Wednesday, September 4, 2013

ဝါရှင်တန် သတင်းလောက အတွေ့အကြုံ (၁)

( သမ္မတေ ဂျာ့ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူကအတွေ့ အကြုံများကို Taking Heat အမည်ဖြင့်  စာအုပ် ထုတ်ဝေခဲ့သည်။  ဒီစာအုပ်ကို ၂၀၀၅ ခုနှစ်တွင် ကျွန်တော် ပြန်ကြားရေး ၀န်ကြီးဌာနသို့ ပြောင်းရွှေ့ သတင်းပို့ရန် အတွက် ရန်ကုန် သို့အလာ တောင်ကြီးမှာ ခေတ္တ ရောက်နေစဉ် စစ်တက္ကသိုလ် တပ်ဘက် သူငယ်ချင်း ဗျူဟာမှူးက မင်း ပြန်ကြားရေး ပြောင်းတော့မယ် ဆိုတော့ ဒီစာအုပ်ကို ဖတ်သင့်တယ်ဆိုပြီး လက်ဆောင်ပေး လိုက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ သတင်းမီဒီယာ ဆက်ဆံရေး နှင့် ပတ်သက်ပြီး ကျွန်တော့်ကို ပထမဆုံး မိတ်ဆက်ပေးသည့် စာအုပ်လည်း ဖြစ်သလို ယခုအထိ အကြိမ်ကြိမ် ပြန်ဖတ် ဖြစ်သော စာအုပ်လည်း ဖြစ်ပါသည်။ ရီပတ်ဘလီကင် ပါတီဝင် တစ်ဦးရဲ့ အမြင် ဖြစ်သော်လည်း ဝါရှင်တန် သတင်းလောက မည်ကဲ့သို့ လည်ပတ်နေ  သိနိုင်ရန် အတွက် ထိုစာအုပ်မှ အခန်း လေး Bias ? ကို ဆီလျော်အောင် ဘာသာ ပြန်ဆို တင်ပြအပ် ပါသည်။)
စာနယ်ဇင်း တွေနဲ့ ဆက်ဆံရတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည် နေနိုင်တာဟာလည်း လွတ်လပ်တဲ့ စာနယ်ဇင်း တွေရဲ့ အကူအညီ ကြောင့်ပါပဲ။
Ari Fleisher
ရီပတ် ဘလီကင် တွေ အထူးသဖြင့် ကွန်ဆာ ဗေးတစ် တွေက ဝါရှင်တန်က မီဒီယာသမား တွေဟာ လစ်ဘရယ် တွေ ဖြစ်ပြီး ဒီမိုကရက် ဘက်က လိုက်တယ်။  ရီပတ်ဘလီကင် တွေရဲ့ မူဝါဒတွေကို အမြဲဆန့်ကျင် နေတယ်လို့ ယူဆကြတယ်။ ဒီစွပ်စွဲ ချက်မှာ အမှန်တရား နည်းနည်းပါးပါး ပါပေမယ့် လုံးဝ မှန်တာတော့ မဟုတ်ဘူး။ ဝါရှင်တန်က မီဒီယာတွေက ဘက်လိုက်တယ် ဆိုတာက အဓိက အားဖြင့် ပဋိပက္ခ သတင်းတွေ၊ ဝိရောဓိ သတင်းတွေကို ပိုပြီး ကြိုက်တာမျိုး ဖြစ်တယ်။ အထူးသဖြင့် အိမ်ဖြူတော်မှာ အမြဲသတင်း ယူနေတဲ့ အိမ်ဖြူတော် သတင်းထောက် တွေက အဲဒါမျိုး ပိုများတယ်။
သတင်း သမား တွေက ပဋိပက္ခတွေ၊ ဝိရောဓိ တွေကို ကြိုက်တယ်။ အဲဒါမျိုး တွေ့ရင် သတင်းအဖြစ် ဖန်တီးတယ်။ တကယ်လို့ အဲဒါတွေ မရှိရင် တွေ့အောင် ရှာတယ်။ အစတစ်ခု တွေ့ရင် ဆက်တိုက် သတင်း ဖော်ပြတာနဲ့ အဲဒါက ကိစ္စ အကြီးကြီး ဖြစ်သွား တတ်တယ်။ ဘယ်ပါတီက ဖြစ်ဖြစ် တစ်ယောက် ပြဿနာ ဖြစ်ပြီဆိုတာနဲ့ သတင်းသမားတွေကို သူ့ကို ထုတ်ပစ် မှာလားလို့ မေးမယ်၊ မထုတ်ပါဘူးဆိုရင် ဘာ့ကြောင့် မထုတ်ရတာ လည်းလို့ ထပ်မေးမယ်။ ဒါဟာ နိုင်ငံရေး သမားတွေ တင်ရင်ဆိုင် ရတာ မဟုတ်ဘူး။ အားကစား အသင်း မန်နေဂျာတွေ၊ နည်းပြတွေ၊ အားကစား သမားတွေ၊ စီးပွားရေး သမားတွေ အားလုံး ပဋိပက္ခ ဗဟိုပြု သတင်းလိုက်တဲ့ စနစ်နဲ့ ရင်ဆိုင်နေရတာပဲ။
ဒါနဲ့ ပတ်သက်ရင် သတင်း သမားတွေက ဘယ်ပါတီကိုမှ မညှာပါဘူး။ သမ္မတက လင်တန်ကိုလည်း သူ့ရဲ့ အရှုတ် ထုတ်တွေနဲ့ ပတ်သက်ရင် မညှာမတာ ဝေဖန်ရေးသား ခဲ့တာပါ။ တစ်ချို့ နေရာကျတော့ ကလင်တန်ကို ရေးချင်ဇော များပြီး ဘက်လိုက်သလို၊ မမျှတသလို ဖြစ်သွားတယ်။ ဥပမာ အားဖြင့် ၁၉၉၃ ခုနှစ် မေလမှာ ကလင်တန်က လော့စ်အင်ဂျလိစ် လေယာဉ်ကွင်းမှာ ရပ်ထားတဲ့ သမ္မတရဲ့ လေယာဉ်ပေါ်မှာ ဆံပင်ညှပ်တယ်။ အဲဒီအခါမှာ သတင်းစာ တွေက သမ္မတဒီလို ဆံပင်ညှပ် နေတဲ့အတွက် လေယာဉ် ထွက်ချိန်တွေ နောက်ကျ ရတယ်၊ ဆင်းမယ့် လေယာဉ်တွေ မဆင်းနို်င်ပဲ ဝဲနေရတယ် ဆိုပြီး ဝေဖန် ရေးသားခဲ့ ကြတယ်။
ရုပ်သံ သတင်းဌာန တွေကလည်း ဒီသတင်းကို အကြီးအကျယ် လွှင့်တယ်။ နယူးယော့ တိုင်းမ်၊ လော့စ်အင်ဂျလိ တိုင်းမ်၊ ဝါရှင်တန်ပို့စ်၊ ဘော့စတွန် ဂလုပ်၊ ဒါးလတ်စ် မနက်ခင်း သတင်းစာတွေက မျက်နှာဖုံး သတင်း အဖြစ်နဲ့ရေးတယ်။ အဲဒီ သတင်းပါပြီး ခြောက်ပတ် ကြာတော့ ပြည်ထောင်စု လေကြောင်း ထိန်းသိမ်းရေး အဖွဲ့က သမ္မတ ဆံပင် ညှပ်နေတဲ့ အတွက် ဘယ်လေယာဉ်မှ ရောက်ချိန်၊ ထွက်ချိန် နောက်ကျတာ မရှိဘူး၊ ကွင်းအပေါ်မှာ ဝဲပြီး စောင့်နေရတာ မရှိဘူး။ လေယာဉ် တစ်စင်းပဲ အခြား အကြောင်း ကြောင့် နှစ်မိနစ် နောက်ကျ ခဲ့တယ် ဆိုပြီး အချက်အလက် မှတ်တမ်းတွေ ထုတ်ပြန် ပေးခဲ့တယ်။ ဒီလို ထုတ်ပြန် တာကလည်း Freedom of Information Act အရ Newsday သတင်းစာက တောင်းခံလို့ ထုတ်ပြန် ပေးခဲ့တာပါ။ ဒါပေမယ့် အဲဒီသတင်းကို Newsday ၊ USA Today နဲ့ ဟူစတန် ခရောနီကယ် သတင်းစာ တို့ကပဲ မူလ သတင်း မှားကြောင်း အပြည့်အစုံ ပြန်ဖော်ပြ ပေးခဲ့တယ်။ ဝါရှင်တန်ပို့စ်က တစ်ပိုဒ်စာ သတင်း တိုလေး အဖြစ် ရေးတယ်။ ပထမ သတင်းတုံး က အယ်ဒီတာ့ အာဘော်တောင် ရေးခဲ့တဲ့ နယူးယောက် တိုင်းမ်က ဘာမှ မရေးဘူး။ အဓိက ရုပ်သံဌာန သုံးခုကလည်း မသိချင်ယောင် ဆောင်နေတယ်။ ကျန်တဲ့ သတင်းစာတွေ၊ ရုပ်သံလိုင်းတွေ ကလည်း ဒီလိုပဲ။
ဘာကြောင့် အဲဒီလို ဖြစ်ရလည်း ဆိုတော့ အိမ်ဖြူတော် သတင်းထောက်များက ပဋိပက္ခတွေ၊ ပြဿနာ တွေကိုပဲ စိတ်ဝင်စား တယ်။ ပရိသတ်ကလည်း ဒါမျိုးပဲ ကြိုက်တယ်။ အိမ်ဖြူတော် သတင်းထောက် တစ်ဦးအတွက် ရှုပ်ထွေးတဲ့ မူဝါဒ ဆိုင်ရာ ဆွေးနွေးမှုတွေကို သတင်းပို့ ရတာထက် ပွဲဆူမယ့် သတင်းတွေကို ပြောရတာ ပိုကြိုက်တယ်။ ဒီလို ဖြစ်ရတာ ၂၄ နာရီ ပတ်လုံး သတင်း ထုတ်လွှင့်နေတဲ့ သတင်းဌာန တွေကြောင့်လည်း ပါတယ်။ အဲဒီ သတင်းဌာန တွေက အယ်ဒီတာ တွေက သူတို့ရဲ့ သတင်းထောက် တွေကို တစ်နေ့ ၁၂ ခါလောက် အိမ်ဖြူတော် မြက်ခင်း ပြင်ကနေ နောက်ဆုံး သတင်းတွေကို တိုက်ရိုက် ထုတ်လွှင့်ဖို့ ဖိအားပေးပြီး ခိုင်းတယ်။ ဘာသတင်းမှ မရှိလဲ နောက်ဆုံး အခြေအနေ ဆိုပြီး ပြောခိုင်းတာပဲ။ ဒီတော့ သတင်းထောက် တွေကလည်း ပြောစရာ သတင်း ရှာရတယ်။ အဲဒီအခါမှာ တစ်ယောက်က တစ်ယောက်ကို ဝေဖန် လိုက်ပြီ ဆိုတာနဲ့ အဲဒါ သတင်းအဖြစ် တက်သွားတော့တာပါ။ တကယ်လို့ ကျွန်တော်က လွှတ်တော်နဲ့ ပတ်သက်ပြီး ဝေဖန်ချက် တစ်ခုခု ပြောလိုက်တာနဲ့ အဲဒါက ချက်ခြင်း သတင်းဖြစ်သွား တော့မှာ သေချာတယ်။ သမ္မတဘုရှ် တာဝန်ယူပြီး ခြောက်လ လောက်အထိ အိမ်ဖြူတော် သတင်းထောက် တွေက ကျွန်တော့်ကို သမ္မတဟောင်း ကလင်တန်နဲ့ ထိပ်တိုက် တွေ့အောင် မေးခွန်းတွေ မေးခဲ့ဖူးတယ်။ ကျွန်တော် ကတော့ ဘုရှ်အနေနဲ့ အတိတ်ကို ပြန်ကြည့်ဖို့ထက် ရှေ့ဆက်ဖို့ပဲ စိတ်ဝင်စားတယ် ဆိုပြီး အမြဲ ရှောင်ထွက် ခဲ့ရတယ်။ သတင်းထောက် တွေအနေနဲ့ အဲဒီလို ပွဲဆူမယ့် ပဋိပက္ခ သတင်းမျိုးတွေ ကိုပဲ စိတ်ဝင်စားတဲ့ အတွက် တကယ် အရေးကြီးတဲ့ သတင်းတွေ လွတ်သွားတာမျိုး၊ ဦးစားပေး မခံရတာ မျိုးတွေ ဖြစ်လာပါတယ်။
နောက်ထပ် ဘက်လိုက်မှု ဖြစ်စေတဲ့ အကြောင်း အရင်း တစ်ခုကတော့ သတင်းထောက်တွေရဲ့ ကိုယ်ပိုင်အတွေး အမြင်၊ အယူအဆ တွေ၊ နိုင်ငံရေး သဘောတရား တွေပဲ။ ၁၉၉၈ မတ်လ  ကျွန်တော် အောက် လွှတ်တော် အခွန်နဲ့ ငွေကြေး ကော်မတီမှာ ပြည်သူ့ ဆက်ဆံရေး အရာရှိအဖြစ် တာဝန်ယူ နေတုန်း ကိုလံဘီယာ တက္ကသိုလ် သတင်းစာ သင်တန်း ကျောင်းက ကျောင်းသား ၁၂ ယောက် လေ့လာရေး ခရီးရောက်လာတယ်။ ကျွန်တော့်က ပြောရေး ဆိုခွင့်ရှိသူ တစ်ယောက်ရဲ့ တာဝန်နဲ့ သတင်းမီဒီယာ တွေနဲ့ ဆက်ဆံရပုံ တွေကို ရှင်းပြ ပြီးတဲ့နောက် သိချင်တာနဲ့ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးသလဲလို့ မေးကြည့်တော့ ၁၁ ယောက်က ကလင်တန်ကို မဲပေးခဲ့ပြီး နောက်တစ် ယောက်ကတော့ လစ်ဘရယ် တစ်သီးပုဂ္ဂလ သမ္မတလောင်း Ralph Nader ကို မဲပေးခဲ့တယ်လို့ ပြောတယ်။
သတင်းထောက် တွေကတော့ သူတို့ ကိုယ်ပိုင် အယူအဆတွေ၊ ဘယ်ပါတီကို မဲပေးခဲ့တယ် ဆိုတာတွေဟာ သူတို့ သတင်းရေးတဲ့ အပေါ်မှာ လွှမ်းမိုးမှု မရှိဘူးလို့ ပြောမှာပဲ။ တကယ်လည်း သူတို့က အဲဒီအတိုင်း ယုံကြည်နေ ကြတယ်။ ဒါပေမယ့် ဝါရှင်တန် သတင်းလောကနဲ့ အနှစ် နှစ်ဆယ်လောက် ဆက်ဆံခဲ့ရတဲ့ ကျွန်တော့် အတွေ့အကြုံ အရတော့ အရှုပ် တော်ပုံ သတင်းတွေနဲ့ပတ်သက်ရင် သတင်းထောက် တွေက ပါတီနှစ်ခုလုံးကို တန်းတူ ရေးပေမယ့် မူဝါဒ ဆိုင်ရာတွေ အထူးသဖြင့် လူမှုရေး မူဝါဒတွေနဲ့ ပတ်သက်ရင် ဒီမိုကရက် ပါတီက ရီပတ်ဘလီကင် ပါတီထက် မျက်နှာသာ အပေးခံရတာ တော့ အသေအချာပဲ။
တကယ်လို့ ရီဂင်ကို မဲပေးတဲ့ သူဆယ့် တစ်ယောက်နဲ့ Pat Buchanan ( ကွန်ဆာ ဗေးတစ် တသီးပုဂ္ဂလ သမ္မတလောင်း )ကို မဲပေးတဲ့သူ တစ်ယောက်နဲ့ ခင်ဗျားရဲ့ သတင်း အယ်ဒီတာ အခန်းကို ဖွဲ့စည်း လိုက်မယ် ဆိုရင် ထွက်လာမယ့် သတင်းတွေက လုံးဝ ခြားနား သွားမယ်လို့ ကျွန်တော် ပြောရဲတယ်။ ဒီကနေ့ မျက်နှာဖုံး သတင်းမှာ ပါနေတဲ့ ကိစ္စတွေ က အတွင်းကို ရောက်သွားပြီး အတွင်းက သတင်းတွေက မျက်နှာဖုံး ပေါ်ရောက်လာ လိမ့်မယ်။ တစ်ချို့ သတင်းတွေက လုံးဝ ပျောက်သွား လိမ့်မယ်။ တစ်ရက်ပဲ ဖော်ပြတဲ့ ဒီမိုကရက်တွေရဲ့ အငြင်းပွားစရာ ကိစ္စတွေက နေ့စဉ် ရက်ဆက် ဖော်ပြခံရပြီး ရီပတ်ဘလီကင် တွေရဲ့ ပြဿနာက တစ်ရက်ပဲရေးပြီး ပြီးသွားလိမ့်မယ်။ ဥပမာအားဖြင့် ၂၀၀၄ သမ္မတ ရွေးကောက်ပွဲ တုံးက မီဒီယာတွေက ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ သမ္မတဘုရှ် အမျိုးသား ကာကွယ်ရေး လေကြာင်း တပ်ဖွဲ့မှာ အမှုထမ်း တုန်းက ပျက်ကွက်ရက် များတယ်ဆိုပြီး အကြီးအကျယ် ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း ဂျွန်ကယ်ရီ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အထက် လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ တာဝန် ထမ်းဆောင် တဲ့အချိန်က ကော်မတီ ကြားနာပွဲ တွေရဲ့ သုံးပုံတစ်ပုံကို တက်ဖို့ ပျက်ကွက် ခဲ့တာကိုတော့ အနည်း အကျဉ်းပဲ ပြောခဲ့တယ်။
တကယ်လို့ သတင်းထောက်တွေ၊ အယ်ဒီတာတွေသာ ပိုပြီး မျှမျှတတ ရေးမယ်ဆိုရင် စကားလုံး အသုံးအနှုန်းတွေ လည်း အများကြီး ပြောင်းသွားလိမ့်မယ်။ ၁၉၉၇ ခုနှစ်တုံးက ရီပတ်ဘလီကင် အမတ်တွေက ပြည်တွင်း အခွန်ဌာနရဲ့ အလွဲ သုံးစား လုပ်မှု တွေကို စုံစမ်းမှုတွေ လုပ်တော့ နယူးယောက် တိုင်းမ် သတင်းစာက ပြည်တွင်း အခွန်ဌာနကို သက်သက် အပြစ် ရှာတာလို့ ရေးတယ်။ ဒါပေမယ့် ဒီမိုကရက် အမတ်တွေက ကျန်းမာရေး ၀န်ဆောင်မှု ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းကြီး တွေကို တွယ်တဲ့ အခါဆိုရင်တော့ ဘယ် သတင်းစာကမှ အကြောင်းမဲ့ အပြစ်ရှာတာ လို့မရေးဘူး။ လေ့လာ ဆန်းစစ်ချက် တွေအရ ဝါရှင်တန်က သတင်းထောက်တွေ၊ အယ်ဒီတာတွေ အများစုက ဒီမိုကရက်ကို မဲပေးတဲ့ လူတွေ ဖြစ်ကြောင်း သိရတယ်။ ဒါ့ကြောင့်လည်း ရီပတ်ဘလီကင်တွေက ဝါရှင်တန်က သတင်းထောက် တွေဟာ မူဝါဒ ဆိုင်ရာ ကိစ္စတွေမှာ ဒီမိုကရက် တွေ ဘက်ကို လိုက်တယ်လို့ ပြောတာဖြစ်တယ်။
ဒါပေမယ့် သတင်း ဦးစားပေး ရေဒီယို အသံလွှင့် ဌာနတွေ ကျတော့ ကွန်ဆာဗေးတစ် သမားတွေ များတယ်။ ရုပ်သံ ဌာနတွေ မှာတော့ Fox News က ရီပတ်ဘလီကင် ပရိသတ် အတွက် ဖြစ်ပြီး CNN ကတော့ ဒီမိုကရက် ပရိသတ် အတွက် ဖြစ် နေတယ်။ ဝါရှင်တန် အပြင်ဘက် ပြည်နယ် တွေမှာတော့ သတင်း မီဒီယာတွေက ပိုပြီး ကွဲပြား ခြားနားတဲ့ အမြင်တွေကို တင်ပြ နိုင်ကြတယ်။ အဲဒီဒေသတွေမှာ ရီပတ်ဘလီကင် ဘက်ယိမ်းတဲ့ သတင်းစာတွေ အများကြီး တွေ့နိုင်တယ်။
(ဆက်လက်ဖော်ပြပါမည်။ )

ရဲထွဋ်  

No comments:

Post a Comment