Saturday, September 7, 2013

စာနယ်ဇင်း လွတ်လပ်ခွင့် နှင့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ရှုထောင့် (၂)

မီဒီယာနှင့် စာနယ်ဇင်း လွတ်လပ်ခွင့် တို့အပေါ် ရှုထောင့် သစ်များကို ဆွေးနွေးပြီးနောက် နောက်ထပ် လေ့လာ ခဲ့ရသည့် အချက် မှာ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စ ဖြစ်သည်။
မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ( Media Development )
ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုတွင် ရှိရမည့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ကောင်းမွန်သော အုပ်ချုပ်မှု စနစ်၊ နိုင်ငံသား များ၏ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရန် အတွက် မီဒီယာများက အရေးကြီးသော ကဏ္ဍမှာ ရှိသည်။ သို့သော် တစ်ခါတစ်ရံ တွင် စီးပွားရေး၊ နိုင်ငံရေး အင်အားကြီး အုပ်စုများက မီဒီယာများကို ချုပ်ကိုင် ထားသည့် အခါ မီဒီယာ လွတ်လပ်ခွင့် ရှိသည့်တိုင် အင်အားနည်း အုပ်စုများ၊ လူနည်းစု များ၏ သဘောထားများ၊ ခံစားချက်များ၊ နစ်နာချက်များကို မီဒီယာများမှ တဆင့် တင်ပြနိုင်ခွင့် မရတော့ဘဲ  လျစ်လျူရှု ခံရသည့် အခြေအနေသို့ ရောက်သွား တတ်ပြန်သည်။  ထို အခြေအနေ မျိုးတွင် မီဒီယာက ပဋိပက္ခများ၊ သဘောထား ကွဲပြားမှု များကို ပြေလျော့ သွားအောင် လုပ်ရမည့် အစား ပိုမို အားကောင်း လာအောင် လုပ်ပေးသလို ဖြစ်သွား တတ်သည်။ ထို အခြေအနေမျိုးကို ဒီမိုကရေစီ အသွင် ကူးပြောင်းစ နိုင်ငံများ တွင် အများအပြား တွေ့နိုင်သလို ဖွံ့ဖြိုးပြီး နိုင်ငံများ တွင်လည်း တွေ့ရ တတ်သည်။  ထို့ကြောင့်လည်း ယူနက်စကို အပါအ၀င် သတင်း လွတ်လပ်ခွင့်ကို အလေးထား ဆောင်ရွက် နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများက  စာနယ်ဇင်း လွတ်လပ်ခွင့်သည် မဖြစ်မနေ လိုအပ်ချက် ဖြစ်သော်လည်း ဤအချက် တစ်ခုတည်းဖြင့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်၊ နိုင်ငံသားများ၏ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရန် အတွက် လုံလောက်မှု မရှိပဲ အောက်ပါ အခြေအနေ များကိုပါ ဖြည့်ဆည်း ပေးရန် လိုအပ် သည်ဟု ထောက်ပြ ကြသည်-
           
(က)
မီဒီယာ လွတ်လပ်ခွင့် ရှိရမည့် အပြင် အင်အားနည်း အုပ်စုများ၊ လူနည်းစုများ အနေဖြင့် မီဒီယာ များထံမှ  သတင်း အချက်အလက်များ လွယ်ကူစွာ ရယူ နိုင်ခြင်း၊ မီဒီယာများ ပေါ်တွင် ၎င်းတို့၏ သဘောထား အမြင်များကို ထုတ်ဖော် တင်ပြခွင့် ရှိခြင်း။  ( Independence and Access)
( ခ)
မီဒီယာ ကဏ္ဍကို လက်ဝါးကြီး အုပ်ခြင်းမှ ကာကွယ်ခြင်းနှင့် ပုဂ္ဂလိက မီဒီယာ လုပ်ငန်းငယ်များ ပြည်သူ့ ရေးရာ ၀န်ဆောင်မှု မီဒီယာများ ရှင်သန် နိုင်အောင် အကာအကွယ် ပေးသည့်  ဥပဒေများ၊ စည်းမျဉ်းများ ရှိခြင်း။ ( Pluralism and Diversity )
( ဂ)
စာနယ်ဇင်း သမားများ၊ ရုပ်သံ သတင်းထောက်များ၊ သတင်း တင်ဆက်သူများ၊ မီဒီယာ လုပ်ငန်း စီမံခန့်ခွဲသူများ စသည့် မီဒီယာ လောက သားများ၏ အရည်အချင်းကို မြှင့်တင် ပေးမည့် လေ့ကျင့်ရေး စနစ်များ ရှိခြင်း။ ( Professional Capacity of Media Workers)
(ဃ)
မီဒီယာ လုပ်ငန်းများ တိုးတက်ရေး အတွက် အခြေခံ အဆောက်အအုံ ကောင်းများ ရှိခြင်း။ (Infrastructural Capacity)
ထို့ကြောင့် ယူနက်စကို အဖွဲ့ကြီးက အထက်ပါ အခြေအနေများ အားလုံးကို ဖြည့်ဆည်း နိုင်ရန် အတွက် နိုင်ငံ တစ်ခု၏ မီဒီယာကဏ္ဍ အခြေအနေကို သုံးသပ်ရာတွင် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ဆိုသည့် အယူအဆ ဘက်မှ ချဉ်းကပ် လေ့လာ ရန် သတ်မှတ် ခဲ့သည်။ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အယူအဆ အရ နိုင်ငံတစ်ခုတွင် စာနယ်ဇင်း လွတ်လပ်ခွင့် အပါအ၀င် မီဒီယာ ကဏ္ဍ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေအနေ ငါးရပ်ကို ဖြည့်ဆည်း ပေးရမည် ဖြစ်သည်။
ပထမ အခြေအနေမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် မီဒီယာများ ပေါ်တွင်  မတူ ကွဲပြားသော အမြင်များ ဖော်ပြခွင့် ရစေရန် အထောက်အကူ ပြုသည့် စည်းမျဉ်း၊ စည်းကမ်းများ ရှိခြင်း ဖြစ်သည်။ ဤအခြေအနေ ကို ရရှိစေရန် အတွက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် အာမခံရမည့် အပြင် လက်တွေ့ တွင်လည်း လိုက်နာ ကျင့်သုံးမှု ရှိရမည် ဖြစ်သည်။ ထို့ပြင် မီဒီယာများ၏ သတင်း ရယူခွင့်၊ သတင်း အရင်းအမြစ်ကို ကာကွယ် နိုင်ခွင့် အယ်ဒီတာ လွတ်လပ်ခွင့် စသည့် အခွင့်အရေးများနှင့် ပတ်သက်ပြီး ဥပဒေများဖြင့် အကာအကွယ် ပေးထား ရမည် ဖြစ်သည်။ ရုပ်သံလွှင့် မီဒီယာများ အတွက် ဆိုပါက ရုပ်သံ ထုတ်လွှင့်ခွင့် လိုင်စင် ထုတ်ပေးခြင်း၊ လှိုင်းနှုန်း ခွဲဝေ သုံးစွဲခြင်း များနှင့် ရုပ်သံ ထုတ်လွှင့်ရာတွင် လိုက်နာရမည့် စည်းကမ်း ချက်များနှင့် ပတ်သက်သည့် ဥပဒေများ ရှိရမည် ဖြစ်သည်။ ဤအခြေအနေတွင် အငြင်း ပွားဖွယ်ရာ အဖြစ်ဆုံး ကိစ္စမှာ အသရေ ဖျက်မှု ( Defamation Law) ဖြစ်သည်။ အချို့ နိုင်ငံများတွင် အသရေ ဖျက်မှုကို ပြစ်မှု ကြောင်းအရ တရားစွဲဆို ခွင့်ပြုထားပြီး အချို့ နိုင်ငံများတွင် တရားမမှု အဖြစ်သာ တရားစွဲဆို ခွင့်ပြု ထားသည်။ Article 19 ကဲ့ သို့ စာနယ်ဇင်း လွတ်လပ်ခွင့် ဆောင်ရွက်နေသည့် အဖွဲ့များ ကတော့ တရားမမှု အဖြစ်သာ စွဲဆို သင့်သည်ဟု ယူဆကြသည်။ သို့သော် ပြစ်မှုကြောင်း အရ တရားစွဲဆို ခွင့်ပြုခြင်းကို ထောက်ခံ သူများ ကမူ မီဒီယာများ၏ မမှန်မကန် ရေးသား ချက်ကြောင့် အစုရှယ်ယာ ဈေးများ ထိုးကျ သွားခြင်း၊ ရွေးကောက်ပွဲ ကာလတွင် နစ်နာမှုများ ဖြစ်ပေါ်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး အရ ထိခိုက် နစ်နာ စေခြင်း စသည့် ဖြစ်စဉ်များတွင် တရားမ ကြောင်းအရ တရားစွဲဆိုမှုသည် နစ်နာမှုများ အတွက် လုံလောက်မှု မရှိကြောင်း ထောက်ပြ ကြသည်။
ထို့ကြောင့် ယူနက်စကို အပါအ၀င် မီဒီယာ လွတ်လပ်ခွင့်ကို ဆောင်ရွက် နေသည့် အဖွဲ့အစည်းများက အသရေဖျက် မှုနှင့် ပတ်သက်ပြီး ပြစ်မှု ကြောင်းအရ တရားစွဲဆို နိုင်ရန် ဥပဒေ ပြဋ္ဌာန်းမည် ဆိုပါက လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာနှင့် အကျင့် စာရိတ္ထကို ကာကွယ် စောင့်ရှောက်ရန် အတွက်သာ ရည်ရွယ် ပြဋ္ဌာန်းခြင်း ဖြစ်ရန်၊ အစိုးရ သို့မဟုတ် ပြည်သူ့ ၀န်ထမ်းများ၏ ပြုမူ ဆောင်ရွက်မှု များကို ဝေဖန်ခြင်း မပြုနိုင်အောင် ဟန့်တားသည့် သဘောဖြင့် ဆောင်ရွက်ခြင်း မပြုရန်၊ ခုခံ ကာကွယ်သူ အနေဖြင့် ဥပဒေအရ အသုံးပြု နိုင်မည့် ကင်းလွတ် ခွင့်များ တိတိကျကျ ဖော်ပြ ပေးရန် စသည်ဖြင့် လိုက်နာ သင့်သော အခြေခံမူ များကို အကြံပြု ထားသည် ကိုလည်း တွေ့ရသည်။
နောက်ထပ် အငြင်းပွားလေ့ ရှိသည့် အချက်မှာ စာနယ်ဇင်း လွတ်လပ်ခွင့် အပေါ် ကန့်သတ်ခွင့် ရှိမရှိ ဆိုသည့်အချက်  ဖြစ်သည်။ တကယ်တော့ လူ့အခွင့်အရေး ကြေညာ စာတမ်း ပုဒ်မ ၁၉ တွင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို အာမခံထားသကဲ့ သို့ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် ၂၉ (Article 29 of  Universal Declaration of Human Rights  ) တွင် ဤကြေညာ စာတမ်းပါ အခွင့်အရေး များကို ကျင့်သုံးရာ၌ အခြားသူများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေး များကို လေးစားရန်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုတွင် ရှိသင့်၊ ရှိအပ်သည့် ပြည်သူများ၏ အကျင့် စာရိတ္ထ၊ တရား ဥပဒေ စိုးမိုးမှုနှင့် အထွေထွေ အကျိုးစီးပွား များကို မထိခိုက် စေရန် အတွက် အလေး ဂရုပြုရမည် ဟု ဖော်ပြ ထားပါသည်။
ပြည်သူများ၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်း ပုဒ်မ ၂၀ (Article  20 of International Covenant on Civil and Political Rights) တွင်မူ လူမျိုးရေး၊ ဘာသာရေး မုန်း တီးမှုများ၊ ခွဲခြား ဆက်ဆံမှု များနှင့် အကြမ်းဖက်မှု များကို ဖြစ်ပေါ် စေမည့် လှုံ့ဆော် ရေးသားမှုများ၊ လုပ်ဆောင်မှု များကို ဥပဒေဖြင့် တားမြစ်ရန် လိုအပ်ကြောင်း ဖော်ပြ ထားသည်ကို တွေ့ရသည်။
အလားတူပင် ဥရောပ လူ့အခွင့်အရေး ဆိုင်ရာ ကြေညာ စာတမ်း အပိုဒ် ၁၀ (Article 10 of European Convention on Human Rights) တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးရာတွင် အမျိုးသား လုံခြုံရေး၊ နယ်မြေ ပိုင်ဆိုင်မှု၊ ပြည်သူများ၏ လုံခြုံရေး အတွက် လည်းကောင်း၊ ရာဇ၀တ် မှုခင်းများကို ကာကွယ်နိုင်ရန် အတွက် လည်းကောင်း၊ ပြည်သူများ၏ အကျင့်စာရိတ္ထနှင့် ကျန်းမာရေးအတွက် လည်းကောင်း၊ တရားရေး မဏ္ဍိုင်၏ လွတ်လပ်မှုကို မထိပါးစေရန် အတွက် လည်းကောင်း ရည်ရွယ် ပြဋ္ဌာန်းထားသည့်  ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုတွင် ရှိသင့် ရှိအပ်သည့် ဥပဒေများ၊ စည်းကမ်း ကန့်သတ်ချက်များကို လိုက်နာရန် လိုအပ်သည်ဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။
ထို့ကြောင့် ယူနက်စကို အဖွဲ့က သက်ဆိုင်ရာ နိုင်ငံတစ်ခု အနေဖြင့် နိုင်ငံ လုံခြုံရေး၊ လူမျိုးရေး မုန်းတီးမှုကိုလှုံ့ ဆော်ခြင်း၊ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကာကွယ်ခြင်း၊ တရားရုံး၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ခြင်း၊  မဖွယ်မရာ စော်ကား ပြောဆို ခြင်းများနှင့် ပတ်သက်ပြီး ကန့်သတ် တားမြစ်သည့် ဥပဒေများ ပြဋ္ဌာန်း သင့်သည်ကို လက်ခံ သော်လည်း ထိုဥပဒေများ အနေဖြင့် လိုရာဆွဲပြီး အဓိပ္ပါယ် ကောက်ယူ၍ မရအောင် တိတိကျကျ ပြဋ္ဌာန်းရန်၊ ဒီမိုကရက်စီ လူ့ အဖွဲ့အစည်း တစ်ခု အနေဖြင့်  တစ်ဦးချင်းနှင့် လူ့အဖွဲ့ အစည်း၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် အတွက် အနည်းဆုံး လိုအပ်သည့် ကန့်သတ်ချက် များသာ ဖြစ်ရန်၊ နိုင်ငံတကာ စံများနှင့် လိုက်လျော ညီထွေ ရှိစေရန် လိုအပ် သည်ဟု သတ်မှတ် ထားပါသည်။
ဆက်လက် ဖော်ပြပါမည်။

ရဲထွဋ် 

No comments:

Post a Comment