Sunday, September 29, 2013

အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေ

အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေကို The Law Concerning Political Parties ( 2002) ဟု အမည်ပေး ထားသည်။ ထို ဥပဒေသည် ဆူဟာတို၏ လမ်းညွှန် ဒီမို ကရေစီကို စစ်မှန်သော ဒီမိုကရေစီ ပုံစံဖြင့် အစား ထိုးနိုင်ရေး ဆောင်ရွက် နေချိန်တွင် ရေးဆွဲ ခဲ့ခြင်း ဖြစ်သည်။ ဆူဟာတို၏ လမ်းညွှန် ဒီမိုကရေစီ အောက်တွင် အာဏာရ ပါတီ ဖြစ်သည့် ဂိုလ်ကာ ပါတီအပြင် ဘာသာရေး ပါတီများကို စုစည်း ထားသည့် ပါတီကြီး တစ်ခုနှင့် ကျန် နိုင်ငံရေး ပါတီများကို စုစည်း ထားသည့် ပါတီကြီး တစ်ခု စုစုပေါင်း ပါတီကြီး သုံးခုသာ ရပ်တည်ခွင့် ပေးထား ခဲ့သည်။ ထို့ကြောင့် ယခုနိုင်ငံရေး ပါတီ ဥပဒေကို ရေးဆွဲသည့် အခါ ဆူဟာတို လက်ထက် ကလောက်လည်း မတင်းကျပ်၊ ဆူကာနို လက်ထက် ကလောက်လည်း ဗရမ်း ပတာ မဖြစ် စေရန် ရည်ရွယ် ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။
ပါတီ တည်ထောင် သူများ
အင်ဒိုနီးရှား ဥပဒေ အရ အသက် ၂၁ နှစ်ထက် မငယ်သော အင်ဒိုနီးရှား နိုင်ငံသား ငါးဆယ်ဦးက နိုတြီ စာချုပ် ချုပ်ဆိုပြီး ပါတီကို ဖွဲ့စည်း နိုင်သည်။ ပါတီ ဖွဲ့စည်း မှုကိုမူ ကော်မရှင်တွင် မှတ်ပုံ တင်ရခြင်း မဟုတ်ဘဲ တရားရေး ၀န်ကြီး ဌာနတွင် မှတ်ပုံ တင်ရသည်။ ထိုသို့ ဖွဲ့စည်း ရာတွင် အခြေခံ ဥပဒေနှင့် လည်းကောင်း အခြား ဥပဒေ များနှင့် လည်းကောင်း အညီ ဖြစ်ရန် လိုပါသည်။ ထို့ပြင် ပါတီ အနေဖြင့် ပါတီ ဌာနချုပ်ရုံးကို အတည် တကျ ဖွင့်လှစ် နိုင်စွမ်း ရှိရမည့် အပြင် ပြည်နယ် များ၏ အနည်းဆုံး ၅၀% တွင် အမှုဆောင် အဖွဲ့များ ဖွဲ့စည်း နိုင်ရမည် ဖြစ်သည်။ အလားတူပင် ပြည်နယ် အတွင်းရှိ ခရိုင် ထက်ဝက် ကျော်တွင် အမှုဆောင် အဖွဲ့ ဖွဲ့စည်း နိုင်ရမည် ဖြစ်ပြီး ခရိုင်တစ်ခု အတွင်းရှိ မြို့နယ် ၂၅ % တွင်လည်း အမှုဆောင် အဖွဲ့များ ဖွဲ့စည်း နိုင်ရမည် ဖြစ်သည်။ ထိုအချက် များကို ဆောင်ရွက် နိုင်မှသာ ပါတီ အဖြစ် အသိအမှတ် ပြုခြင်း ခံရမည် ဖြစ်သည်။
ပါတီများ လိုက်နာရမည့် စည်းကမ်း
အင်ဒိုနီးရှား ဥပဒေအရ အသက် ၁၇ နှစ်ပြည့် ပြီးသူ သို့မဟုတ် အိမ်ထောင်ရှင် တိုင်း ပါတီ ၀င်ခွင့် ရှိသည်။ ပါတီ ၀င်ရာတွင် လူမျိုး၊ ဘာသာနှင့် ကျားမ ခွဲခြားခြင်း မပြုရန် သတ်မှတ် ထားသည်။ ပါတီ အဖွဲ့ အစည်း အဆင့်ဆင့် ဖွဲ့စည်း ရာတွင် နိုင်ငံတော် အဆင့်မှ ကျေးရွာ အဆင့် အထိ အမှုဆောင် အဖွဲ့များ ဖွဲ့စည်းရန် လိုအပ်သည့် အပြင် ပါတီ ဌာနချုပ် ကိုလည်း နိုင်ငံ၏ မြို့တော်တွင် အခြေစိုက်ရန် သတ်မှတ် ထားသည်။ ဤအချက်သည် ကျွန်းပေါင်း ထောင်ချီ ရှိသည့် နိုင်ငံတွင် ဒေသဆိုင်ရာ ပါတီငယ် လေးများ ပေါ်လာပြီး ဒေသစွဲ၊ လူမျိုးစွဲ အစွန်း ရောက်သည့် အခြေအနေ ဖြစ်မလာ စေရန် ရည်ရွယ် လုပ်ဆောင် ထားခြင်း လည်း ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံရေး ပါတီ များသည် ပါတီ မူဝါဒများ ချမှတ် ရာတွင် (Pancasila) ဟုခေါ်သည့် နိုင်ငံတော် အခြေခံ မူငါးရပ်( တစ်ဆူ တည်းသော ဘုရားကို ယုံကြည်မှု၊ တရားမျှတပြီး ယဉ်ကျေးသော လူ့ အဖွဲ့အစည်း ဖြစ်မှု၊ စည်းလုံး ညီညွတ်မှု၊ အသိဥာဏ် ပြည့်ဝစွာ ဒီမို ကရေစီ ကျင့်သုံးမှု နှင့် လူမှုရေး တရားမျှတမှု) နှင့် ၁၉၄၅ ခုနှစ် အခြေခံ ဥပဒေကို ဆန့်ကျင်ခြင်း မရှိရန် ပြဋ္ဌာန်း ထားသည်။ ထို့ပြင် နိုင်ငံတော် အခြေခံမူ ငါးရပ်ကို စောင့်ထိန်းရန်၊ အခြေခံ ဥပဒေနှင့် အခြား ဥပဒေများကို ကာကွယ်ရန်နှင့် အင်ဒိုနီးရှား နိုင်ငံ၏ ဂုဏ်သိက္ခာကို စောင့်ထိန်း ရန်နှင့် ကာကွယ် စောင့်ရှောက်ရန် ကို နိုင်ငံရေး ပါတီများ၏ မဖြစ်မနေ ထမ်းဆောင် ရမည့် တာဝန် အဖြစ် သတ်မှတ် ထား ခဲ့သည်။ အထက်တွင် ဖော်ပြ ထားသည့် အခြေခံမူ ငါးရပ်သည် ဆူကာနို လက်ထက် ကပင် အင်ဒိုနီးရှား နိုင်ငံ အတွင်း ဘာသာရေး၊ လူမျိုးရေး ကွဲပြား နေမှု များကို ကျော်လွန်ပြီး စည်းလုံး ညီညွတ်သည့် ပြည်ထောင်စု အဖြစ် တည်ဆောက် နိုင်ရန် အတွက် သတ်မှတ် ခဲ့ခြင်း ဖြစ်ပြီး ဆူကာနို နောက်ပိုင်း အစိုးရ အဆက်ဆက် ကလည်း အမျိုးသားရေး မူဝါဒ အဖြစ် ဆက်လက် လက်ခံ ကျင့်သုံး ခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရေး ပါတီ ဥပဒေ ကဲ့သို့ပင် အင်ဒိုနီးရှား နိုင်ငံ ဥပဒေ တွင်လည်း ပါတီတွင်း ဒီမိုကရေစီ ရှင်သန်ရေးနှင့် ပတ်သက်ပြီး ထည့်သွင်း ပြဋ္ဌာန်း ထားသည်ကို တွေ့ရ၏။ အင်ဒိုနီးရှား နိုင်ငံရေး ပါတီများတွင် အမှုဆောင် အဖွဲ့ အဆင့်ဆင့်သည် ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့် အညီ ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက် ထားသူများ ဖြစ်ရမည်ဟု သတ်မှတ် ထားသကဲ့သို့ နိုင်ငံတော် အဆင့် အမှုဆောင်အဖွဲ့ ကို ပြင်ဆင် ပြောင်းလဲ မှုများ ပြုလုပ်ပါက ရက်ပေါင်း သုံးဆယ် အတွင်း တရားရေး ၀န်ကြီး ဌာနသို့ တင်ပြရန် နှင့်  တရားရေး ၀န်ကြီးဌာနက အမှုဆောင်အဖွဲ့သစ်ကို အသိအမှတ်ပြုသည့်စာထုတ်ပြန်ပေးရန် သတ်မှတ် ထားပါသည်။
အင်ဒိုနီးရှား ဥပဒေ တွင်လည်း နိုင်ငံရေး ပါတီများ အနေဖြင့် လုပ်ဆောင်ခြင်း မပြုရန် တားမြစ်ချက် များကိုလည်း သီးခြား ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။ ထို ပြဋ္ဌာန်းချက် များအရ နိုင်ငံရေး ပါတီများ အနေဖြင့်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လည်းကောင်း၊ အခြား ဥပဒေ များနှင့် လည်းကောင်း ဆန့်ကျင်သော လုပ်ဆောင် ချက်များ၊ နိုင်ငံ၏ စည်းလုံး ညီညွတ်မှုကို ထိခိုက် စေသော မလုပ်ရန် တားမြစ် ထားသည့် အပြင် ထူးထူး ခြားခြား ကွန်မြူနစ် နှင့် မာ့စ် - လီနင် ၀ါဒ များကို ဖြန့်ဖြူးခြင်း၊ သင်ကြားခြင်း၊ ယုံကြည် လက်ခံခြင်း မပြုရန် သတ်မှတ် ထားသည်ကို တွေ့ရ  ပြန်သည်။ ထိုသတ်မှတ် ချက်မှာ ၁၉၆၅ ခုနှစ် စက်တင်ဘာ ၃၀ ရက် အင်ဒိုနီးရှား ကွန်မြူနစ် ပါတီ၏ မအောင် မြင်သော အာဏာ သိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း ဆူဟာတို အစိုးရ လက်ထက် တွင်လည်း သတ်မှတ်ခဲ့ရာ ယခု အချိန် အထိ နိုင်ငံရေး ပါတီများ လိုက်နာ ရမည့် စည်းကမ်း အဖြစ် ဆက်လက် တည်ရှိ နေသည်ကို တွေ့ရသည်။ ထို့ပြင် အစိုးရက ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ရှေ့ရှုပြီး  နိုင်ငံတကာနှင့် ချစ်ကြည် ရင်းနှီးစေရန် ဆောင်ရွက် နေသည့် မူဝါဒများကို ထိခိုက် စေမည့် လုပ်ဆောင် ချက်များကို မလုပ် ရန်လည်း တားမြစ် ထားပါသည်။
ပါတီရန်ပုံငွေ
အင်ဒိုနီးရှား နိုင်ငံတွင် နိုင်ငံရေး ပါတီ တစ်ရပ်သည် ပါတီဝင် များထံမှ ပါတီ ၀င်ကြေး၊ ဥပဒေ နှင့်အညီ လှုဒါန်းမှုများနှင့် အစိုးရ ထောက်ပံ့ ငွေများ ဟူသည့် နည်းလမ်း သုံးရပ်ဖြင့် ရန်ပုံငွေ ရှာဖွေ နိုင်သည်။ ပါတီ ရန်ပုံငွေ လှုဒါန်း ရာတွင် လူတစ်ဦး ချင်းထံမှ တစ်နှစ်လျှင် ရူပီးငွေ သန်း နှစ်ရာထက် ပိုပြီး လက်ခံခြင်း မပြုရန်နှင့် စီးပွားရေး ကုမ္ပဏီ များထံမှ ဆိုပါက တစ်နှစ်လျှင် ရူပီးငွေ သန်းရှစ်ရာ ထက်ပိုပြီး လက်ခံခြင်း မပြုရန် သတ်မှတ်ထား ပါသည်။ ထို့ပြင် စီးပွားရေး ကုမ္ပဏီများ၊ အဖွဲ့ အစည်းများ ထံမှ ပစ္စည်း၊ ၀န်ဆောင်မှု၊ အဆောက် အဦများ ရရှိခြင်း ကိုလည်း လှုဒါန်းမှု အဖြစ် သတ်မှတ်ရန် ပြဋ္ဌာန်း ထားပါသည်။ သို့သော် နိုင်ငံပိုင် စီးပွားရေး အဖွဲ့ အစည်းများ၊ ဒေသပိုင် စီးပွားရေး အဖွဲ့ အစည်းများ၊ ကျေးလက် သမ၀ါယမများ၊ ဖောင်ဒေးရှင်းများ၊ NGO များ၊ လူမှု ဂရုဏာ အကူအညီ ပေးနေသည့် အဖွဲ့ အစည်းများ၊ လှုမှုရေး အသင်း များထံမှ ငွေကြေး၊ ပစ္စည်းများ တောင်းခံခြင်း မပြုရဟု သတ်မှတ် ထားပါသည်။ ထိုအချက်မှာ ဆူဟာတို လက်ထက်က ဂိုလ်ကာ ပါတီကို အမည်ခံ ဖောင်ဒေးရှင်း အမျိုးမျိုးမှ တဆင့် ငွေများ ထောက်ပံ့ ပေးခဲ့သည့် အဖြစ်များမှ သင်ခန်း စာယူ ထည့်သွင်း ထားခြင်း ဖြစ်ပေသည်။
ထို့ပြင် နိုင်ငံခြား အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုမှ အလှုငွေနှင့် ပစ္စည်းများ လက်ခံခြင်း၊ လှုဒါန်းသည့် နေရာ၊ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကို တိကျစွာ ဖော်ပြ မထားသော အလှုငွေနှင့် ပစ္စည်းများကို လက်ခံခြင်း၊ သတ်မှတ် ပမာဏထက် ကျော်လွန်သော ငွေကို လက်ခံခြင်း၊ စီးပွားရေး လုပ်ငန်း ထူထောင်ခြင်း၊ စီးပွားရေး လုပ်ငန်း များတွင် အစုရှယ်ယာ ၀င်ခြင်းတို့မပြုလုပ် ရန်လည်း တားမြစ် ထားပါသည်။
ပါတီ ဖျက်သိမ်းခြင်း
အင်ဒိုနီးရှား ဥပဒေ အရ ပါတီ တစ်ခုကို တရားရေး ၀န်ကြီး ဌာနက မှတ်ပုံ တင်ခြင်းကို ပယ်ဖျက်ခြင်း ငြင်းပယ်ခြင်း ပြုနိုင် သကဲ့သို့ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံး ကလည်း ဖျက်သိမ်းရန် ဆုံးဖြတ် နိုင်သည်။ ပါတီများ လိုက်နာရန် သတ်မှတ် ထားသည့် စည်းကမ်းများ အနက် ကွန်မြူနစ် နှင့် မာ့စ်-လီနင် ၀ါဒများကို ဖြန့်ဖြူးခြင်း၊ သင်ကြားခြင်း၊ ယုံကြည် လက်ခံခြင်း မပြုရန် သတ်မှတ် ချက်ကို ချိုးဖောက် ပါက ကျူးလွန်သူကို နိုင်ငံတော် လုံခြုံရေး ဥပဒေ အရ အရေးယူပြီး ပါတီကို ဖျက်သိမ်းခြင်း ခံရမည် ဖြစ်သည်။ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံး အနေဖြင့် နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေနှင့် အခြား ဥပဒေ များကို ချိုးဖောက် သော နိုင်ငံရေး ပါတီ တစ်ခုကို ဖျက်သိမ်းရန် အမိန့်ချ နိုင်သကဲ့သို့ ပါတီ အဖြစ်မှ တစ်နှစ် ရပ်ဆိုင်းခြင်း သို့မဟုတ် ရွေးကောက်ပွဲ ၀င်ခွင့်ကို ပိတ်ပင်ခြင်း တို့ကိုလည်း အမိန့် ချမှတ် နိုင်သည်။
တရားရေး ၀န်ကြီး ဌာန အနေဖြင့် မှတ်ပုံ တင်သော နိုင်ငံရေး ပါတီသည် သတ်မှတ် ထားသည့် အတိုင်း ရုံးများ မဖွင့်နိုင်လျှင် လည်းကောင်း၊ နိုင်ငံတော် အခြေခံ မူငါးရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် လည်းကောင်း မှတ်ပုံ တင်ခြင်း ကို ပယ်ဖျက် နိုင်သည်။
ယခု ဥပဒေ ထုတ်ပြန် ချိန်တွင် တည်ရှိနေပြီး ဖြစ်သည့် နိုင်ငံရေး ပါတီများ အနေဖြင့် ဥပဒေပါ သတ်မှတ် ထားသည့် ပါတီ ရုံးများ ဖွင့်လှစ် ရမည့် အရေ အတွက်ကို ပြည့်မီအောင် ဖွဲ့စည်းခြင်း မပြုနိုင်လျှင် ပါတီ အဖြစ် အသိအမှတ် ပြုခြင်းကို ရပ်စဲမည် ဖြစ်ကြောင်း လည်း ဖော်ပြ ထားသည်ကို တွေ့ရသည်။
ပြစ်မှုနှင့် ပြစ်ဒဏ်များ
 အင်ဒိုနီရှား ဥပဒေ အရ နိုင်ငံရေး ပါတီများ ကိုကြီးကြပ်မှုအား တရားရေး ၀န်ကြီး ဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင် တို့က ဆောင်ရွက်သည်။ ပြစ်ဒဏ်များ အနေဖြင့်မူ ထောင်ဒဏ် အနေဖြင့် နှစ်လမှ ခြောက်လ အထိ ချမှတ် နိုင်ပြီး ဒဏ်ငွေ အနေဖြင့်မူ အနည်းဆုံး ရူပီးသန်း နှစ်ရာမှ သန်း တစ်ထောင် အထိချမှတ် နိုင်သည်။ ထို့ပြင် ပါတီကို ဖျက်သိမ်းခြင်း၊ ပါတီ တည်ရှိမှုကို တစ်နှစ် ရပ်ဆိုင်းခြင်း၊ ရွေးကောက်ပွဲ ၀င်မှုကို ပိတ်ပင်ခြင်း များအပြင် ရွေးကောက်ပွဲ ကော်မရှင်က သတိပေးခြင်း၊ နိုင်ငံတော်မှ ထောက်ပံ့ငွေ များကို ရပ်ဆိုင်းခြင်း၊ ငွေကြေးနှင့် ပစ္စည်းများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခြင်း တို့ကိုလည်း လုပ်ဆောင် နိုင်သည်။ ထူးထူး ခြားခြား အနေဖြင့် ပါတီ ရန်ပုံငွေ လှုဒါန်းမှုနှင့် ပတ်သက်သည့် စည်းမျဉ်း များကို ချိုးဖောက်လျှင် သက်ဆိုင်ရာ ပါတီကို သာမက လှုဒါန်းသူ ကိုပါ ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ် နိုင်ရန် သတ်မှတ် ထားသည် ကိုလည်း တွေ့ရသည်။
ပါတီများ၏ အခွင့်အရေး
အင်ဒိုနီးရှား ဥပဒေတွင် နိုင်ငံရေး ပါတီများ ဘက်မှ လိုက်နာ ရမည့် စည်းကမ်း များကို သတ်မှတ် ထားသကဲ့သို့ နိုင်ငံရေး ပါတီများ၏ အခွင့်အရေး များကိုလည်း သီးခြား ပြဋ္ဌာန်း ထားသည်ကို တွေ့ရ၏။ ထို ပြဋ္ဌာန်းချက် အရ ဥပဒေနှင့် အညီ ရပ်တည်သည့် နိုင်ငံရေး ပါတီ များသည် အစိုးရ၏ တန်းတူ ရည်တူနှင့် တရား မျှတစွာ ဆက်ဆံမှု၊ ပါတီ ရေးရာ များကို လွတ်လပ်စွာ ဆောင်ရွက် နိုင်မှု၊ ရွေးကောက်ပွဲ ဥပဒေနှင့် အညီ ယှဉ်ပြိုင်ခွင့်၊ အမည်စာရင်း တင်းသွင်းခွင့် ရှိမှု၊ ရွေးချယ်ခံ အဖွဲ့အစည်း များတွင် ပါဝင် နေသည့် မိမိတို့ ပါတီဝင် များကို ဥပဒေနှင့် အညီ အစား ထိုးခွင့်၊ တာဝန်မှု ရုပ်သိမ်း ခွင့်ရှိမှု၊ ဥပဒေ နှင့်အညီ သမ္မတနှင့် ဒုတိယ သမ္မတ လောင်းအမည် စာရင်းများ တင်သွင်း နိုင်မှု စသည့် အခွင့်အရေး များကို ရရှိရန် အာမခံ ထားသည်ကို တွေ့ရသည်။
မှတ်ချက်
(၂၀၀၇ခုနှစ် တွင် ဤဥပဒေကို ပြင်ဆင်မှု အချို့ ပြုလုပ် ခဲ့သော်လည်း အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်ခြင်း မရှိသေး သဖြင့် ၂၀၀၂ ဥပဒေ ကိုပင် ကိုးကား ရေးသား ထားပါသည်။)
ရဲထွဋ်
မှီငြမ်းပြုစာစောင်

The Law  of the Republic of Indonesia Concerning Political Parties ( 2002) 

No comments:

Post a Comment