Thursday, September 5, 2013

ပြုပြင် ရတော့မည့် ဗြိတိန် နိုင်ငံ စာနယ်ဇင်း လောက (၃)

သတင်းစာ များနှင့် ရဲတပ်ဖွဲ့
စုံစမ်းရေး ကော်မရှင်က သတင်းစာ များ အနေဖြင့် ထိရောက်သော ကျင့်ဝတ် ဆိုင်ရာ ထိန်းကျောင်းမှု စနစ်များ တည်ထောင်ရန် တိုက်တွန်း ခဲ့သကဲ့သို့ သတင်းစာ များနှင့် ရဲတပ်ဖွဲ့ အကြား ဆက်ဆံရေး ကိုလည်း သုံးသပ် အကြံပြု သွားခဲ့ သည်။ သို့သော် ထူးခြားချက်မှာ စုံစမ်းရေး ကော်မရှင် အနေဖြင် ဗြိတိန် နိုင်ငံက အဓိက သတင်းစာကြီး များနှင့် ရဲတပ်ဖွဲ့ အကြား ဆက်ဆံရေး မကောင်း သောကြောင့် ထောက်ပြ ရခြင်းမဟုတ်ဘဲ အလုပ် သဘောထက် ပိုမိုသည့် ဆက်ဆံရေး များရှိနေ ခြင်းက စာနယ်ဇင်း ကျင့်ဝတ်နှင့် သတင်းစာ များ၏ အဆင့်အတန်း ကို ထိခိုက် လာခြင်းကြောင့် သုံးသပ် အကြံပြု ခဲ့ရခြင်း ပင်ဖြစ်သည်။
စုံစမ်းရေး ကော်မရှင်က ၂၀၀၆ ခုနှစ်တွင် ပေါ်ပေါက် ခဲ့သည့် News of the World က ဗြိတိန် တော်ဝင် မိသားစု များ၏ ဖုန်းများကို ကြားဖြတ် နားထောင် ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လန်ဒန် ရဲတပ်ဖွဲ့က ထဲထဲ ၀င်ဝင် စုံစမ်းမှု မပြုခဲ့ခြင်း၊  တယ်လီဖုန်း ကြားဖြတ် နားထောင်မှု ဖြစ်စဉ်များကို ၂၀၁၁ ခုနှစ်တွင် ဂါဒီးယန်း သတင်းစာနှင့် နယူးယောက် တိုင်းမ် သတင်းစာ တို့မှ စတင် ဖွင့်ချ ခဲ့ချိန်၌လည်း စုံစမ်းမှုများ ချက်ခြင်း ပြုလုပ်ရန် ပျက်ကွက် ခဲ့ခြင်း တို့ကြောင့် လန်ဒန် ရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများနှင့် News of the World သတင်းစာပိုင်ရှင် News International တို့အကြား ဆက်ဆံရေး အပေါ် မေးခွန်း ထုတ်စရာ တွေဖြစ် လာခဲ့သည် ဟုဆိုသည်။ ထို့ပြင် ယခုကဲ့သို့ ပုံမှန် မဟုတ်သည့် ဆက်ဆံရေး များသည်  News of the World နှင့် လန်ဒန် မြို့တော် ရဲတပ်ဖွဲ့( Metropolitan Police Service, MPS) အကြား တွင်သာ ပေါ်ပေါက်ခြင်း မဟုတ်ဘဲ အခြား သတင်းစာ ကြီးများနှင့်လည်း ရှိခဲ့ကြောင်း၊ ဒေသန္တရ သတင်းစာ ငယ်များနှင့် ဒေသခံ ရဲတပ်ဖွဲ့များ အကြား တွင်လည်း အတိုင်းအတာ တစ်ခုအထိ ရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။
စုံစမ်းရေး ကော်မရှင်က ရဲတပ်ဖွဲ့ အနေဖြင့် ပြည်သူများကို မှုခင်း ဆိုင်ရာ သတင်း အချက်အလက်များ ဖြန့်ဝေ ပေးရန်၊ ရာဇ၀တ်မှု ဖြေရှင်းရေး တွင် ပြည်သူများ ပါဝင်လာရန်၊ ရဲတပ်ဖွဲ့၏ ပုံရိပ်ကို မြှင့်တင် နိုင်ရန်အတွက် စာနယ်ဇင်း များနှင့် ထိတွေ့ ဆက်ဆံရန် လိုအပ်ကြောင်း၊ စာနယ်ဇင်းများ အနေဖြင့်လည်း ပြည်သူ များကို ရာဇ၀တ်မှု များနှင့် ပတ်သက်သည့် သတင်းများ အသိပေး နိုင်ရန် အတွက် ရဲတပ်ဖွဲ့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိလိုကြောင်း၊ သို့သော် တစ်ဘက် တွင်လည်း ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် ထိန်းကျောင်း ပေးရန် လိုကြောင်း၊ ထို့ကြောင့် နှစ်ဘက်ကြား ဆက်ဆံရေး သည် တိကျ မှန်ကန်သော ဆက်ဆံရေးဖြစ်ရန်၊ ကိုယ်ကျိုး စီးပွားကိုအခြေခံသည့် ဆက်ဆံရေးမျိုး မဖြစ်ရန် လိုကြောင်း သတိပေး ဖော်ပြခဲ့သည်။
ထိုကဲ့သို့ဆက်ဆံရေးမျိုးမဖြစ်ပေါ်စေရန်အတွက် ရဲတပ်ဖွဲ့ဝင်များဘက်က အောက်ပါအချက်များနှင့်ပတ်သက်ပြီး တိကျ သောစည်းမျဉ်းများချမှတ်ထားသင့်သည်ဟု စုံစမ်းရေးကော်မရှင်ကအကြံပြုခဲ့သည်ကိုတွေ့ရသည်-
(က)
စာနယ်ဇင်းအချို့ကိုသာ လျှို့ဝှက်သတင်းထုတ်ပေးခြင်း ( Tip Offs, Leaks)
(ခ)
အလွတ် သဘော ပြောကြားခြင်း ( Off the Record Briefings )
(ဂ)
သတင်းထောက် များကို ရဲတပ်ဖွဲ့ စစ်ဆင်ရေး များတွင် လိုက်ပါခွင့် ပြုခြင်း ( Taking Media on Operations)
(ဃ)
ဧည့်ခံပွဲများ ( Entertainments)
(င)
ရဲတပ်ဖွဲ့ဝင် ဟောင်းများကို စာနယ်ဇင်း လုပ်ငန်းများတွင် ခန့်ထားခြင်း ( Revolving Door Phenomenon)
စုံစမ်းရေး ကော်မရှင်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စာနယ်ဇင်းများနှင့် ဆက်ဆံရာတွင်လိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက် လျှင် Association of Chief Police Officers , ACPO က ပြုစု ထားသည့် ကျင့်ဝတ် များသည် အခြေခံအားဖြင့် ကောင်းမွန်ပြီး လိုအပ်ချက် များကို ပြန်လည် ပြင်ဆင် သင့်ကြောင်း အကြံပြု ခဲ့သည်။
ထို့ပြင် စုံစမ်းရေး ကော်မရှင်က ရဲအရာရှိ များအနေဖြင့် စာနယ်ဇင်း များနှင့် တွေ့ဆုံမှု မှတ်တမ်း ထားရှိပြီး ပွင့်လင်း မြင်သာစွာ ထုတ်ပြန် ပေးနိုင် ရမည်ဟု ဆိုသည်။ အလားတူပင် ဖြစ်ပေါ်ခဲ့သည့် တယ်လီဖုန်း ကြားဖြတ် နားထောင်မှု များတွင် ရဲတပ်ဖွဲ့ဝင် ဟောင်း များကို သတင်း စာတိုက်က စုံစမ်းရေးမှူး အဖြစ် တာဝန်ပေး ခဲ့ခြင်းကြောင့် နောင်တွင် ရဲတပ်ဖွဲ့မှ အနားယူပြီးသည့် တပ်ဖွဲ့ဝင် ဟောင်းများကို တစ်နှစ်အတွင်း စာနယ်ဇင်း လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် မပြုရန်၊ ထိုသို့ လုပ်ကိုင် ရာတွင်လည်း ရဲတပ်ဖွဲ့နှင့် ဆက်ဆံရေးတွင် လိုက်နာရမည့် စည်းမျဉ်း များကိုပါ သတ်မှတ် ပေးရန် အကြံပြုခဲ့သည်။
စုံစမ်းရေး ကော်မရှင်က နောက်ထပ် စုံစမ်း စစ်ဆေး အကြံပြု ခဲ့သည့် ကိစ္စမှာ သတင်းစာများနှင့် နိုင်ငံရေး သမားများ အကြား ဆက်ဆံရေး ဖြစ်သည်။
ဆက်လက် ဖော်ပြပါမည်
ရဲထွဋ်
မှီငြမ်းပြုစာစောင်

An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry

No comments:

Post a Comment