Wednesday, September 4, 2013

ဝါရှင်တန် သတင်းလောက အတွေ့အကြုံ (၄)

( သမ္မတ ဂျော့ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူက အတွေ့အကြုံများကို Taking Heat အမည်ဖြင့်  စာအုပ်    ထုတ်ဝေခဲ့သည်။  ထိုစာအုပ်မှ အခန်းလေး Bias ? ကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြ အပ်ပါသည်။)
အိမ်ဖြူတော် ပြန်ကြားရေး အရာရှိအဖြစ် နှစ်နှစ်ခွဲ လုပ်ခဲ့တဲ့ အတွေ့အကြုံ အရပြည်သူ တွေဟာ  ဝါရှင်တန် သတင်းထောက် တွေစီက သတင်းကောင်းတွေ ပိုကြားရသလား၊ သတင်းဆိုးတွေ ပိုကြားရလား၊ ဒါမှမဟုတ် မျှမျှတတ နှစ်မျိုးလုံး ကြားရ သလားလို့ မေးလားရင်တော့ အဆိုးတွေပဲ ပိုကြား ရတယ်လို့ ဖြေရမှာပဲ။ သတင်းဆိုး တွေက မြန်မြန် ပြန့်သွားပြီး သတင်းကောင်း တွေကတော့ ခပ်နှေးနှေးပဲ သွားတယ်။ သတင်းဆိုး တစ်ပုဒ်က ရက်အတော်ကြာကြာ ရေးစရာ၊ ဆွေးနွေး စရာဖြစ်ပေမယ့် သတင်းကောင်း တစ်ခုကတော့ တစ်ရက်ပဲ ခံပါတယ်။
ဒါပေမယ့် အဲဒီလို သတင်းထောက် တွေနဲ့မတူ ကွဲပြားတဲ့ မိုးခါးရေ မသောက်တဲ့ သတင်းထောက် တွေလည်းရှိပါ တယ်။ သူတို့က ခက်ခဲတဲ့ မေးခွန်းတွေ မေးပါလိမ့်မယ်၊ ဒါပေမယ့် ခင်ဗျားရဲ့ အဖြေက ကျိုးကြောင်း ဆီလျော်တယ်ဆိုရင် သူနဲ့ သဘောချင်း မတိုက်ဆိုင်ရင်တောင် ဖော်ပြပေး လိမ့်မယ်။ နောက်ပြီး သူတို့က တကယ်ဖြစ်လာတဲ့ ပဋိပက္ခကိုပဲ ရေးတယ်။ ပဋိပက္ခ ဖြစ်လာအောင် လှုံ့ဆော် မပေးဘူး။ အင်န်ဘီစီ သတင်းဌာနက တင်မ်ရူးဆပ်က အဲဒီလိုလူမျိုးပါ။ သူဟာ လိမ္မာ ပါးနပ်တယ်။ ဒါပေမယ့် ခင်ဗျားကို ရန်ထောင်ပြီး မမေးဘူး။ ခင်ဗျားကို ရှင်းလင်း တင်ပြခွင့် ပေးတယ်။ ဒါပေမယ့် ထောက်ပြစရာ ရှိရင် မညှာမတာ မေးလိမ့်မယ်။ သူဟာ မျှမျှတတ စဉ်းစားတတ်ပြီး ဖြစ်စဉ်တိုင်းကို ပဋိပက္ခ အမြင်နဲ့ ချဉ်းကပ် တာမျိုးမရှိဘူး။ ဒါပေမယ့် ဝါရှင်တန်မှာ သူလိုလူမျိုးက အတော်နည်းပါတယ်။
စာနယ်ဇင်း သတင်းထောက် ကောင်းတွေဟာ စကားလုံးတွေရဲ့ အရေးကြီးမှုကို ကောင်းကောင်းကြီး သိတယ်။ ဒီလိုပဲ ရုပ်သံ သတင်းထောက် ကောင်းတွေက ရုပ်ပုံတွေနဲ့ ပြောစကားတွေရဲ့ အရေးကြီးမှုကို ကောင်းကောင်းကြီး သိတယ်။ ဒီတော့ သူတို့ရွေးတဲ့ စကားလုံးတွေ၊ ဝါကျ တည်ဆောက်ပုံ တွေဟာ သူတို့ဘယ်လို တွေးသလဲ ဆိုတာကို ဖော်ပြ နေတာပဲ ဖြစ်ပါတယ်။ သူတို့ ရေးသမျှဟာ စာဖတ်သူတွေရဲ့ အတွေးအမြင် တွေပေါ်မှာ လွှမ်းမိုးမှု ရှိတယ်။ ဒီတော့ သတင်းထောက် တွေက ဖြစ်ရပ် တစ်ခုကို သူတို့မြင်သလို စာဖတ်သူက မြင်လာအောင် စကားလုံးတွေကို ရွေးချယ် သုံးတော့တာပဲ။
သတင်းထောက် တွေက သူတို့ကို လစ်ဘရယ် တွေလို့ ပြောရင် မဟုတ်ဘူးလို့ ငြင်းတယ်။ တစ်ချို့ကျတော့ သူတို့ လစ်ဘရယ် ဖြစ်ပေမယ့် ဒါဟာ သူတို့ရဲ့ သတင်းတွေ အပေါ်မှာ ဘယ်လိုမှ အကျိုး သက်ရောက်မှု မရှိဘူးလို့ပြော တယ်။ ဒါပေမယ့် သူတို့ရေးတာတွေကို ဖတ်ကြည့်လိုက်ရင် မူဝါဒဆိုင်ရာ ကိစ္စတွေမှာ ဒီမိုကရက် တွေဘက်က အမြင်နဲ့ သူတို့ ရေးတာကို တွေ့ရလိမ့်မယ်။
မူဝါဒဆိုင်ရာ အငြင်းပွားမှု တွေကို သတင်း ရေးတဲ့အခါ ရီပတ်ဘလီကင် ဘက်က အမြင်တွေကို ကွန်ဆာဗေးတစ်၊ ဒါမှမဟုတ် လက်ယာစွန်း စသည်ဖြင့် ရေးလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရက်ဘက်က အမြင်တွေကို ရေးတဲ့အခါမှာတော့ တစ်ခါတစ်လေ မှသာ လစ်ဘရယ်လို့ သုံးပြီး များသောအားဖြင့် ဒီမိုကရက်လို့ပဲ သုံးလိမ့်မယ်။ နောက်ပြီး လစ်ဘရယ် ဆိုတဲ့ စကားလုံးအစား ဒီမိုကရက်တွေ သဘောကျတဲ့ တိုးတက်သော အမြင်ရှိသူ ( Progressive ) လို့ သုံးလိမ့်မယ်။ တကယ်တော့ တိုးတက်သော အမြင်ရှိသူ ဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာ တိတိကျကျ ပြောလို့မရဘူး။ ဒါပေမယ့် ဒီစကားလုံးကို ဒီမိုကရက်တွေ ကြိုက်တော့ စာနယ်ဇင်း တွေကလည်း လိုက်သုံးတာပဲ။ ဘာဖြစ်လို့ ဒီမိုကရက်တွေကို လစ်ဘရယ်လို့ မသုံးလဲ ဆိုတာကတော့ ၁၉၈၀ နဲ့ ၁၉၉၀ နှစ်များမှာ လစ်ဘရယ် သမားလို့ စွတ်စွဲခံရသူ အတော်များများ ရွေးကောက်ပွဲမှာ ရှုံးခဲ့လို့ဖြစ်မယ် ထင်တာပဲ။
နောက်ပြီး ပဋိသန္ဓေ တားဆီးရေးနဲ့ ပတ်သက်လို့ ရှိရင် ဒါကို ဆန့်ကျင်တဲ့ သူတွေကို လူမှုရေး ကွန်ဆာဗေးတစ် ဝါဒီတွေလို့ ရေးတယ်။ ထောက်ခံသူတွေ ဆိုရင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူလို့ ရေးတယ်။ ( အမေရိကန်တွင် ဒီမိုကရက် က ပဋိသန္ဓေ တားဆီးရေး ကိုထောက်ခံပြီး ရီပတ်ဘလီကင် က ဆန့်ကျင့်သည်။ ဘာသာပြန်သူ) ဘာဖြစ်လို့ လူမှုရေး လစ်ဘရယ် ဝါဒီနဲ့ လူမှုရေး ကွန်ဆာဗေးတစ် ဝါဒီလို့ မရေးသလဲ။ စဉ်းစားဖို့ မကောင်းဘူးလား။
ဒီလိုပဲ ဘာသာရေးနဲ့ ပတ်သက်ရင် ရီပတ်ဘလီကင် ဘာကို ရေးတဲ့အခါ ဘာသာရေး လက်ယာ ဝါဒီတို့၊ ဧ၀ံဂလိ ခရစ်ယန်တို့ ဆိုတာမျိုးတွေ တွေ့ရမယ်။ ဒါပေမယ့် ဘာသာရေး လက်ဝဲ ဝါဒီလို့ပြောတာတော့ တွေ့ရမှာ မဟုတ်ဘူး။ ၂၀၀၃ ခုနှစ်မှာ နယူးယောက် တိုင်းမ် သတင်းစာက သမ္မတဘုရှ်ရဲ့ မိန့်ခွန်းရေး ပေးသူ မိုက်ကယ် ဂါဆွန်ကို သတင်း တစ်ပုဒ်ထဲမှာ ဖော်ပြတဲ့အခါ အရမ်း စဉ်းစားတဲ့ ဧ၀ံဂလိ ခရစ်ယန်လို့ ကင်ပွန်းတပ်ပြီး ရေးခဲ့တယ်။ ဒီသတင်းဟာ မိုက်ကယ်ရဲ့ ဘာသာရေး ယုံကြည်ချက်နဲ့ ဘာမှ မပတ်သက်ဘူး။ တကယ်တော့ စာနယ်ဇင်း ကျင့်ဝတ်အရ ဆိုရင် မိုက်ကယ်ရဲ့ ဘာသာရေး ကိစ္စကို ဒီ သတင်းမှာ ထည့်ရေးဖို့ အကြောင်းမရှိဘူး။ သတင်းထောက်က ရေးလာ ရင်လည်း အယ်ဒီတာက ဖြုတ်ပစ်ရမယ်။ ဒါပေမယ့် နယူးယောက် တိုင်းမ် အယ်ဒီတာတွေက မိုက်ကယ်ရဲ့ ဘာသာရေး အယူအဆ ကြောင့် သမ္မတရဲ့ ၂၀၀၃ ခုနှစ် နိုင်ငံတော် အခြေပြ မိန့်ခွန်း အပေါ်ကို သက်ရောက်မှု ရှိတယ်လို့ လူတွေက ထင်လာအောင် ဒီစကားကို သုံးခဲ့တာ ဖြစ်တယ်။
ဆက်လက် ဖော်ပြပါမည်။
ရဲထွဋ်
           


No comments:

Post a Comment