Tuesday, September 3, 2013

စာနယ်ဇင်း ကောင်စီ ဆိုသည်မှာ (၅)

အငြင်းပွားမှုများကိုဖြေရှင်းခြင်း
စာနယ်ဇင်း ကောင်စီက ဖြေရှင်းပေးရသည့် အငြင်းပွားမှုများမှာ သုံးမျိုးသုံးစား ရှိသည်ဟု ဆိုနိုင်သည်။ ပထမ အမျိုးအစားမှာ စာနယ်ဇင်းများ၏ သတင်းရယူမှုကို ပိတ်ပင် တားဆီးမှုများနှင့် ပတ်သက်သည်။ ဒုတိယ အမျိုးအစားမှာ စာနယ်ဇင်း အချင်းချင်း ဖြစ်ပွားသော ကိစ္စများနှင့် ပတ်သက်သည်။ တတိယ အမျိုးအစားကတော့ စာနယ်ဇင်းများ၏ ရေးသားချက်များ၊ စာနယ်ဇင်း သမားများ၏ အပြုအမူများနှင့် ပတ်သက်သည့် ကန့်ကွက်ချက်များ၊ တိုင်ကြားချက်များနှင့် ပတ်သက်သည်။ ထိုတတိယ အမျိုးအစားသည်ပင် စာနယ်ဇင်း ကောင်စီ တစ်ခုအတွက် အများဆုံး ဖြေရှင်း ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံအသီးသီးရှိ စာနယ်ဇင်း ကောင်စီတိုင်းတွင် အငြင်းပွားမှုများ ဖြေရှင်းရေးနှင့် ပတ်သက်ပြီး တိကျသည့် လုပ်ထုံး လုပ်နည်းများကို သတ်မှတ်ထားသည်ကို တွေ့ရသည်။ နယ်သာလန်နိုင်ငံ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းပုံ စည်းမျဉ်း ပုဒ်မ ၃ တွင် စာနယ်ဇင်း ကောင်စီ အနေဖြင့် ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်း ထားသည်။ အငြင်းပွားမှုများ ဖြေရှင်းမှုနှင့် ပတ်သက်ပြီး တိုင်ကြားချက်များကို ဖြစ်ပွားပြီး ခြောက်လအတွင်း ကန့်ကွက်ခြင်း၊ တိုင်ကြားခြင်းများ ပြုလုပ်ရန် သတ်မှတ်ထားသည်။ ယျေဘူယျအားဖြင့် ကန့်သတ်ချိန် ကျော်လွန်သွားသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တိုင်ကြားချက်များကို လက်ခံစဉ်းစားခြင်း မပြုသော်လည်း နစ်နာသူက အချိန်မီ တိုင်ကြားနိုင်ခြင်း မရှိရသည့် အကြောင်းအရင်းကို ခိုင်လုံစွာ တင်ပြနိုင်ပါက အထူးကိစ္စအနေဖြင့် စဉ်းစားပေးသည်။ တိုင်ကြားချက်များကို စဉ်းစားသည့် ခုံအဖွဲ့ကို သုံးဦး သို့မဟုတ် ငါးဦးဖြင့် ဖွဲ့စည်းပြီး စာနယ်ဇင်း ကောင်စီ ဥက္ကဌ၊ ဒုဥက္ကဌနှင့် စာနယ်ဇင်း ကောင်စီဝင်များ ပါဝင်သည်။ အဖွဲ့ဝင်ထဲတွင် စာနယ်ဇင်း လောကသားများနှင့် စာနယ်ဇင်း လောကသား မဟုတ်သူများ အားလုံး ပါဝင်အောင် ဖွဲ့စည်းရသည်။ နယ်သာလန် စာနယ်ဇင်းကောင်စီ၏ လုပ်ထုံး လုပ်နည်းအရ ခုံအဖွဲ့ဖြစ် စစ်ဆေးခြင်း မပြုမီတွင် နှစ်ဘက်လုံးက ကြားဝင် စေ့စပ်မှုကို လက်ခံလိုကြောင်း ဆန္ဒပြုပါက ဖြန်ဖြေရေး သမားတစ်ဦးကို ခန့်အပ်ပြီး ပဏာမ စေ့စပ် ဖြေရှင်းစေသည်။ သို့သော် ရှစ်ပတ်အတွင်း ဖြေရှင်း မပြုနိုင်လျှင် ဖြစ်စေ၊ နှစ်ဘက်လုံးက ဆက်လက် စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိတော့လျှင်မူ ခုံအဖွဲ့ဖြင့် ပြန်လည် စစ်ဆေး ဆုံးဖြတ်သည်။ ခုံအဖွဲ့ဖြင့် စစ်ဆေးမည်ဆိုပါက စွပ်စွဲခံရသည့် စာနယ်ဇင်းဘက်မှ ဖြေရှင်းချက်ကို သုံးပတ်အတွင်း ပြန်လည် တင်ပြရမည် ဖြစ်သည်။ နယ်သာလန် စာနယ်ဇင်း ကောင်စီအနေဖြင့် တိုင်ကြားမှုများ မရှိသည့် တိုင်အောင် ဖြစ်ပေါ်နေသည့် အခြေအနေ တစ်ရပ်ရပ်နှင့်ပတ်သက်ပြီး စာနယ်ဇင်းသမားများ အနေဖြင့် ဆောင်ရွက်သင့်သည့် အချက်များ ရှိသည်ဟု ထင်မြင်ပါက ကောင်စီစုံညီ အစည်းအဝေး ခေါ်ယူကာ ဆုံးဖြတ်ချက်များကို ထုတ်ပြန် ကြေညာခြင်း၊ တာဝန်ရှိသည့် အဖွဲ့အစည်းများကို တိုက်တွန်းခြင်းတို့ကို လုပ်ဆောင်နိုင်သည်ကိုလည်း တွေ့ရသည်။ နယ်သာလန် စာနယ်ဇင်း ကောင်စီ အနေဖြင့် ၂၀၀၇ နှစ်တွင် တိုင်ကြားချက် ၉၃ ချက် လက်ခံရရှိခဲ့ရာ ၄၀ ချက်တွင် စာနယ်ဇင်းများဘက်မှာ ကျင့်ဝတ်ဆိုင်ရာ ဖောက်ဖျက်မှုများ ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဆွီဒင် စာနယ်ဇင်း ကောင်စီ၏ စည်းမျဉ်းအရမူ ထူးခြားသော အခြေအနေများမှ လွဲ၍ တိုင်ကြားချက်များကို ဖြစ်ပွားပြီး သုံးလအတွင်း တိုင်ကြားခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ သို့သော် တိုင်ကြားသူ အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရလည်း အရေးယူရန် ဆောင်ရွက်နေပါက ကောင်စီအနေဖြင့် တိုင်ကြားချက်ကို လက်မခံဘဲ ပယ်ချနိုင်ခွင့်ရှိသည်။ ထိုတိုင်ကြားချက်များကို ကောင်စီက လက်ခံစဉ်းစားခြင်း မပြုမီ ပထမအဆင့်နေဖြင့် စာနယ်ဇင်းဆိုင် ရာသမာဓိလူကြီး ( Press Ombudsman) က ပထမအဆင့် ညှိနှိုင်း ဖြေရှင်းပေးရသည်။ သို့သော် တိုင်ကြားချက်များ၏ ၅% ကိုသာ အဆိုပါ နည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်ကို တွေ့ရသည်။ စာနယ်ဇင်း ကောင်စီ အနေဖြင့် တိုင်ကြားချက်များကို ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင် ခုနှစ်ဦး စုစုပေါင်း ကိုးဦးပါ ခုံအဖွဲ့ဖြင့် စစ်ဆေးသည်။ ထိုခုံအဖွဲ့တွင် တိုင်ကြားခံရသည့် စာနယ်ဇင်း သို့မဟုတ် စာနယ်ဇင်းသမား ပါဝင်သည့် စာနယ်ဇင်း အဖွဲ့အစည်းကို ကိုယ်စားပြုသည့် ကောင်စီအဖွဲ့ဝင်များ ပါဝင်ခြင်း မပြုရန် ကန့်သတ်ထားသည်။ ဆွီဒင် စာနယ်ဇင်း ကောင်စီ ဥပဒေအရ ထူးခြားချက်မှာ စာနယ်ဇင်း ကောင်စီအနေဖြင့် နစ်နာသူကို လျော်ကြေးပေးရန် အမိန့် ချမှတ်နိုင်သကဲ့သို့ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်သည့် စာနယ်ဇင်းကိုလည်း ဖြန့်ချိသည့် စောင်ရေအပေါ် မူတည်ပြီး ဒဏ်ငွေ ( Administrative Fine ) ချမှတ်နိုင်သည့် အာဏာရှိခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဒဏ်ကြေး ပေးဆောင်ရာတွင် စောင်ရေ တစ်သောင်းနှင့် အောက် ထုတ်ဝေသော စာနယ်ဇင်း ဖြစ်ပါက ယူရို ၁၀၆၈၊ တစ်သောင်း အထက် ဖြန့်ချိပါက ယူရို ၂၆၇၀ ပေးဆောင်ရန် သတ်မှတ်ထားသည်။ ထို့ပြင် တာဝန်ရှိသည့် ပုံနှိပ်မီဒီယာ ဖြစ်စေ၊ အွန်လိုင်းမီဒီယာ ဖြစ်စေ ကျင့်ဝတ် ချိုးဖောက်မှုနှင့် ပတ်သက်သည့် ကောင်စီ ဆုံးဖြတ်ချက်ကို အပြည့်အစုံ ဖော်ပြပေးရန် သတ်မှတ်ထားသည်။ ဆွီဒင် စာနယ်ဇင်း ကောင်စီသည် ၂၀၀၇ ခုနှစ်တွင် တိုင်ကြားချက် ၃၁၃ ခုကို လက်ခံရရှိခဲ့ပြီး ၄၇ ခုတွင် စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။
ဒိန်းမတ်နိုင်ငံတွင်မူ  ဖြစ်စဉ် ဖြစ်ပွားပြီး လေးပတ်အတွင်း နစ်နာသူ အနေဖြင့် သက်ဆိုင်ရာ မီဒီယာ သို့မဟုတ် စာနယ်ဇင်း ကောင်စီကို တိုင်ကြားနိုင်သည်။ သက်ဆိုင်ရာ မီဒီယာသို့ ကန့်ကွက်သည့် ကိစ္စတွင် မီဒီယာ၏ ဖြေရှင်းချက်ကို မကျေနပ်ပါက နောက်လေးပတ် အတွင်း စာနယ်ဇင်း ကောင်စီသို့ ထပ်ဆင့် တိုင်ကြားနိုင်သည်။ အချက်အလက် မှားယွင်းမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စာနယ်ဇင်းက ဖော်ပြပေးရန် ငြင်းဆန်ခဲ့လျှင် ငြင်းဆန်သည့်နေ့မှစ၍ လေးပတ်အတွင်း ကောင်စီသို့  တိုင်ကြား နိုင်ကြောင်းလည်း သတ်မှတ် ပေးထားသည်။ ထို့ပြင် စာနယ်ဇင်း ကောင်စီသို့ တိုင်ကြားထားသည့်တိုင် ကာယကံရှင် အနေဖြင့် ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်ခွင့်ကိုလည်း ခွင့်ပြု ပေးထားသည်ကို တွေ့ရသည်။ တိုင်ကြားချက်များ နှင့်ပတ်သက်ပြီး ကျင့်ဝတ် ဖောက်ဖျက်ကြောင်း တွေ့ရှိလျှင် စာနယ်ဇင်း ကောင်စီက ညွှန်ကြားသည့် အတိုင်း သက်ဆိုင်ရာ စာနယ်ဇင်းက ဆုံးဖြတ်ချက် သို့မဟုတ် ပြင်ဆင်ချက် သို့မဟုတ် တောင်းပန်လွှာကို ထည့်သွင်း ဖော်ပြရသည်။ ထိုကဲ့သို့ ဖော်ပြရန် ငြင်းဆိုလျှင် ဒိန်းမတ် ဥပဒေအရ အများဆုံး ထောင်ဒဏ် လေးလ သို့မဟုတ် ဒဏ်ငွေ ယူရို ၆၇၀ ပေးဆောင်ရန် သတ်မှတ်ထားသည်။ ဒိန်းမတ် စာနယ်ဇင်း ကောင်စီသည် ၂၀၀၇ ခုနှစ်တွင် တိုင်ကြားချက်ပေါင်း ၁၇၇ ခုကို လက်ခံရရှိခဲ့ ပြီး ၎င်းအနက် ၅၃ ခုတွင် ကျင့်ဝတ် ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ရသည်။
အင်ဒိုနီးရှား စာနယ်ဇင်း ကောင်စီကမူ တိုင်ကြားချက်၊ ကန့်ကွက်ချက်များကို ထူးခြားသည့် အခြေအနေမျိုးမှ လွဲလျှင် နှစ်လအတွင်း တိုင်ကြားရန် သတ်မှတ်ထားသည်။ တိုင်ကြားချက်နှင့် ပတ်သက်ပြီး ကျင့်ဝတ် ချိုးဖောက်ကြောင်း တွေ့ရှိပါက တာဝန် ရှိသည့် စာနယ်ဇင်း အနေဖြင့် ကောင်စီ၏ ဆုံးဖြတ်ချက် အပြည့်အစုံကို ဖော်ပြပေးရန် တာဝန် ရှိသည်။ တိုင်ကြားသူ အနေဖြင့် ဥပဒေကြောင်းအရ ဆက်လက် အရေးယူ ဆောင်ရွက်မှု မပြုဟု ၀န်ခံ ကတိပြုမှာသာ စာနယ်ဇင်း ကောင်စီက ကြားဝင်ဖြေရှင်း ပေးမည်ဖြစ်ပြီး ကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်သေအဖြစ် အသုံးပြုပြီး တရားစွဲဆိုမှု မပြုရန်လည်း သတ်မှတ်ထားသည်။
အိန္ဒိယ စာနယ်ဇင်း ကောင်စီ၏ စည်းကမ်းချက်များ အရ သက်ဆိုင်ရာ ကာယကံရှင် သာမက ကျန်စာဖတ် ပရိသတ်များကလည်း စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီဟု ယူဆသည့် လုပ်ဆောင်ချက် မှန်သမျှကို ကန့်ကွက်ခြင်း၊ တိုင်ကြားခြင်း ပြုနိုင်သည်။ ကာလ စည်းကမ်း သတ်မှတ်ချက်တွင်မူ နေ့စဉ်နှင့် အပတ်စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များနှင့် သတင်း အေဂျင်စီများနှင့် ပတ်သက်လျှင် ဖြစ်ပွားပြီး နှစ်လအတွင်း၊ အခြားကိစ္စရပ်များတွင် လေးလအတွင် ကန့်ကွက် တိုင်ကြားရန် သတ်မှတ်ထားသည်။ နစ်နာသူအနေဖြင့် ဥပဒေအရ ဆက်လက် အရေးယူရန် ရည်ရွယ်ပါက ကောင်စီက တိုင်ကြားချက်များ အပေါ် လက်ခံ စဉ်းစားခြင်း မပြုရန် သတ်မှတ်ထားသည်။ ထို့ပြင် တိုင်ကြားချက်များနှင့် ပတ်သက်သည့် စာနယ်ဇင်း ကောင်စီ၏ လုပ်ပိုင်ခွင့်နှင့် အာဏာများကို လွှတ်တော် ဥပဒေ ဖြစ်သည့် Press Council Act, 1978 တွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
စာနယ်ဇင်း ကောင်စီအနေဖြင့် တိုင်ကြားမှု၊ ကန့်ကွက်မှုများ အပေါ်တွင် ကိုင်တွယ် ဖြေရှင်းသည့် လုပ်ထုံး လုပ်နည်းများသည် နိုင်ငံအလိုက် အမျိုးမျိုး ကွဲပြား ခြားနားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ သို့သော် လုပ်ထုံး လုပ်နည်းများ ကွဲပြား ခြားနားစေကာမူ စာနယ်ဇင်းများ အနေဖြင့် ကျင့်ဝတ်များကို တိတိကျကျ လိုက်နာ စောင့်ထိန်း ခြင်းအားဖြင့် ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုကို ရရှိစေရန် ဆိုသည့် ရည်ရွယ်ချက်မှာ အတူတူပင် ဖြစ်သည်ဟု ဆိုရပါမည်။ ထိုကဲ့သို့ ပြည်သူလူထုက ယုံကြည် ကိုးစားသည့် စာနယ်ဇင်းများ၏ အသံကိုသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားရေး မဏ္ဍိုင်များက အလေးထားမည် ဖြစ်သည်။  ထို့ကြောင့် စာနယ်ဇင်း ကောင်စီကို ဖွဲ့စည်း ပြီးသည်နှင့် အငြင်းပွားမှုများကို ပွင့်လင်း မြင်သာမှု၊ တာဝန်ခံမှုနှင့် တရားမျှတမှုများဖြင့် ဖြေရှင်း ဆောင်ရွက်ပေးမည့် လုပ်ထုံး လုပ်နည်းများ၊ စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာအောင် ကျောထောက် နောက်ခံပေးမည့် နည်းလမ်းများကို ချမှတ်နိုင်ရေး အတွက် အလေးအနက်ထား ဆောင်ရွက် ရမည် ဖြစ်ပါသည်။
နိဂုံး
ဒီမိုကရေစီစနစ်တွင် စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းတို့၏ အခန်းကဏ္ဍမှာ အလွန် အရေးကြီးပါသည်။ စတုတ္ထမဏ္ဍိုင် ပီပီသသ ရပ်တည်နိုင်ဖို့ဆိုလျှင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင့်သုံးနိုင်ဖို့ လိုသည်။ သို့သော် လွတ်လပ်ခွင့် ဟူသမျှသည် အကြွင်းမဲ့ မဟုတ်၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် ယှဉ်တွဲ ကျင့်သုံးရသည် ဖြစ်ရာ လွတ်လပ်သည့် စာနယ်ဇင်း ကောင်စီကသာ စာနယ်ဇင်း သမားတို့၏ တာဝန်ခံမှု၊ ယုံကြည် စိတ်ချရမှုတို့ မြင့်မားအောင် စွမ်းဆောင် နိုင်ပေလိမ့်မည်။ ဒါပေမယ့် စာနယ်ဇင်း ကောင်စီ တစ်ခုကို လွယ်လွယ် ကူကူ ဖွဲ့စည်းလို့ ရသည်တော့ မဟုတ်ပေ။ ပြည်သူရော စာနယ်ဇင်း သမားများကပါ ယုံကြည်စိတ်ချ အားကိုးသည့် စာနယ်ဇင်း ကောင်စီတစ်ခု ဖြစ်ဖို့ဆိုလျှင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ကျော်လွှားရမည့် စိန်ခေါ်မှုများ အများအပြား ရှိပေသည်။ ဒါတွေကို သိထားဖို့၊ ကျော်လွှားဖို့ ဆိုတာကတော့ စာနယ်ဇင်း သမားများရဲ့ တာဝန်ပဲ ဖြစ်သည်။
စာနယ်ဇင်း ကောင်စီတစ်ခု၏ သဘော သဘာဝနှင့် လုပ်ငန်း တာဝန်များနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြခဲ့သမျှသည် လက်လှမ်းမီသမျှ လေ့လာထားမှုများကို အခြေခံထားခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ သို့သော် စာနယ်ဇင်း ကောင်စီ တစ်ခု၏ ခက်ခဲ ရှုပ်ထွေးလှသော လုပ်ငန်းစဉ်များကို ရိပ်စားမိအောင်တော့ အထောက်အကူ ပြုမည်ဟု ရိုးသားစွာ မျှော်လင့်မိပါသည်။
ရဲထွဋ်

No comments:

Post a Comment