Friday, September 6, 2013

ဈေးကွက် ပြိုင်ဆိုင်မှုနှင့် မီဒီယာ ကျင့်ဝတ်များ

လွတ်လပ်သော မီဒီယာသည် ဒီမိုကရေစီစနစ်တွင် အရေးကြီးသည့် စတုတ္ထ မဏ္ဍိုင် ဖြစ်သည် ဆိုသည်ကို အားလုံးက လက်ခံ ထားပြီး ဖြစ်သည်။ စတုထ္တ မဏ္ဍိုင် အနေဖြင့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင် သုံးရပ်ကို တည့်မတ်အောင် ထိန်းကျောင်း ပေးရမည်၊ ပြည်သူ အတွက် အသိပေး သင့်သော သတင်း အချက်အလက်များကို ဖြန့်ဝေ ပေးရမည် ဆိုသည်ကိုလည်း မည်သူမျှ အငြင်းပွားမည် မဟုတ်ပေ။ သို့သော် ၂၄/၇ ဟု ဆိုသည့် တစ်နေ့တွင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် သတင်း ထုတ်လွှင့် နေသည့် အချိန်မျိုးတွင် ပုံနှိပ် မီဒီယာတွေက ရေဒီယို၊ ရုပ်မြင် သံကြား တွေနှင့် အပြိုင် ပရိသတ် ရအောင် လုပ်နေရသည်။ ရေဒီယို၊ ရုပ်မြင် သံကြားတို့က အင်တာနက် ၀က်ဘ်ဆိုက် တွေနှင့် ပြိုင်နေ ရသည်။ မီဒီယာ အားလုံးက သတင်းထူး၊ သတင်းဦး ရဖို့သာမက ပရိသတ် ရင်ကို ကိုင်လှုပ်နိုင်မည့် ရေးသား တင်ဆက်မှုတွေ၊ သတင်း ဓာတ်ပုံတွေရဖို့ ပိုကြိုးစားလာ နေရသည်။ တနည်းအားဖြင့် ကုန်ပစ္စည်း ထုတ်လုပ်သူများက မိမိတို့ ပစ္စည်း ရောင်းကောင်းအောင် ပြူးပြူးပြဲပြဲ ကြော်ငြာ ကြသလို မီဒီယာတွေ ကလည်း လူတွေ စိတ်လှုပ်ရှား စေမည့် သတင်းတွေနဲ့ မိမိတို့ မီဒီယာကို အစွံထုတ်ဖို့ လုပ်လာ ကြသည်။ ဤလို အခြေအနေမျိုးတွင် စတုတ္ထ မဏ္ဍိုင် သည်ပင်လျှင် ကျင့်ဝတ် တွေကို မေ့ပြီး စီးပွားရေး ဆန်လာပြီလော ဆိုသည့် အမေး တွေ ပေါ်လာသည်။
ယခု ဖြစ်ပွား နေသည့် မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန် ရေနံတွင်း ရေနံ ယိုဖိတ်မှုနှင့် ပတ်သက်ပြီး အမေရိကန် မီဒီယာ အများစု၏ သတင်း ပေးပို့မှုများကို လေ့လာမည် ဆိုပါက အိုဘားမား၏ ရေနံ ယိုဖိတ်မှု အပေါ် ကိုင်တွယ် ဖြေရှင်းမှု အပေါ် သုံးသပ်ရာတွင် လုပ်နည်းထက် သမ္မတ အနေဖြင့် ရေနံ ယိုဖိတ်မှု အပေါ် စိတ်ပိုင်း ဆိုင်ရာ အရ မည်ကဲ့သို့ တုန့်ပြန် သည်ကို ပြောဆိုမှု များက ပိုများ နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ ဦးစားပေး ဖော်ပြနေသည့် မီဒီယာ များတွင် ဒုတိယ တန်းစား အ၀ါရောင် စာနယ်ဇင်း များသာမက အမေရိကန် နိုင်ငံ၏ ထိပ်တန်း မီဒီယာများပါ ပါဝင် နေသည် ကိုလည်း  အံ့သြဖွယ် တွေ့ရမည် ဖြစ်သည်။ နယူးယောက် တိုင်းမ် သတင်းစာ ကြီးက ဆိုလျှင် အိုဘားမားက ရေနံ ယိုဖိတ်မှုနှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောရာတွင် ဒေါသ ဖြစ်နေပုံ မရ၊ အေးတိ အေးစက် ပြောနေသည် ဆိုသည့် အချက်အပေါ် ဆောင်းပါး များစွာဖြင့် သုံးသပ် ခဲ့သည်။ နံမည်ကျော် ဟောလီးဝုဒ် ဒါရိုက်တာ စပိုက်လီးက သမ္မတ အနေဖြင့် ဒီအဖြစ်ကြောင့် ဒေါသ မိုးမွှန် သွားရမည်ဟု ဆိုသည်။ ဒီမိုကရက် ပါတီ၏ နိုင်ငံရေး မဟာဗျူဟာ ပညာရှိ ဂျိမ်းကာဗယ်လီက သမ္မတက ဒီထက်ပိုပြီး ဒေါသ ထွက်ပြ သင့်သည်ဟု ဆောင်းပါး ရေးသည်။ Fox သတင်းဌာနက ရေနံ ယိုဖိတ်သည့် ဒေသသို့ သမ္မတ သွားရောက် စစ်ဆေးချိန်တွင် ၀တ်စားမှုက သမားရိုးကျ ဆန်လွန်း သည်ဟု ဝေဖန်သည်။ ၎င်းတို့က သမ္မတကို ဘောင်းဘီလိပ်ပြီး ရေထဲဆင်းကာ ရေနံချေးတွေ ဆယ်တာကို မြင်ချင် ကြသည်။ ယနေ့ ရုပ်သံတွေ့ဆုံခန်း ( Today Media Show) တင်ဆက်သူ Matt Lauer ကတော့ ဒီအချိန်ဟာ သမ္မတ အနေနဲ့ ကျွမ်းကျင်သူတွေ၊ အကြံပေး အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရမယ့် အချိန် မဟုတ်ဘူး။ တစ်ချို့ လူတွေကို သွားပြီး မှတ်လောက် သားလောက် ဆော်ရမယ့်အချိန် (  time to kick some butt) ဟု တိုက်တွန်းသည်။
တကယ်တော့ ယခု ပြဿနာသည် အင်မတန် ခက်ခဲသော၊ ရှုတ်ထွေးသော စက်မှု နည်းပညာ ဆိုင်ရာ ပြဿနာ ဖြစ်သည်။ ပင်လယ် ရေအောက် အနက် ပေငါးထောင် ကျော်တွင် ကျိုးပျက် နေသည့် တွင်းဝကို ပိတ်နိုင်အောင် ကြိုးစားသည့် လုပ်ငန်းသည် ယခင်က မကြုံဘူးေ သးသည့် လုပ်ငန်း ဖြစ်သည်။  ဒီပြဿနာ တွေကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် နည်းပညာ ရှင်များ၊ အတတ် ပညာ ရှင်များ၏ ကျွမ်းကျင်မှု၊ အကြံဥာဏ်များ လိုသည်။ အိုဘားမားက ထိုလုပ်ငန်းတွေကို ဦးစားပေး လုပ်ဖို့ ကြိုးစား သည်။
သို့သော် သမ္မတ ရွေးကောက်ပွဲ ကာလတုန်းက အိုဘားမား၏ ဆင်ခြင်တုံ တရားဖြင့် ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုံးသပ်ပြီး ပြဿနာ ဖြေရှင်းသည့် နည်းကို ထောက်ခံခဲ့သည့် မီဒီယာ တွေကို ယခု အချိန်တွင် အိုဘားမား၏ ခေါင်းဆောင်မှု ပုံစံကို ဝေဖန် လာကြသည်။ ဒီချဉ်းကပ်ပုံက မီဒီယာ အကြိုက် သတင်းတွေကို မဖန်တီးနိုင်။ အခုအချိန်တွင် အမေရိကန် မီဒီယာတွေက စက်တင်ဘာ ၁၁ ရက်နေ့ တုံးက ဘုရှ် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံ အပျက်အစီးတွေ ပေါ်မှ တက်ရပ်ပြီး အမေရိကန်ကို ထိခိုက်အောင် လုပ်သူတွေကို လက်စား ချေမည်ဟု အသံချဲ့စက်နဲ့ ပြောတာမျိုးကို မြင်ချင် နေကြသည်။ အိုဘားမား ကသာ ထိုကဲ့သို့ လုပ်ခဲ့လျှင် မီဒီယာများ အတွက် သည်းခြေကြိုက် သတင်း ရပေလိမ့်မည်။
မီဒီယာတွေက သမ္မတ ဒီလိုလုပ်တာ မြင်ချင်ရုံမက ဘီပီ ရေနံကုမ္ပဏီကိုလည်း ခတ်ဆတ်ဆတ်လေး ဆော်ပလော် တီးတာ ကြားချင်၊ မြင်ချင် ကြသည်။ မီဒီယာတွေက ဘီပီ ကုမ္ပဏီကို မောင်းထုတ်ပြီး ရေနံ ယိုစိမ့်မှု တားဆီးရေး လုပ်ငန်းကို ပြည်ထောင်စု အစိုးရက ၀င်လုပ်ရမည်ဟု ဆိုကြသည်။ တကယ်တော့ ရေအောက်ပေ ငါးထောင်ကျော်မှာ အဝေးထိန်း ယာဉ်ငယ်ဖြင့် ပြင်ဆင်ရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်သည့် နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ပစ္စည်း ကရိယာများမှာ ပြည်ထောင်စု အစိုးရတွင် မရှိ၊ ရေနံကုမ္ပဏီများ ထံတွင်သာ ရှိသည်ဆိုသည်ကို မီဒီယာများ မေ့နေပုံရသည်။
လက်တွေ့တွင် ဘီပီ ရေနံ ကုမ္ပဏီက ရေနံ ယိုစိမ့်မှုကို ရပ်တန့်အောင် ကြိုးစား နေချိန်တွင် ပြည်ထောင်စု အစိုးရ အနေဖြင့်လည်း အမျိုးသား အစောင့် တပ်ဖွဲ့ဝင် ၁၇၅၀၀၊ ၀န်ထမ်းနှင့် လုပ်အားပေး နှစ်သောင်း၊ သဘောင်္ ကြီးငယ် ၁၉၀၀ တို့ကို အသုံးပြုပြီး ယိုစိမ့် ရေနံများ ရှင်းလင်း ရေးကို ဆောင်ရွက်နေ ခြင်းဖြစ်သည်။ ထို့ပြင် ရေပေါ် ဖော့တုံးအရှည် ပေပေါင်း ၄.၃ သန်းကို ချထား ပြီး ရေနံတွေ ကမ်းခြေကို ရောက်မလာ အောင် တားဆီး နေကြသည်။ သို့သော် မီဒီယာ များတွင် ထိုသတင်းများ အစား you tube တွင် တင်ထားသည့် ရေပေါ် ဖော့တုံးများက အသုံး မတည့်ကြောင်း သရုပ်ပြ ထားသည့် ဗီဒီယို အကြောင်း အသားပေး ဖော်ပြနေ ခဲ့သည်။
ယခုရေနံ ယိုဖိတ်မှု အပေါ် အိုဘားမား အစိုးရ ကိုင်တွယ်ပုံနှင့် ၁၉၈၉  ခုနှစ် Exxon Valdez ရေနံတင် သဘောင်္ ရေနံ ယိုဖိတ်မှုအား သမ္မတ ဘုရှ် ကိုင်တွယ်ပုံ ယှဉ်ကြည့်လျှင် မီဒီယာများ၏ သတင်း တင်ဆက်ပုံ ပြောင်းလဲ လာမှုကို တွေ့နိုင်သည်။ ထိုအချိန်က သမ္မတဘုရှ်သည် အခင်းဖြစ်သည့် နေရာ သို့ တစ်ကြိမ် တစ်ခါမှ မသွားခဲ့သည့် အပြင် ယိုစိမ့်ရေနံ ရှင်းလင်းရေး သည် ပြည်ထောင်စု အစိုးရ၏ တာဝန်မဟုတ်၊ ပြည်နယ် အစိုးရ တာဝန် ဖြစ်သည် ဟုပင်ဆိုခဲ့ သည်။ ပို့ဆောင်ရေး ၀န်ကြီး ဆင်မြူရယ် စကင်နာ က ဆိုလျှင် ပြည်ထောင်စု အစိုးရက ၀င်လုပ်လျှင် အကျိုးထက် အပြစ် ပိုများ မည်ဟုပင် ဆိုခဲ့သည်။ သို့သော် မီဒီယာတွေက ထိုေ ပြာကြားချက် အပေါ် တခွန်း တစ်ပါဒမျှ ဝေဖန်မှု မပြုခဲ့။  
ယခု ဖြစ်စဉ်တွင်မူ အိုဘားမားက ရေနံ ယိုစိ့မ်မှုကြောင့် အာရှ ခရီးစဉ်ကို ဖျက်ခဲ့ရ၊ မက္ကဆီကို ပင်လယ်ကွေ့ရှိ ပြည်နယ်များသို့ အလီလီ သွားရ၊ အစိုးရ တာဝန်ရှိသူ တွေမှာလည်း မီဒီယာများနှင့် နေ့စဉ်တွေ့ပြီး ရှင်းလင်းရ၊ နောက်ဆုံး ပြောစရာ မရှိလျှင်ပင် အစိုးရအနေဖြင့် တစ်ခုခု လုပ်နေသည် ဟု မြင်အောင် လူလုံးပြ ရသည့် ဘ၀သို့ ရောက်နေ ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး လွှတ်တော် အမတ် တွေကလည်း ဒီပြဿနာမှာ ဘာမှမလုပ်ပဲ နေသည်ဟု မဲဆန္ဒရှင်တွေ မထင်စေရန် အတွက် စုံစမ်း စစ်ဆေးရေး တွေ လုပ်ပြီး ဘီပီ ကုမ္ပဏီကို ကားစင် တင်ဖို့ ကြိုးစား ရသည့်ဘ၀ ရောက်ကုန်သည်။ မီဒီယာ ဖိအားများ ကြောင့် ဗြိတိသျှ ကုမ္ပဏီဖြစ်သည့် ဘီပီ ( British Petroleum ) ပြဿနာက နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သည် အထိ ဖြစ်လာသဖြင့် အိုဘားမားနှင့် ဗြိတိသျှ ၀န်ကြိးချုပ်သစ် ကင်မရွန်းတို့ ပထမဆုံး တွေ့ဆုံမှုတွင် အာဖဂန် စစ်ပွဲထက် ဘီပီပြဿနာက ရှေ့တန်း ရောက်လာ ခဲ့ရသည်။  
တကယ်တော့ ယနေ့ အမေရိကန်နိုင်ငံ ရင်ဆိုင် နေရသော ပြဿနာေ ပါင်း သောင်း ခြောက်ထောင် ရှိသည်။ အာဖဂန်မှာ တာလီဘန်တွေ ပြန်ခေါင်းထောင် လာနေသည်။ ပါကစ္စတန်မှာ အယ်လ်ကေဒါ ကွန်ယက်တွေ များသထက် များလာနေသည်။ ဥရောပ သမဂ္ဂ၀င် နိုင်ငံများ၏ ကြွေးမြီ ပြဿနာကို နောက်ထပ် စီးပွားရေး ပျက်ကပ်ကို ဦးတည် သွားမည့် အခြေစိုက် နေသည်။ အရှေ့အလယ်ပိုင်း ဂါဇာပိတ်ဆို့မှု ပြဿနာကလည်း မသေးသလို အီရန်အရေး ကလည်း ရှိနေသေးသည်။ ကိုရီးယား ကျွန်းဆွယ်မှာက တင်းမာမှုတွေ ပိုများေ နသည်။ ဒါတွေ အားလုံးက ပြည်ထောင်စု အစိုးရနှင့် သမ္မတသာ ကိုင်တွယ် ဖြေရှင်း နိုင်စွမ်းရှိသည့်၊ ကိုင်တွယ် ဖြေရှင်းရမည့် အမျိုးသား လုံခြုံရေးဆိုင်ရာ ပြဿနာ တွေဖြစ်သည်။ သို့သော် မီဒီယာများ ကောင်းမှုကြောင့် အိုဘားမား တစ်ယောက် ထိုအလုပ် တွေထက် အလုပ်ကြမ်း ၀တ်စုံ ၀တ်ပြီး ရေထဲဆင်းဖို့၊ ဘီပီကုမ္ပဏီ ဥက္ကဌကို ကြိမ်းမောင်းဖို့ ဦးစားပေး လုပ်နေရသည်။
တကယ်တော့ အိုဘားမား ကိုယ်တိုင်လည်း မီဒီယာ ဖိအားကို ကောင်းကောင်း နားလည်သည်။ သူ၏ Audacity of Hope စာအုပ်တွင် ဟိုတစ်ချိန်တုံးကတော့ နိုင်ငံရေးအရ ဘာတွေကို ပြောရမယ်၊ ငြင်းခုန်ရမယ်။ အမတ် တစ်ယောက်အနေနဲ့ ဘာကို လုပ်ရမယ်။ မလုပ်ရဘူး။ ဘာကို ပြောရမယ် ဆိုတာတွေကို ပါတီ ခေါင်းဆောင်တွေ၊ နောက်ကွယ်က နိုင်ငံရေး ကစားနေသူတွေ၊ ၀ါရှင်တန်က ၀ါရင့် နိုင်ငံရေး ဆရာကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။ သူတို့ ဖုန်းတစ်ချက် ဆက်လိုက်ရင် အမတ်တစ်ယောက် လျှမ်းလျှမ်း တောက်သွားနိုင်သလို ချက်ခြင်း နိုင်ငံရေး ဇာတ်သိမ်း သွားရနိုင်တယ်။ အခုခေတ်မှာတော့ အဲဒီလူတွေ နေရာကို မီဒီယာတွေက ယူလိုက်ပါပြီ။ ­­xxxx မဲဆန္ဒရှင်တွေ အတွက်ကတော့ ကျွန်တော့်ကို မီဒီယာတွေက ပုံဖော် ပေးထားတဲ့အတိုင်းပဲ ထင်မြင်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံရေး လောကအပေါ် မီဒီယာတွေရဲ့ သြဇာ လွှမ်းမိုးမှုက ပုံစံမျိုးစုံနဲ့လာတာပါ။  ဟုဆိုခဲ့သည်။
ဤသို့ဆိုလျှင် မီဒီယာသည် ထိန်းကျောင်းသူ၊ အသိပညာပေးသူဘ၀မှ ကိုယ်ဖြစ်ချင်သည့် အတိုင်း လူထုနှင့် နိုင်ငံရေး သမားများကို ပုံသွင်းပေးနိုင်သည့် ( opinion former ) အဆင့်သို့ ရောက် သွားပြီဟု ဆိုနိုင်သည်။ ထိုအချိန်တွင် မီဒီယာများက မီဒီယာ ဈေးကွက်ရရှိရေးကို ကျင့်ဝတ် များထက် ပိုပြီး ဦးစားပေး နေလျှင် စတုတ္ထ မဏ္ဍိုင်၏ သမာသမတ် ကျမှု အခန်းကဏ္ဍကို ထိခိုက်ပေတော့မည်။
သို့သော် ထို အခြေအနေသည် အမေရိကန် ပါအ၀င် စက်မှုဖွံ့ဖြိုးပြီး ဒီမိုကရေစီ နိုင်ငံများတွင်သာ မဟုတ် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဆောင်ရွက် နေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်လည်း ကြုံရမည့် အခြေအနေ ဖြစ်သည်။ ထို နိုင်ငံငယ် များတွင် အသွင် ကူးပြောင်းရေး၏ အကျိုးဆက် အဖြစ် ပုဂ္ဂလိက မီဒီယာ လောက ဖွံ့ဖြိုး လာသည်နှင့်အမျှ မီဒီယာ လုပ်ငန်းများတွင် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာ ကြသည်။ ထိုအခါ မီဒီယာ လုပ်ငန်း များသည် ပရိသတ် ရရှိရေး၊ အကျိုး အမြတ် ရရှိရေးအတွက် အပြိုင်အဆိုင် ကြိုးစား ရတော့သည်။ ထိုကြောင့် ပွဲဆူမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေက ရှေ့တန်း ရောက်လာ တော့သည်။ သို့သော် ထိုနိုင်ငံ အများစုမှာ သိမ်မွေ့ ငြင်သာသည့် အသွင်ကူးပြောင်း ရေးကာလကို ဖြတ်သန်း နေရသည့် နိုင်ငံတွေ ဖြစ်သည်။ တာဝန်ရှိ အဖွဲ့ အစည်းများက ပွင့်လင်းသည့် မီဒီယာများနှင့် အကျွမ်းတ၀င် မဖြစ်သေးသည့် သလို၊ မီဒီယာများ ကလည်း လွတ်လပ်မှု နှင့်အတူ တွဲပါလာသည့် ကျင့်ဝတ်တွေ၊ တာဝန် ယူမှုတွေနှင့် အသားမကျသေး။ ထိုအခါ နှစ်ဘက်ကြား ဆက်ဆံရေးက ၀ိရောဓိ ဖြစ်ကုန်တော့သည်။  ထိုအဖြစ်မျိုး ကို ရှောင်လွဲနိုင်ဖို့ ဆိုလျှင် ဈေးကွက် လိုအပ်ချက်နှင့် မီဒီယာ ကျင့်ဝတ်များကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်ဖို့ လိုပေလိမ့်မည်။ တနည်းအားဖြင့် လွတ်လပ်သော မီဒီယာသည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေးနှင့် ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေး အတွက် မရှိမဖြစ်ဟု ဆိုရုံနှင့်မပြည့်စုံ  ထိုလွတ်လပ်သော မီဒီယာ သည်လည်း တာဝန်သိသော၊ ကျင့်ဝတ်ကို လိုက်နာသော မီဒီယာဖြစ်ဖို့ လိုသည်ကိုလည်း သတိပြုကြရပေလိမ့်မည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
How Power Shapes the News by Janine Jackson, Peter Hart, and Rachel Coen
၂။
Media bias in the United States၊ Wikipedia.com
၃။
Presidential Pony Show by Fareed Zakaria, Newsweek 21 June 2010

No comments:

Post a Comment