Tuesday, September 24, 2013

အမေရိကန်နှင့် တရုတ် အားပြိုင်မည့် အာဖရိက

ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဥရောပ တိုက်မှ ကိုလိုနီ နယ်ချဲ့ နိုင်ငံများ၏ အပိုင်းပိုင်း အစိတ်စိတ် ခွဲဝေ အုပ်ချုပ်မှုကို ခံခဲ့ရသည့် အာဖရိက တိုက်သည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီး နောက်ပိုင်းတွင် အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စု တို့ အားပြိုင်ရာ ဒေသ ဖြစ်ခဲ့ရ ပြန်သည်။ စစ်အေး တိုက်ပွဲလွန် ကာလတွင်မူ အာဖရိက တိုက်သည် အမေရိကန် တို့၏ အမျိုးသား လုံခြုံရေး မဟာ ဗျူဟာ တွင် အရေး မပါသည့် အခန်း ကဏ္ဍသို့ ရောက်ရှိ သွားခဲ့ သည်။ သို့သော် ၂ဝဝ၆ ခုနှစ်သို့ ရောက်ရှိ လာချိန် တွင်မူ အာဖရိက တိုက်သည် အမေရိကန် တို့၏ အမျိုးသား လုံခြုံရေး မဟာဗျူဟာတွင် အလေးပေး စဉ်းစားရ မည့် အခြေ အနေသို့ ပြန်လည် ရောက်ရှိ လာသည်ကို တွေ့ရပါသည်။
မူဝါဒ အပြောင်းအလဲ
အမေရိကန် တို့၏ အာဖရိက ဆိုင်ရာ မူဝါဒ အပြောင်း အလဲများကို ဦးဆောင် နေသူမှာ အမေရိကန် တပ်မတော် ဥရောပ စစ်ဌာနချုပ်၊ တပ်မှူးနှင့် နေတိုး အဖွဲ့၏ စစ်သေနာ ပတိချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံး ပင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံးသည် လွန်ခဲ့သည့် သုံးနှစ် ခန့်ကပင် သူ့စစ်ဌာနချုပ်၏ ကွပ်ကဲမှု နယ်မြေ အတွင်း ပါဝင် နေသော အာဖရိက တိုက်အပေါ် ဘုရှ် အစိုးရက ပိုမို အာရုံ စိုက်လာအောင် တစ်စိုက် မတ်မတ် လှုံဆော်ခဲ့သူ ဖြစ်သည်။ ဆိုမာလီ အရေးအခင်း ပြီးကထဲက အာဖရိက တိုက်တွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ရန် လက်တွန့် နေသော အမေရိကန် အစိုးရကို အာဖရိက တိုက်နိုင်ငံ များနှင့် စီးပွားရေး၊ သံတမန် ရေးကဏ္ဍ များတွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း ခဲ့သူလည်း ဖြစ်သည်။ ယခုအချိန် တွင်မူ အမေရိကန် ဥရောပ စစ်ဌာနချုပ် သည် အမေရိကန် အစိုးရ၏ အခြား ဌာနပေါင်း ၁၅ ခုနှင့် ပူးပေါင်းပြီး အာဖရိက တိုက်ဆိုင်ရာ မူဝါဒများကို ပေါင်းစပ် ညှိနှိုင်း အကောင် အထည် ဖော်လျှက် ရှိပေသည်။ ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံးသည် အမေရိကန် စီးပွားရေး လုပ်ငန်းရှင် ကြီးများကို ၎င်း၏ အာဖရိက ခရီးစဉ် များတွင် ခေါ်ဆောင်သွား သကဲ့သို့ အာဖရိကနိုင်ငံ ကိုးနိုင်ငံမှ လုံခြုံရေး တပ်ဖွဲ့များကို လေ့ကျင့် ပေးလျှက် ရှိသည်။ ထို့ပြင် ၎င်း၏ နေတိုး စစ်သေနာပတိ ချုပ်ရာထူးကို အသုံးပြု ပြီး ယခုနှစ် နွေရာသီတွင် အမေရိကန် ပြည်ထောင်စု၏ ရေနံ လိုအပ်ချက် ၁၅% ကို တင်ပို့ရာ ဂီနီပင်လယ် ကွေ့တွင် နေတိုး၏ လျှင်မြန်စွာ တုန့်ပြန် တိုက်ခိုက်ရေး တပ်ဖွဲ့ Nato's Rapid Recation Force ၏ ပထမဆုံး လေ့ကျင့်ခန်းကို ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။ ဗိုလ်ချုပ်ကြီး ဂျုံးက သူ၏ လုပ်ဆောင်ချက် များကို အမေရိကန် တပ်မတော်၏ အခန်း ကဏ္ဍသစ် အဖြစ် ရှုမြင်ပြီး ဒါ ၂၁ ရာစုမှာ တိုက်ပွဲဝင် ရမယ့် ပုံစံသစ်ပဲ၊ အမေရိကန် နိုင်ငံရဲ့ သြဇာ အာဏာ ခိုင်မြဲအောင် အထောက်အကူ ပြုမယ့် ကဏ္ဍ အားလုံး ပူးပေါင်း ဆောင်ရွက် ရမယ်။ အထစ်အငေါ့ မရှိပဲ ဆက်စပ် ဆောင်ရွက် ရမယ်။ စစ်ရေး သက်သက်နဲ့ မရနိုင် တော့ဘူးဟု ရှင်းပြ ခဲ့သည်။ ထို့နောက် အမေရိကန် ဥရောပ စစ်ဌာနချုပ်သည် ဘုရှ်၏ ကြိုတင် ကာကွယ်ရေး မူဝါဒ အရ အာဖရိက တိုက်ကို အီရတ်နှင့် အာဖဂန် တို့ကဲ့သို့ အကြမ်းဖက် သမားများ ခိုလှုံရာ နေရာ ဖြစ်မလာ စေရေး ဆောင်ရွက် နေခြင်း ဖြစ်သည်ဟု ဆက်လက် ရှင်းပြခဲ့သည်။
ထိုကဲ့သို့ အမေရိကန် ပြည်ထောင်စု အနေဖြင့် အာဖရိက တိုက်သို့ ပြန်လည် အာရုံစိုက် လာရခြင်းသည် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေးနှင့် စီးပွားရေး အပြင် တရုတ် နိုင်ငံက အာဖရိက တိုက်တွင် သြဇာကြီးမား လာခြင်းကို တားဆီး နိုင်ရန်လည်း အကြောင်း တစ်ချက် အနေဖြင့် ပါဝင် နေပေသည်။
တရုတ်- အာဖရိက ဆက်ဆံရေး အစ
တရုတ် နိုင်ငံနှင့် အာဖရိက တိုက်နိုင်ငံများ ဆက်ဆံ ရေးသည် ၁၉၅၅ ခုနှစ် ဘန်ဒေါင်း ညီလာခံမှ စတင် ခဲ့သော်လည်း ထိုစဉ်က ဆက်ဆံရေး သည် စစ်အေး တိုက်ပွဲ ကာလ နိုင်ငံရေး အားပြိုင်မှု အပေါ်တွင်သာ အဓိက အခြေပြု ခဲ့ခြင်း ဖြစ်သည်။ တရုတ် နိုင်ငံ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်လာသည့် ၂၁ ရာစု တွင်မူ တရုတ်-အာဖရိက ဆက်ဆံရေး သည် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍ နှစ်ခုလုံးတွင် အရှိန်မြင့် လာခဲ့ သည်ကို တွေ့ရသည်။ တရုတ် နိုင်ငံ အနေဖြင့် တိုးတက် လာနေသည့် စီးပွားရေး ကဏ္ဍ အတွက် ပို့ကုန် ဈေးကွက် သစ်များ ရှာဖွေ ဖော်ထုတ် နိုင်ရန်နှင့် လိုအပ်သည့် သယံဇာတ အရင်းအမြစ် များကို ရရှိနိုင်ရန် အတွက် အာဖရိက နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး ရရှိအောင် အာရုံစိုက် လုပ်ဆောင် လာခဲ့ ကြသည်။ အထူးသဖြင့် အမေရိကန် တို့က ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးကို အဓိက စံအဖြစ် အခြေခံသည့် Transformational Diplomacy ကို အာဖရိက နိုင်ငံများနှင့် ဆက်ဆံရေးတွင် ပေတံအဖြစ် အသုံးပြု နေချိန်၌ တရုတ် နိုင်ငံသည် တရုတ် (တိုင်ပေ) အား အသိအမှတ် မပြုပါ ဆိုသည့် လိုအပ်ချက်ကို လက်ခံသည့် နိုင်ငံတိုင်းနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည်။ ထို့ပြင် အစ္စလမ် ဘာသာဝင် အများစု ရှိသည် အာဖရိက နိုင်ငံများ အနေဖြင့်လည်း အမေရိကန်နှင့် ရင်းနှီးစွာ ဆက်ဆံ ခြင်းထက် တတိယ ကမ္ဘာ နိုင်ငံတစ်ခု ဖြစ်သည့် တရုတ် နိုင်ငံနှင့် ပိုမို ရင်းနှီးစွာ ဆက်ဆံ လိုကြ သည်ကိုလည်း တွေ့ရသည်။ အာဖရိက သံတမန်များ အနေဖြင့် ကွန်ဆာဗေးတစ် လက်သစ်များ ကြီးစိုးသည့် ဘုရှ် အစိုးရသည် ယခင် အစိုးရ များထက် ပိုမို မောက်မာသည်ပြီး အာဖရိက နိုင်ငံများကို အထင်သေး အမြင်သေးဖြင့် ဆက်ဆံသည် ဟုလည်း ယူဆနေသည် ကိုလည်း တွေ့ရ ပါသည်။
၂ဝဝဝ ပြည့်နှစ်တွင် အီသီယိုး ပီးယားနိုင်ငံ၌ တရုတ် နိုင်ငံ၏ ဦးဆောင်မှုဖြင့် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ညီလာခံကို ကျင်းပခဲ့ကာ Forum on China-Africa Cooperation, FOCAC ကို တည်ထောင် ခဲ့သည်။ ထိုညီလာခံမှ အတည် ပြုခဲ့သည့် ရှေ့လုပ်ငန်း စဉ်များတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုများ သာမက တရုတ် နိုင်ငံက ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီတွင် အာဖရိကတိုက် နိုင်ငံများ၏ အကျိုး စီးပွား အတွက် ရပ်တည် ပေးရန် ဆိုသော အချက်ပါ ပါဝင် ခဲ့သည်။ ထိုအချိန်မှ စပြီး တရုတ် နိုင်ငံနှင့် အာဖရိက တိုက် နိုင်ငံများ အကြား ဆက်ဆံရေးမှာ တဟုန်တိုး တိုးတက် လာခဲ့ သည်ကို တွေ့ရ ပါသည်။
အမေရိကန်တို့ ခေါင်းဆောင်များက အီရတ် စစ်ပွဲနွံ အတွင်း နစ်နေစဉ်တွင် တရုတ် ခေါင်းဆောင်များ သည် အာဖရိက တိုက်သို့ လှည့်လည်ပြီး သံတမန် ထိုးစစ်ကို ဆင်နွဲ နေခဲ့ကြသည်။ ၂ဝဝ၆ ခုနှစ်တွင် တရုတ် ထိပ်တန်း ခေါင်းဆောင်များ ဖြစ်သော သမ္မတ ဟူကျင်းတောင်က အာဖရိက သုံးနိုင်ငံသို့ ခရီး လှည့်လည် ခဲ့ပြီး ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ခုနှစ်နိုင်ငံသို့ ခရီးထွက် ခဲ့သည်ကို ကြည့်ပါက တရုတ် ခေါင်းဆောင်များ၏ အာဖရိက တိုက်အပေါ် အလေးထားမှု ကို မှန်းဆ နိုင်ပေသည်။ ထိုလှုပ်ရှား မှုများ၏ အထွတ် အထိပ်မှာ ယခု နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပ ခဲ့သော တရုတ်- အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီး ညီလာခံပင် ဖြစ်သည်။ ထို ညီလာခံတွင် အာဖရိက နိုင်ငံ ၄၈ နိုင်ငံမှ ထိပ်တန်း ခေါင်းဆောင်များ တက်ရောက် ခဲ့ပြီး တရုတ်နှင့် အာဖရိက တိုက်နိုင်ငံများ အကြား မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် စီးပွားရေးတွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့ကြသည်။
စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ
ထိုထိပ်သီး ညီလာခံတွင် တရုတ် သမ္မတ ဟူကျင်းတောင်က တရုတ် နိုင်ငံသည် အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်သကဲ့သို့ အာဖရိက တိုက်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံ အများဆုံး တည်ရှိသည့် တိုက်ကြီး ဖြစ်သည်။ မိမိ တို့ ဒေသ နှစ်ခုတွင် ကမ္ဘာ့ လူဦးရေ၏ သုံးပုံ တစ်ပုံခန့် နေထိုင်နေရာ တရုတ်- အာဖရိက ပြည်သူများ၊ ငြိမ်းချမ်းမှု မရှိလျှင်၊ ဖွံ့ဖြိုး တိုးတက်မှု မရှိလျှင် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု မရှိနိုင်ကြောင်း ထောက်ပြရင်း မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက် မှုကို တိုးမြှင့် ကြရန် တိုက်တွန်း ခဲ့သည်။
လက်တွေ့ တွင်လည်း တရုတ် နိုင်ငံနှင့် အာဖရိက တိုက်နိုင်ငံများ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တဟုန်ထိုး တိုးတက် နေသည်ကို တွေ့ရသည်။ ၁၉၅ဝ ပြည့်လွန် နှစ်များ အတွင်းက နှစ်ဘက်အကြား ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁ဝ သန်းခန့်သာ ရှိရာမှ ၂ဝဝ၅ ခုနှစ်တွင် ဒေါ်လာ ၃၇ ဘီလီယံ ကျော် အထိရှိ လာခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်တွင် ဒေါ်လာ ဘီလီယံ ၁ဝဝ တိုးတက် လာနိုင်မည်ဟု ခန့်မှန်း ထားကြသည်။ တရုတ် နိုင်ငံသည် အာဖရိက တိုက်နိုင်ငံ များတွင် ဒေါ်လာ ခြောက် ဘီလီယံကျော် ရင်းနှီ မြှပ်နှံခဲ့ကာ တရုတ် ကုမ္ပဏီ ခုနှစ်ရာ ကျော်မှ လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပါသည်။ ထို့ပြင် တရုတ် နိုင်ငံသည် အာဖရိက နိုင်ငံ ၃ဝ ကျော်မှ ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံရှိ ကြွေးမြီများကို လျှော်ပစ်ခဲ့ပြီး ကုန်ပစ္စည်းအမယ် ၁၉ဝ ကျော်အပေါ် သွင်းကုန်ခွန် စည်းကြပ်မှု များကို ပယ်ဖျက်ခြင်း၊ လျှော့ပေါ့ ခြင်းများ ပြုလုပ် ပေးခဲ့သည်။ တရုတ် နိုင်ငံသည် FOCAC ၏ ဘောင် အတွင်းမှ ဖွံ့ဖြိုးရေး စီမံချက် ၁၇၆ ခုကို အာဖရိက နိုင်ငံ ၄၂ နိုင်ငံတွင် အကောင် အထည် ဖော်နေပြီး အာဖရိက ပညာတော်သင် တစ်သောင်း ငါးထောင် ကျော်သည် တရုတ် နိုင်ငံတွင် လာရောက် ပညာ သင်ကြားလျှက် ရှိနေ ပေသည်။ သမ္မတ ဟူကျင်းတောင်က ထိပ်သီး အစည်း အဝေးတွင် အာဖရိက နိင်ငံ များသို့ လာမည့် သုံးနှစ် အတွင်း ဒေါ်လာ ငါးဘီလီယံ အထောက်အပံ့ ပေးမည် ဖြစ်ကြောင်း ကတိပြု ခဲ့သည် ကိုလည်း တွေ့ရသည်။ စွမ်းအင် ကဏ္ဍ အနေဖြင့်လည်း သမ္မတ ဟူကျင်းတောင်၏ ခရီးစဉ်တွင် အာဖရိက တိုက်မှ အဓိက ရေနံ ထုတ်လုပ်သည့် နိုင်ငံ ဖြစ်သော နိုင်ဂျီး ရီးယားနိုင်ငံ၏ စွမ်းအင် ကဏ္ဍ၌ေ ဒ်ါလာ လေး ဘီလီယံ ရင်းနှီးမြှပ်နှံရန် သဘောတူခဲ့ပြီး နိုင်ငံဂျီးရီးယား နိုင်ငံကလည်း တရုတ် ရေနံ ကုမ္ပဏီများကို ရေနံ ရှာဖွေခွင့် လိုင်စင် လေးခု ခွင်ြ့ပု ခဲ့သည်။ တရုတ် နိုင်ငံသည် အာဖရိက တိုက်မှ သယံဇာတ များကို အများအပြား တင်သွင်း ခဲ့ရာ ၂ဝဝ၄ ခုနှစ်တွင် အာဖရိက နိုင်ငံများမှ တရုတ် နိုင်ငံသို့ ပို့ကုန် ဒေါ်လာ ၁၅.၆ ဘီလီယံ ကျော် တင်ပို့ ခဲ့ရာ ၈၁%မှာ တွင်းထွက် သယံ ဇာတများ ဖြစ်သည်ကို တွေ့ရပါသည်။
ထို အခြေအနေများမှာ အမေရိကန် နိုင်ငံအတွက် မျက်လုံး ဒေါက်ထောက် ကြည့်ရမည့် အခြေအနေ များပင် ဖြစ်သည်။ ကွန်ဆား ဗေးတစ် လက်သစ် ဝါဒီများက မူလ တည်းကပင် တရုတ် နိုင်ငံကို အာရှ တိုက်တွင် အမေရိကန် တို့၏ အကျိုး စီးပွားကို စိန်ခေါ်ရန် အလား အလာ ရှိသည့် နိုင်ငံအဖြစ် သတ်မှတ် ထားပြီး ဖြစ်ရာ ယခုကဲ့သို့ အာဖရိက တိုက်သို့ တရုတ် တို့၏ သြဇာ ချဲ့ထွင် လာမှုကို တားဆီးရန် လိုအပ် လာပြီဟု ယူဆ လာပြီ ဖြစ်သည်။ ထို့ကြောင့် ၂ဝဝ၆ ခုနှစ် မတ်လတွင် ထုတ်ပြန် ခဲ့သည့် အမေရိကန် အမျိုးသား လုံခြုံရေး မဟာဗျူဟာ စာတမ်းတွင် တရုတ် နိုင်ငံသည် ကုန်သွယ်မှုကို အကြောင်း ပြု၍ သြဇာကို တိုးချဲ့ လာနေသည်။ ကမ္ဘာ့ရေနံ အရင်း အမြစ်များကို ချုပ်ကိုင် နိုင်ရန် ကြိုးစား လာနေ သည်ဟု ဖော်ပြ သကဲ့သို့ အမေရိကန် အနေဖြင့် အာရှနှင့် အရှေ့ အလယ်ပိုင်းတွင် သာမက အာဖရိက တိုက်တွင်ပါ ဒီမိုကရေစီ ထွန်းကားအောင် ဆောင်ရွက် ရမည်ဟု ဖော်ပြ ခဲ့သည် ကိုလည်း တွေ့ရသည်။ ထို့ပြင် တရုတ်နှင့် အပြိုင် အာဖရိက တိုက်မှ ရေနံ အရင်းအမြစ် များကို ရယူရန် လိုအပ်ပုံက ရည်ညွှန်းသည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် နိုင်ငံ အနည်းငယ် ထံမှ ရေနံကို သာမှီခို မနေသင့်ပဲ အခြား အရင်းအမြစ် အသစ်များ ကိုလည်း ရှာဖွေရန် ကြိုးစား ရမည်ဟု ဖော်ပြခဲ့ သည်ကို တွေ့ရ ပေသည်။ အလားတူပင် အေအိုင် ဒီအက်စ်နှင့် ငှက်ဖျား ရောဂါ တိုက်ဖျက်ရေး များတွင် အာဖရိက တိုက်ကို ပိုမို အကူအညီ ပေးမည် ဖြစ်ကြောင်း ကတိပြု ခဲ့ပြီးနောက် ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ ရန်ပုံငွေ တစ်ရပ်ကို ထူထောင် ပေးခဲ့သည်။
ထို့ကြောင့် အနာဂတ်တွင် အမေရိကန်နှင့် တရုတ တို့ကြား ပြိုင်ဆိုင်မှုသည် အာရှ တိုက်မှ အာဖရိက တိုက်သို့ ရွှေ့ပြောင်း သွားမည့် အခြေအနေတွင် ရှိနေ သည်ဟု ဆိုရ ပေမည်။ သို့သော် အမေရိကန်တို့ အနေဖြင့် ကွန်ဆား ဗေးတစ် လက်သစ် ဝါဒီများ၏ နိုင်ငံခြားရေး မူဝါဒ ချဉ်းကပ်ပုံ ကိုသာ ဆက်လက် ကျင့်သုံးမည် ဆိုပါက အခြား ဒေသ များတွင် ကြုံတွေ့ သကဲ့သို့ပင် အခက်အခဲ များနှင့် ရင်ဆိုင် ရမည်သာဖြစ်သည်။ ထို့ကြောင့် ဘုရှ် အစိုးရ အနေဖြင့် အာဖရိကတိုက် ဆိုင်ရာ မူဝါဒ များကို ပိုမို ပျော့ပြောင်းပြီး လက်တွေ့ ကျသည့် ချဉ်းကပ် နည်းများဖြင့် ဆောင်ရွက် နိုင်အောင် အခြေခံ မှစပြီး ပြန်လည် သုံးသပ် ရတော့မည် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အာဖရိက တွင် တရုတ် နိုင်ငံ၏ သြဇာ လွှမ်းမိုး လာမှုကို ဟန့်တား နိုင်ခြင်း မရှိသည် သာမကပဲ ဆူဒန်၊ ဆိုမာလီယားစသော နိုင်ငံများသည် အာဖဂန် နစ္စတန်နှင့် အီရတ် တို့ကဲ့သို့ အစ္စလာမ် အကြမ်းဖက် ဝါဒီများ အခြေခံရာ ဒေသ ဖြစ်လာမည့် အန္တရာယ်နှင့် ရင်ဆိုင် ရတော့မည် ဖြစ်သည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
The National Strategy of the United State, March, 2006
၂။
Africa Emerges as a Strategic Battleground,Frederick Kempe,The Wall Street Journal, 28 April 2006
၃။
Xinhua News, 5-11-2006, 6-11-2006

2 comments:

  1. in the past, i agreed the method of american that help people get a good gorvernance. but now, by the experience of the war of Afghanistan, Iraq and BH, i find the poverty and bad education are the scource of bad political situation. so i like the foreign policy of China, and feel eager that to set up a strict regulation and laws to control the businessman from Chian is esentially important. It is not just for controling bad man, but also protecting good man. somebody hate chinese, they are wrong, and such thought of anti-racisism is harmful to our Myanmar.

    ReplyDelete
  2. ကျွန်တော်တို့နိုင်ငံမှာ အားပြိုင်နေတာကိုတော့ အစိုးရရဲ့ ဆောင်ရွက်ပုံတွေကို ရှင်းရှင်းလင်းလင်းမသိရပါဗျာ။

    ReplyDelete