Wednesday, September 4, 2013

ဝါရှင်တန် သတင်းလောက အတွေ့အကြုံ (၃)

( သမ္မတ ဂျော့ဒဗလျူဘုရှ်  ၏ ပထမ သက်တမ်းတွင်  အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သော Ari Fleisher က သူက အတွေ့အကြုံ များကို Taking Heat အမည်ဖြင့်  စာအုပ် ထုတ်ဝေ ခဲ့သည်။  ထိုစာအုပ်မှ အခန်း လေး Bias ? ကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြအပ် ပါသည်။)
သတင်းထောက် ဆိုတာ ကြားရတဲ့ သတင်းကို အလွယ်တကူ မယုံရဘူး။ မေးခွန်းတွေ ထုတ်ရမယ်။ သံသယ  အမြဲ ထားရမယ် ဆိုပေမယ့် သတင်းထောက်တွေ ကိုယ်တိုင်က သူတို့ဟာ လိုတာထက် ပိုပြီး သံသယတွေ များနေတယ်၊ အဆိုး မြင်မှုတွေ များနေတယ် ဆိုတာ လက်ခံထားတာ ကိုလည်း တွေ့ရတယ်။ ၁၉၉၉ ခုနှစ်မှာ လုပ်တဲ့ Pew Research Center ရဲ့ စစ်တမ်းအရာ စာနယ်ဇင်း သတင်းထောက် ၅၉% က သူတို့ဟာ လိုတာထက် ပိုပြီး သံသယတွေ များနေတယ်လို့ ၀န်ခံခဲ့ပြီး စာနယ်ဇင်း သတင်းထောက် ၃၉% ကပဲ သူတို့ဟာ လိုအပ်တာထက် မပိုဘူးလို့ ဖြေကြားခဲ့ တယ်။ ရုပ်သံ သတင်းထောက် ၆၀% ကလည်း အစိုးရ အရာရှိတွေ၊ လွှတ်တော် အမတ်တွေနဲ့ ပတ်သက်ပြီး သတင်း တင်ဆက်တဲ့ အခါမှာ အငြင်းပွားဖွယ်ရာ ရှုထောင့် ကနေပဲ ချဉ်းကပ် ရေးသားတာ များခဲ့တယ်ဆိုတာကို ၀န်ခံခဲ့တယ်။
ရုပ်သံ သတင်းထောက်တွေရဲ့ အဲဒီလို လုပ်ဆောင်မှုကို အိမ်ဖြူတော် မြက်ခင်းပြင်ကနေ တိုက်ရိုက် သတင်း ထုတ်လွှင့် မှုတွေမှာ အများဆုံး တွေ့ရတယ်။ အချိန်အားဖြင့် တစ်မိနစ်၊ တစ်မိနစ်ခွဲ လောက်ပဲကြာတဲ့ အဲဒီသတင်းတွေကို လူသန်းပေါင်း များစွာက စောင့်ကြည့်နေပြီး ပြည်သူတွေရဲ့ သဘောထားအပေါ် သြဇာ သက်ရောက်မှု အများကြီးရှိတယ်။ အဲဒီ သတင်းတွေကို နားထောင်လိုက်ရင် ရုပ်သံလွှင့် ဌာနတိုင်းလိုလိုက သတင်း အဆုံးသတ်ကို စိတ်ပျက်စရာ၊ အငြင်းပွားစရာ၊ အနှုတ် လက္ခဏာ ဆောင်တဲ့ အချက်တွေနဲ့ အဆုံးသတ် တာကို တွေ့ရပါလိမ့်မယ်။ ပြောနေတဲ့ သတင်းက အပေါင်း လက္ခဏာ၊ အပြုသဘော ဆောင်တဲ့ သတင်းဖြစ်ရင်တောင် အဆုံးသတ်မှာ သံသယ ဖြစ်စရာ လေးတွေ ထောက်ပြ အဆုံးသတ် လိမ့်မယ်။ သတင်းဆိုး ဆိုရင်တော့  ပိုပြီးဆိုးတဲ့ ကောက်ချက်နဲ့ အဆုံးသတ် လိမ့်မယ်။
၂၀၀၂ ခုနှစ် အောက်တို ဘာလမှာ သမ္မတဘုရှ်နဲ့ အထက် လွှတ်တော်(ဆီးနိတ်) က ပါတီနှစ်ခုလုံးရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပြီး အီရတ်မှာ လိုအပ်ရင် စစ်အင်အား သုံးဖို့အတွက် ခွင့်ပြုပေးမယ့် အဆိုနဲ့ ပတ်သက်ပြီး သဘောတူညီချက် တစ်ခုရခဲ့တယ်။ ဒါဟာ ပါတီနှစ်ခုကြား ပူးပေါင်း လုပ်ဆောင်နိုင်မှု သတင်းကောင်းပဲ။ ဒါပေမယ့် စီဘီအက်စ် သတင်းဌာန သတင်းထောက် ဂျွန်ရောဘတ်က သတင်း တင်ဆက်တဲ့အခါ သတင်း အဆုံးသတ်မှာ အခုအချိန်အထိ  အိမ်ဖြူတော် အနေနဲ့ အဲဒီအဆိုကို အထက် လွှတ်တော်အမတ် အားလုံးက ထောက်ခံလာအောင် ကြိုးစားမှာလား၊ ဒါမှမဟုတ် သာမန် အများစုမဲနဲ့ပဲ အတည်ပြုအောင် လုပ်မှာလားဆိုတာ မရှင်းလင်း သေးပါဘူးဆိုပြီး ပြောသွားခဲ့တယ်။ တကယ်တော့ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှု၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု တွေကို အင်အားသုံး လက်တုန့်ပြန်ဖို့ ဆုံးဖြတ်တဲ့ အဆိုတွေ တောင်မှာ ကန့်ကွက်မဲ တစ်မဲစီ ရှိခဲ့တာပါ။ ဒါ့ကြောင့် အခုလို သတင်း အဆုံးသတ်မှုဟာ ပရိတ်သတ် အနေနဲ့ လွှတ်တော်ထဲမှာ နောက်ထပ် ငြင်းခုန်မှုတွေ ရှိလာဦးမယ်လို့ ထင်လာအောင် ထည့်လိုက်တာပဲ ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်  မတ်လမှာ အလုပ်အကိုင်သစ် သုံးသိန်း ရှစ်ရာကို ဖော်ထုတ် နိုင်ခဲ့တဲ့ သတင်းကို အစိုးရက ထုတ်ပြန် ခဲ့တယ်။ ဒါဟာ ပညာရှင်တွေ ခန့်မှန်း ထားတာထက် သုံးဆကျော် ပိုများပြီး စီးပွားရေး ဖွံ့ဖြိုးမှု သတင်းကောင်း လည်းဖြစ်တယ်။ ဒါပေမယ့် ဒီသတင်းကို အေဘီစီ ရုပ်သံက ပြောတဲ့အခါ သတင်းကောင်းလို့ ပြောပေမယ့် ဒါပေမယ့် အရေးကြီး တာက ကုမ္ပဏီတွေကို နောက်လတွေမှာ ဒီလိုပဲ လူတွေဆက်ပြီး ခန့်ထားဦးမလား ဆိုတဲ့ အချက်ပဲ လို့ဆိုပြီး အဆုံးသတ် ခဲ့တယ်။ အင်န်ဘီစီ ရုပ်သံကလည်း စီးပွားရေး ပညာရှင်တွေ ခန့်မှန်း ထားတာထက် ပိုကောင်းတယ်လို့ ဆိုပေမယ့် နောက်ဆုံးတော့ စီးပွားရေး ပညာရှင်တွေက အလုပ်လက်မဲ့ ပြဿနာကို ရှင်းနိုင်ဖို့ အတွက် နောက်ထပ် ခြောက်လ ကနေ တစ်နှစ် အထိ အခုလိုဆက်ပြီး တိုးတက်နေဖို့ လိုတယ် ပြောနေတယ်ဆိုပြီး ဖော်ပြသွားခဲ့တယ်။
 ဒါပေမယ့် အလုပ်အကိုင် ဖော်ထုတ်နိုင်မှုဟာ နောက်ထပ် သုံးလအထိ ဆက်တိုးတက် နေခဲ့ပြီး အလုပ်အကိုင်သစ် ၁.၂ သန်းကို ဖော်ထုတ် ပေးနိုင် ခဲ့တယ်။ ဒါပေမယ့် ဒီသတင်းကို အင်န်ဘီစီ ရုပ်သံက ပြောတဲ့အခါ အလုပ်အကိုင် ဈေးကွက် ကတော့ တိုးတက် လာပါပြီ၊ ဒါပေမယ့် အလုပ်လက်မဲ့ ရှစ်သန်းလုံး အတွက် အလုပ်အကိုင် ဖန်တီးပေးဖို့တော့ တတ်နိုင်မယ် မထင်ဘူးဆိုပြီး ပြောသွားခဲ့တယ်။ အေဘီစီ ရုပ်သံကတော့ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အလုပ်အကိုင်သစ် ဖော်ထုတ်မှုစာရင်း တွေအရ ပြည်ထောင်စု ငွေကြေး ရန်ပုံငွေ အဖွဲ့က အတိုးနှုန်း ထပ်မြှင့်ဖို့ အတွက် အကြောင်းပြချက် ရသွားပြီ၊ အခုအချိန်မှာ အရေးကြီးဆုံးက စီးပွားရေး တိုးတက်မှုနှုန်း မြန်အောင် ပံ့ပိုးပေးဖို့မဟုတ်တော့ဘူး၊ လိုတာထက် ပိုမြန် မသွားအောင် ထိန်းဖို့ ဖြစ်တယ်ဆိုပြီး ကောက်ချက် ဆွဲသွားခဲ့တယ်။
သတင်းထောက် တွေရဲ့ ပွဲဆူတဲ့ သတင်းကို ကြိုက်တဲ့ သဘောထားကြောင့် အိမ်ဖြူတော်မှာ ဘယ်ပါတီကပဲ သမ္မတ လုပ်လုပ်၊ ဆီလို အပေါက်ရှာ အမေးခံရမှာ သေချာတယ်။ အစိုးရက တစ်ခုခု လုပ်ရင် ဘာ့ကြောင့် လုပ်ရတာလဲ ဆိုပြီး မေးမယ်။ မလုပ်ရင် ဘာ့ကြောင့် မလုပ်တာလဲ ဆိုပြီးမေးမယ်။ ဘုရှ်က အစိုးရရဲ့ စွမ်းအင် မူဝါဒကို ကြေညာတော့ အိမ်ဖြူတော် သတင်းထောက်တွေက ဒါဟာ ရေရှည် စီမံကိန်းပဲ၊ အခု လတ်တလော စက်သုံးဆီ ဈေးတွေကျအောင် လုပ်မယ့် ရေတို စီမံကိန်းကို ဘာဖြစ်လို့ မထည့်တာလဲ ဆိုပြီးဝေဖန်တယ်။ နောက်တစ်ခါ သမ္မတက ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို ကြေညာတော့ သတင်းထောက်များက ဒါက ဆေးမြီးတိုပဲ ရေရှည် စီမံကိန်း မဆွဲဘူးလားလို့ ဝေဖန် ပြန်တယ်။
အိမ်ဖြူတော် သတင်းထောက် တွေက သမ္မတဘုရှ်နဲ့ သမ္မတဟောင်း ကလင်တန် ကြားမှာ ဖွပေးဖို့ကြိုးစား သလို ဒီမိုကရက် အမတ်တွေနဲ့ သမ္မတကြား ဝိရောဓိတွေကို ရှာဖွေကြတယ်။ ဒီထက်ပိုပြီး ကြိုက်တာ ကတော့ ရီပတ်ဘလီကင် အမတ်တွေနဲ့ သမ္မတကြား၊ ၀န်ကြီးတွေနဲ့ သမ္မတကြား သဘောထား ကွဲပြားမှုအဖြစ် ထင်ဟပ်စေမယ့် သတင်းမျိုးပဲ။ အဲဒီလို သတင်းအတွက် အဖွခံရဆုံး ကတော့ နိုင်ငံခြားရေး ၀န်ကြီး ကောလင်းပါဝဲလ် ဖြစ်ပါတယ်။ အလယ်အလတ် သဘောထား ရှိ တယ်လို့ လက်ခံထားတဲ့ ပါဝဲလ်ဟာ ကွန်ဆားဗေးတစ် သမ္မတနဲ့ ကွဲလွဲတဲ့ အမြင်တွေကို ပြောလိုက်တဲ့ အခါတိုင်း သတင်းထောက် တွေအတွက် အကွက်ကောင်း ရတော့တာပဲ။ သူတို့က ကျွန့်တော့်ကို သမ္မတက ကောလင်း ပါဝဲလ်ရဲ့  မှတ်ချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားလားလို့ မေးမယ်၊ ပြီးရင် ဒါဟာ သမ္မတနဲ့ နိုင်ငံခြားရေး ၀န်ကြီးအကြား သဘောထား ကွဲပြားမှု လားလို့ ဆက်မယ်၊ နောက်ဆုံး ပါဝဲလ်ရဲ့ မှတ်ချက်အပေါ် အိမ်ဖြူတော်က ဘယ်လို တုန့်ပြန်မလဲ ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်မယ်။ ဒါတင် မကသေးဘူး၊ ရီပတ်ဘလီကင် ပါတီထဲက ကွန်ဆာဗေးတစ် တွေကို ဆက်သွယ်ပြီး ကောလင်း ပါဝဲလ်ရဲ့ ပြောကြားချက်အပေါ် သဘောထားကို မေးမယ်၊ ပြီးရင် ကောလင်းပါဝဲလ်နဲ့ အယူအဆ တူတဲ့သူကို ရှာပြီး ထောက်ခံချက် တောင်းမယ်။ နောက်ဆုံး အဲဒီနှစ်ယောက်ကို မီဒီယာတွေ ပေါ်မှာဆုံပြီး အငြင်းအခုန် လုပ်ခိုင်းမယ်။ ဒါဟာ မီဒီယာတွေ လိုချင်တဲ့ ပဋိပက္ခတစ်ခု ပေါ်ပေါက် လာပုံပဲ။
အဲဒီလို ပဋိပက္ခကို အသားပေးတဲ့ မီဒီယာ တွေကြောင့် နိုင်ငံရေး လောကက လူတွေကလည်း အပြုသဘော ဆောင်တဲ့ အမြင်တွေထက် ပဋိပက္ခဘက်ကို ရှေ့ရှုတဲ့ အမြင်တွေကို ဦးစားပေး လာတော့တာပဲ။ ခင်ဗျားရဲ့ အယူအဆတွေ၊ မူဝါဒတွေ ပြောပြရင် သတင်းထဲပါဖို့ မသေချာဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ပြိုင်ဘက်ကို ဝေဖန် ထိုးနှက်မယ် ဆိုရင်တော့ မျက်နှာဖုံး သတင်း ဖြစ်ဖို့များတယ်။ ပါတီ နှစ်ခုလုံးက ထောက်ခံတဲ့ မူဝါဒတစ်ခုကို ကြေညာမယ် ဆိုရင်၊ ဒါကို ဥပဒေကြမ်း အဖြစ် တင်မယ်ဆိုရင် ဒါဟာ သတင်း မဖြစ်နိုင်ဘူး။ သမ္မတက ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့ ခြိမ်းခြောက် ထားတဲ့ ကိစ္စတစ်ခုကို ဥပဒေအဖြစ် အတည်ပြု လိုက်သလား၊ ဒါဆိုရင် တကယ့်သတင်းပဲ။ ပဋိပက္ခ မဟုတ်ဘူး၊ သဘောထား ကွဲပြားမှုတွေ မပါဘူး ဆိုရင် သတင်း မဟုတ်ဘူး။
ဥပဒေကြမ်း တစ်ခုနဲ့ ပတ်သက်ပြီး ပါတီနှစ်ခု ကြားမှာ သုံးပတ်လောက် အကြိတ်အနယ် ဆွေးနွေးပြီးမှာ သဘေ တူညီချက် ရတယ်ဆိုပါတော့။ အဲဒီ သုံးပတ်လုံးလုံး မီဒီယာပေါ်မှာ သဘောထား ကွဲတာတွေ၊ ငြင်းခုန် တာတွေ၊ ရှေ့မတိုးနိုင် ဖြစ်နေတာတွေကို အကျယ်တ၀င့် ရေးလိမ့်မယ်။ အဲ သဘောတူညီချက် ရသွားပြီ ဆိုရင်တော့ တစ်ရက်စာ သတင်းတိုလေး အဖြစ်နဲ့ ဖော်ပြပြီးရင် နောက်ထပ်ဘာမှ ထပ်ဖော်ပြမှာ မဟုတ်တော့ဘူး။
တစ်ခါတစ်လေ ကျတော့လည်း သတင်းစာတွေကို လူတွေ စိတ်ဝင်စားမယ့် ဓာတ်ပုံတွေကို လိုက်ရှာတတ်ကြ တယ်။ ၂၀၀၂ ခုနှစ်နွေရာသီမှာ US News and World Report စာစောင်က တက္ကဆက် ပြည်နယ်ထဲက သမ္မတနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဆီကို သမ္မတဘုရှ်ရဲ့ သမီးနှစ်ယောက် ပါတီတက်နေတဲ့ ဓာတ်ပုံတွေ ရှိလား၊ ရှိရင် ဒေါ်လာ ၂၂၅ ဒေါ်လာ ကနေ ၅၀၀ အထိ ပေးပါ့မယ်လို့ အီးမေးလ်ပို့ပြီး ကမ်းလှမ်းခဲ့ဖူးတယ်။ အဲဒီ သတင်းကို မိတ်ဆွေတွေက သမ္မတ ကတော်ဆီကို လှမ်းပြောတဲ့အခါ ကျွန်တော်က စာစောင် အယ်ဒီတာအဖွဲ့ကို ဒါဟာ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါးရာ ရောက်ကြောင်းနဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ဓာတ်ပုံတွေကို ငွေပေးပြီး လိုက်ဝယ်တာ မသင့်တော်ဘူး ဆိုပြီး ကန့်ကွက် ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် အယ်ဒီတာ အဖွဲ့က အဲဒီလိုလုပ်တာကို ရပ်ဆိုင်း ပေးလိုက်တဲ့ အတွက် ကျေးဇူးတင် ပါတယ်။
နေ့စဉ် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါ ကျွန်တော့် အနေနဲ့ တတ်နိုင်သမျှ မီဒီယာတွေ လိုချင်တဲ့ ပဋိပက္ခ ဘောင်ထဲ ရောက်မသွားအောင် တတ်နိုင်သမျှ ရှောင်ပါတယ်။ သတင်းထောက် တွေရဲ့ ပွဲဆူမယ့် သတင်းတွေကိုပဲ လိုက်ရှာတတ်တဲ့ အခြေအနေကြောင့် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ တွေဟာလည်း ဟိုတုံးကလို မူဝါဒတွေကို ရှင်းပြ၊ မေးခွန်းထုတ် ကြတာမျိုး မဟုတ်တော့ပဲ၊ ပြဿနာတွေကို ၀န်ခံလိုက်၊ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အပြစ်တင်တာ ခံလိုက်၊ ၀န်ကြီးအဖွဲ့ထဲမှာ သဘောထား ကွဲပြားမှု ရှိနိုင်တယ် ဆိုတာ အတည်ပြုလိုက် ဆိုတာတွေပဲ လုပ်ရတာက ပိုများ လာတယ်။ အဲဒါ မျိုးတွေကပဲ မျက်နှာဖုံး သတင်းအဖြစ် ပါတော့မယ်။ ကျွန်တော် ကတော့ အဲဒါမျိုးတွေ များလာတာဟာ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွေရဲ့ တန်ဖိုးကို  ကျဆင်းစေတယ်လို့ ထင်ပါတယ်။ ပြန်ကြားရေး အရာရှိနဲ့ သတင်းထောက် တွေကြား ဆက်ဆံရေး ကလည်း ဟိုတုံးကလို အပေးအယူ မျှမျှ မဟုတ်တော့ဘဲ သတင်းထောက်တွေဘ က်က မေးခွန်းတွေနဲ့ ထိုးစစ်ဆင်၊ ပြန်ကြားရေး အရာရှိဘက်ကလည်း ကိုယ်လိုချင်တဲ့ ဘက်ကနေ ကြံ့ကြံ့ခံပြီး ခုခံဆိုတာမျိုး ဖြစ်လာပါတယ်။
ဥပမာ အားဖြင့် ဒုသမ္မတ ချေယင်နီနဲ့ နိုင်ငံခြားရေး ၀န်ကြီး ကောလင်းပါဝဲလ် ကြားမှာ အမြင်မတူတာ တွေရှိမှာပဲ။ ဒါပေမယ့် ဒီလို အမြင်မတူ မှုတွေဟာ သမ္မတ ရှေ့မှာပဲ ပြောရမယ်၊ ဒါမှလည်း သမ္မတ အနေနဲ့ သူ့လူတွေဆီက မတူကွဲပြား တဲ့အမြင်တွေကို စဉ်းစားပြီး ဆုံးဖြတ်ခွင့် ရမှာဖြစ်တယ်။ သို့သော် ရုပ်မြင်သံကြား ပေါ်မှာ ကျွန်တော့်ကို ဒုသမ္မတနဲ့ နိုင်ငံခြားရေး ၀န်ကြီး သဘောထား ကွဲပြားနေတယ် ဆိုတာ ဟုတ်သလားလို့ မေးရင် ဟုတ်တယ်လို့ ဖြေလို့မရဘူး။ ကျွန်တော်က ဒီလို အမြင်မတူမှု တွေဟာ အစိုးရ အဖွဲ့အတွင်း ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း အဖြစ်ပဲ မြင်တယ်။ ဒါကို ပဋိပက္ခ တစ်ခုအနေနဲ့ မီဒီယာတွေပေါ်မှာ ဖြေစရာ၊ ပြောစရာ မလိုဘူးလို့ ယုံကြည်ပါတယ်။ ဒီလိုနဲ့ သတင်းထောက်တွေနဲ့ ကျွန်တော် ငြင်းခုန် ရတော့တာပဲ။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်

           

No comments:

Post a Comment