုကဲ့သို့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် နိုင်ရန် အတွက် ရေနံ ဖူလုံ ရေးသည် အဓိက အချက် တစ်ချက် ဖြစ်နေသည်။ ထို့ကြောင့် လာမည့် ဆယ်စု နှစ်များ အတွင်းတွင် ရေနံနှင့် စွမ်းအင် ဖူလုံရေး ပြဿနာသည် တရုတ် နိုင်ငံ၏ နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး မူဝါဒများ အပေါ်တွင် သြဇာ လွှမ်းမိုးမှု ရှိနေ ဦးမည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နှင့် အနောက် အုပ်စု ကုမ္ပဏီများ ခြေကုတ် မယူ နိုင်သေးသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ အမေ ရိကန်နှင့် ဆက်ဆံရေး မပြေ လည်သည့် နိုင်ငံ များနှင့် ပတ်သက်သည့် တရုတ် နိုင်ငံခြားရေး မူဝါဒတွင် ရေနံ ဖူလုံ ရေးသည် အဓိက အချက် အနေဖြင့် ပါနေ ဦးမည်သာ ဖြစ်သည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
China Energy Data, Statistics and Analysis - Oil, Gas, Electricity, Coal by Energy Information Adminiatration , 2006
၂။
China crude oil output estimate ၊ China Mining Association (CMA)
၃။
Military Power of the People’s Republic of China2009 , Department of Defence , United States of America .
Read more

တိုနီဘလဲအကြောင်းတစေ့တစောင်း

ဗြိတိသျှ ဝန်ကြီးချုပ် တိုနီ ဘလဲက မေလ ၁ဝ ရက်နေ့တွင် ၎င်း အနေဖြင့် ပါတီ ခေါင်းဆောင် ရာထူးမှ ဇွန်လ ၂၇ ရက်နေ့တွင် အနားယူ တော့မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ထိုကြေညာ ချက်နှင့် အတူ လေဘာပါတီ သမိုင်းတွင် သက်တမ်း အရှည်ဆုံး တာဝန် ထမ်းဆောင် ခဲ့သော၊ လေဘာ ပါတီကို သုံးကြိမ်ဆက်တိုက် ရွေးကောက်ပွဲ အနိုင် ရအောင် စွမ်းဆောင် ခဲ့သော တိုနီ ဘလဲ၏ နိုင်ငံရေး ဘဝလည်း အဆုံးသတ် တော့မည် ဖြစ်သည်။
နိုင်ငံရေးဘဝအစ
၁၉၅၃ ခုနှစ် မေလ ၆ ရက်နေ့ တွင် မွေးဖွားခဲ့သော တိုနီ ဘလဲသည် အောက်စဖိုဒ့် တက္ကသိုလ်မှ ကျောင်းပြီး သည့် ၁၉၇၅ ခုနှစ်တွင် လေဘာ ပါတီသို့ ဝင်ရောက်ပြီး နိုင်ငံရေး လှုပ်ရှား မှုများကို စတင် ဆောင်ရွက် ခဲ့သည်။ ထို့နောက် ယောက္ခမ ဖြစ်သူ ဗြိတိသျှ သရုပ်ဆောင် တိုနီဘုသ်၏ အကူ အညီဖြင့် ၁၉၈ဝ ပြည့်နှစ် ကြားဖြတ် ရွေးကောက် ပွဲတွင် Beacons Fields မဲဆန္ဒ နယ်တွင် အရွေး ခံရန် ကြိုးစား ခဲ့သော်လည် ရှုံးနိမ့် ခဲ့သည်။ ထိုရွေး ကောက်၌ တိုနီဘလဲ အနေဖြင့် အနည်းဆုံး လိုအပ်သည့် ထောက်ခံမဲ ၁ဝ%ပင် မပြည့် သဖြင့် ရွေးကောက်ပွဲ စပေါ်ငွေ ဆုံးရှုံး ခဲ့ရ သည့်တိုင် ၎င်း၏ စိတ်အား ထက်သန်စွာ မဲဆွယ် စည်းရုံးမှု များကို လေဘာ ပါတီ ခေါင်းဆောင် များက သတိ ပြုမိ ခဲ့ကြပြီး အလား အလာ ရှိသည့် မျိုးဆက်သစ် နိုင်ငံရေး သမား အဖြစ် အသိ အမှတ်ပြု ခံခဲ့ ရသည်။
၁၉၈၃ ခုနှစ် ရွေးကောက်ပွဲ တွင်မူ တိုနီ ဘလဲသည် Sedgefield မဲဆန္ဒနယ်မှ ရွေးချယ် တင်မြှောက် ခံခဲ့ ရသည်။ ပါလီမန် အတွင်းသို့ ရောက်ရှိ သည်နှင့် လေဘာ ပါတီ အတွင်းတွင် တိုနီ ဘလဲသည် အချိန် တိုတို အတွင်း ရှေ့တန်းသို့ ရောက်လာ ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အတိုက် အခံ လေဘာ ပါတီ၏ ဘဏ္ဍာရေး ဆိုင်ရာ လက်ထောက် တာဝန်ခံ အဖြစ် လည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ကုန်သွယ် ရေးနှင့် စက်မှု လုပ်ငန်း ဆိုင်ရာ အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် စွမ်းအင် ဆိုင်ရာ တာဝန်ခံ အဖြစ် လည်းကောင်း၊ တာဝန်ယူ ခဲ့ရသည်။ ဗြိတိသျှ တို့၏ နိုင်ငံရေး စနစ် အရ အတိုက် အခံ ပါတီ တွင်လည်း အစိုးရ ဝန်ကြီး အဖွဲ့ ပုံစံ တာဝန်ခံ များကို ခန့်အပ် ထားပြီး အစိုးရ၏ မူဝါဒ များကို ဆန်းစစ် ဝေဖန်ခြင်း၊ ပါတီ၏ မူဝါဒ များကို ချမှတ်ခြင်း တို့ကို ဆောင်ရွက် လေ့ရှိရာ တိုနီဘလဲ အနေဖြင့် ထိုတာဝန် များကို ထမ်းဆောင် ရခြင်းဖြင့် လေဘာ ပါတီ၏ မူဝါဒ များကို အကောင် အထည် ဖော်ရာတွင် အရေး ပါသည့် အခန်းမှ ပါဝင်ခွင့် ရသကဲ့သို့ အစိုးရ အဖွဲ့၏ လုပ်နည်း လုပ်ဟန် များကိုလည်း လေ့လာခွင့် ရရှိခဲ့ ပေသည်။ ထိုအချိန် ကပင် တိုနီ ဘလဲသည် လေဘာ ပါတီ အတွင်း ပြုပြင် ပြောင်းလဲ ရေးများ လုပ်ရန် လိုလားသည့် နီးလ်ကင်နော့ဖ် အုပ်စုတွင် ပါဝင် လှုပ်ရှား ခဲ့သည်ကို တွေ့ရ သည်။ တကယ် တော့လည်း ထိုအချိန်က မာဂရက် သက်ချာ ခေါင်းဆောင် သည့် ကွန်ဆား ဗေးတစ် ပါတီက ၁၉၇၉ ခုနှစ်မှ စပြီး ဆက်တိုက် အာဏာ ရနေခဲ့ သောကြောင့် လေဘာ ပါတီက အိမ်နိမ့်စံ ဘဝ ရောက်နေ လေရာ ပါတီ အတွင်း ပြုပြင် ပြောင်းလဲရေး လုပ်လို သူများ အတွက် အခွင့် အလမ်းကောင်း ဖြစ်နေ ခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ကွန်ဆာ ဗေးတစ် ပါတီက လေးကြိမ် ဆက်တိုက် ရွေးကောက် ပွဲတွင် အနိုင် ရရှိ ခဲ့သည့် အခါ လေဘာ ပါတီ ခေါင်းဆောင် နီးလ်ကင်းနော့က် နှုတ်ထွက် သွားပြီး ဂျွန်စမစ်က ခေါင်းဆောင် ဖြစ်လာ ခဲ့ကာ လေဘာ ပါတီ ခေါင်းဆောင်သစ် အောက်တွင် တိုနီ ဘလဲသည် လေဘာ ပြည်ထဲ ရေးရာ တာဝန်ခံ ဖြစ်လာ ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဂျွန်စမစ် နှလုံး ရောဂါဖြင့် ရုတ်တရက် ကွယ်လွန် သွားသည့် အခါ တွင်မူ တိုနီ ဘလဲသည် လေဘာ ပါတီ ခေါင်ဆောင် ရွေးချယ် ပွဲတွင် ဂျွန်ပရက် စကော့ (ယခု လေဘာ ဒုတိယ ခေါင်းဆောင်) နှင့် မာဂရက် ဘက်ကက် (ယခု နိုင်ငံခြား ရေးဝန်ကြီး) တို့ကို အနိုင် ယူပြီး လေဘာ ပါတီ ခေါင်းဆောင် ဖြစ်လာ ခဲ့သည်။
လေဘာ ပါတီသစ်
တိုနီ ဘလဲသည် ဗြိတိသျှ မဲဆန္ဒရှင် များ၏ အမြင်တွင် လေဘာ ပါတီ၏ ပုံရိပ်ကို ပြောင်းလဲရန် ဦးစားပေး ဆောင်ရွက် ခဲ့သည်။ ထို့ကြောင့် လေဘာ ပါတီ၏ မူဝါဒ များတွင် ပါဝင် နေသော လက်ဝဲစွန်း အယူ အဆများ ဖြစ်သည့် အဓိက စီးပွားရေး လုပ်ငန်း များကို နိုင်ငံပိုင် ပြုလုပ်ရေး၊ အနုမြူ လက်နက် များကို တစ်ဖက်သတ် ဖျက်သိမ်းရေး၊ ဝင်ငွေခွန် တိုးမြှင့် ကောက်ခံမှု စသည့် မူဝါဒ များကို ပယ်ဖျက်ရန် လုပ်ဆောင် ခဲ့သည်။ ထိုအပြောင်း အလဲများ အပေါ် ပါတီတွင်း လက်ဝဲ အယူ အဆ ပြင်းထန် သူများနှင့် အလုပ် သမား သမဂ္ဂ များက ပြင်းပြင်း ထန်ထန် ဆန့်ကျင် ခဲ့သော်လည်း တိုနီ ဘလဲက ကွန်ဆာ ဗေးတစ် တို့အပေါ် အောင်ပွဲခံ လိုလျှင် လေဘာ ပါတီ အနေဖြင့် အဓိက ကျသော ပြောင်းလဲ မှုများ လုပ်ရန် လိုသည် ဆိုသည့် အယူ အဆကို အောက်ခြေ ပါတီ ဝင်များက လက်ခံအောင် စည်းရုံး နိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ် ပါတီ ညီလာခံက တိုနီ ဘလဲ၏ ပြုပြင် ပြောင်းလဲရေး မူများကို လက်ခံ ခဲ့သည့် အခါ တိုနီ ဘလဲက လေဘာ ပါတီသည် လေဘာ ပါတီသစ် New Labour အဖြစ် ပြန်လည် မွေးဖွား လာခဲ့ပြီဟု ကြွေးကျော်ခဲ့သည်။
တိုနီ ဘလဲက လေဘာ ပါတီသည် ကွန်ဆာ ဗေးတစ်တို့ ချမှတ် ထားသည့် ဈေးကွက် စီးပွားရေး စနစ် ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သို့သော် ကွန်ဆာ ဗေးတစ် တို့ထက် ပိုမိုထိ ရောက်အောင်၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ အကျိုး ကျေးဇူးကို လူအဖွဲ့ အစည်း တစ်ခုလုံးက ပိုမို မျှမျှ တတ ခံစား နိုင်အောင် ဆောင်ရွက် မည်ဟု ဗြိတိန် ပြည်သူ များကို ကတိ ပေးခဲ့သည်။ ထို့ပြင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍ များကို ပစ်ပယ် ထားသည့် ကွန်ဆာ ဗေးတစ် တို့ကို အပြစ်တင်ပြီး ဗြိတိန် ပြည်သူ တို့သည် ယခုထက် ပိုမို ကောင်းမွန်စွာ ပညာ သင်ခွင့် ရရမည်၊ လေဘာ၏ ဦးစားပေး လုပ်ငန်းမှာ ပညာရေး ကဏ္ဍ ဖြစ်သည်ဟု ထုတ်ဖော် ပြောကြား ခဲ့သည်။ တိုနီဘလဲ၏ ဦးဆောင်မှု အောက်တွင် အသွင် ပြောင်းလာသော လေဘာ ပါတီသည် ၁၉၉၇ ခုနှစ် ရွေးကောက် ပွဲတွင် အပြတ် အသတ် အနိုင်ရခဲ့ပြီး တိုနီဘလဲ သည်လည်း ၁၈၁၂ ခုနှစ် နောက်ပိုင်းတွင် အသက် အငယ်ဆုံး ဗြိတိသျှ ဝန်ကြီးချုပ် ဖြစ်လာ ခဲ့သည်။
နိုင်ငံရေး အတက် အကျ
တိုနီ ဘလဲသည် ၁၉၉၇ ခုနှစ်မှ ၂ဝဝ၇ ခုနှစ် အထိ ဆယ်နှစ် ဆက်တိုက် ဝန်ကြီးချုပ် တာဝန်ယူ ခဲ့ရာ လေဘာ ပါတီတွင် ဝန်ကြီးချုပ် အဖြစ် တစ်ဆက်တည်း သက်တမ်း အရှည်ဆုံး တာဝန်ယူ ခဲ့ရသူ ဖြစ်သည်။ ထို့အတူ လေဘာ ပါတီကို သုံးကြိမ် ဆက်တိုက် ရွေးကောက်ပွဲ အနိုင် ရအောင် ဦးဆောင် နိုင်ခဲ့သည့် ပထမဆုံး ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် ဗြိတိန် နိုင်ငံ သမိုင်းတွင် တတိယ မြောက် သက်တမ်း အရှည်ဆုံး ဝန်ကြီး ချုပ်လည်း ဖြစ်ခဲ့သည်။ ( သက်တမ်း အရှည်ဆုံး နှစ်ဦးမှာ လော့ဒ် လစ်ဗာပူး ၁၈၁၂- ၁၈၂၇ နှင့် မဂရက် သက်ချာ ၁၉၇၉-၁၉၉ဝ တို့ ဖြစ်သည်။)
တိုနီ ဘလဲသည် ၎င်း၏ ပထမ သက်တမ်း (၁၉၉၇-၂ဝဝ၁) တွင် အထက် လွှတ်တော်ကို ပြင်ဆင် ဖွဲ့စည်းရေး၊ ဝေလ ပြည်နယ်နှင့် စကော့ တလန် တို့ကို အုပ်ချုပ်ခွင့် အာဏာများ ပိုပေးရေး စသော ဖွဲ့စည်းပုံ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များနှင့် လူမူ ဖူလုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး များကို ဦးစားပေး ဆောင်ရွက် ခဲ့သည်။ သို့သော် ထိုပြောင်းလဲ မှုများသည် နှေးကွေး လှသောကြောင့် ဗြိတိန် ပြည်သူ များက တိုနီ ဘလဲအပေါ် ပြစ်တင် မှုများ ပြုလုပ် ခဲ့ကြသည့် အပြင် လေဘာ ပါတီ အပေါ် လူထု ထောက်ခံ မှုလည်း ကျဆင်း လာခဲ့သည်။
သို့သော် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုက ဘုရှ်၏ နိုင်ငံရေး ကံကြမ္မာကို ပြောင်းလဲ စေသကဲ့သို့ တိုနီ ဘလဲ ကိုလည်း မျက်နှာ သာပေး ဖေးမ ခဲ့သည်။ သမိုင်း ပညာရှင် အင်ဒရူး ရောဘတ် က စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက် မှုသာ မရှိခဲ့လျှင် တိုနီ ဘလဲသည် ဗြိတိန် သမိုင်းတွင် ဒုတိယ တန်းစား ဝန်ကြီးချုပ် အဖြစ်နှင့် မထင်မရှား ဇာတ်သိမ်း ရလိမ့် မည်ဟု မှတ်ချက် ပြုခဲ့သည်။ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် မဟာမိတ် အမေ ရိကန် တို့နှင့် ရင်ပေါင်းတန်း တိုက်ပွဲ ဝင်သွားမည် ဆိုသည့် ရဲရဲတောက် ကတိ ပြုချက် နှင့်အတူ အာဖဂန် စစ်ပွဲကို ဝင်တိုက် ခဲ့သော တိုနီ ဘလဲသည် ဗြိတိန် ပြည်သူ တို့၏ အသဲ နှလုံးကို ဆွဲဆောင် နိုင်ခဲ့ ပေသည်။ ( အီရတ် စစ်ပွဲ ကတော့ တစ်မျိုး တစ်ဘာသာ ဖြစ်ခဲ့သည်။)
တိုနီ ဘလဲ၏ ဝန်ကြီးချုပ် သက်တမ်း တစ်လျှောက်တွင် အအောင် မြင်ဆုံးဟု ပြောနိုင်သည့် လုပ်ရပ်မှာ မြောက် အိုင်ယာလန် အရေးကို ငြိမ်းချမ်းစွာ အဖြေရှာ နိုင်ခဲ့ ခြင်းပင် ဖြစ်သည်။ ဂျွန်မေဂျာ လက်ထက်တွင် စတင် ခဲ့သော မြောက် အိုင်ယာလန် ဆွေးနွေး ပွဲသည် တိုနီ ဘလဲ လက်ထက် ၁၉၉၈ ခုနှစ်တွင် Good Friday Agreement ဟု အမည် တွင်သည့် သဘော တူညီချက်ကို လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ သဘော တူညီ ချက်ကို အကောင် အထည် ဖော်ရာတွင် အခက် အခဲ များစွာ တွေ့ခဲ့ သည့်တိုင် တိုနီ ဘလဲသည် အမေရိကန် သမ္မတ များနှင့် ဆက်ဆံရေး ကောင်းမွန် မှုကို အခွင့်ကောင်း ယူပြီး ဆင်ဖိန်း အဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား လက်ခံ လာအောင် စွမ်းဆောင် နိုင်ခဲ့ ပေသည်။ ထို့အတူ တိုနီ ဘလဲသည် ဥရောပနှင့် အာဖရိက ဒေသ ပဋိပက္ခ ဖြေရှင်းရေး များတွင် ဗြိတိန် နိုင်ငံက အဓိက အခန်းမှ ပါဝင် နိုင်အောင် လုပ်ဆောင် နိုင်ခဲ့ သည်ကို တွေ့ရသည်။
တိုနီ ဘလဲသည် ဝန်ကြီးချုပ် ဘဝတွင် ဗြိတိန် နိုင်ငံ အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ဖူလုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲ မှုများ ဖော်ဆောင် ပေးသကဲ့သို့ နိုင်ငံ တကာ ရေးရာ များတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင် နိုင်အောင် စွမ်းဆောင် နိုင်ခဲ့ သည်မှာ သံသယ ရှိစရာ လိုမည် မဟုတ်ပေ၊ တိုနီဘလဲ ကလည်း ၎င်း၏ နှုတ်ဆက် မိန့်ခွန်းတွင် ထိုအချက် များကိုသာ လေဘာ ပါတီ၏ အဓိက အောင်မြင် မှုများ အဖြစ် အကြိမ်ကြိမ် ရည်ညွှန်း ခဲ့ပေသည်။ သို့သော် ဗြိတိန် နိုင်ငံ သမိုင်းတွင် ဝန်ကြီးချုပ် များကို ၎င်းတို့ သက်တမ်းတွင် ပေါ်ပေါက် ခဲ့သော အဓိက ဖြစ်ရပ်၏ အောင်မြင်မှု၊ ဆုံးရှုံးမှု များနှင့်သာ ယှဉ်တွဲပြီး ချိန်ဘာလိန် ကို မြူးနစ် သဘော တူညီချက်၊ ချာချီကို ဗြိတိန် လေကြောင်း တိုက်ပွဲ၊ အန်တော်နီ အီဒင်ကို စူးအက် တူးမြောင်း အရေး အခင်း၊ မာဂရက် သက်ချာကို ဖော့ကလန် စစ်ပွဲ စသည်ဖြင့် ပြည်သူ များက သတိ ရလျှက် ရှိကြရာ တိုနီဘလဲ ကိုလည်း အီရတ် စစ်ပွဲနှင့် တွဲပြီး သတိရ နေကြ မည်မှာ သေချာ နေပေသည်။
အီရတ် စစ်ပွဲ
စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြား ရာတွင် တိုနီ ဘလဲက ဗြိတိန် နိုင်ငံသည် အမေရိကန်နှင့် ရင်ပေါင် တန်းပြီး အကြမ်းဖက် ဝါဒကို တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်းနှင့် အမေရိကန် ပြည်သူ တို့နှင့် အတူ နောက်ဆုံး အချိန် အထိ ရပ်တည် သွားမည် ဖြစ်ကြောင်း ကတိပြု ခဲ့သည်။ ထိုစကား နှင့်အညီပင် တိုနီဘလဲသည် ဗြိတိန် ပြည်သူ အများစုနှင့် ဥရောပ မဟာမိတ် များ၏ သဘော ထားကို ဆန့်ကျင်ပြီး ဗြိတိန် နိုင်ငံကို အီရတ် စစ်အတွင်း ဆွဲသွင်း ခဲ့သည်။ အီရတ် စစ်ပွဲလွန် ကာလ အီရတ် နိုင်ငံတွင် အခြေ အနေများ ယိုယွင်း ပျက်စီး လာသည့် အခါ တိုနီဘလဲ အပေါ် ထောက်ခံ မှုများ ကလည်း တဟုန်ထိုး ကျဆင်း လာခဲ့သည်။
ထို့ကြောင့် ၂ဝဝ၅ ခုနှစ် ရွေးကောက် ပွဲတွင် လေဘာ ပါတီ အနိုင်ရ ခဲ့သည့်တိုင် အများစု ရရှိ ထားသော အမတ် အရေ အတွက်မှာ ၁၆၇ နေရာမှ ၆၆ နေရာသို့ ကျဆင်း သွားခဲ့သည်။ နိုင်ငံရေး အကဲခတ် အများစု ကမူ ထိုရွေး ကောက်ပွဲတွင် လေဘာတို့ အနိုင်ရ ခြင်းမှာ ကွန်ဆာ ဗေးတစ် တို့၏ အားနည်းချက် ကြောင့်သာ ဖြစ်သည်ဟု သုံးသပ် ခဲ့ကြသည်။ ၂ဝဝ၆ ခုနှစ် မေလ တွင်မူ တိုနီဘလဲ အပေါ် လူထု ထောက်ခံ မှုမှာ ၂၆% အထိ ကျဆင်း သွားခဲ့ပြီး ၎င်းလတွင် ပြုလုပ်သည့် ဒေသန္တရ ရွေးကောက်ပွဲ များတွင် လေဘာ ပါတီ အနေဖြင့် ဒေသ အုပ်ချုပ်ရေး ကောင်စီ ၃၁၉ နေရာကို လက်လွတ် လိုက်ရသည့် အခါ လေဘာ ပါတီ အတွင်းတွင် တိုနီဘလဲ နှုတ်ထွက် ပေးရန် တောင်းဆို မှုများ ပိုမို များပြား လာခဲ့သည်။ ထို့ကြောင်း ၎င်းနှစ် စက်တင် ဘာလတွင် ပြုလုပ်သည့် လေဘာ ပါတီ ညီလာခံတွင် တိုနီ ဘလဲက ယခု ညီလာခံသည် လေဘာ ခေါင်းဆောင် အဖြစ် ၎င်းနောက်ဆုံး တက်ရောက်သည့် ညီလာခံ ဖြစ်ကြောင်း ပြောကြား ခဲ့ရ ပေသည်။
သမိုင်း စာမျက်နှာ ပေါ်က နေရာ
တိုနီဘလဲ ကဲ့သို့ နိုင်ငံတကာ ရေးရာ အတွေ့ အကြုံ များသော၊ နိုင်ငံရေး ပါးဝ လှသော ခေါင်းဆောင် တစ်ဦးက ဘုရှ်ကဲ့သို့ တစ်ယူသန် ကွန်ဆာ ဗေးတစ် တစ်ယောက်၏ ဦးဆောင်မှု အောက်တွင် မျက်စိ စုံမှိတ် လိုက်ခဲ့ ခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ပေါ်ထွက် ခဲ့ကြ ပါသည်။ တိုနီဘလဲ ကမူ ၎င်း၏ နှုတ်ဆက် မိန့်ခွန်းတွင် တိုင်းပြည်ကို ဦးဆောင် ရာတွင် တစ်ခါ တစ်ရံ ပြည်သူ များ၏ ဆန္ဒကို ဆန့်ကျင်ပြီး တိုင်းပြည် အတွက် အကျိုး ရှိမည်ဟု မိမိ ယုံကြည်သည့် အချက်ကို ဆုံးဖြတ် ဆောင်ရွက် ခဲ့ရကြောင်း ပြောဆိုပြီး အီရတ် စစ်ပွဲကို ကာကွယ် ပြောဆို သွားခဲ့သည်။ ထို့ကြောင့် ဘာကြောင့် အီရတ် စစ်ပွဲတွင် အမေ ရိကန်ကို ထောက်ခံရန် ဆုံးဖြတ် ခဲ့သည်ကို တိုနီဘလဲ တစ်ဦးသာ သိနိုင် ပေလိမ့်မည်။
မည်သို့ပင် ဆိုစေ ရှက်ဖီး တက္ကသိုလ် ခေတ်သစ် သမိုင်း ပါမောက္ခ အီယန် ကားရှော၏ အောက်ပါ မှတ်ချက်က တိုနီဘလဲ၏ သမိုင်း စာမျက်နှာ ပေါ်က နေရာကို ဖော်ပြ နေပေသည်။
အန်တိုနီ အီဒင် အကြောင်း ပြောရင် ဆူးအက် တူးမြောင်း အရေး အခင်းမှာ အဆုံး  အဖြတ်မှားခဲ့တာကို ပဲ သတိရ ကြလိမ့်မယ်၊ တိုနီဘလဲ ဆိုရင်တော့ အီရတ် စစ်ပွဲ ပဲပေါ့။ ရှောင်လို့ရနိုင်တဲ့ အမှားကို ဇွတ်တိုး လုပ်ခဲ့တဲ့ လုပ်ဆောင် ချက်ကို တိုနီ ဘလဲရဲ့ သင်္ကေတအဖြစ် အမြဲ သတိရ နေကြမှာ သေချာတယ်၊ လူတွေကမှာ တိုနီဘလဲ အောင်မြင် ခဲ့တာတွေ အားလုံးကို အီရတ် စစ်ပွဲ အမှားနဲ့ ချေလိုက် ကြမှာပါ။ အီရတ် စစ်ပွဲက တိုနီဘလဲ ဝန်ကြီးချုပ် သက်တမ်း အတွက် အကြီးဆုံး အနှုတ် လက္ခဏာ အဖြစ် တစ်သက်လုံး စွဲကျန် နေမှာ သေချာ ပါတယ်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
BBC News 10-5-2007, 11-5-2007
၂။
Tony Blair on his legacy and Iraq, Newsweek, 26-2-2007
Read more