Thursday, October 31, 2013

နဂါးခံတွင်းသို့ဝင်မည့်လင်းယုန်(၃)

တရုတ် နိုင်ငံတွင် ထုတ်ဝေသော စစ်ဘက် ဆိုင်ရာ စာပေ များ၌ ရေးသား ဖော်ပြ ချက်များ အရ တရုတ် နိုင်ငံ အနေဖြင့် ဟန့်တား နှောက်ယှက်ရေး မဟာ ဗျူဟာကို အောက်ပါ အတိုင်း အသုံးပြု လာနိုင် သည်ဟု အမေရိကန် စစ်ရေး ကျွမ်းကျင် သူများက သုံးသပ် တင်ပြခဲ့ ကြသည်ကို တွေ့ရ ပေသည်-
စစ်စခန်းချခွင့်၊ နယ်မြေအသုံးပြုခွင့်မရရှိအောင်တားဆီးခြင်း
တရုတ် နိုင်ငံ အနေဖြင့် ပဋိပက္ခ ကာလတွင် ဒေသတွင်းရှိ အမေ ရိကန်တို့၏ မဟာမိတ် နိုင်ငံများက ၎င်းတို့ နိုင်ငံရှိ အခြေစိုက် စခန်း များကို အမေရိကန် တပ်ဖွဲ့များ အသုံးပြု ခြင်းအား တားဆီးခြင်း၊ သို့မဟုတ် လေပိုင်နက်ကို ဖြတ်ကျော် ပျံသန်း ခွင့်မပြုခြင်း၊ ဆိပ်ကမ်း များကို အသုံးပြုခွင့် မပေး ခြင်းတို့ လုပ်ဆောင် လာစေရန် အတွက် သံတမန်ရေး၊ နိုင်ငံရေး နည်းလမ်း များဖြင့် ဆောင်ရွက် လာနိုင် ပေသည်။ အီရတ် စစ်ပွဲ ကာလက နေတိုး အဖွဲ့ဝင် နိုင်ငံ ဖြစ်သော တူရကီ နိုင်ငံက တူရကီ လေတပ် အခြေစိုက် စခန်းများကို အမေရိကန်တို့အား အသုံး ပြုခွင့် ပေးရန် ငြင်းဆန် ခဲ့ခြင်းသည် အကောင်းဆုံး ဥပမာပင် ဖြစ်သည်။ ဖိလစ်ပိုင် နိုင်ငံမှ ရေတပ်နှင့် လေတပ် အခြေစိုက် စခန်း များကို ရုပ်သိမ်းခဲ့ ရပြီးနောက် အမေရိကန် တို့သည် ဂျပန် နိုင်ငံရှိ အခြေစိုက် စခန်း များကို အလွန်အမင်း အားထား နေရခြင်း သည် အမေ ရိကန်တို့၏ အားနည်းချက် တစ်ခု ဖြစ်နေသည်။
ကွပ်ကဲမှု၊ ကြီးကြပ်မှု၊ ဆက်သွယ်မှုနှင့် ထောက်လှမ်းရေး စနစ်များကို တိုက်ခိုက်ခြင်း
အမေရိ ကန်တို့၏ ကွပ်ကဲ ကြီးကြပ်မှု စနစ် အပေါ် တိုက်ခိုက်မှု များသည် ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုင်ဘာ နယ်မြေ ငါးခု လုံးမှ ဘက်စုံ ဒေါင့်စုံ ပေါ်ပေါက် လာနိုင်သည်။ တိုက်ခိုက်မှု နည်းလမ်း များမှာလည်း ဆက်သွယ်မှု စနစ်ကို ဝင်ရောက် နှောက်ယှက်သည့် အပျော့စား တိုက်ခိုက်မှု များမှသည် အဆောက် အအုံများကို ပျက်စီး စေသည့် ပြင်းထန်သော တိုက်ခိုက်မှု များအထိ ပါဝင် လာနိုင်သည်။ ပြင်းထန်သည့် လျှပ်စစ် သံလိုက် လှိုင်းများ ပေါ်ထွက် စေသည့် ပေါက်ကွဲ မှုများကို ပြုလုပ် ခြင်းဖြင့် ဆက်သွယ်မှု စနစ်ကို နှောက်ယှက် ဖျက်ဆီးသည့် နည်းလမ်း သည်လည်း ဖြစ်နိုင် ဖွယ်ရာ ရှိသော တိုက်ခိုက်မှု များထဲတွင် ပါဝင်ပေသည်။
ကွန်ပျူတာကွန်ယက်စနစ်ကို တိုက်ခိုက်ခြင်း
အမေရိကန် စစ်ဘက် ကွန်ပျူတာ ကွန်ယက်စနစ် ၏ ၉ဝ% သည် အများ ပြည်သူသုံး ကွန်ပျူတာ ကွန်ယက် စနစ် များကို ဖြတ်သန်း ဆောင်ရွက် နေခြင်း ဖြစ်သည်။ ကိုဆိုဗို စစ်ပွဲ ကာလ အတွင်းက ဆာဘီးယား ဟက်ကာ များက အမေရိကန် လေယာဉ်တင် သဘောင်္ အုပ်စု ၏ ကွပ်ကဲမှု ကွန်ပျူတာ ကွန်ယက် စနစ် အတွင်းသို့ ထိုးဖောက် တိုက်ခိုက် ခဲ့ရာ လေယာဉ်တင် သဘောင်္ အုပ်စု၏ စစ်ဆင်ရေး လုပ်ငန်းများ ကသိ ကအောင့် ဖြစ်ခဲ့ ရဖူးသည်။ ထို့ပြင် ကွန်ပျူတာ စနစ်ကို တိုက်ခိုက် မှုသည် စစ်ဖြစ် ချိန်မှသာ မဟုတ်ပဲ ငြိမ်းချမ်းချိန် ကာလကပင် မိမိ ပြိုင်ဖက်၏ ကွန်ပျူတာ စနစ် တွင်းသို ထိုးဖောက် သတင်း ယူခြင်း၊ ဗိုင်းရပ်စ်များ ထည့်သွင်း ထားပြီး လိုအပ် ချိန်တွင် အသက် သွင်းခြင်းဖြင့် ကွန်ပျူတာ စနစ်ကို နှောင့်ယှက် ဖျက်ဆီးခြင်း တို့ကို ဆောင်ရွက် နိုင်သည့် အားသာ ချက်လည်း ရှိနေ ပေသည်။
ဂြိုလ်တုဖျက်စနစ်
အမေရိကန် တပ်မတော်၏ ကွပ်ကဲ ကြီးကြပ်မှု၊ ဆက်သွယ်မှု၊ ထောက်လှမ်းမှု နှင့် ပစ်မှတ် ရှာဖွေမှု စနစ် အားလုံးသည့် ဂြိုလ်တု ဆက်သွယ်ရေး စနစ် အပေါ်တွင် မီခို နေရခြင်း ဖြစ်သည်။ ထို့ပြင် အမေရိကန် တပ်မတော်၏ ပဲ့ထိန်း ဒုံးစနစ် များသည် ဂျီပီအက်စ် စနစ်ဖြင့် လမ်းကြောင်း ထိန်းသိမ်း မှုများကို ဆောင်ရွက် နေခြင်း ဖြစ်သည်။ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ အပြီးတွင် ပြုလုပ် ခဲ့သည့် တရုတ် တပ်မတော်၏ လေ့လာ ချက်အရ စစ်ပွဲ ကာလ အတွင်းတွင် အမေရိကန် တို့၏ ဆက်သွယ်မှု ၉ဝ% ကို ဂြိုလ်တုမှ တဆင့် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ခဲ့ ရသည်။ ထို့ကြောင့် ၂ဝဝဝ ပြည့်နှစ်တွင် တရုတ် စစ်ပညာ ဂျာနယ် တစ်စောင် ၌ အမေ ရိကန်ကို လေယာဉ်ချင်း၊ တင့်ကားချင်း ယှဉ်တိုက်ရန် မဖြစ် နိုင်သည့် နိုင်ငံများ အနေဖြင့် အမေရိကန် တို့၏ အာကာသ အခြေပြု ဆက်သွယ်မှု စနစ်ကို တိုက်ခိုက်ရန် ကြိုးစား သင့်ကြောင်း၊ ထိုသို့ တိုက်ခိုက် ရာတွင် ဂြိုလ်တုမှ ထုတ်လွှင့် ချက်များကို နှောက်ယှက်ခြင်း (Jamming) နှင့် ဂြိုလ်တု များကို ဖျက်ဆီးခြင်း နည်းလမ်း နှစ်မျိုး လုံးကို သုံးသင့်ကြောင်း တိုက်တွန်း ထားသည့် ဆောင်းပါး တစ်စောင်ကို ဖော်ပြခဲ့ သည်ကို တွေ့ခဲ့ရသည်။ ယခုနှစ် ဇန်န ဝါရီလ ၁၁ ရက်နေ့တွင် မြေပြင် အထက် မိုင် ၅ဝဝကျော် တွင် ရှိနေသော မိုးလေဝသ ဂြိုလ်တု အဟောင်း တစ်လုံးကို မြေပြင်မှ ဒုံးပျံဖြင့် ပစ်ခတ် ဖျက်စီး နိုင်ခဲ့ သည်ကို တွေ့ရ သည်။ ထို့ကြောင့် မိုင် ၅ဝဝ ကမ္ဘာ ပတ်လမ်း အတွင်းတွင် ရှိနေသော အမေရိကန် ဂြိုလ်တု များသည် တရုတ် တို့၏ ဂြိုလ်တုဖျက် ဒုံးလက်နက် စနစ်ဖြင့် ဖျက်ဆီးခြင်း ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။
အုပ်ချုပ် ထောက်ပံ့မှု စနစ်အား တိုက်ခိုက်ခြင်း
ဒေသတွင်းတွင် အခြေပြု ထားသော အမေရိကန် တပ်ဖွဲ့ များကို ပဋိပက္ခ ဖြစ်ပွားရာ နေရာသို့ လျှင်မြန်စွာ တပ်ဖြန့်ခြင်း မပြုနိုင်ရန်၊ နောက်ထပ် တပ်ဖွဲ့ သစ်များကို အာရှ ဒေသ တွင်းသို့ ပို့ဆောင်ခြင်း မပြုနိုင် ရန်နှင့် နောက်ဆုံး အဆင့်တွင် စစ်မြေပြင်တွင် ရောက်ရှိ နေသော တပ်ဖွဲ့များသို့ အုပ်ချုပ် ထောက်ပံ့မှု မပြုလုပ် နိုင်ရန် ရည်ရွယ် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုသို့ တိုက်ခိုက် ရာတွင် အမေရိကန် အခြေစိုက် စခန်း များကို အနုမြူ ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးပျံ များဖြင့် လည်းကောင်း၊ သမား ရိုးကျ ထိပ်ဖူးတပ် ခရုစ် ဒုံးပျံ များဖြင့် လည်းကောင်း တိုက်ခိုက် ခြင်းမှ အစ လေကြောင်းမှ တိုက်ခိုက်ခြင်း အလယ် အထူး တပ်ဖွဲ့များ၊ အကြမ်းဖက် သမား များဖြင့် တိုက်ခိုက်ခြင်း အဆုံး နည်းလမ်း များကို အသုံး ပြုနိုင် ပေသည်။ ထို့ပြင် အချက်အခြာ ကျသော ကုန်သွယ် ရေလမ်းကြောင်း များကို ရေငုပ် သဘောင်္များ၊ ရေမြှပ် မိုင်းများဖြင့် ပိတ်ဆို့ နိုင်သကဲ့သို့ မလက္ကာ ရေလက်ကြား ကဲ့သို့သော နေရာတွင် ရေနံတင် သဘောင်္ကြီး တစ်စီးကို နှစ်မြှပ်ခြင်း စသည် တို့ကလည်း အုပ်ချုပ် ထောက်ပံ့မှု စနစ်ကို ပျက်ပြားအောင် လုပ်ဆောင် နိုင်ပေသည်။
အမေရိကန်တို့ကြံဆချက်
တရုတ် နိုင်ငံ၏ ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာကို တုန့်ပြန်ရန် အတွက် အမေ ရိကန်တို့၏ အဓိက အားနည်း ချက်မှာ အာရှ ဒေသတွင်းရှိ အခြေစိုက် စခန်း များ၏ အနေ အထားပင် ဖြစ်သည်။ ဗီယက်နမ် စစ်ပြီးဆုံး ပြီးချိန်တွင် တောင် ဗီယက်နမ်ရှိ အခြေစိုက် စခန်းများကို လက်လွှတ် ခဲ့ရ သကဲ့သို့ ၁၉၉၁ ခုနှစ် စက်တင် ဘာလတွင် ဖိလစ်ပိုင် နိုင်ငံက အမေရိကန် ရေတပ်နှင့် လေတပ် အခြေစိုက် စခန်းများ ငှားရမ်းသည့် စာချုပ်ကို သက်တမ်း တိုးရန် ငြင်းဆန် ခဲ့ပြီးနောက် ကလတ် လေတပ် စခန်းနှင့် ဆူဘစ် ရေတပ် စခန်း များကို လက်လွှတ် ခဲ့ရသည်။ အဆိုပါ စခန်း နှစ်ခုမှာ ပင်လယ် ရပ်ခြားရှိ အမေရိကန် အခြေစိုက် စခန်း များတွင် အကြီးဆုံး နှစ်ခုဖြစ်ရာ ထိုစခန်းများကို ဆုံးရှုံး ခဲ့ရခြင်းမှာ အမေရိကန် တို့အတွက် အထိနာ လှပေသည်။
ထို့ကြောင့် လက်ရှိ အချိန်တွင် အာရှ ဒေသရှိ အမေရိကန် တပ်ဖွဲ့ များသည် တောင် ကိုရီးယား နိုင်ငံရှိ စခန်းနှစ်ခု၊ ဂျပန် နိုင်ငံရှိ စခန်း(၇) ခုနှင့် အမေရိကန်ပိုင် ဂူအမ် ကျွန်းရှိ စခန်း တစ်ခု ပေါ်တွင်သာ မီခို နေရ ပေသည်။ သို့သော် တောင် ကိုရီးယား နိုင်ငံနှင့် အိုကီနာဝါ ကျွန်းတို့တွင် အမေရိကန် စစ်စခန်း ချထားမှု များကို ဆန့်ကျင် မှုများ တိုးပွား လာနေ မှုကြောင့် ထိုစခန်း များ၏ အနာဂတ် မှာလည်း မရေမရာ ဖြစ်နေ ပေသည်။ ထိုထက် ပိုပြီး စိုးရိမ် ရသည့် အချက်မှာ ဂျပန်နှင့် တောင် ကိုရီးယားရှိ စခန်း များကို တရုတ်တို့၏ ခရုစ် ဒုံးပျံများက လက်လှမ်းမီ နေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် အမေ ရိကန်တို့က အာရှ ဒေသတွင် နောက်ထပ် အခြေစိုက် စခန်းများ ထပ်မံ ရှာဖွေရန်၊ စခန်းများ ထားရှိခွင့် မရှိသည့်တိုင် အမေရိကန် လေယာဉ်နှင့် စစ် သဘောင်္များ ရပ်နားခွင့်၊ ဆိုက်ကပ်ခွင့်၊ လေယာဉ် ဖြတ်ကျော် ပျံသန်း ခွင့်များ ရရှိ စေရန်၊ အမေ ရိကန်တို့၏ လေကြောင်းနှင့် ဒုံးပျံ ကာကွယ်ရေး စနစ်ကို အရည် အသွေး မြှင့်တင်ရန်၊ ကွန်ပျူတာ ကွန်ယက် စနစ်ကို ကာကွယ် ရန်နှင့် အုပ်ချုပ် ထောက်ပံ့မှု စနစ် လုံခြုံမှုကို တိုးမြှင့် ဆောင်ရွက်ရန် ဆောင်ရွက် လာသည်ကို တွေ့ရသည်။
ထို့ပြင် အမေ ရိကန် တပ်မတော်သည် အာရှ- ပစိဖိတ် ဒေသတွင် နောက်ထပ် လေယာဉ်တင် သဘောင်္ အုပ်စု တစ်ခုကို စေလွှတ် ထားသင့် မသင့် သုံးသပ် လျှက်ရှိသည်။ အကယ်၍ အရေးပေါ် အခြေ အနေတွင် လေယာဉ်တင် သဘောင်္ အုပ်စု တစ်ခုကို တရုတ်(တိုင်ပေ) ရေလက်ကြားသို့ အမေရိကန် နိုင်ငံ အနောက်ဖက် ကမ်းခြေမှ စေလွှတ်လျှင် ကိုးရက်မှ ဆယ်ရက်၊ ဟာဝိုင်ယီ ကျွန်းမှ စေလွှတ်လျှင် ခုနှစ်ရက်၊ စင်္ကာပူမှ စေလွှတ်လျှင် သုံးရက်နှင့် ဂူအမ် ကျွန်းမှ စေလွှတ်လျှင် နှစ်ရက် ကြာမြင့်မည် ဖြစ်သည်။ အမေရိကန် တို့၏ ပင်မ တိုက်ခိုက်ရေး အင်အားစုမှာ လေယာဉ်တင် သဘောင်္ အုပ်စုများ ဖြစ်ပေရာ ၎င်းတို့ကို ပဋိပက္ခ ဖြစ်ပွားရာ ဒေသသို့ အမြန်ဆုံး ဖြန့်ကျက် နိုင်ရေးမှာ အမေရိကန် တို့၏ တပ်ဖြန့် ကျက်မှု မဟာ ဗျူဟာတွင် အဓိက လိုအပ်ချက် ဖြစ်နေ၏။ တရုတ် တို့အနေဖြင့် ပဋိပက္ခကို အမေရိကန်တို့ အင်အားနှင့် ဝင်ရောက် မစွတ်ဖက် နိုင်မီ အဆုံး သတ်ရန် ကြိုးစားမည် ဖြစ်ရာ လေယာဉ်တင် သဘောင်္ အုပ်စု များကို အချိန်တို အတွင်း လိုအပ်သည့် နေရာသို့ ရောက်ရှိ နိုင်အောင် ကြိုတင် ပြင်ဆင် ထားရန် လိုအပ် နေပြီ ဖြစ်သည်။
နောက်ထပ် အမေရိကန် တို့၏ နည်းလမ်း တစ်ခုမှာ ဒေသတွင်း အရေး ပါသော မဟာမိတ် များ၏ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင် ပေးရေးပင် ဖြစ်သည်။ ထိုနိုင်ငံများ အနေဖြင့် တရုတ် နိုင်ငံ၏ တိုက်ခိုက်မှု များကို အချိန် ကြာကြာ ရင်ဆိုင် နိုင်ပါက အမေရိကန်တို့ အနေဖြင့် တရုတ်တို့က ၎င်းတို့၏ မဟာဗျူဟာ ရည်မှန်း ချက်များ မရမီ လုံလောက်သော အင်အားဖြင့် ဝင်ရောက် တားဆီး နိုင်ခွင့် ရရှိမည် ဖြစ်သည်။ အလားတူပင် ဒေသတွင်းရှိ မိတ်ဆွေ နိုင်ငံများ ကိုလည်း တရုတ် နိုင်ငံ၏ သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေး အရ ဖိအား ပေးမှု များကို ခံနိုင် စေရန် အတွက် ကာကွယ်ရေးနှင့် စီးပွားရေး အကူ အညီများ ပိုမိုပေးအပ် သွားရန်လည်း ဆောင်ရွက်လျှက် ရှိပေသည်။ ထိုနည်းလမ်း ကြောင့်ပင် မကြာမီ နှစ်များ အတွင်း အမေရိကန် အနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး အင်အား တိုးချဲ့မှုကို ထောက်ခံ ခဲ့သကဲ့သို့ ခေတ်မီ လေကြောင်းရန် ကာကွယ်ရေး စနစ်များ ကိုလည်း ပေးပို့ ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ အလားတူပင် တရုတ် (တိုင်ပေ)သို့ ခေတ်မီ စစ်သဘောင်္များ ရောင်းချပေး သကဲ့သို့ အာဆီယံ နိုင်ငံ အချို့နှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက် မှုများကို တိုးမြှင့် ဆောင်ရွက် လာသည်ကို တွေ့ရမည် ဖြစ်သည်။
အမေရိကန် တို့သည် တရုတ် နိုင်ငံ၏ ဂြိုလ်တုဖျက် ဒုံးစနစ် စမ်းသပ်မှု ကိုလည်း အန္တရာယ် ကြီးသော လုပ်ရပ် အဖြစ် ရှုမြင် ခဲ့သည်။ ထို့ကြောင့် ဘုရှ်က အမေရိကန်၏ အမျိုးသား လုံခြုံရေးနှင့် အမျိုးသား အကျိုး စီးပွားကို ကာကွယ်ရန် အတွက် အာကာသ အတွင်းတွင် လွပ်လပ်စွာ လှုပ်ရှား ဆောင်ရွက်ခွင့် ရှိရမည် ဖြစ်ကြောင်း နှင့် ပြိုင်ဖက်များက အမေရိကန် နိုင်ငံ၏ အာကသတွင်း လုပ်ဆောင်မှု များကို နှောက်ယှက်ရန် ကြိုးစားမှု များကို လက်သင့် ခံမည် မဟုတ်ကြောင်း ထုတ်ပြော ခဲ့သည်ကို တွေ့ရ ပါသည်။
ထိပ်တိုက်ရင်ဆိုင်မှုအလားအလာ
အထက်ပါ စစ်အခြေခံ သဘော တရားများ၊ စစ်နည်း ဗျူဟာ များကို သုံးသပ် ပြင်ဆင် နေသော်လည်း အင်အားကြီး နှစ်နိုင်ငံကြား ထိပ်တိုက် တွေ့ဆုံမည့် အလားအလာမှာ မရှိသလောက် နည်းပါး နေဆဲ ဖြစ်ပါသည်။ အထက်ပါ ပြင်ဆင်မှု များမှာ နှစ်ဘက်လုံးက ကာကွယ်ရေး မူဝါဒ ချမှတ် သူများအ နေဖြင့် အဆိုးဆုံး အခြေအနေ အတွက် မျှော်မှန်း ပြင်ဆင် ထားမှု များသာ ဖြစ်၏။ နှစ်နိုင်ငံ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်နိုင်ရန် အလား အလာ အများဆုံး ရှိနေသည့် တရုတ်(တိုင်ပေ) နိုင်ငံအရေး တွင်ပင် နှစ်ဘက်လုံးက ထိန်းထိန်း သိမ်းသိမ်း ကိုင်တွယ် ဆောင်ရွက်ေ နသည်ကို တွေ့နိုင် ပေသည်။ အထူးသဖြင့် အမေရိကန်က တရုတ် (တိုင်ပေ) အစိုးရကို လက်ရှိ ပိုနေမြဲ ကျားနေမြဲ အခြေ အနေကို ပျက်ပြား စေမည့် ခွဲထွက်ရေး လုပ်ရပ် များကို ဆောင်ရွက်ခြင်း မပြုရန် သတိ ပေးလျှက် ရှိပေသည်။ မည်သို့ပင် ဖြစ်စေ တရုတ် နိုင်ငံ၏ အင်အား ကြီးမား လာမှုနှင့် တရုတ်၏ ဟန့်တား နှောက်ယှက်ရေး မဟာ ဗျူဟာကို တုန့်ပြန်ရန် လိုအပ် ချက်များက အမေ ရိကန်တို့၏ အာရှတိုက် ဆိုင်ရာ မူဝါဒ အပေါ် အတိုင်းအတာ တစ်ခု အထိ ဆက်လက် လွှမ်းမိုး နေဦး မည်သာ ဖြစ်ပါသည်။
အမေရိကန် နိုင်ငံ၏ အင်အား ဖြန့်ကြက်မှု မဟာ ဗျူဟာနှင့် ပြိုင်ဖက်များ၏ ဟန့်တား နှောက်ယှက်ရေး မဟာ ဗျူဟာကို တုန့်ပြန်ရန် လုပ်ဆောင် ချက်များကို လေ့လာပါက အမေရိကန် နိုင်ငံက အဘယ်ကြောင့် ဒုံးပျံ ကာကွယ်ရေး စနစ်ကို ပြန်လည် အသက်သွင်း လုပ်ဆောင် နေသည်ကို လည်းကောင်း၊ ယခင် ဆိုဗိယက် အုပ်စုဝင် အရှေ့ ဥရောပ နိုင်ငံများကို မည်သည့် အတွက်ကြောင့် နေတိုး အဖွဲ့ တွင်းသို့ ဝင်ခွင့် ပြုခဲ့ သည်ကို လည်းကောင်း နားလည် နိုင်မည် ဖြစ်ပါသည်။
အလားတူပင် အမေရိကန် နိုင်ငံက အာရှ နိုင်ငံ အချို့နှင့် အကြမ်းဖက်မှု ဝါဒ တိုက်ဖျက်ရေး ခေါင်းစဉ် အောက်မှ စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့် လုပ်ဆောင် လာခြင်း၊ လွပ်လပ်သော ကုန်သွယ်မှု စာချုပ်များ ချုပ်ဆို လာခြင်း တို့၏ အကြောင်း အရင်း ကိုလည်း မှန်းဆ နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အချို့ အာရှ နိုင်ငံများ အပေါ် အမေရိကန်က ဖိအားပေး နေခြင်း၏ အကြောင်း အရင်း မှန်ကိုလည်း မှန်းဆ နိုင်လိမ့် မည် ထင်ပါသည်။
ရဲထွဋ်
International Eleven : 19-07-2007
မှီငြမ်းပြုစာစောင်များ

၁။
အောင်မျိုး(မောင်)၊တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကြောင်းတစေ့တစောင်း၊ ပြည့်စုံစာအုပ်တိုက်၊ ၂ဝဝ၇
၂။
Cliff, Roger and Others, Entering the Dragon's Lair : Chinese Antiaccess Strategies and Their Implications for the United States , RAND Corporation, 2007
၃။
Mulvenon, James C. and Others, Chinese Responses to US Military Transformation and Implications for the Department of Defence, RAND Corporation, 2006
Read more

နဂါးခံတွင်းသို့ဝင်မည့်လင်းယုန်(၂)

၁၉၉၁ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ ကာလ တစ်လျောက် လုံးတွင် တရုတ် ကွန်မြူနစ် ပါတီ၏ ဗဟို စစ်ကော်မရှင် နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တို့က တိုက်ပွဲ ဖြစ်စဉ် များကို မျက်ခြေ မပြတ် စောင့်ကြည့် လေ့လာ ခဲ့ကြ သည်။ စစ်ပွဲ ပြီးဆုံးသည့် အခါ တရုတ် တပ်မတော်မှ ဌာန ကြီးများ၊ စစ်ကျောင်း ကြီးများနှင့် စစ်ဒေသ ကြီးများက ဗီယက်နမ် စစ်ပွဲ နောက်ပိုင်း အမေရိကန် တပ်မတော်က ဆောင်ရွက် ခဲ့သည့် စစ်မှု ရေးရာ ပြုပြင် ပြောင်းလဲမှု များ၏ ရလဒ်ကို သုံးသပ် ခဲ့ကြပြီး သုတေသန စာတမ်းများ တင်သွင်း ခဲ့ကြသည်။
ထိုစာတမ်း များမှ ရရှိသည့် သင်ခန်းစာ ဖော်ထုတ်ချက် များကို မူတည် ပြီးနောက် တရုတ် တပ်မတော် သည် အနာဂတ် စစ်ပွဲ များတွင် လေကြောင်း အင်အား၊ သတင်း အချက် အလက် နည်းပညာနှင့် အဆင့်မြင့် နည်းပညာသုံး လက်နက် များ၏ အဆုံး အဖြတ် ပေးသည့် အခန်းမှ ပါဝင် လာမှုကို အသိအမှတ် ပြုခဲ့ ရသည်။ ထို့ကြောင့် တရုတ် တပ်ဖွဲ့ များကို အစဉ်အလာ အရ ကျင့်သုံး ခဲ့သည့် လူအင်အားကို ဗဟိုပြုသည့် အယူအဆမှ နည်း ပညာကို ဗဟို ပြုသည့် အယူ အဆဖြင့် ပြောင်းလဲ တည်ဆောက်ရန် ဆုံးဖြတ် ခဲ့ကြသည်။
နည်းပညာမြင့်မားမှုအခြေအနေအောက်မှ ဒေသန္တရစစ်ပွဲ
၁၉၉၃ ခုနှစ်တွင် သမ္မတ ကျန်စီမင်းက နည်းပညာ မြင့်မားမှု အခြေ အနေ အောက်မှ ဒေသန္တရ စစ်ပွဲ (Local War Under High- Technology Conditions) ဆိုသည့် စစ်အခြေခံ သဘော တရားကို ချမှတ် ခဲ့သည်။ ထိုအခြေခံ သဘော တရားတွင် ထင်ရှားသည့် ဝိသေသ လက္ခဏာ နှစ်ခု ပါရှိ နေသည်ကို တွေ့ရ၏။ ပထမ တစ်ခုမှ စစ်ပွဲ ဖြစ်ပွားရာ ပထဝီ အနေအထား၊ နိုင်ငံရေး ရည်မှန်း ချက်နှင့် စစ်ပွဲ အချိန် ကာလ များတွင် ကန့်သတ်ချက် ရှိခြင်းနှင့် ဒုတိယ တစ်ခုမှာ နည်းပညာ မြင့်မားသော လက်နက် စနစ် များကို အသုံး ပြုခြင်း ဖြစ်သည်။
သို့သော် တရုတ်တို့ အနေဖြင့် အမေရိကန် တပ်မတော်ကို ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက် ရန်မဖြစ် နိုင်သည် ကိုလည်း လက်ခံ ခဲ့သည်။ တရုတ် လူငယ် နေ့စဉ် သတင်းစာနှင့် တွေ့ဆုံခန်းတွင် တရုတ် အရာရှိကြီး တစ်ဦးက အမေရိကန် တို့နှင့် အဆင့်မြင့် နည်းပညာသုံး စစ်ပွဲကို ရင်ဆိုင် တိုက်ခိုက် မည်ဆိုပါက ကျောက်တုံးကို ကြက်ဥနှင် ထုသလို ဖြစ်မည်ဟု ဥပမာပေး ပြောကြား ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် တရုတ် တပ်မတော် အနေဖြင့် နည်းပညာ မြင့်မားမှု အခြေအနေ အောက်မှ ဒေသန္တရ စစ်ပွဲကို အခြေအနေ နှစ်ခု အောက်မှ ဆင်နွဲ ရမည်ဟု သုံးသပ် လာခဲ့သည်။
ပထမ အခြေ အနေတွင် တရုတ် နိုင်ငံသည် တရုတ် (တိုင်ပေ) အပါအဝင် ဒေသတွင်း နိုင်ငံများဖြင့် နယ်မြေ ပိုင်ဆိုင်မှု၊ နိုင်ငံရေး အငြင်း ပွားမှု တို့ကို အကြောင်းပြုပြီး ပဋိပက္ခ ဖြစ်ပွားခြင်း ဖြစ်သည်။ ထိုအခြေ အနေတွင် တရုတ် နိုင်ငံ အနေဖြင့် အင်အား သာလွန်သည့် အနေအထားမှ ဒေသန္တရ စစ်ပွဲကို ဆင်နွဲ ရမည် ဖြစ်သည်။
ဒုတိယ အခြေ အနေတွင်မူ ထိုပဋိ ပက္ခကို အကြောင်း ပြုပြီး ပြင်ပ အင်အားကြီး နိုင်ငံ ဖြစ်သည့် အမေရိကန်က ဝင်ရောက် စွတ်ဖက် လာခြင်း ဖြစ်သည်။ ထိုအခြေ အနေ တွင်မူ တရုတ် နိုင်ငံသည် အင်အား နည်းပါးသူ အနေဖြင့် အင်အားကြီး နိုင်ငံကို ခုခံသည့် ဒေသန္တရ စစ်ပွဲကို ဆင်နွဲ ရမည် ဖြစ်သည်။ ထိုဒုတိယ အခြေအနေကို ရင်ဆိုင် နိုင်ရန် အတွက် တရုတ် တပ်မတော်က နည်းလမ်းများ ရှာဖွေခဲ့ရာ ကန့်သတ်မဲ့ စစ်ပွဲ အယူအဆ ပေါ်ထွက် လာခဲ့သည်။
ကန့်သတ်မဲ့ စစ်ပွဲ
တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် အရာရှိ နှစ်ဦး ဖြစ်သည့် Qiao Laing နှင့် Wang Xiaangsui တို့က ၁၉၉၉ ခုနှစ်တွင် တင်ပြ ခဲ့သည့် အယူအဆ ဖြစ်သည်။ ၎င်းတို့က အနာဂတ် စစ်ပွဲ များတွင် အမျိုးသား နိုင်ငံ များထက် နိုင်ငံမဲ့ ဇာတ်ကောင်များ၊ တနည်း အားဖြင့် နိုင်ငံမဲ့ အဖွဲ့အစည်း များက ပိုမို ပါဝင် လာမည်ဟု သုံးသပ်ပြ ခဲ့သည်။ ထို့ပြင် ရည်မှန်းချက် များကို ကန့်သတ် ထားသည့်တိုင် ထို ကန့်သတ် ရည်မှန်း ချက်ကို ရရှိ စေရန် အတွက် အကန့် အသတ် မဲ့သော နည်းလမ်း များကို အသုံးပြု လာကြကာ စစ်ဆင်ရေး နည်းလမ်း များသည် နိုင်ငံတကာ နယ်နမိတ် များကို သာမက အစဉ် အလာ အရ၊ ဥပဒေ အရ သတ်မှတ် ထားသည့် ကန့်သတ်ချက် အားလုံးကို ကျော်လွှား သွားလိမ့် မည်ဟု ဆိုသည်။ ၎င်းတို့ ကန့်သတ်မဲ့ စစ်တွင် သမားရိုးကျ စစ်ရေး နည်းလမ်း များသာမက အောက်ပါ စစ်ရေး မဟုတ်သော နည်းလမ်း များကိုလည်း လက်နက် သဖွယ် သုံးလာ မည်ဟု သုံးသပ်ခဲ့သည်-
(က)
သံတမန်နည်း
(ခ)
စီးပွားရေးနည်း
(ဂ)
ငွေကြေးစစ် (စတော့ ရှယ်ယာ ဈေးကစားခြင်း၊ ငွေတန်ဖိုးကျအောင်ဆောင်ရွက်ခြင်း)
(ဃ)
ဆိုင်ဘာ စစ်ဆင်မှု ( ဟက်ကာများ၊ ဗိုင်းရပ်စ်များ)
(င)
မီဒီယာနှင့် သတင်း စစ်ဆင်ရေး
(စ)
ကွန်ပျူတာ ကွန်ယက် စနစ်များကို တိုက်ခိုက်ခြင်း( ဆက်သွယ်ရေး စနစ်၊ ဘဏ်စနစ် စသည်ဖြင့် )
(ဆ)
ပတ်ဝန်းကျင် ထိန်းသိမ်းရေး စစ်ပွဲ ( ဂေဟ စနစ်များ ပျက်စီး စေရန်၊ ရာသီဥတု ဖောက်ပြန် စေရန်)
(ဇ)
တစ်ဦးချင်း အကြမ်းဖက် တိုက်ခိုက် မှုများ (ဗုံးခွဲတိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း)
ကန့်သတ်မဲ့ စစ်ပွဲ အယူ အဆသည် အင်အား နည်းသူက အင်အား ကြီးသူ၏ ပျော့ကွက် များကို ရှာဖွေ တိုက်ခိုက် နိုင်သည့် အလား အလာ များကို အခြေခံ ထားခြင်း ဖြစ်ရာ အမေရိကန်နှင့် ရင်ဆိုင် နေရသော တရုတ် တပ်မတော် အရာရှိ များက စိတ်ဝင် စားစွာ လေ့လာ ခဲ့ကြသည်။ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက် မှုတွင် နိုင်ငံမဲ့ အဖွဲ့အစည်း အယ်လ်ကေဒါက အမေရိကန် အပေါ် သမား ရိုးကျ မဟုတ်သော နည်းလမ်းဖြင့် တိုက်ခိုက် ခဲ့ခြင်းက ကန့်သတ်မဲ့ စစ်ပွဲ အယူအဆ၏ မှန်ကန် မှုကိုဖော်ပြ ခဲ့သည်။ ထို့ကြောင့် ကန့်သတ်မဲ့ စစ်ပွဲ အယူ အဆပါ နည်းလမ်းများ အားလုံး ကို တရုတ်နိုင်ငံ အနေဖြင့် အသုံး မပြုနိုင် သည့်တိုင် ထိုအယူ အဆမှာ တရုတ်တို့၏ စစ်ရေး အတွေး အခေါ် အပေါ် အတိုင်းအတာ တစ်ခု အထိ သြဇာ သက်ရောက် မည်မှာ သေချာပါသည်။
အမာရှောင် အမွတိုက်
မော်စီတုန်း၏ ပြောက်ကျားစစ် သနင်္ဂ ဗျူဟာပါ ဆောင်ပုဒ် အတိုင်းပင် တရုတ် တပ်မတော် သည် အမေရိကန် တပ်မတော်၏ ပျော့ကွက် များကို ရှာဖွေ ခဲ့ကြသည်။ တရုတ် နိုင်ငံထုတ် စစ်ပညာ စာစောင် အများ အပြားတွင် စစ်ရေး ကျွမ်းကျင် သူများက ကန့်သတ်မဲ့ စစ်ပွဲ အယူအ ဆပေါ် မူတည်ပြီး အမေရိကန် တို့၏ အားနည်း ချက်များကို သုံးသပ် သည့် ဆောင်းပါးများ၊ စာတမ်းများ ရေးသား ခဲ့ကြ၏။ ထိုရေးသား ချက်များမှာ တရားဝင် အယူ အဆများ မဟုတ် သည့်တိုင် တရုတ် တပ်မတော် အရာရှိ များ၏ အတွေး အခေါ် အယူ အဆ များကို ခန့်မှန်း နိုင်ပေသည်။
တရုတ် တို့က အမေရိကန် တို့၏ အဓိက အားနည်းချက်မှာ အမေရိကန် ပြည်သူများ အနေဖြင့် ရေရှည်စစ် နှင့် အထိ အခိုက် အကျ အဆုံး များပြား မှုကို သည်းမခံ နိုင်ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ တရုတ်တို့က ဗီယက်နမ် စစ်ပွဲ၊ ဆိုမာလီ အရေး အခင်းနှင့် ယခု အီရတ် စစ်ပွဲ များတွင် စစ်ပွဲ ကာလ ရှည်ကြာ လာမှုနှင့် ထိခိုက် ကျဆုံးမှု များပြား လာခြင်းကြောင့် ပြည်တွင်းတွင် စစ်ဆန့်ကျင်ရေး လှုပ်ရှား မှုများ ပေါ်ပေါက် လာပုံနှင့် ထိုလှုပ်ရှား မှုများ၏ ပြည်တွင်း နိုင်ငံရေး အပေါ် သြဇာ သက်ရောက်မှု များကို စိတ်ဝင်တစား စောင့်ကြည့် လေ့လာ ခဲ့သည်ကို တွေ့ရသည်။
တရုတ် စစ်ရေး ကျွမ်းကျင်သူ များက အမေရိကန် တပ်မတော်၏ နည်းပညာ အားသာချက် သည်ပင် အမေရိကန် တို့၏ အားနည်း ချက်လည်း ဖြစ်သည်ဟု ထောက်ပြ ခဲ့ကြ၏။ အမေ ရိကန်တို့၏ ကွပ်ကဲမှုနှင့် ကြီးကြပ်မှု စနစ်များ၊ သတင်း ထောက်လှမ်း ရှာဖွေမှု စနစ် များနှင့် ဆက်သွယ်ရေး စနစ်များ အားလုံးသည် သတင်း အချက် အလက် နည်းပညာ များနှင့် ကွန်ပျူတာ ကွန်ယက်များ အပေါ်တွင် အလွန်အမင်း အားထား အသုံးပြု နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုစနစ်၏ ကွင်းဆက် တစ်ခုခု (ဥပမာ၊ ဆက်သွယ်ရေး ဂြိုလ်တု၊ ကွန်ပျူတာ ကွန်ယက် စနစ်) ချို့ယွင်း သွားသည်နှင့် အမေ ရိကန် တို့၏ ကွပ်ကဲ ကြီးကြပ်မှု စနစ် တခုလုံး ကစင့် ကလျား ဖြစ်သွား နိုင်သည်ဟု တရုတ် တို့က သုံးသပ် ပြခဲ့သည်။
အမေ ရိကန်တို့၏ နောက်ထပ် အားနည်းချက် တစ်ခုမှာ အုပ်ချုပ် ထောက်ပံ့မှု လိုအပ်ချက် များပြား ခြင်းပင် ဖြစ်သည်။ အမေရိကန် လေယာဉ်တင် သဘောင်္ အုပ်စု တစ်ခုသည် ငါးရက်လျှင် တစ်ကြိမ် သဘောင်္များ အတွက် လောင်စာဆီ တန် ခြောက်သောင်း၊ လေယာဉ်များ အတွက် လောင်စာဆီ တန် သုံးသောင်းခန့် လိုအပ် သည်ကို တွေ့ရသည်။ ထိုအုပ်ချုပ် ထောက်ပံ့မှု များကို အမေရိကန် နိုင်ငံမှ ပို့ဆောင် ရန်မှာ မဖြစ် နိုင်သဖြင့် ဒေသ တွင်းတွင် ကြိုတင် စုပုံ ထားရန် လိုအပ် လာပေသည်။ ထို့ကြောင့် အမေရိကန်တို့ အနေဖြင့် ဒေသတွင်း နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု မရရှိလျှင် ဒေသန္တရ စစ်ပွဲ တစ်ခုကို တိုက်ခိုက်ရန် မဖြစ်နိုင် သည်ကို တွေ့ရသည်။ ထို့ပြင် အမေရိကန် တို့၏ အုပ်ချုပ် ထောက်ပံ့မှု လမ်းကြောင်းမှာ ရေကြောင်း ကိုသာ အဓိက မှီခို ဆောင်ရွက် ရမည် ဖြစ်သောကြောင့် ကုန်သွယ် ရေလမ်းကြောင်း ပေါ်ရှိ မလက္ကာ ရေလက်ကြား ကဲ့သို့သော အချက် အခြာ နေရာ များတွင် ပိတ်ဆို့ ဖြတ်တောက် ခံရမည့် အန္တရာယ် နှင့်လည်း ကြုံနေရ ပေသည်။ တရုတ် စစ်ပညာရှင် များက ထိုအခြေ အနေ များသည် မိခင် ကုန်းမြေကို ကြောပေးပြီး တိုက်ပွဲ ဝင်ရမည့် တရုတ်တို့ အတွက် အားသား ချက်များ ဖြစ်သည်ဟု သုံးသပ် ပြခဲ့သည်။
ထိုအချက် များအပေါ် အခြေခံ ပြီးနောက် တရုတ် စစ်ရေး ကျွမ်းကျင်သူ များက အာရှ ဒေသတွင်း ဖြစ်ပွား လာနိုင်သည့် ဒေသန္တရ စစ်ပွဲ များတွင် အမေရိကန်တို့ ပါဝင်မှုကို တားဆီး နိုင်ရန် အတွက် တရုတ် တပ်မတော်သည် စစ်ပွဲအား အချိန်တို အတွင်း ပြီးဆုံးအောင် တိုက်ခိုက် ရမည် ဟု ဖော်ထုတ်ခဲ့သည်။ ထိုကဲ့သို့ အချိန်တို အတွင်း တရုတ်တို့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်း ချက်များ အောင်မြင်အောင် ဆောင်ရွက် နိုင်ပါက အမေရိကန် နိုင်ငံ အနေဖြင့် တရုတ်တို့ ရရှိ ထားသည့် အခြေအနေကို ပြန်လည် ပြောင်းလဲ ပြစ်ရန် မဖြစ်နိုင်တော့ သို့မဟုတ် ပြန်လည် ပြောင်းလဲ နိုင်ရန် ကြိုးစား ပါက ရေရှည် စစ်ဖြစ်ပြီး ထိခိုက် ကျဆုံးမှု များပြား မည်ဟု ယူဆပြီး စွတ်ဖက်မှုကို ရပ်တန့် သွားမည်ဟု ထိုပညာ ရှင်များက အဆိုပြုခဲ့သည်။ ထို့ကြောင့် တရုတ် နိုင်ငံ ပါဝင်သည့် ဒေသန္တရ စစ်ပွဲ၏ အစပိုင်း ကာလတွင် အမေရိကန် နိုင်ငံက အင်အား အလုံး အရင်းနှင့် ဝင်ရောက် စွတ်ဖက်ခြင်း မပြု နိုင်အောုင် နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက် ရမည်ဟု ၎င်းတို့က တင်ပြ ခဲ့ကြသည်။
ထို အဆိုပြု ချက်များမှ တဆင့် စစ်ပွဲ၏ အစပိုင်း ကာလတွင် အမေရိကန်တို့ ဝင်ရောက် စွတ်ဖက်ခြင်း မပြု နိုင်အောင် တရုတ် တို့က ဆောင်ရွက် လာနိုင်မည့် နည်းလမ်း များကို အမေရိကန် ရန်းကော်ပို ရေးရှင်းမှ ပညာရှင် များက မှန်းဆ ဖော်ထုတ် ခဲ့ကြ လေသည်။
ဆက်လက် ဖော်ပြပါမည်။
ရဲထွဋ်
International Eleven : 12-07-2007
မှီငြမ်းပြုစာစောင်များ

၁။
အောင်မျိုး(မောင်)၊တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကြောင်းတစေ့တစောင်း၊ ပြည့်စုံစာအုပ်တိုက်၊ ၂ဝဝ၇
၂။
Cliff, Roger and Others, Entering the Dragon's Lair : Chinese Antiaccess Strategies and Their Implications for the United States , RAND Corporation, 2007
၃။
Mulvenon, James C. and Others, Chinese Responses to US Military Transformation and Implications for the Department of Defence, RAND Corporation, 2006
Read more

နဂါးခံတွင်းသို့ဝင်မည့်လင်းယုန်(၁)

အမေရိကန် နိုင်ငံနှင့် တရုတ် နိုင်ငံတို့ အကြားတွင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန် ရေးအရ အားပြိုင်မှု ကြီးမား လာသည် နှင့်အမျှ ထိုနှစ်နိုင်ငံ အကြားက စစ်ရေး အားပြိုင်မှု အပေါ် နိုင်ငံ တကာက စိုးရိမ် မှုများ ရှိလာ ခဲ့သည်။ တရုတ် နိုင်ငံက ၎င်း၏ အင်အား ကြီးမား လာမှုသည် ငြိမ်းချမ်းစွာ ဖြစ်ပေါ် တိုးတက်မှုသာ ဖြစ်ကြောင်း အာမခံ နေသည့်တိုင် အမေရိကန် အနေဖြင့် တရုတ်နှင့် စစ်ရေး အရ ထိပ်တိုက် တွေ့နိုင်မည့် အခြေအနေ များကို ကြိုတင် တွက်ဆ ပြင်ဆင လာခဲ့သည်။ အမေရိကန် တို့၏ အဓိက စိုးရိမ်မှုမှာ အမေရိကန် အမျိုးသား အကျိုး စီးပွားကို ကာကွယ်ရန် အတွက် အာရှ ဒေသတွင် စစ်အင်အားကို အသုံးပြုရန် လိုအပ် လာချိန်၌ တရုတ် တို့က နှောက်ယှက် ဟန့်တား လာမည့် အန္တရာယ်ပင် ဖြစ်သည်။ ထိုစိုးရိမ်မှုမှာ အမေရိကန် တပ်မတော်၏ အင်အား ဖြန့်ကျက်မှု သဘော တရား (Force Projection) ကို အခြေခံပြီး ပေါ်လာ ခြင်းပင် ဖြစ်သည်။
အမေရိကန်တို့၏ အင်အားဖြန့်ကျက်မှုသဘောတရား
အမေရိကန် တပ်မတော် အနေဖြင့် ၎င်း၏ အရေး ကြီးသော အမျိုးသား အကျိုး စီးပွား များကို အကောင် အထည် ဖော်ရန် အတွက် ဖြစ်စေ၊ ကာကွယ်ရန် အတွက် ဖြစ်စေ၊ စစ်အင်အားကို အသုံးပြုရန် လိုအပ် လာပါက တပ်အင်အား ဖြန့်ကျက်ခြင်း (Force Projection) ကို အသုံး ပြုရမည် ဖြစ်သည်။ တပ်အင်အား ဖြန့်ကျက်ခြင်း ပြုလုပ် ရာတွင် အမေရိကန် တပ်ဖွဲ့များကို အမေရိကန် နိုင်ငံ မှဖြစ်စေ၊ အခြား စစ်နယ်ဝှမ်း များမှ ဖြစ်စေ၊ လိုအပ်သည့် နေရာသို့ လိုအပ်သည့် အချိန်တွင် လုံလောက်သည့် အင်အား ရောက်ရှိအောင် ပို့ဆောင် ပေးနိုင် ခြင်းသည် အရေး အကြီးဆုံး ဖြစ်သည်။ ထို့ပြင် တပ်အင်အား ဖြန့်ကျက် ရာတွင် တပ်များ ရွှေ့ပြောင်းခြင်း သာမက အရန် တပ်များကို ဆင့်ခေါ်ပြီး စစ်စည်းရုံးမှု ပြုလုပ်ခြင်း၊ လိုအပ်သည့် နေရာသို့ တပ်များ ပို့ဆောင်ခြင်း၊ တပ်ဖြန့် နေရာ ယူခြင်း၊ တိုက်ပွဲ ဝင်ခြင်း၊ တိုက်ပွဲ ပြီးဆုံးပြီး တပ်များ ပြန်လည် ရုပ်သိမ်းခြင်းနှင့် အရန်တပ်များ ဆင့်ခေါ်မှုကို ရပ်ဆိုင်းခြင်း စသော လုပ်ငန်း အဆင့်ဆင့် လည်း ပါဝင်သည်။ ထို့ကြောင့် အမေ ရိကန်သည် ၎င်းတို့၏ တပ်အင်အား ဖြန့်ကျက်မှုကို ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ရန် အတွက် ပြည်ပ နိုင်ငံ များတွင် အမြဲတမ်း သို့မဟုတ် ယာယီ တပ်စွဲ ထားနိုင်ခြင်း (Oversea Presence) နှင့် တိုက်ပွဲ ဝင်ရန် လုံလောက်သော တပ် အင်အားဖြင့် စတင် နေရာ ယူနိုင်ခြင်း (Forcibel Entry) စသော အချက်များ နှင့် ပြည့်စုံရန် လိုအပ် လာပေသည်။ တစ်ဖက် ကလည်း အမေ ရိကန်ကို ဆန့်ကျင် သူများ အနေဖြင့် လည်းကောင်း၊ ဒေသတွင်းရှိ ပြိုင်ဖက် နိုင်ငံ များက လည်းကောင်း အမေရိကန် တပ်မတော်၏ အင်အား ဖြန့်ကျက်မှုကို အနှောက် အယှက် ပေးလာမည့် အန္တရာယ်လည်း ထည့်သွင်း စဉ်းစား လာကြသည်။
ဟန့်တားနှောက်ယှက်မှုမဟာဗျူဟာ (Anti - Access strategy)
ရန်သူ၏ တပ်ဖွဲ့ များကို စစ်မြေပြင်သို့ လွယ်ကူ လျှင်မြန်စွာ မရောက်ရှိ စေရန် တားဆီးခြင်း၊ ထိုတပ်ဖွဲ့ များအတွက် လိုအပ်သော လက်နက် ရိက္ခာ အစရှိသည့် အုပ်ချုပ် ထောက်ပံ့မှု ပစ္စည်း များကို စစ်မြေပြင်သို့ မရောက် ရှိအောင် တားဆီးခြင်း စသည် တို့မှာ စစ်သမိုင်း တစ်လျှောက်တွင် ရန်ဖက် နိုင်ငံများ အတွင်း ကျင့်သုံး ခဲ့ကြသည့် စစ်နည်း ဗျူဟာပင် ဖြစ်သည်။ သို့သော် စစ်အေး ခေတ်လွန် ကာလတွင်မူ ထိုစစ်နည်း ဗျူဟာသည် ပိုမို ကျယ်ပြန့် လာသကဲ့သို့ ပိုမို နက်ရှိုင်း ရှုပ်ထွေး လာသည်ကို တွေ့ရ ပေ၏။ ထိုကဲ့သို့ ဖြစ်ရခြင်း မှာလည်း စစ်အေး ခေတ်လွန် ကာလ၏ ထူးခြားသော စစ်ရေး မဟာ ဗျူဟာ အခြေအနေ နှစ်ခု ကြောင့်ပင် ဖြစ်သည်။
ပထမ အခြေ အနေမှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲ သွားပြီးသည့် နောက်တွင် အမေရိကန် နိုင်ငံကို သမားရိုးကျ တပ်ဖွဲ့များ၊ သမားရိုးကျ နည်းလမ်း များဖြင့် ရင်ဆိုင် နိုင်သည့် နိုင်ငံ ဟူ၍ မရှိ တော့ခြင်းပင် ဖြစ်သည်။ ဒုတိယ အခြေ အနေမှာ အမေရိကန် တို့အတွက် အဓိက ရန်သူ ဟူ၍ တိတိ ကျကျ မသတ်မှတ် နိုင်သည့် အခြေအနေတွင် တပ်ဖွဲ့များကို မည်သည့် နေရာတွင် စုဖွဲ့ ထားရ မည်ကို ခန့်မှန်းရန် ခက်ခဲ လာခြင်းပင် ဖြစ်သည်။ စစ်အေး တိုက်ပွဲ ကာလ ကမူ အမေရိကန် တပ်ဖွဲ့ များကို ဆိုဗီယက် တို့၏ တပ်အင်အား ဖြန့်ကျက်မှုနှင့် မဟာ ဗျူဟာများ အပေါ် မူတည်ပြီး ဖြန့်ကျက် ထားရှိ ခဲ့ကြသည်။ ယခု အချိန်တွင်မူ အမေရိကန် တို့အပေါ် စိန်ခေါ် မှုသည် နိုင်ငံ များထံမှ ပေါ်လာနိုင် သကဲ့သို့ နိုင်ငံမဲ့ အဖွဲ့ အစည်းများ ထံမှလည်း ပေါ်လာ နိုင်ပေရာ အမေရိကန်တို့ အနေဖြင့် တပ်ဖွဲ့ များကို ဖြစ်နိုင်ဖွယ် ရှိသော နေရာ တိုင်းတွင် ဖြန့်ခွဲ ထားနေရ ပေသည်။ ထို့ကြောင့် ပဋိပက္ခများ၊ အကျပ်အတည်း များ ပေါ်လာ ချိန်တွင် အမေ ရိကန်တို့ အနေဖြင့် လုံလောက်သော အင်အား ရရှိ စေရန် အတွက် တပ်ဖွဲ့များ ထပ်မံ စေလွှတ်ရန် မဖြစ်မနေ လိုအပ် လာပေသည်။
အမေရိကန်၏ ပြိုင်ဖက်များ အနေဖြင့်လည်း အမေရိကန်၏ စွတ်ဖက်မှု ပမာဏနှင့် အရှိန် အဟုန်ကို လျှော့ချရန်၊ ဖြစ်နိုင်ပါက လုံးဝ ရပ်တန့် သွားစေရန် အတွက် အကောင်းဆုံး အခွင့် အရေးမှာ ပဋိပက္ခ အကြို ကာလတွင် အမေရိကန် တို့၏ တပ်ဖြန့်မှုကို ဟန့်တား ခြင်းပင် ဖြစ်ပြီး လုံလောက်သော အင်အား စုဖွဲ့မှု ရရှိ ထားသည့် အမေရိကန် တို့ကို စစ်မြေပြင်တွင် အရေးနိမ့်အောင် တိုက်ခိုက် ရန်မှာ မဖြစ်နိုင် သည်ကိုလည်း နားလည် ထားကြသည်။ ထို့ကြောင့်ပင် အမေရိကန်၏ ပြိုင်ဖက် များက အမေ ရိကန်တို့ တပ်ဖြန့်မှုကို ဟန့်တား နှောက်ယှက် နိုင်မည့် နည်းလမ်း မှန်သမျှကို ကြံဆ လာကြ သကဲ့သို့ အမေရိကန်တို့ အတွက်လည်း ထိုကဲ့သို့ ဟန့်တား လာမည့် အခြေအနေ ကို အလေးပေး စဉ်စားရန် လိုအပ် လာပေသည်။
ဟန့်တား နှောက်ယှက်မှု မဟာဗျူဟာ (Anti - Access strategy) ဆိုသည့် အသုံးအနှုန်း ကို ၁၉၉ဝ ပြည့်လွန် နှစ်များ အလယ်ပိုင်းတွင် အမေရိကန် စစ်မဟာ ဗျူဟာ ဆောင်းပါး များ၌ စတင် တွေ့ရှိ ခဲ့ရသည်။ ၁၉၉၇ ခုနှစ် အတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန၏ ကာကွယ်ရေး ဆိုင်ရာ လေ့လာ သုံးသပ်ချက် စာတမ်းတွင် ရန်သူများက ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာကို ကျင့်သုံး လာမည့် အန္တရာယ်ကို စတင် ဖော်ပြ ခဲ့သည်။ ထိုအချိန်မှ စပြီး အမေရိကန် ကာကွယ်ရေး မဟာ ဗျူဟာတွင် ရန်သူ၏ ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာမှ ကာကွယ်ရေးကို ဦးစားပေး အခန်းမှ ထည့်သွင်း လာခဲ့ လေသည်။ အမေရိကန်တို့က ၎င်းတို့၏ ပြိုင်ဖက်များ အနေဖြင့် ဟန့်တား နှောက်ယှက်ရေး မဟာ ဗျူဟာကို ကျင့်သုံး ရာတွင် အမေရိကန် ရှေ့တန်း အခြေစိုက် စခန်း များကို ဒုံးပျံများ၊ ဇီဝ၊ ဓာတုနှင့် အနုမြူ လက်နက် များဖြင့် တိုက်ခိုက်ခြင်း မှအစ ရေမြှုပ် မိုင်းများ၊ မြေပြင်မှ ရေပြင်ပစ် ဒုံးပျံများ၊ ရေငုပ် သဘောင်္ များဖြင့် တိုက်ခိုက်ခြင်း အလယ်၊ ဒေသခံ အကြမ်းဖက် အဖွဲ့ များကို အသုံးပြုပြီး တိုက်ခိုက်ခြင်း အဆုံး နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက် လာနိုင် သည်ဟု သုံးသပ် ခဲ့သည်။ ထို့ပြင် အမေ ရိကန် တို့၏ မဟာမိတ်များ၊ မိတ်ဆွေ နိုင်ငံများကို အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက်မှု မပြုစေရန် အတွက် သံတမန်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အရ ဖိအား ပေးမှုများ ကိုလည်း ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာ နည်းလမ်း အဖြစ် ထည့်သွင်း သတ်မှတ် ခဲ့သည်။ ထို့ကြောင့်ပင် ဘုရှ်အစိုးရက နိုင်ငံတကာ ရေးရာ များတွင် လိုအပ်ပါက ကုလ သမဂ္ဂ နှင့် မဟာမိတ် များ၏ သဘောထားကို လျစ်လျူ ရှုပြီး တစ်ကိုယ်တော် ဆောင်ရွက်မည် ဆိုသည့် မူဝါဒကို ကျင့်သုံး ခဲ့ခြင်း ဖြစ်ပေသည်။
၂၁ ရာစုသို့ ဝင်ရောက် လာချိန်တွင် အမေရိကန် စစ်ပညာရှင် အများ အပြားက ပြိုင်ဖက် နိုင်ငံများက ကျင့်သုံး လာနိုင်ဖွယ် ရှိသော ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာ များကို အလေးထား လေ့လာ ခဲ့ကြသည်။ ထိုအထဲတွင် အာရုံ စူးစိုက်မှု အခံရဆုံးမှာ အမေရိကန် တို့က ပြိုင်ဖက် နိုင်ငံ ဖြစ်လာ နိုင်သည်ဟု သတ်မှတ်ထား ခံရသော တရုတ် နိုင်ငံပင် ဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်အခြေခံသဘောတရားများ
တရုတ် တပ်မတော်၏ စစ်အခြေခံ သဘော တရားများ၊ မဟာ ဗျူဟာနှင့် နည်းဗျူဟာ များတွင် ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာ ဆိုသည့် အသုံး အနှုန်းနှင့် သဘောတရား များကို သီးခြား ဖော်ပြ ထားမှု မရှိပေ၊ တရုတ်တို့၏ အခြေခံ သဘော တရား များနှင့် မဟာဗျူဟာ များမှာ အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သည့် ပဋိပက္ခ နှင့် စစ်ပွဲ ပုံသဏ္ဍန်၊ တရုတ် တပ်မတော်၏ ကန့်သတ်ချက် များနှင့် အမေ ရိကန်တို့၏ သာလွန် ကြီးမား လှသည့် စစ်အင်အား တို့အပေါ် မူတည် ချမှတ် ထားခြင်း ဖြစ်ပေရာ အမေရိကန် လေ့လာ သူများ ကတော့ ထိုစစ် အခြေခံ သဘော တရာများ အတွင်းက တရုတ် တို့၏ ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာ အပေါ် သဘောထား များကို ရှာဖွေ ခဲ့ကြသည်။
ခေတ်သစ် အခြေ အနေ အောက်မှ ပြည်သူ့စစ် (People War Under Modern Condition)
၁၉၇၈ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကြားတွင် ကျင့်သုံး ခဲ့သော စစ်အခြေခံ သဘော တရား ဖြစ်ပြီး ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်က ချမှတ် ခဲ့ခြင်း ဖြစ်သည်။ ဤစစ် အခြေခံ သဘော တရားတွင် မော်စီတုန်း၏ ပြည်သူ့စစ် အခြေခံ သဘော တရား၌ ကျင့်သုံး ခဲ့သည့် ရန်သူကို တရုတ် နိုင်ငံ အတွင်း ပိုင်းထိ နက်ရှိုင်းစွာ မြူဆွယ် ကျုံးသွင်းပြီး ပြည်သူ့ စစ်မဟာ ဗျူဟာဖြင့် ရေရှည် စစ်ပွဲ ဆင်နွဲကာ ချေမှုန်းရေး အစား နယ်စပ် ဒေသ တွင်ပင် ကျူးကျော် လာသော ရန်သူကို ဟန့်စစ်ဆင်ပြီး ပြည်သူ့စစ်နှင့် သမားရိုးကျ စစ်ပေါင်းစပ် ချေမှုန်းရန် သတ်မှတ် ခဲ့သည်။ ထိုအချိန်က တရုတ် နိုင်ငံ သည် ဆိုဗီယက် တို့ကို ဦးတည် ရန်သူ အဖြစ် သတ်မှတ် ထားချိန် ဖြစ်သောကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ စစ်ရေး၊ စီးပွားရေး အချက် အခြာ နေရာ များသို့ ဆိုဗီယက်တို့ တိုက်ခိုက် လာမည့် အန္တရာယ်ကို ဦးစားပေး စဉ်းစား ခဲ့ခြင်း ဖြစ်သည်။
ကန့်သတ် စစ်ပွဲနှင့် ဒေသန္တရစစ်
၁၉၈၅ ခုနှစ်သို့ ရောက်ရှိချိန်တွင် တရုတ် ခေါင်းဆောင် များက နိုင်ငံတကာ ဆက်ဆံရေး အခြေ အနေများ ပြောင်းလဲ လာမှုကြောင့် ဆိုဗီယက် တို့နှင့် စစ်ဖြစ် နိုင်မည့် အခြေ အနေမှာ မရှိ သလောက် ဖြစ်သွား ပြီဟု သုံးသပ် ခဲ့ကြသည်။ ထို့ပြင် နိုင်ငံများ အကြားတွင် အကြွင်းမဲ့ စစ်ပွဲထက် ကန့်သတ်ရည် မှန်းချက်ကို ရရှိ စေရန် အတွက် ကန့်သတ် စစ်အင်အားကို အသုံး ပြုသည့် ဒေသန္တရစစ်၊ ကန့်သတ် စစ်များသာ ဖြစ်ရန် အလားအလာ ပိုများကြောင်း၊ ထိုစစ်ပွဲ များသည် အချိန် တိုတောင်းပြီး စစ်ရေး နည်းလမ်း သာမက နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်း များကပါ အဆုံးအဖြတ် အခန်းမှ ပါဝင်လာ နိုင်ကြောင်း သုံးသပ် ခဲ့သည်။ ထို့ကြောင့် ၁၉၈၅ ခုနှစ် မေလနှင့် ဇွန်လတွင် ပြုလုပ်သည့် ဗဟိုစစ် ကော်မရှင် အစည်းအဝေး၌ တိန်ရှောက်ဖိန် က အနုမြူ စစ်ပွဲ ဖြစ်ပွားရန် အလား အလာ မရှိတော့ ကြောင်းနှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေဖြင့် မဟာ ဗျူဟာ အခြေ အနေ သစ်နှင့် ကိုက်ညီအောင် တပ်မတော်ကို တည်ဆောက် ရမည် ဖြစ်ကြောင်း ပြောကြားပြီး အနာဂတ် စစ်ပွဲများသည် စစ်ရှိန် မြင့်သည့် ဒေသန္တရ စစ်ပွဲများ ဖြစ်လိမ့် မည်ဟု သုံးသပ်သွား ခဲ့သည်။ ထိုအယူ အဆအရ တရုတ် တပ်မတော်သည် နိုင်ငံ မြောက်ပိုင်း ကိုသာမက ကျန်နယ် နမိတ်များ၊ ရေပြင် နယ်နမိတ်များနှင့် ကုန်သွယ် ရေလမ်းကြောင်း များကိုပါ ကာကွယ်ရန် လိုအပ်လာ ခဲ့သည်။ ထို့ပြင် ကန့်သတ်စစ်၊ ဒေသန္တရ စစ်ပွဲကို ဆင်နွဲ နိုင်ရန် အတွက် လိုအပ်သည့် လျှင်မြန်စွာ လှုပ်ရှား စစ်ကစား နိုင်မှုနှင့် ပူးပေါင်း စစ်ဆင်မှု စွမ်းရည် များကို ရရှိစေရန် ဖွဲ့စည်းပုံ၊ လေ့ကျင့်ရေး၊ စက်လက်နက် ပစ္စည်း တပ်ဆင်မှု စသည့် ကဏ္ဍများတွင် ပြုပြင် ပြောင်းလဲမှု အများအပြား ဆောင်ရွက် ခဲ့ရသည်။ ထိုအချိန် တွင်ပင် တရုတ် တပ်မတော်၏ စစ်ရေး အတွေး အခေါ်များ အပေါ် ကြီးမားသော အကျိုး သက်ရောက် မှုကို ဖြစ်ပေါ်ေ စသည့် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ပွား ခဲ့လေသည်။
ဆက်လက် ဖော်ပြပါမည်
ရဲထွဋ်
International Eleven : 05-07-2007
မှီငြမ်းပြုစာစောင်များ

၁။
အောင်မျိုး(မောင်)၊တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကြောင်းတစေ့တစောင်း၊ ပြည့်စုံစာအုပ်တိုက်၊ ၂ဝဝ၇
၂။
Cliff, Roger and Others, Entering the Dragon's Lair : Chinese Antiaccess Strategies and Their Implications for the United States , RAND Corporation, 2007
၃။
Mulvenon, James C. and Others, Chinese Responses to US Military Transformation and Implications for the Department of Defence, RAND Corporation, 2006
Read more

Wednesday, October 30, 2013

ဘုရှ်နှင့် လှုပ်လေမြုတ်လေအီရတ်စစ်ပွဲ

၂ဝဝ၇ ခုနှစ် စပိုင်း ထဲက အမေရိကန် နိုင်ငံရေး လောကတွင် အီရတ် စစ်ပွဲနှင့် ပတ်သက်ပြီး ရီပတ် ဘလီကင် သမ္မတ ဘုရှ်နှင့် ဒီမို ကရက်တို့ ချုပ်ကိုင် ထားသော လွှတ်တော် အကြား အားပြိုင်မှုက ပြင်းထန် လာခဲ့သည်။ တကယ်တော့ ဘုရှ်၏ အီရတ် စစ်ပွဲ မူဝါဒ အပေါ် လွှတ်တော်၏ စိန်ခေါ်မှု များသည် ၂ဝဝ၆ ခုနှစ် ဒီဇင် ဘာလတွင် အီရတ် လေ့လာရေး အဖွဲ့ (Iraq Study Group) ၏ အစီရင်ခံစာ ထွက်ပေါ် လာချိန် ကပင် စတင် ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
အီရတ် လေ့လာရေး အဖွဲ့
အီရတ် လေ့လာရေး အဖွဲ့သည် ကွန်ဂရက် လွှတ်တော်က ၂ဝဝ၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့သော အဖွဲ့ ဖြစ်သည်။ အဖွဲ့ဝင် အဖြစ် ရီပတ် ဘလီကင် ပါတီမှ ငါးဦး၊ ဒီမို ကရက် ပါတီမှ ငါးဦးဖြင့် ဖွဲ့စည်းပြီး ရီပတ် ဘလီကင် ဘက်မှ ဂျိမ်း ဘေကာနှင့် ဒီမိုကရက် ပါတီမှ ဟယ်လ်မီတန် တို့မှ ပူးတွဲ သဘာပတိ များအဖြစ် ဆောင်ရွက် ခဲ့သည်။ ထိုအဖွဲ့တွင် ပါဝင် သူများမှာ ပါတီ နှစ်ခုလုံးက ဝါရင့်၊ သဘာရင့် သံတမန်များ၊ ဥပဒေ ပညာရှင်များ၊ နိုင်ငံရေး သမားများ ဖြစ်ကြသည်။ သို့သော် သမ္မတ ဘုရှ်ကမူ မူလထဲက ထိုအဖွဲ့ကို လွှတ်တော်က သမ္မတ၏ လုပ်ငန်း တာဝန် များကို စွတ်ဖက်ရန် ကြိုးစားမှု အဖြစ် ရှုမြင် ခဲ့သည်။
၂ဝဝ၆ ခုနှစ် ဒီဇင် ဘာလ ၆ ရက်နေ့တွင် အီရတ် လေ့လာရေး အဖွဲ့က ၎င်းတို့၏ အစီရင် ခံစာကို ထုတ်ပြန် ခဲ့သည်။ ထိုအစီ ရင်ခံစာက ဘုရှ် အစိုးရ၏ အီရတ် စစ်ပွဲ အပေါ် အကောင်း မြင်နေမှု များကို ပယ်ချခဲ့ပြီး အစီရင် ခံစာ၏ အစတွင် အီရတ်တွင် အမေ ရိကန်တို့ အောင်ပွဲခံ နိုင်မည်ဟု အာမခံချက် မရှိကြောင်း၊ ဘဂ္ဂဒက်နှင့် ပတ်ဝန်းကျင် ပြည်နယ် များတွင် အခြေအနေ အလွန် ဆိုးနေကြောင်း နှင့် အမေ ရိကန်တို့ အနေဖြင့် အီရတ် နိုင်ငံ အတွင်းက အဖြစ် အပျက် များကို ချုပ်ကိုင် နိုင်မှုမှာ တစ်နေ့ တစ်ခြား လျော့နည်း လာနေပြီ ဖြစ်ကြောင်း အစ ချီပြီး အီရတ် စစ်ပွဲ ဆိုင်ရာ မူဝါဒကို ပြောင်းလဲရန် အကြံ ပြုခဲ့သည်။ ထိုအဖွဲ့၏ အကြံ ပြုချက် များတွင် စိတ်ဝင် စားမှု အခံရဆုံး နှစ်ချက်မှာ အီရတ်ရှိ အမေရိကန် တပ်ဖွဲ့ များကို ၁၅ လ အတွင်း အဆင့်ဆင့် လျှော့ချပြီး အီရတ် တပ်ဖွဲ့များကို တာဝန် လွှဲပေး ရန်နှင့် အီရတ် နိုင်ငံ တည်ငြိမ်ရေး အတွက် အီရန်၊ ဆီရီးယား တို့နှင့် ဆွေးနွေးရန် လိုသည် ဆိုသည့် အချက် များပင် ဖြစ်သည်။
ဘုရှ် ရွေးတဲ့လမ်း
ဘုရှ်က အီရတ် လေ့လာရေး အဖွဲ့၏ အကြံ ပြုချက် များကို တုန့်ပြန်သည့် အနေဖြင့် ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် အီရတ် ဆိုင်ရာ မဟာ ဗျူဟာကို ထုတ်ပြန် ခဲ့သည်။ ထိုမဟာ ဗျူဟာတွင် ဘုရှ်က အီရတ် လေ့လာရေး အဖွဲ့၏ အကြံပြုချက် ဖြစ်သည့် တပ်အင်အား လျှော့ချရေး အစား အမေရိကန် တပ်ဖွဲ့ နှစ်သောင်း ကျော်ကို ထပ်မံ စေလွှတ်ရန်၊ အီရန်နှင့် ဆီရီးယားကို တင်းတင်း မာမာ ကိုင်တွယ်ရန် ဆုံးဖြတ် ခဲ့သည်။ ဘုရှ်က အီရတ်တွင် လုံခြုံမှုနှင့် တည်ငြိမ်မှု ရအောင် အရင် လုပ်ရန် လိုအပ် သည်ဟု အကြောင်းပြ ခဲ့သည်။ သို့သော် ထိုတပ်အင်အား တိုးမြှင့် မှုသည် ယာယီ မျှသာ ဖြစ်ပြီး ဘဂ္ဂဒက်တွင် အခြေအနေ တည်ငြိမ် လာသည် နှင့်အမျှ အမေရိကန် တပ်ဖွဲ့ များကို လျှော့ချ သွားမည်ဟု ပြောဆိုခဲ့၏။ ထိုကဲ့သို့ ပြောဆို လျင့်ကစား ဘုရှ်၏ မူဝါဒကို ဒီမို ကရက်တို့ ကြီးစိုးသော လွှတ်တော်က အပြင်း အထန် ဆန့်ကျင် ခဲ့ကြပြီး နောက် အီရတ်နိုင်ငံ အခြေအနေ နှင့်ပတ်သက်ပြီး ဇူလိုင်လနှင့် စက်တင် ဘာလတွင် သမ္မတက ပြန်လည် အစီရင် ခံရန် ဥပဒေ ပြဋ္ဌန်း ခဲ့သည်။
အီရတ် အခြေအနေ
ဘုရှ်က သူ၏ အီရတ် မဟာဗျူဟာ သစ်တွင် ဘဂ္ဂဒက်မြို့နှင့် ပတ်ဝန်းကျင် ဒေသများ၌ ဖြစ်ပေါ် နေသော ဆူနီနှင့် ရှီယိုက်ကြား တိုက်ခိုက်မှု များနှင့် အမေရိကန် တပ်ဖွဲ့များ အပေါ် တိုက်ခိုက်မှု များကို ရပ်တန့်အောင် ဆောင်ရွက် ရေးကို အဓိက သော့ချက် လုပ်ငန်း အဖြစ် သတ်မှတ် ခဲ့သည်။ သို့သော် လက်တွေ့တွင် အမေ ရိကန်နှင့် အီရတ် တပ်ဖွဲ့များ အနေဖြင့် ဘဂ္ဂဒက် ပတ်ဝန်းကျင်တွင် လုံခြုံရေး ရရှိအောင် ဆောင်ရွက် နိုင်ခြင်း မရှိခဲ့ပေ။ အစီရင်ခံစာ ထုတ်ပြန်မည့် ဇူလိုင်လ ပထမ အပတ် အတွင်းတွင် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု ကြောင့် ဘဂ္ဂဒက် ပတ်ဝန်းကျင်တွင် သေဆုံးသူ ၅၇၅ ဦးရှိပြီး ထိုအထဲတွင် အရပ်သား ၃၇၇ ဦး ပါဝင် ခဲ့သည်။ ထို့ပြင် ဘာသာရေး ဂိုဏ်း အချင်းချင်း လက်စားချေ သတ်ဖြတ်မှု များတွင် အရပ်သား ၃၈ ဦးထပ်မံ သေဆုံးခဲ့ရ သည်ကို တွေ့ရသည်။ ဘုရှ်၏ မဟာ ဗျူဟာ သစ်ကို စတင်  ချိန်မှစပြီး အမေရိကန် စစ်သည် ၆ဝ၂ ဦးသေဆုံး ခဲ့ရပြီး အီရတ် စစ်ပွဲ စတင် ချိန်မှ ၂ဝဝ၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့အထိ အမေရိကန် စစ်သည် ၃၆၁၅ ဦး သေဆုံးကာ ၂၆၅၅၈ ဦး ဒဏ်ရာ ရခဲ့ရပြီး ဖြစ်သည်။ အလားတူပင် မဟာ ဗျူဟာသစ် စတင် ချိန်မှ စကာ အီရတ် လုံခြုံရေး တပ်ဖွဲ့နှင့် အရပ်သား ၁၃၇၈၅ ဦး သေဆုံး ခဲ့ရပြီး လည်း ဖြစ်ပါသည်။ ထို့ပြင် ကုလ သမဂ္ဂ စာရင်းဇယား များအရ အီရတ် ပြည်သူ နှစ်သန်း ခန့်မှာ ပြည်ပသို့ ဒုက္ခသည်များ အဖြစ် ထွက်ခွာ သွားကာ နောက်ထပ် နှစ်သန်း ခန့်မှာ ပြည်တွင်းတွင် အိုးအိမ်မဲ့ များအဖြစ် နေထိုင် ရလျှက် ရှိပေသည်။
ထိုကဲ့သို့ လုံခြုံရေး အခြေ အနေများ တိုးတက် လာမှု မရှိခြင်း ကြောင့် မတ်လတွင် ဘုရှ်သည် ၎င်းမူလ လျာထားသည့် အင်အား ၂၁၅ဝဝ ဦးအပြင် နောက်ထပ် အင်အား ၄၇ဝဝ ကို အီရတ်သို့ ထပ်မံ စေလွှတ် ခဲ့ရသည်။ ထိုကဲ့သို့ အီရတ်တွင် အခြေအနေ မကောင်း သည်နှင့် အတူ အမေရိကန် ပြည်သူ တွေက အီရတ် စစ်ပွဲနှင့် ဘုရှ်၏ ခေါင်းဆောင်မှု အပေါ် ယုံကြည်မှု ကလည်း ကျဆင်း လာခဲ့သည်။ ဇွန်လ အတွင်း ပြုလုပ် ခဲ့သည့် ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူ ချက်များ အရ အမေရိကန် ပြည်သူ ၆ဝ%က အီရတ်သို့ နောက်ထပ် စစ်သားတွေ ပို့ခဲ့ခြင်းမှာ အကျိုး မရှိဟု မြင်နေပြီး ၅၃%ကမူ အီရတ် စစ်ပွဲတွင် အနိုင်ရမှသာ အမေရိကန် နိုင်ငံ အတွက် ပိုလုံခြုံမည် ဆိုသည့် ဘုရှ်၏ ပြောစကားကို ယုံကြည်မှု မရှိကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင်ဘုရှ်၏ ခေါင်းဆောင်မှု အပေါ် အယုံအကြည် မရှိသူ များမှာ ၆၅% ရှိနေ သဖြင့် ဝါးတားဂိတ် အရေး အခင်းတွင်းက နစ်ဆင်၏ အခြေအနေနှင့် ထပ်တူ နီးပါး ဖြစ်နေ ပေသည်။
ကွန်ဂရက်နှင့် ရုန်းထွက်ရေးလှုပ်ရှားမှု
အီရတ် စစ်ပွဲပေါ် ပြည်သူ လူထု၏ ထောက်ခံမှု ကျဆင်း လာသည် နှင့်အမျှ အမေရိကန် နိုင်ငံရေး လောက တွင်လည်း အီရတ်မှ အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းရန် တောင်းဆို မှုများ ပိုမို ပေါ်ထွက် လာခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက အီရတ် စစ်ပွဲ အတွက် ရန်ပုံငွေ ခွင့်ပြု ခဲ့ရာတွင် လွှတ်တော်က အီရတ် အစိုးရက နိုင်ငံ တည်ငြိမ်ရေး အတွက် လုပ်ဆောင်မှုကို တိုင်းတာမည့် စံ ၁၈ ချက်ကို ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့၌ ဘုရှ် အစိုးရက လွှတ်တော်သို့ အီရတ် အခြေအနေ တိုးတက်မှု အစီရင် ခံစာကို တင်ပြ ရာတွင် အီရတ် အစိုးရ အနေဖြင့် ထိုစံ ၁၈ ခု အနက် ကိုးခုကို ပြည့်မီ ခဲ့ကြောင်းနှင့် ကျန်ကိုးခုကို ဆက်လက် အကောင် အထည် ဖော်နေကြောင်း၊ ဖော်ပြခဲ့ပြီး အမေရိကန်တို့ အနေဖြင့် အီရတ် အစိုးရကို ဆက်လက် အကူ အညီ ပေးရန် လိုအပ် နေသေးကြောင်း ဖော်ပြခဲ့သည်။
သို့သော် ဒီမိုကရက်တို့ ကြီးစိုးသော လွှတ်တော် ကမူ အစီရင်ခံစာ ထွက်ပြီး နောက်နေ့တွင် အမေရိကန် တပ်ဖွဲ့များ အဆင့်ဆင့် ရုပ်သိမ်းရန် အဆိုကို ဆုံးဖြတ် ခဲ့ခြင်းဖြင့် ဘုရှ်၏ အစီရင်ခံစာ အပေါ် ယုံကြည်မှု မရှိ ကြာင်း ပြသခဲ့သည်။ အထက် လွှတ်တော် ကလည်း အလားတူ တပ်ရုပ် သိမ်းရေး ဆုံးဖြတ် ချက်ကို ချမှတ်ရန် ကြိုးစား ခဲ့သော်လည်း ရီပတ် ဘလီကင် တို့၏ အချိန်ဆွဲမှု filibuster ကို ကျော်လွှားရန် လုံလောက်သည့် မဲမရ ရှိသောကြောင့် ဆုံးဖြတ်ချက် ချမှတ် နိုင်ခြင်း မရှိပဲ ဖြစ်ခဲ့ ရသည်။ အကယ်၍ ဆုံးဖြတ်ချက် ချမှတ် နိုင်သည့် တိုင် ထိုဥပဒေကို ပယ်ချမည့် သမ္မတ၏ ဗီတို အာဏာကို ကျော်လွှား နိုင်မည့် လုံလောက်သော ထောက်ခံမှု မရှိပဲ ဖြစ်နေ သည်ကို တွေ့ရသည်။ ယခု ကြိုးစားမှု များမှာ ၂ဝဝ၇ ခုနှစ်အတွင်း တပ်ရုပ် သိမ်းရေးနှင့် ပတ်သက် သည့် တတိယ အကြိမ် လှုပ်ရှား မှုပင်ဖြစ်သည်။
သို့သော် ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော် ရွေးကောက်ပွဲ များ၏ အဖြေပေါ် မူတည်ပြီး တပ် ရုပ်သိမ်းရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှု များလည်း ပြောင်းလဲ သွားနိုင် ပေသည်။ နိုင်ငံရေး အကဲခတ် များကမူ အမေရိကန် တို့အနေဖြင့် အီရတ်မှ ထွက်ခွာ တော့မည်မှာ သေချာ နေပြီ ဖြစ်ကာ မည်သည့် အချိန်တွင် မည်သည့် ပုံစံဖြင့် ဆုတ်ခွာမည် ဆိုသည် ကိုသာ စောင့်ကြည့် ရမည်ဟု ကောက်ချက် ချလျက် ရှိကြ၏။
ရုပ်သိမ်းရေးလား၊ ထွက်ပြေးရေးလား
အမေရိကန် လွှတ်တော် အမတ်များက အဆင့်ဆင့် နှင့်စနစ်တကျ တပ်ဖွဲ့များ ရုပ်သိမ်းရေး ဆိုသည့် စကားလုံးကို တွင်တွင်ကြီး အသုံးပြု နေသော်လည်း တိုက်ပွဲများ ကြားမှ အရှုံးနှင့် ဆုတ်ခွာ ရခြင်းသည် လွယ်ကူသော ကိစ္စ မဟုတ် သည်ကို သမိုင်း ဖြစ်စဉ် များက ပြသလျှက် ရှိပေသည်။
ထိုသို့ ဆုတ်ခွာမှု များတွင် အဆိုးဆုံးမှာ ၁၈၄၂ ခုနှစ်က ဗြိတိသျှတို့ အာဖဂန်မှ ဆုတ်ခွာ ခဲ့မှုပင် ဖြစ်သည်။ ထိုအချိန်က ဗြိတိသျှ တပ်ဖွဲ့နှင့် အရပ်သားပေါင်း တစ်သောင်း ခြောက်ထောင့် ငါးရာသည့် ကာဘူးမြို့ တော်မှ ဗြိတိသျှပိုင် အိန္ဒိယ နိုင်ငံသို့ဆုတ်ခွာခဲ့ ကြသည်။ နှစ်ပတ် အကြာတွင် ထိုအထဲက ဗြိတိသျှ လူမျိုး တစ်ဦးသာ အိန္ဒိယ-အာဖဂန် နယ်စပ် (ယခု ပါကစ္စတန်-အာဖဂန်နယ်စပ်) သို့ အသက် ရှင်လျှက်နှင့် ပြန်လည် ရောက်ရှိ လာခဲ့ ပေသည်။
၁၉၈၈ ခုနှစ်တွင် ဆိုဗီယက်တို့က ၎င်းတို့၏ အင်အား တစ်သိန်း နှစ်သောင်းနှင့် စစ်လက်နက် ပစ္စည်း များကို အာဖဂန်မှ ရုပ်သိမ်း နိုင်ရန် အတွက် အချိန် ကိုးလ ယူခဲ့ ရသည်။ သို့တိုင်အောင် ဆိုဗီယက် တို့သည် ဆိုဗီယက်- အာဖဂန် နယ်စပ်သို့ ကုန်းလမ်းဖြင့် တပ်များ ရွှေ့ပြောင်း ခဲ့ရခြင်း ဖြစ်ပြီး ထိုဆုတ်ခွာမှု တွင် ဆိုဗီယက် စစ်သည် ၅ဝဝ ခန့် ကျဆုံးက သံချပ်ကာများ၊ တင့်ကားများနှင့် မော်တော်ယာဉ် အများ အပြားကို စွန့်ပစ် ခဲ့ရသည် သာမက ကာဘူး မြို့တော်တွင် ပိတ်မိ နေသော နောက်ချန် တပ်များကို လေကြောင်းမှ ရွှေ့ထုတ် ခဲ့ရသည်။
အမေရိကန်တို့ တောင် ဗီယက်နမ်မှ ဆုတ်ခွာ ခဲ့ရာတွင်လည်း အလားတူပင် ကြုံတွေ့ ခဲ့ရသည်။ ဗီယက်ကောင်း တပ်များ ဆိုင်ဂုံ မြို့တော်သို့ သိမ်းပိုက် ချိန်တွင် အမေရိကန် တပ်ဖွဲ့ အားလုံး နီးပါး တောင် ဗီယက်နမ် မှ ရုတ်သိမ်းပြီး ဖြစ်သည့်တိုင် သံတမန်များ၊ အကြံပေး အရာရှိများ၊ မှီခို သူများနှင့် အမေရိကန် ဘက်တော်သား များကို ရွှေ့ထုတ်ရာတွင် အခက်အခဲ များစွာ တွေ့ခဲ့ ရသည်။ ထို့ပြင် အမေရိကန် တပ်မတော် သည်လည်း ထို အရှက်တကွဲ ဖြစ်ရပ်မှ နလံထူ နိုင်ရန်အတွက် ဆယ်စုနှစ် တစ်ခုကျော် ပြန်လည် ကြိုးစား ခဲ့ရသည်။ ကမ္ဘာပေါ်တွင် တိုက်ရည် ခိုက်ရည် အကောင်းဆုံး တပ်ဖွဲ့ တစ်ခု အဖြစ် ကျော်ကြားသော အစ္စရေး တပ်မတော် သည်ပင် ၂ဝဝဝ ပြည့်နှစ်တွင် လက်ဘနွန် တောင်ပိုင်းမှ ဆုတ်ခွာရာ၌ ကသောင်း ကနင်း ဖြစ်ခဲ့ ရပေသည်။
ယခု အီရတ်တွင် အမေရိကန် တပ်ဖွဲ့ တစ်သိန်း နှစ်သောင်းကျော်၊ လေယာဉ်၊ ရဟတ်ယာဉ်၊ သံချပ်ကာ နှင့် တင့်ကားများ အပါအဝင် စစ်ယာဉ်ပေါင်း လေးသောင်းခွဲ ကျော်သည် အခြေစိုက် စခန်း ၁ဝ ခုတွင် ဖြန့်ခွဲ ထားပြီး ထိုတပ်ဖွဲ့ များကို အထောက် အကူပြုရန် အတွက် ရိက္ခာဝေ စခန်း ၃၈ ခု၊ လောင်စာဆီ သိုလှောင်ရေး စခန်း ၁၈ ခုနှင့် ခဲယမ်း သိုလှောင်ရန် နေရာ ၁ဝ ခုကို တည်ဆောက် ထားရသည်။ ထို့ပြင် အမေရိကန် သံတမန်နှင့် နိုင်ငံခြားသား ငါးသောင်းခန့် ကိုလည်း ရွှေ့ပြောင်းရန် လိုအပ် ပေသည်။ အလားတူပင် အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည့် အီရတ် နိုင်ငံသား သောင်းနှင့် ချီပြီး ရွှေ့ထုတ် ပေးရမည့် ပြဿနာ လည်း ရှိနေ ပေသည်။ အမေရိကန်တို့ ဒေါ်လာ ဘီလီယံနှင့် ချီပြီး အကုန် အကျခံ ဆောက်လုပ် ထားသည့် ကမ္ဘာ ပေါ်တွင် အကြီးဆုံး သံရုံး အပါအဝင် အဆောက်အဦ အများ အပြား မှာမူ ဖျက်ဆီး ပစ်ခဲ့ ရမည် ဖြစ်သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန ကမူ ပထမ အဆင့် တပ်မဟာ ၁ဝ ခုရွှေ့ထုတ်မှု သည်ပင် ၁ဝ လခန့် အချိန်ယူ ရမည် ဟု ခန့်မှန်း ထားသည်။ သို့သော် အမေရိကန်တို့ စတင် ဆုတ်ခွာ သည်နှင့် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု များက ပိုမို တိုးပွား လာနိုင် သကဲ့သို့ အမေရိကန် ခေတ်လွန် အီရတ် နိုင်ငံတွင် အာဏာကို ထိန်းသိမ်း နိုင်ရေး အတွက် ဆူနီနှင့် ရှီယိုက် တို့ကြား တိုက်ခိုက်မှု များလည်း ပိုမို ပေါ်ပေါက် လာပေမည်။ အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သော အီရတ်တို့ အပေါ် အကြမ်းဖက် တိုက်ခိုက် မှုများ ပိုဖြစ် လာမည် မှာလည်း အသေအချာ ပင်ဖြစ်၏။ ထိုထက် ပိုဆိုး မည်မှာ အမေရိကန် တပ်မတော် အတွင်း ယုံကြည်မှု ပျက်ပြား လာမည့် အရေးပင် ဖြစ်သည်။ ဗီယက်နမ် စစ်အပြီးတွင် အမေရိကန် တို့သည် ထိုဒဏ်ရာကို ကုစားရန် အတွက် အချိန် များစွာ ယူခဲ့သည့် သင်ခန်းစာ ရှိခဲ့သည်။
ထို့ကြောင့်လည်း သမ္မတဘုရှ်က အီရတ်တွင် အခြေ အနေများ မတည်ငြိမ်မီ ဆုတ်ခွာပါက အရှေ့ အလယ်ပိုင်း ဒေသနှင့် အမေရိကန် နိုင်ငံ၏ လုံခြုံမှု အတွက် အခြေ အနေတွေ ပိုဆိုး ကုန်မည်ဟု သတိပေး ခဲ့ခြင်း ဖြစ်သည်။ ဘုရှ်က အချိန် မတိုင်မီ ဆုတ်ခွာခဲ့လျှင် အီရတ်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပေါ်ပေါက် လာပြီး နိုင်ငံ ပြိုကွဲ ပျက်စီးကာ ဆိုဗီယက် ခေတ်လွန် အာဖဂန် နိုင်ငံကဲ့သို့ အယ်လ်ကေဒါတို့ အတွက် အခြေစိုက် စခန်းကောင်း ရသွား နိုင်သည်ဟု ပြောခဲ့သလို အရှေ့ အလယ်ပိုင်း ဒေသက အမေ ရိကန်တို့၏ မဟာမိတ်များ၊ မိတ်ဆွေများ အတွက်ပါ အန္တရာယ် များလိမ့် မည်ဟု ထောက်ပြ ခဲ့သည်။
သို့သော် အမေရိကန် တပ်ဖွဲ့များ ဆက်လက် တိုက်ပွဲဝင် နေပါက အခြေ အနေတွေ ပိုကောင်း လာနိုင်မည် လားဆိုသည့် အမေးကိုမူ ဘုရှ် ကိုယ်တိုင်က ဖြေကြား နိုင်ခြင်း မရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အမေရိကန် အနေဖြင့် အီရတ်တွင် ဆုတ်လည်းစူး၊ စားလည်းရူး အခြေ အနေနှင့် ရင်ဆိုင် နေရပြီ ဖြစ်ရာ အီရတ်မှ အနိုင်နှင့် ပိုင်းပြီး ထွက်ခွာ နိုင်မည်လား၊ ဗီယက်နမ် မှာကဲ့သို့ အလဲလဲ အပြိုပြိုဖြင့် ထွက်ပြေး ရမည်လား ဆိုသည်ကို ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အပြီးတွင် ခန့်မှန်း နိုင်တော့မည် ဖြစ်ပါသည်။ သို့သော် မည်သည့် နည်းဖြင့်ပင် အဆုံးသတ် စေကာမူ အမေရိကန် တပ်မတော် အနေဖြင့် အီရတ် စစ်ပွဲ၏ ဒဏ်ရာ ဒဏ်ချက် များကို ကုစား နိုင်ရန် အတွက် နှစ်ပေါင်း များစွာ အချိန်ယူ ရတော့မည် ဖြစ်ပေသည်။
ရဲထွဋ်
International Eleven : 2-08-2007
မှီငြမ်းပြုစာစောင်များ

၁။
Exit Strategies , Washington Post, 17-7-2007
၂။
Initial Benchmark Assessment Report, 12-7-2007, White House
၃။
Duffey, Michale , How to leave Iraq, IPS News, 19-7-2007
၎။
Military Fatalities: By Time Period News
Read more

အလှမ်းဝေးနေသေးတဲ့ အီရတ်ငြိမ်းချမ်းရေး

ပြီးခဲ့သည့် ဇူလိုင်လ အတွင်း၌ သမ္မတ ဘုရှ်က အီရတ် အခြေအနေနှင့် ပတ်သက်သည့် ပဏာမ အစီရင် ခံစာကို ထုတ်ပြန် ခဲ့သည်။ ထိုအစီရင် ခံစာ၌ ဘုရှ်က ကွန်ဂရက် လွှတ်တော်မှ သတ်မှတ် ထားသည့် အီရတ် နိုင်ငံတွင် ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် ပြည့်မီ ရမည့် စံ (၁၈) ချက်အပေါ် အကောင် အထည် ဖော်နိုင်မှုကို သုံးသပ် တင်ပြ ခဲ့ရာတွင် စံ ၁၈ ချက်တွင် ၉ ချက်ကို ပြည့်မီ နေကြောင်း နှင့်ကျန် ၉ ချက်တွင် တိုးတက်မှု လိုနေ သေးကြောင်း သို့သော် နောက်ဆုံး အစီရင်ခံစာ တင်ရမည့် စက်တင် ဘာလတွင် အခြေအနေတွေ ပိုကောင်း လာမည်ဟု ထင်ကြောင်း ဖော်ပြ ထားခဲ့သည်။ သို့သော် နိုင်ငံရေးနှင့် စစ်ရေး လေ့လာ အကဲခတ် သူများကမူ ဘုရှ်၏ အစီရင် ခံစာက အခြေအနေများကို အကောင်း မြင်လွန်း နေကြောင်း၊ အထူးသဖြင့် အီရတ် အစိုးရ ဘက်မှ အကောင် အထည် ဖော်ရမည့် ကိစ္စများ အပေါ် သာသာ ထိုးထိုး သုံးသပ် ထားကြောင်း စသည်ဖြင့် ဝေဖန် ခဲ့ကြသည်။ ပြီးခဲ့သည့် သြဂုတ်လ တွင်မူ အမေရိကန် ထောက်လှမ်းရေး အဖွဲ့များနှင့် ကျန်အဖွဲ့ များ၏ အစီရင်ခံစာ များက ဘုရှ် ဖော်ပြ သည်နှင့် ကွဲလွဲသည့် အီရတ် အခြေအနေ အစီရင် ခံစာများကို တင်ပြ လာခဲ့ သည်ကို တွေ့ရသည်။
စက်တင်ဘာ ၁၁ ရက်နေ့တိုက်ခိုက်မှု နောက်ပိုင်းတွင် လွှတ်တော်မှ အမေရိကန် ထောက်လှမ်းရေး အဖွဲ့များကို ပြန်လည် ပြင်ဆင် ခဲ့ရာ၌ ထောက်လှမ်းရေး အဖွဲ့အစည်း အားလုံးကို ပေါင်းစပ် ညှိနှိုင်း ပေးရန်နှင့် ထောက်လှမ်းရေး ဆိုင်ရာနှင့် ပတ်သက်ပြီး သမ္မတ၏ တစ်ဦး တည်းသော အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်ရန်၊ အမျိုးသား ထောက်လှမ်းရေး ညွန်ကြား ရေးမှူး Director of National Intelligence ရာထူးကို တီထွင် သတ်မှတ်ပေး ခဲ့သည်။ ထို့နောက် ၎င်းကို ထောက်လှမ်ရေး အဖွဲ့ အကြီးအကဲ များနှင့် ပြင်ပမှ အတတ် ပညာရှင်များ ပူးပေါင်း ဖွဲ့စည်း ထားသည့် အမျိုးသား ထောက်လှမ်းရေး ကောင်စီ National Intelligence Council, NIC ကို ကွပ်ကဲရန် တာဝန် ပေးခဲ့သည်။ အမျိုးသား ထောက်လှမ်းရေး ကောင်စီ၏ အဓိက လုပ်ငန်း တာဝန် တစ်ခုမှာ လွှတ်တော်နှင့် သမ္မတထံသို့ ထောက်လှမ်းရေး မှန်းခြေ အစီရင် ခံစာ National Intelligence Estimate , NIE များကို ပြုစု တင်ပြရန် ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အမျိုးသား ထောက်လှမ်းရေး ကောင်စီက ပြုစုသည့် အီရတ် အခြေ အနေပေါ် ထောက်လှမ်းရေး မှန်းခြေ အစီရင်ခံစာ ထွက်ပေါ် လာခဲ့ရာ အီရတ် အခြေအနေနှင့် ပတ်သက်ပြီး ဘုရှ် အစီရင် ခံစာနှင့် ကွဲလွဲသည့် အချက် များစွာ ပါဝင် လာခဲ့ သည်ကို တွေ့ရသည်။
ထိုအစီရင် ခံစာက အီရတ်ရှိ အမေရိကန် တပ်ဖွဲ့ အင်အားကို သိသိ သာသာ တိုးမြှင့် ခဲ့သည့်တိုင် အီရတ်တွင် အကြမ်း ဖက်မှုများ လျော့ကျ မသွားကြောင်း၊ ဘာသာရေး အုပ်စုများ အတွင်း ငြိမ်းချမ်းရေး ရမည့် အလားအလာ မရှိ သေးကြောင်းနှင့် အီရတ် အစိုးရ အနေ ဖြင့်လည်း နိုင်ငံကို အုပ်ချုပ် နိုင်စွမ်း မရှိကြောင်း၊ ဘာသာရေး အုပ်စုများ အတွင်း အပြန်အလှန် တိုက်ခိုက် နေမှုများ ကိုလည်း ရပ်တန့် သွားအောင် လုပ်ဆောင် နိုင်ခြင်း မရှိကြောင်း ဖော်ပြ ထားခဲ့ ပါသည်။
အစီရင်ခံစာ ပြုစု သူများက အမေရိကန် တပ်ဖွဲ့များ ဆင်နွဲ နေသည့် သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်မှု များ၏ အောင်မြင်မှု များကို အသိအမှတ် ပြုခဲ့ပြီး ထိုစစ်ဆင် ရေးများကို ရပ်ဆိုင်းပြီး အမေရိကန် တပ်ဖွဲ့များ အနေဖြင့် အီရတ် တပ်ဖွဲ့ များကို အထောက် အကူ ပေးသည့် အခန်း ကဏ္ဍသို့ ပြောင်းလဲ ဆောင်ရွက် ခဲ့လျှင် အကြမ်းဖက် သမားများ ပြန်လည် ခေါင်းထောင် လာနိုင်ကြောင်း သတိပေး ထားခဲ့သည်။ ထို့ပြင် ဘုရှ်၏ အစီရင်ခံစာ တွင် အောင်မြင်မှု အဖြစ် ဖော်ပြထားသည့် ဆူနီ လူမျိုးစု ခေါင်းဆောင် အချို့က အယ်လ် ကေဒါကို ဆန့်ကျင် တိုက်ခိုက် နေမှုနှင့် ပတ်သက်ပြီး ထိုကဲ့သို့ ပူးပေါင်း ဆောင်ရွက် မှုမှာ အကန့် အသတ် ရှိကြောင်းနှင့် ဆူနီ အုပ်စု အားလုံးက ရှီယိုက် အများစု ပါဝင်သည့် အီရတ် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့် ဖြစ်နေပြီ ဟုအဓိပ္ပါယ် ကောက်ယူ၍ မရကြောင်း သတိပေး ထားသည့် အပြင် ရှီယာ အုပ်စုများ ကလည်း အင်အား ကောင်းသည့် ဆူနီ လက်နက်ကိုင် အဖွဲ့များ ပေါ်လာခြင်းကို မလို လားကြောင်း၊ အီရတ် အစိုးရ အနေဖြင့် ဆူနီ အုပ်စုများကို အမှန် တကယ် လက်ကမ်း ကြိုဆိုပြီး ပူးပေါင်း ဆောင်ရွက်မှု မပြု သရွေ့ ဆူနီများက အယ်လ်ကေဒါ အဖွဲ့ကို ထိထိ ရောက်ရောက် ဆန့်ကျင်မှု ဖြစ်ပေါ် မလာ နိုင်ကြောင်း သုံးသပ် ထားပါသည်။ အလား တူပင် အီရတ်တွင် ဖြစ်ပေါ် နေသော အကြမ်းဖက် တိုက်ခိုက်မှု အားလုံးကို အယ်လ်ကေဒါ အဖွဲ့အား အပြစ် ပုံချ၍ မရကြောင်းနှင့် အီရတ်တွင် တစ်ပတ်လျှင် ပျမ်းမျှ အကြမ်းဖက် တိုက်ခိုက်မှု တစ်ထောင်ခန့် ဖြစ်နေသည့် အနက် ၁ဝ% ခန့်သာ အယ်လ်ကေဒါ လက်ချက် ဖြစ်ကြောင်း၊ ကျန် တိုက်ခိုက်မှု များမှာ ရှီယာနှင့် ဆူနီ စစ်သွေးကြွ များ၏ တိုက်ခိုက်မှု ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ ထိုအချက်မှာ အယ်လ်ကေဒါကို အဓိက ရန်သူအဖြစ်ပုံဖော် နေသည့် ဘုရှ်၏ မူဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပေသည်။
အီရတ် နိုင်ငံ အတွင်းရှိ အုပ်စု ကွဲများ အခြေအနေကို သုံးသပ် ရာတွင်လည်း ဆူနီ အုပ်စုများကို တစ်ညီ တစ်ညွတ်တည်း စုစည်း ခေါင်းဆောင် နိုင်မည့် ခေါင်းဆောင် ပေါ်ပေါက် လာမည့် အခြေအနေ မရှိကြောင်း၊ ထို့ကြောင့် ရှီယာ၊ ဆူနီ ညီညွတ်ရေးမှာ ဖြစ်နိုင်ဖွယ် မရှိ သေးကြောင်း၊ ကာဒ့်များ အနေဖြင့်လည်း ၎င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာများ ရရှိရေး အတွက်သာ စိတ်ဝင် စားနေပြီး အမျိုးသား ညီညွတ်ရေး အတွက် အပေးအယူ လုပ်လိုစိတ် မရှိကြောင်း ရေးသား ထားရာ ဘုရှ်မျှော်လင့်ေ နသည့် စည်းလုံး ညီညွတ်သည့် ဒီမို ကရေစီ အီရတ် နိုင်ငံ ဆိုသည့် မျှော်မှန်း ချက်မှာ အလှမ်း ဝေးနေဆဲ ဖြစ်သည်ကို ဖော်ပြ နေပါသည်။
အီရတ် လုံခြုံရေး တပ်ဖွဲ့များ အပေါ် သုံးသပ် ရာတွင်မူ အချို့ တပ်ဖွဲ့များ အနေဖြင့် စွမ်းရည် ထက်မြက် လာကြောင်း အသိအမှတ် ပြုခဲ့သည်။ သို့သော် အီရတ် တပ်ဖွဲ့များ သက်သက်ဖြင့် သီးခြား စစ်ဆင် ရေးများ ပြုလုပ် ရန်မှာ မဖြစ် နိုင်သေးကြောင်း၊ အီရတ် တပ်ဖွဲ့များ အနေဖြင့် အမေ ရိကန် တို့၏ အုပ်ချုပ် ထောက်ပံ့မှုနှင့် စစ်ရေး အကူ အညီ အပေါ် မှီခို နေရဆဲ ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ထို့ပြင် အီရတ် တပ်ဖွဲ့များကို အင်အား တိုးချဲ့ နေသော်လည်း ထိုတပ်ဖွဲ့များ ထိထိ ရောက်ရောက် တိုက်ပွဲ ဝင်နိုင်ရန် အတွက်မူ နောက်ထပ် ခြောက်လမှ တစ်နှစ် အထိ အချိန်ယူ ရမည်ဟု ဆိုခဲ့သည်။ ထိုအချက်က အီရတ် တပ်ဖွဲ့များ စွမ်းဆောင်ရည် မြင့်လာသည် နှင့်အမျှ အမေရိကန် တပ်ဖွဲ့များကို လျှော့ချ သွားမည် ဆိုသည့် ဘုရှ်၏ စီမံချက်မှာ အကောင် အထည် ဖော်ရန် မဖြစ်နိုင် သေးကြောင်း သွယ်ဝိုက် ဝေဖန်ရာ ရောက်ပေသည်။
ဝန်ကြီးချုပ် မာလီခီ ခေါင်းဆောင်သည့် အစိုးရ အဖွဲ့ အခြေ အနေကို သုံးသပ် ရာတွင်လည်း မာလီခီ အစိုးရ အဖွဲ့ အတွင်းရှိ ကျန်ရှီယာ ပါတီများက ဝန်ကြီးချုပ် အပေါ် ဝေဖန် တိုက်ခိုက် နေမှု များကြောင့် အစိုးရ အဖွဲ့ အနေဖြင့် ထိထိ ရောက်ရောက် စွမ်းဆောင် နိုင်မှု မရှိကြောင်းကို ထောက်ပြ ဝေဖန် ထားခဲ့ပြီး လာမည့် ခြောက်လမှ တစ်နှစ် အတွင်း ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် ပါတီ အချင်းချင်း သဘောထား ကွဲလွဲမှုများ ပိုများ လာမည်ဟု သုံးသပ်ခဲ့သည်။
ထိုကဲ့သို့ ထောက်လှမ်းရေး အဖွဲ့ အစည်းများက သမ္မတ၏ အယူ အဆနှင့် ကွဲလွဲသော ထင်မြင်ချက် များကို တင်ပြ ခဲ့ခြင်းကြောင့် ဘုရှ်၏ အီရတ် စစ်ပွဲ မူဝါဒကို ဆန့်ကျင် နေသူများ အတွက် လက်နက်ကောင်း တစ်ခု ရသွားခဲ့သည်။ သို့သော် ဘုရှ် အစိုးရ ကမူ ထိုအစီရင် ခံစာတွင် အီရတ် နိုင်ငံ၌ တိုးတက် မှုများ ရှိနေ သည်ကို အသိအမှတ် ပြုထားကြောင်း၊ အတိုက် အခံများ အနေဖြင့် လိုချင်သည့် အချက်များ ကိုသာ ရွေးချယ်ပြီး ပြောဆို နေခြင်း ဖြစ်ကြောင်း တုံ့ပြန် ချေပ ခဲ့သည်။ ထို့ပြင် စက်တင် ဘာလ လယ်တွင် အီရတ်ရှိ အမေရိကန် တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ပက်ထရပ်စ်နှင့် သံအမတ်ကြီး ခရော့ကာတို့ တင်သွင်းသည့် အစီရင် ခံစာကို စောင့်ကြည့်ရန် လိုကြောင်း၊ ထိုအစီရင် ခံစာသည် မြေပြင်တွင် လက်တွေ့ ကွင်းဆင်း ဆောင်ရွက် နေရ သူများက တင်သွင်း ခြင်းဖြစ် သောကြောင့် ပိုမို တိကျ ခိုင်လုံမှု ရှိကြောင်း ပြောကြား ခဲ့သည်။
ထိုအချိန်တွင် အီရတ် နိုင်ငံတွင် အခြေ အနေများ တိုးတက်မှု မရှိကြောင်း တင်ပြ ထားသည့် နောက်ထပ် အစီရင်ခံစာ တစ်ခု ထွက်ပေါ် လာပြန်သည်။ ထို အစီရင် ခံစာမှာ အစိုးရ အဖွဲ့၏ လုပ်ငန်း ဆောင်တာ များကို စိစစ် ရသည့် Government Accountability Office, GAO မှပြုစု ခဲ့ခြင်း ဖြစ်သည်။ ထိုအစီရင်ခံစာ တွင်မူ ဘုရှ်က အီရတ် နိုင်ငံတွင် ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် ပြည့်မီ ရမည့်စံ ၁၈ ချက်အနက် ၉ ချက်ကို ပြည့်မီအောင် ဆောင်ရွက် နိုင်သည်ဟု ပြောကြား ထားခြင်းကို ပယ်ချပြီး လက်တွေ့တွင် စံ ၃ ချက်ကိုသာ အပြည့်အဝ အကောင် အထည် ဖော်နိုင်ကာ ကျန် စံ ၄ ချက်ကို တစ်ပိုင်း တစ်စနှင့် စံ ၁၁ ချက်ကိုမူ လုံးဝ အကောင်အထည် ဖော်နိုင်မှု မရှိကြောင်း ဖော်ပြ ခဲ့သည်။
GAO ၏ အစီရင်ခံစာက ဘုရှ် အမွှန်းတင် နေသော အီရတ် လုံခြုံရေး တပ်ဖွဲ့များ၏ စွမ်းရည်နှင့် ပတ်သက်ပြီး မေးခွန်း ထုတ်ခဲ့သည့် အပြင် အချို့ တပ်ဖွဲ့များ၏ အစိုးရ အပေါ် သစ္စာ ရှိမှု မှာလည်း သံသယ ဖြစ်ဖွယ်ရာ ကောင်းသည်ဟု ပြောကြား ခဲ့သည်။ ထို့ပြင် အမေရိကန်၏ အကူအညီ မပါဘဲ သီးခြား စစ်ဆင် နိုင်သည့် အီရတ် တပ်ဖွဲ့ အရေ အတွက်မှာ ပြီးခဲ့သည့် မတ်လတွင် ၁ဝ ခုရှိရာမှ ဇူလိုင်လတွင် ခြောက်ခု အထိ လျော့ကျ သွားသည့် အပြင် အီရတ် အစိုးရက နိုင်ငံရေး အကြောင်း ပြချက် များဖြင့် လုံခြုံမှု စစ်ဆင် ရေးများကို ဝင်ရောက် စွတ်ဖက် နေသောကြောင့် အီရတ် တပ်ဖွဲ့များ၏ စွမ်းရည်မှာ ကျဆင်း လာနေ သည်ဟု သုံးသပ်ခဲ့သည်။
သို့သော် အီရတ် အစိုးရ အနေဖြင့် လူနည်းစု ပါတီ များကို ကာကွယ်သည့် ဥပဒေကို ပြဋ္ဌာန်းနိုင် သကဲ့သို့ဘဂ္ဂဒက် မြို့တော် လုံခြုံရေး အတွက် လိုအပ်သော လုံခြုံရေး တပ်ဖွဲ့များ ဖွဲ့စည်း နိုင်ခြင်းတို့ကဲ့သို့ အရေးပါသည့် အောင်မြင်မှု အချို့ ရရှိ ခဲ့သည်ကို အသိအမှတ် ပြုထား ခဲ့သည်။
ထိုကဲ့သို့ ဘုရှ်၏ အီရတ် စစ်ပွဲအပေါ် အကောင်း မြင်နေ မှုနှင့် ကွဲလွဲ နေသည့် အစီရင် ခံစာများ ထွက်ပေါ် လာခြင်းကြောင့် ဘုရှ် အစိုးရ အဖွဲ့ အတွင်းတွင် ဂယက်ရိုက် သွားခဲ့ ရသည်။ ဘုရှ်သည် ပင်တဂွန် ကာကွယ်ရေး ဝန်ကြီး ဌာနတွင် ကြည်း ရေ၊ လေ ဦးစီးချုပ် များနှင့် သွားရောက်ေ တွ့ဆုံပြီး အီရတ် စစ်ပွဲ၏ နောက်ဆုံး အခြေအ နေများကို သုံးသပ်ခဲ့ သကဲ့သို့စက်တင် ဘာလ ၃ ရက်နေ့တွင် ဘဂ္ဂဒက်သို့ ရုတ်တရက် သွားရောက် ခဲ့ပြီး အမေရိကန် တပ်မှူးများ၊ သံတမန် များနှင့် တွေ့ဆုံ ခဲ့သည်။
အီရတ်ရှိ အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး ပတ်ထရပ်စ်နှင့် သံအမတ်ကြီး ခရော့ကာတို့ နှစ်ဦးလုံးမှာ လာမည့် အပတ်တွင် လွှတ်တော် ကော်မတီ ကြားနာ မှုများတွင် ထွက်ဆိုချက် ပေးရန် ရှိသကဲ့သို့ ဘုရှ် အနေဖြင့်လည်း စက်တင်ဘာ ၁၅ ရက်နေ့တွင် လွှတ်တော်သို့ အီရတ် နိုင်ငံ အခြေအနေကို အစီရင်ခံစာ တင်သွင်း ရမည် ဖြစ်သည်။ ထိုသို့ တင်ပြ ရာတွင် အီရတ် နိုင်ငံ အတွက် သတ်မှတ် ထားသော စံ ၁၈ ချက်ကို အကောင် အထည် ဖော်နိုင်မှု အခြေ အနေ များနှင့် ပတ်သက်ပြီး ကျန်အဖွဲ့ အစည်းများမှ တင်ပြ ချက်များ အပေါ် ချေပ နိုင်ရေး အတွက် ယခုကဲ့သို့ ခေါင်းချင်းရိုက် နေရခြင်း ဖြစ်ဟန် တူသည်။
အီရတ် ခရီးစဉ်မှ အပြန်တွင် ဘုရှ်က မြေပြင် တပ်မှူး များက အီရတ်၌ ယခု စတင် ရရှိ နေသည့် အောင်မြင်မှု များကို ဆက်လက် ရရှိ နေလျှင် အီရတ် လုံခြုံရေးကို အီရတ် တွေက တာဝန် ယူနိုင်မည့် ကာလမှ မဝေး တော့ဟု ၎င်းကို ပြောကြား ခဲ့သည်ဟု သတင်းထောက် များကို ဖောက်သည် ချခဲ့သည်။ ထိုပြောကြား ချက်မှာ အီရတ်တွင် အမေရိကန် တပ်ဖွဲ့ များကို လက်ရှိ အင်အား အတိုင်း ဆက်ထား ရမည် ဆိုသည့် သဘာပင် ဖြစ်သည်။ ထို့ပြင် အမေရိကန် စစ်သည် များကို တွေ့ဆုံ မိန့်ခွန်း ပြောရာတွင် အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းမှုကို အောင်မြင်မှုနှင့် အင်အား တောင့်တင်းမှု အခြေ အနေများ အောက်မှသာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တပ်များ လျှော့ချရေး၊ ရုပ်သိမ်း ရေးနှင့် ပတ်သက်လျှင် မြေပြင် တပ်မှူးများ ကသာ ဘက်စုံ၊ ထောင့်စုံက သုံးသပ်ပြီး ချင့်ချင့် ချိန်ချိန်ဖြင့် ဆုံးဖြတ် သွားရမည် ဖြစ်ပြီး မိုင်ထောင်ချီ ဝေးသည့် ဝါရှင်တန်တွင် နိုင်ငံရေး သမားများက သွေးလေေ ချာက်ခြားပြီး ဆုံးဖြတ်ရန် မဟုတ်ကြောင်း ဘုရှ်က ထည့်သွင်း ပြောကြား သွားခဲ့သည်။
ထို့ကြောင့် ဘုရှ်အနေဖြင့် အီရတ်မှ တပ်ဖွဲ့များ လျှော့ချရေးကို လတ်တလော လုပ်ဆောင်မည် မဟုတ် သည်မှာ ထင်ရှား နေပြီ ဖြစ်သည်။ သူပြော နေကြ အတိုင်း ရလဒ် ကောင်းများ ရရန် အတွက် အချိန် စောင့်ရမည်။ ဆက်လက် တိုက်ပွဲ ဝင်ရမည် ဆိုသည့် ဓာတ်ပြား ဟောင်းကိုပင် ပြန်ဖွင့် ပြမည်သာ ဖြစ်သည်။ ထို့ကြောင့် အီရတ်ရှိ တပ်အင်အားကို လျှော့ချ နေလိုသော ကွန်ဂရက် လွှတ်တော်နှင့် ဆက်လက် တိုက်ပွဲ ဝင်လိုသော ဘုရှ်အကြား လွန်ဆွဲ ပွဲသည် ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အထိ ဆက်လက် ရှိနေ ဦးမည်သာ ဖြစ်၏။ ထိုလွန်ဆွဲပွဲ ကြားတွင် စတေး ခံရမည့် သူများ ကတော့ အီရတ်ရောက် အမေရိကန် စစ်သည် များနှင့် အီရတ် ပြည်သူ များသာ ဖြစ်ပါသည်။
ရဲထွဋ်
International Eleven : 13-09-2007
မှီငြမ်းပြုစာစောင်များ

၁။
Securinn, Stabilizing, and Rebuilding Iraq, GAO report, 4-9-2007
၂။
Washington Post, 3-9-2007, 30-8-2007, 24-8-2007
Read more

ဘိန်းပန်းဝေနေသော အာဖဂန်နစ္စတန်

၂ဝဝ၆ ခုနှစ် ဆန်းပိုင်းမှ စတင်ပြီး အာဖဂန် နစ္စတန် နိုင်ငံတွင် တာလီဘန် လှုပ်ရှား မှုများ ပိုမို ကျယ်ပြန့် လာသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ၂ဝဝ၆ ခုနှစ် အတွင်းတွင် ပေါ်ပေါက် ခဲ့သော တာလီဘန် တို့၏ တိုက်ခိုက်မှု များသည် ၂ဝဝ၅ ခုနှစ် အတွင်း ကထက် လေးဆ တိုးလာ ခဲ့သည်။ ထိုကဲ့သို့ တာလီ ဘန်များ လှုပ်ရှား လာသည်နှင့် အတူ နောက်ဆက်တွဲ ပါလာသည့် ပြဿနာမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အကြီးအကျယ် မြင့်တက် လာခြင်းပင် ဖြစ်သည်။
၂ဝဝ၆ ခုနှစ် အတွင်းတွင် အာဖဂန် နိုင်ငံမှ ဘိန်း တန်ချိန် ငါးထောင့် ခြောက်ရာကျော် ထုတ်လုပ် ခဲ့ရာ ထိုပမာဏ သည် ကမ္ဘာ့ဘိန်း ထုတ်လုပ် မှု၏ ၉ဝ% အထိ ရှိခဲ့သည်။ ၂ဝဝ၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အာဖဂန်တွင် ဘိန်းစိုက် ဧက ၆၁% တိုးတက် လာပြီး ဘိန်းထွက် နှုန်းမှာ ၂၆% မြင့်တက် လာခဲ့ သည်ကို တွေ့ ရပါသည်။ သို့သော် အဓိက ဘိန်း ထုတ်လုပ်ရာ နယ်မြေ ဖြစ်သည့် အနောက် မြောက်ဘက်ရှိ ဟဲလ်မန်း ပြည်နယ်နှင့် အရှေ့ ဘက်ရှိ အိုရုဇ်ဂန် ပြည်နယ် များတွင် စိုက်ဧကမှာ ၁၂၃% အထိ တိုးတက် လာသည်ကို တွေ့ရသည်။
၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ကုလ သမဂ္ဂ အစီရင်ခံစာ တွင်လည်း အာဖဂန် နိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ် မှုသည် ဒုတိယ နှစ်အဖြစ် ဆက်တိုက် မြင့်တက် လာနေကြောင်း ဖော်ပြ ခဲ့သည်။ ကုလ သမဂ္ဂ အစီရင်ခံစာ အရ အာဖဂန် နိုင်ငံ၏ ဘိန်းစိုက် ပျိုးသည့် ဧရိယာမှာ ဧက လေးသိန်း ခုနှစ်သောင်း ခြောက်ထောင့် ကိုးရာ ကျော်ရှိပြီး ယခင် နှစ်ကထက် ၁၇% တိုးတက် လာခဲ့ကာ အာဖဂန် နိုင်ငံတွင် ဘိန်းစိုက်သည့် နယ်မြေ အကျယ် အဝန်း မှာလည်း တောင် အမေရိက တိုက်ရှိ ကိုလံဘီယာ၊ ပီရူးနှင့် ဘိုလီဗီးယား နိုင်ငံ သုံးခု ပေါင်းတွင် ကိုကာပင် စိုက်ပျိုးသည့် နယ်မြေ များထက် ကျော်လွန် သွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ယခုနှစ်တွင် ရာသီဥတု ကောင်းမွန် မှုကြောင့် အာဖဂန် နိုင်ငံမှ ဘိန်းတန်ချိန် ၈၂ဝဝ တန် ထုတ်လုပ် နိုင်မည် ဖြစ်ပြီး တစ်ကမ္ဘာလုံး ထုတ်လုပ် မှု၏ ၉၃% ရှိလာပြီ ဖြစ်သည်။ ကုလ သမဂ္ဂ ကမူ ထိုအခြေ အနေသည် ကမ္ဘာ့ သမိုင်းတွင် နိုင်ငံ တစ်ခု အနေဖြင့် မကြုံစဖူး ထူးကဲ လှသော မူးယစ် ဆေးဝါး ထုတ်လုပ်မှု ဖြစ်သည်ဟု ဖော်ပြ ခဲ့သည်။
သို့သော် အာဖဂန် နိုင်ငံ၏ ဘိန်း ထုတ်လုပ်မှုမှာ တစ်ပြည်လုံး အတိုင်း အတာဖြင့် တိုးတက် လာခြင်း မဟုတ်ဘဲ အချို့ နယ်မြေ များတွင် ဘိန်းစိုက် ပျိုးမှုမှာ သိသိသာသာ လျော့ကျ နေသည် ကိုလည်း တွေ့ပါသည်။ နိုင်ငံ အလယ် ပိုင်းနှင့် မြောက်ပိုင်း ဒေသ များတွင် ဘိန်း စိုက်ပျိုးမှု လုံးဝ ကင်းစင် သွားသည့် ဒေသ ၁၃ ခုအထိ ရှိလာ ခဲ့သည်။ သို့သော် နိုင်ငံ အနောက် ပိုင်းနှင့် တောင်ပိုင်း ဒေသ များတွင်မူ ဘိန်း စိုက်ပျိုးမှုမှာ ကြောက်ခမန်း လိလိ တိုးတက် လာခဲ့သည်။ နိုင်ငံ၏ ဘိန်း စိုက်ပျိုးမှု ၇ဝ%မှာ ပါကစ္စတန်နှင့် နယ်စပ်ခြင်း ထိစပ် နေသော ပြည်နယ် ငါးခုတွင် စိုက်ပျိုး နေခြင်း ဖြစ်သကဲ့သို့ နိုင်ငံ၏ ဘိန်း ထွက်ရှိမှု ၅ဝ%မှာ ဟဲလ်မန်း ပြည်နယ် တစ်ခု တည်းမှ ဖြစ်သည် ကိုလည်း တွေ့ရ ပြန်သည်။
ထိုကဲ့သို့ နယ်မြေ အလိုက် ကွဲပြား ခြားနားမှု အခြေအနေကို လေ့လာလျှင် ဘိန်းစိုက်ပျိုး မှုသည် ဆင်းရဲ နွမ်းပါးသော၊ မြေဆီ သြဇာ ထက်သန်မှု မရှိသော ဒေသ များတွင်သာ ရှိနိုင်သည် ဆိုသည့် အယူအဆ မှားယွင်း လာနေ သည်ကို တွေ့ရမည် ဖြစ်သည်။ အာဖဂန်တွင် ဘိန်း အများဆုံး စိုက်ပျိုး နေသည့် ပြည်နယ် ငါးခုမှာ မြေသြဇာ ကောင်းမွန်ပြီး ယခင်က အဓိက ဂျုံစိုက်ပျိုးရာ ဒေသများ ဖြစ်ကာ ဒေသခံ လူများမှာ ကျန် ပြည်နယ် များထက် တစ်ဦးချင်း ဝင်ငွေ ပိုမို မြင့်မား ခဲ့သော ပြည်နယ်များ ဖြစ်ပေသည်။ ယခုအချိန်တွင် ထိုပြည်နယ် များတွင် ဘိန်းဧက ငါးထောင့် ခုနှစ်ရာ ကျော် စိုက်ပျိုး ထားပြီး အာဖဂန် နိုင်ငံတွင် တစ်ဦးချင်း ဝင်ငွေ အမြင့်ဆုံး ပြည်နယ်များ ဖြစ်နေ သည်ကို တွေ့ရသည်။ ဘိန်း အများဆုံး စိုက်ပျိုးရာ ဟဲလ်မန်း ပြည်နယ်တွင် ဘိန်း တောင်သူ များ၏ ဝင်ငွေမှာ ဒေါ်လာ ၅၂၈ သန်းရှိခဲ့ရာ ၂ဝဝ၆ ခုနှစ် ဝင်ငွေ ဒေါ်လာ ၃၄၇ သန်းထက် နှစ်ဆ နီးပါးမျှ တိုးတက် လာသည်ဟု ဆိုနိုင် ပါသည်။
ဘိန်းစိုက် ပျိုးမှုတွင် ပါဝင် ပတ်သက် နေသော အာဖဂန် ပြည်သူ ဦးရေ မှာလည်း ဘိန်း အထွက်နှုန်း ကဲ့သို့ပင် တရိပ်ရိပ် တိုးတက် နေ၏။ ၂ဝဝ၆ ခုနှစ်တွင် အာဖဂန် အိမ်ထောင် စုပေါင်း လေးသိန်း လေးသောင်း ရှစ်ထောင် ကျော် ပါဝင် ပတ်သက် နေခဲ့ သော်လည်း ၂ဝဝ၇ ခုနှစ်တွင် ငါးသိန်း ကိုးထောင် ကျော်အထိ တိုးတက် လာခဲ့သည်။ အာဖဂန် နိုင်ငံ၏ ပျမ်းမျှ နှုန်းထား ဖြစ်သည့် အိမ်ထောင်စု တစ်ခုလျှင် လူဦးရေ ၆.၇ ဦးနှင့် တွက်ချက်လျှင် လူဦးရေ ၃.၃ သန်း သည် မူးယစ် ဆေးဝါး လုပ်ငန်းတွင် ပတ်သက် နေသည်ဟု ဆိုနိုင်သည်။ ထိုပမာဏသည် အာဖဂန် လူဦးရေ ၂၃ သန်း ၏ ၁၄.၃ % ပင်ဖြစ်သည်။
၂ဝဝ၆ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ် များတွင် ဘိန်း အထွက်နှုန်း တိုးတက် လာမှုကြောင့် ဘိန်းစိမ်း ဈေးများ ထိုးကျ သွားမည်ဟု မျှော်မှန်း ခဲ့သော်လည်း ၂ဝဝ၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂% မှ ၇% အတွင်းသာ ကျဆင်း ခဲ့သည်ကို တွေ့ရသည်။ ကုလ သမဂ္ဂက ထိုကဲ့သို့ ဖြစ်ရ ခြင်းမှာ မြန်မာနှင့် လာအို နိုင်ငံများ၌ ဘိန်း စိုက်ပျိုးမှု သိသိ သာသာ လျော့ကျ သွားသည့် နေရာတွင် အာဖဂန် နိုင်ငံက အစားဝင် ရောက်လာပြီး တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင် အာရှ ဈေးကွက် များသို့ တင်ပို့ လာခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ် ဖော်ပြ ခဲ့သည်။ ထိုကဲ့သို့ ဘိန်းဈေးကွက် ရှိနေ ခြင်းကြောင့် ၂ဝဝ၇ ခုနှစ်တွင် ဘိန်းတောင်သူ များထံမှ ဘိန်းစိမ်း ဝယ်ယူ ခဲ့သည့် ငွေပမာဏမှ ဒေါ်လာ သန်းတစ်ထောင် နီးပါး ရောက်ရှိ ခဲ့ပြီး ၂ဝဝ၆ ခုနှစ် ငွေပမာဏ (ဒေါ်လာ သန်း၇၆ဝ) ထက် ၃၂% တိုးတက် လာခဲ့သည်။ အာဖဂန် နိုင်ငံ၏ ဂျီဒီပီမှာ ဒေါ်လာ ၇.၅ ဘီလီယံသာ ရှိသောကြောင့် ဘိန်းစိမ်း ဝယ်ယူသည့် ငွေသည် ဂျီဒီပီ၏ ၁၃% ရှိသည်ဟု ဆိုနိုင် ပေသည်။
ကုလ သမဂ္ဂ၏ အစီ ရင်ခံစာတွင် ဘိန်းတောင်သူ များ၏ ၅၃%ခန့်မှာ ဘိန်းဈေး ကောင်းခြင်း ကြောင့် အခြား သီးနှံ များကို စွန့်ပစ်ပြီး ဘိန်းစိုက်ပျိုး လာခြင်း ဖြစ်ကြောင်း၊ ဘိန်းတောင်သူ ၉၈% က အခြားဝင်ငွေ ရသည့် လုပ်ငန်းများ၊ သီးနှံများ ရှိပါက ဘိန်းစိုက် ပျိုးမှုကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း ဖော်ပြ ထားသည်။
သို့သော် ဘိန်းအများဆုံးစိုက်ပျိုးသည့် တောင်ပိုင်းပြည်နယ်များတွင် ဘိန်းတောင်သူများ၏ တစ်နှစ် ဝင်ငွေမှာ အမေ ရိကန် ဒေါ်လာ ၃၃၁၆ ရှိပြီး အခြား သီးနှံ စိုက်ပျိုး သူများ၏ ဝင်ငွေမှာ ဒေါ်လာ ၂၄၈ဝ ရှိနေ သောကြောင့် အခြား ဝင်ငွေကောင်း သီးနှံ ရရှိပါက ဘိန်းစိုက် ပျိုးမှုကို ရပ်ဆိုင်းမည် ဆိုသည့် ပြောကြား ချက်များမှာ အဓိပ္ပါယ် မရှိလှ ဟုလည်း ကျွမ်းကျင်သူ အချို့ ကလည်း ဆိုပါသည်။
ဘိန်း စိုက်ပျိုးမှု တိုးတက် လာခြင်း၏ အဓိက အကြောင်း အရင်း တစ်ခုမှာ တိုင်းပြည်တွင် လုံခြုံရေး အခြေ အနေ ဆိုးဝါး လာခြင်းပင် ဖြစ်သည်။ အာဖဂန် ဘိန်းတောင်သူ များ၏ ၅၄%မှာ ၂ဝဝ၁ ခုနှစ်တွင် တာလီဘန် အစိုးရ ပြုတ်ကျပြီး နောက်မှသာ ဘိန်းစိုက် လာခြင်း ဖြစ်သည်ကို တွေ့ရသည်။ တာလီဘန်တို့ အုပ်ချုပ်စဉ်က ဘိန်းစိုက် ပျိုးခြင်းကို ဘာသာရေး အမိန့် ထုတ်ပြန်ပြီး ပြင်းပြင်း ထန်ထန် တားဆီး ခဲ့သော်လည်း ယခု အချိန်တွင် ၎င်းတို့ ကိုယ်တိုင်က ဘိန်း တောင်သူများ၊ မူးယစ် ဆေးဝါး ဂိုဏ်းများကို အကာ အကွယ် ပေးခြင်းဖြင့် ဝင်ငွေဖြောင့် နေသည်ကို တွေ့ရသည်။ ၂ဝဝ၄ ခုနှစ် နောက်ပိုင်းတွင် အာဖဂန် တောင်ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်များ၏ အုပ်ချုပ်မှုမှာ ဗဟို အစိုးရ ထံတွင် မရှိတော့ဘဲ ဒေသခံ စစ်ဘုရင်များ၊ တာလီဘန် ပြောက်ကျား များနှင့် မူးယစ် ဂိုဏ်းများ လက်အတွင်းသို့ ရောက်ရှိ သွားခဲ့သည်။ ကုလ သမဂ္ဂ၏ အစီ ရင်ခံစာတွင် ၂ဝဝ၄ ခုနှစ် နောက်ပိုင်း၌ တောင်ပိုင်း ပြည်နယ် များတွင် တိုက်ပွဲများ တိုးတက် ဖြစ်ပွား လာမှုနှင့် ဘိန်းစိုက် ဧက တိုးတက် လာမှု ဆက်စပ် နေကြောင်း ကိန်းဂဏန်း များဖြင့် နှိုင်းယှဉ် ဖော်ပြ ထားပါသည်။
ကုလသမဂ္ဂ UNODC ( United Nations Offices on Drugs and Crime) က အာဖဂန် နိုင်ငံ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို လုံခြုံရေး နည်းလမ်း၊ စစ်ရေး နည်းလမ်း သက်သက်ဖြင့် ဖြေရှင်း၍ မရနိုင်ကြောင်း သုံးသပ် ပြခဲ့သကဲ့သို့ မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံ တို့တွင် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည့် ဘိန်းစိုက်ပျိုးမှု တားဆီးရေး လုပ်ငန်း များကို အာဖဂန်တွင် ထိထိ ရောက်ရောက် ဆောင်ရွက် သင့်သည် ဟုလည်း ထောက်ပြ ခဲ့သည်။၂ဝဝ၇ ခုနှစ်တွင် အာဖဂန်၌ ဘိန်း စိုက်ဧက လေးသောင်း ကျော်သာ ဖျက်ဆီး နိုင်ခဲ့ရာ စုစုပေါင်း စိုက်ဧက ၏၁ဝ% သာ ရှိခဲ့သည်။ နေတိုး တပ်ဖွဲ့များနှင့် အာဖဂန် အစိုးရ တို့က ဘိန်းခင်း ဖျက်ဆီးမှု များကို အတင်း အကြပ် ဆောင်ရွက် ပါက ဘိန်းစိုက် တောင်သူ များကို တာလီဘန် တို့ဘက်သို့ တွန်းပို့ သလို ဖြစ်မည်ဟု ယူဆ နေခြင်းကြောင့် ဘိန်းခင်း ဖျက်ဆီး မှုများ အရှိန် အဟုန် နည်းပါး နေခြင်း ဖြစ်သည်ဟု အကဲခတ်များက ဆိုကြ ပါသည်။
အာဖဂန် နိုင်ငံတွင် တစ်ဟုန်ထိုး တိုးတက် လာနေသည့် မူးယစ် ဆေးဝါး စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေ များကြောင့် အာဖဂန် နိုင်ငံတွင် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်း နိုင်ရေး အတွက် အမေ ရိကန်တို့က ပေးနေသည့် အကူ အညီများ အပေါ် မေးခွန်း ထုတ်မှုများ ပေါ်ပေါက် လာခဲ့ ပါသည်။ လက်ရှိ အချိန်တွင် အမေ ရိကန် တို့သည် အာဖဂန် အစိုးရ၏ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်သို့ ဒေါ်လာ သန်း ၆ဝဝ ခန့်အကူအညီ ပေးထား သည့်အပြင် မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် နံမည်ပျက် နိုင်ငံ စာရင်း မှလည်း ပယ်ဖျက် ပေးထား ခဲ့သည်။ သမ္မတ ဘုရှ်က အာဖဂန်ကို နံမည်ပျက် စာရင်းမှ ပယ်ဖျက် ပေးခဲခြင်းမှာ အမေရိကန် နိုင်ငံ၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကျိုး စီးပွားကြောင့် ဖြစ်သည်ဟု အကြောင်းပြ ခဲ့သည်။ သို့သော် မြန်မာ၊ ပီရူး၊ ဘိုလီ ဗီးယား နိုင်ငံ တို့ကဲ့သို့ မူးယစ် ဆေးဝါး ထုတ်လုပ်မှု သိသိသာသာ လျော့ကျ နေသော နိုင်ငံများကို နံမည်ပျက် စာရင်းမှာ ပယ်ဖျက်ခြင်း မပြုဘဲ နှစ်စဉ် တိုးတက် ထုတ်လုပ် နေသော အာဖဂန် နိုင်ငံကို စာရင်းမှ ပယ်ဖျက် ပေးခဲ့ခြင်း အပေါ် ဝေဖန်မှု အများ အပြားလည်း ပေါ်ထွက် လာခဲ့သည်။
ဘုရှ် အစိုးရ တာဝန် ရှိသူ အချို့က ဘိန်း စိုက်ပျိုးမှု တိုးတက် လာခြင်းနှင့် ပတ်သက်ပြီး တာဘီဘန်တို့ အပေါ် လုံးလုံး အပြစ်ပုံချ ခဲ့သော်လည်း အာဖဂန်ရှိ နေတိုး တပ်ဖွဲ့များ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံး ကမူ မူးယစ် ဆေးဝါး မှောင်ခို ဂိုဏ်းများက ဘိန်း စိုက်ပျိုးမှုနှင့် ဘိန်းဖြူ ထုတ်လုပ်မှုကို ချုပ်ကိုင် ထားကြောင်း၊ မူးယစ် ဆေးဝါးဂိုဏ်း များသည် အာဖဂန်မှ ပါကစ္စတန်၊ အီရန်၊ ရုရှတို့ ကိုဖြတ်ပြီး နိုင်ငံတကာသို့ တင်ပို့နေကြောင်း၊ ထိုဂိုဏ်း များသည် နေတိုးနှင့် အာဖဂန် အစိုးရ တပ်ဖွဲ့များ ကိုလည်း တိုက်ခိုက် နေကြောင်း၊ တာလီဘန် တို့ကိုသာ အပြစ် ပုံချနေ၍ မရကြောင်း ရှင်းပြ ခဲ့သည်။
လက်ရှိ အခြေ အနေတွင် အမေရိကန်နှင့် နေတိုး တပ်ဖွဲ့သည် လည်းကောင်း၊ အာဖဂန် အစိုးရ သည် လည်းကောင်း၊ ပြည်နယ် အားလုံးကို ထိရောက်စွာ ထိန်းချုပ် နိုင်ခြင်း မရှိဘဲ ဒေသခံ လူမျိုးစု ခေါင်းဆောင်များ၊ ပြောက်ကျား တပ်ဖွဲ့ များကိုသာ မဟာမိတ် ဖွဲ့ပြီး တစ်ဆင့် အုပ်ချုပ် နေရခြင်း ဖြစ်သည်။ ထို့ကြောင့် အယ်လ်ကေဒါတို့ လှုပ်ရှားမှု များပြား လာသည် နှင့်အမျှ ထိုဒေသခံ လူမျိုးစု ခေါင်းဆောင်များ၊ ပြောက်ကျား တပ်ဖွဲ့ များ၏ ပူပေါင်း ကူညီ မှုသည် အမေရိကန်နှင့် နေတိုး တပ်ဖွဲ့များ အတွက် ပိုမို အရေးကြီး လာပေသည်။ ဤ အခြေအ နေတွင် ထိုခေါင်းဆောင်များ အနေဖြင့် မူးယစ် ဆေးဝါး လုပ်ငန်း များတွင် ပါဝင် ပတ်သက် နေမှုကို အမေရိကန်တို့ အနေဖြင့် မသိ ကျိုးကျွံ ပြုထား နေရမည်သာ ဖြစ်သည်။
သို့သော် ရေရှည် တွင်မူ မူယစ် ဆေးဝါး စိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းသည် အာဖဂန်နိုင်ငံ၏ တည်ငြိမ်မှု၊ ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက် အကူ မပြုသည့် အပြင် တာလီဘန်၊ အယ်လ်ကေဒါနှင့် အခြား အကြမ်းဖက် အဖွဲ့အစည်းများ ပိုမို အားကောင်း စေရန် အတွက် ရေခံ မြေခံပင် ဖြစ်လာ နိုင်ပါသည်။ ထို့ကြောင့် အမေရိကန် တို့၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် အာဖဂန် နိုင်ငံမှ မူးယစ် ဆေးဝါး ပြဿနာ ဖြေရှင်းရေး ကိုလည်း ထည့်သွင်း ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ် နေပြီ ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Afghanistan Opium Survey 2007 Executive Summary By UNODC
၂။
New York Time, 26-8-2007
Read more