Thursday, September 5, 2013

ပြုပြင် ရတော့မည့် ဗြိတိန် နိုင်ငံ စာနယ်ဇင်း လောက (၁)

နောက်ခံသမိုင်း  
News of the World သတင်းစာ သည် မီဒီယာ လုပ်ငန်းရှင် ရူးပတ်မါးဒေါ့၏ ကုမ္ပဏီ ဖြစ်သည့် News International က ပိုင်ဆိုင်သော သတင်းစာဖြစ်သည်။ ထိုသတင်းစာ သည် ထင်ရှား ကျော်ကြားသူ များ၏ အရှုတ်တော်ပုံများ၊ အခြား သတင်းစာများ မရရှိသည့် သတင်းထူး၊ သတင်းဦးများကို ဖော်ပြလေ့ရှိသည့် တက်ဘလွိုက် သတင်းစာ ဖြစ်သော်လည်း ဗြိတိန် နိုင်ငံတွင် စောင်ရေ နှစ်သန်း ရှစ်သိန်း ကျော်အထိ ရောင်းချ ခဲ့ရကာ ရောင်းအကောင်းဆုံး သတင်းစာ များထဲတွင် အပါအ၀င် ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှာတော့ News of the World က ဗြိတိန် တော်ဝင် မိသားစုများ၏ ဖုန်းများကို ကြားဖြတ် နားထောင် ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အယ်ဒီတာ တစ်ဦးနှင့် သတင်းထောက် တစ်ဦးမှာ ဥပဒေအရ အရေးယူ အပြစ်ပေး ခြင်းခံခဲ့ရသည်။
News of the World သတင်းစာနှင့် မိခင် ကုမ္ပဏီဖြစ်သည့် News International တို့က ထိုဖြစ်စဉ်သည့် ကျင့်ဝတ် ချိုးဖောက်သော သတင်းထောက် အချို့၏ လုပ်ရပ်သာဖြစ်ပြီး သတင်းစာ၏ မူဝါဒ မဟုတ်ကြောင်း ပြောကြား ခဲ့သည်။ စကော့ တလန်ယဒ်နှင့် လန်ဒန် ရဲတပ်ဖွဲ့ ကလည်း ထိုရှင်းလင်းချက်ကို လက်ခံပြီး ဆက်လက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိခဲ့သလို အစိုးရအဖွဲ့နှင့် ပါလီမန်ကလည်း သီးခြား စစ်ဆေး ကြားနာမှုများ ပြုလုပ်ခြင်း မရှိခဲ့ပေ။သို့သော် ၂၀၁၁ ဇူလိုင်လတွင် News of the World က ငှားရမ်း အသုံးပြု ခဲ့သည့် အလွတ်စုံထောက်တစ်ဦးက News of the World အနေဖြင့် ၂၀၀၂ ခုနှစ် ခန့်လောက် ကပင်စတင်ပြီး ထင်ရှား ကျော်ကြား သူများ၏ ဖုန်းများ သာမက အသတ်ခံ ရသော၊ ပျောက်ဆုံး နေသော အမျိုးသမီး ငယ်များ၏ မိသားစုများ၊ အီရတ်နှင့် အာဖဂန်တွင် ကျဆုံး သွားသော ဗြိတိသျှ စစ်သည်များ၏ မိသားစုများ၏ ဖုန်းများကိုပါ ကြားဖြတ် နားထောင်ပြီး သတင်းထူး ရရှိအောင် ကြိုးစား ခဲ့ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။ နောက်ပိုင်းတွင် မူ News of the World အယ်ဒီတာများ ကိုယ်တိုင်က ဖုန်းများ ကြားဖြတ် နားထောင်ခြင်း၊ ကွန်ပျူတာ စနစ် အတွင်းသို့ တရားမ၀င် ဖောက်ထွင်း ၀င်ရောက်ကာ ကိုယ်ရေး ကိုယ်တာ အချက်အလက် များ ခိုးယူခြင်း တို့ကို လုပ်ဆောင် ခဲ့ကြောင်း သတင်းများ ဆက်တိုက် ပေါ်ထွက်လာ ခဲ့သည်။ ထို့ပြင် News of the World ၏ ပိုင်ရှင် ဖြစ်သည့် မားဒေါ့၏ News International ကုမ္ပဏီနှင့် ဗြိတိန် နိုင်ငံရေး သမားများ၊ ရဲတပ်ဖွဲ့ အကြီးအကဲ များကြား အလုပ်သဘော ထက်ပိုမိုသည့် ဆက်ဆံရေးများ ရှိခဲ့ကြောင်း စွတ်စွဲချက်များ လည်း ပေါ်ထွက် လာခဲ့သည်။
ထို အဖြစ်အပျက် များကြောင့် News International နှင့် News of the World တို့၏ လုပ်ရပ်များ အပေါ် ရာဇ၀တ်ကြောင်း အရ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တို ဘာလ ၃၁ ရက်နေ့အထိ ဖုန်း ကြားဖြတ် နားထောင်မှု အတွက် လူ ၁၇ ဦး၊ စုံစမ်း စစ်ဆေးမှုကို နှောက်ယှက် မှုဖြင့် ၇ ဦး၊ ပြည်သူ့ ၀န်ထမ်းများကို သတင်း ရရှိရေး အတွက် လာဘ်ပေးမှုဖြင့် သတင်းစာဆရာ ၂၅ ဦး အပါအ၀င် ၅၂ ဦး၊ ကွန်ပျူတာ ကွန်ယက် အတွင်းသို့ ဖောက်ထွင်း ၀င်ရောက်ပြီး သတင်း အချက်အလက်များ ခိုးယူမှုဖြင့် ၁၇ တို့ကို ဖမ်းဆီး စစ်ဆေး အရေးယူ လျှက်ရှိပေသည်။ ထို့ပြင် စကော့ တလန်ယဒ်နှင့် လန်ဒန် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အချို့ နှုတ်ထွက် ခဲ့ရသလို ၁၈၄၃ ခုနှစ်မှစပြီး  နှစ်ပေါင်း တစ်ရာကျော် ထုတ်ဝေခဲ့သည့် News of the World သတင်းစာ လည်း နံမည်ပျက်­နှင့် ထုတ်ဝေမှု ရပ်ဆိုင်း သွားခဲ့ရသည်။
Lord Justic Leveson စုံစမ်း စစ်ဆေးရေး ကော်မရှင်
News of the World သတင်းစာ၏ ဖုန်း ကြားဖြတ် နားထောင်မှု အရှုတ်တော်ပုံမှ ပေါ်ထွက် လာသော သတင်း အချက် အလက် များအရ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်မှုများ၊ စာနယ်များနှင့် နိုင်ငံရေး သမားများ၊ ပြည်သူ့ ၀န်ထမ်းများ အကြား ပုံမှန်ထက် ပိုသော ဆက်ဆံရေး များသည် News of the World  တွင်သာမက အခြား သတင်းစာ အုပ်စု များတွင်ပါ ဖြစ်ပေါ် နေကြောင်း ထင်ရှားလာ ခဲ့သည်။ ထို့ကြောင့် ၀န်ကြီးချုပ် ကင်မရွန်က တရားရုံးချုပ် တရားသူကြီး Leveson ဦးဆောင် သော စုံစမ်းရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်း ပေးခဲ့သည်။
အစိုးရ အဖွဲ့၏ တာဝန် ပေးချက်အရ Leveson စုံစမ်း စစ်ဆေးရေး ကော်မရှင် သည် သတင်းစာများ၏ လုပ်ငန်း ဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေ၊ လက်တွေ့ ဆောင်ရွက်မှု၊ ကျင့်ဝတ် များတို့နှင့် ပတ်သက်သည့် အောက်ပါ အချက်များကို ဖော်ထုတ်ပြီး အကြံပြု ချက်များနှင့် တကွ တင်ပြရမည် ဖြစ်သည်-
(က)    သတင်းစာများနှင့် ပြည်သူများ အကြား ဆက်ဆံရေးနှင့် တရားမ၀င် ဖုန်း ကြားဖြတ် နားထောင်မှု အပါအ၀င် အခြား  ကျူးလွန် နိုင်ဖွယ်ရာ ရှိသည့် တရားမ၀င် လုပ်ရပ် များကို ဖြစ်ပေါ် စေခဲ့သည့် ကျင့်ဝတ် ဆိုင်ရာ အကြောင်းအရင်းများကို  ဖော်ထုတ်ရန်။
(ခ)       သတင်းစာများနှင့် ရဲတပ်ဖွဲ့ကြား ဆက်ဆံရေး အခြေအနေနှင့် ပြည်သူ့ အကျိုး စီးပွားကို ထိခိုက် စေမှု ရှိမရှိ ဖော်ထုတ် ရန်။
( ဂ)      သတင်းစာ များနှင့် နိုင်ငံရေး သမားများ အကြား ဆက်ဆံမှုကို သုံးသပ်ရန်။
(ဃ)   သတင်းစာ များ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ် ထိန်းသိမ်း မြှင့်တင် ပေးနိုင်မည့် ထိရောက်သော မူဝါဒ နှင့် ကျင့်ဝတ် ဆိုင်ရာ လုပ်နည်း စနစ်များကို အကြံပြု တင်ပြရန်
စုံစမ်းရေး ကော်မရှင်၏ သဘောထား
ပြီးခဲ့သည့် ရက်ပိုင်းက ဂျာနယ် တစ်စောင်တွင် ဗြိတိသျှ ၀န်ကြီးချုပ် ကင်မရွန်းက Leveson စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ တင်ပြ ချက်များကို ဆွေးနွေး ရာတွင် ကော်မရှင်မှ တင်ပြသည့် အဆိုပြုချက် တစ်ရပ် ဖြစ်သော သတင်း မီဒီယာ များကို ဥပဒေဖြင့် ထိန်းချုပ်မည့် အစီအစဉ်ကို ကန့်ကွက်သည် ဆိုသည့် သဘော သက်ရောက်သော သတင်း တစ်ခု ဖော်ပြ ထားသည်ကို တွေ့ရသည်။ တကယ်တော့ ၀န်ကြီးချုပ် ကင်မရွန်းက သတင်းစာ များအနေဖြင့် စုံစမ်းရေး ကော်မရှင်က မိမိဘာသာ ထိန်းကျောင်းသည့် လုပ်နည်း စနစ်များ ပိုမို ခိုင်မာ စေရန် အကြံပြု ထားသည့် အချက်များကို အမြန်ဆုံး အကောင်အထည် ဖော်ရန် လိုကြောင်း၊ ထိုသို့ မလုပ်ဆောင် ပါက ပါလီမန်နှင့် အစိုးရက လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းရသည့် အခြေအနေ သို့ ရောက်သွား နိုင်ကြောင်း၊ ၎င်းအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင် ရမည့် အခြေအနေကို ရှောင်ရှား လိုကြောင်း ပြောကြား ခဲ့ခြင်းသာ ဖြစ်သည်။
စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဖြစ်သူ တရားသူကြီး Leveson ကိုယ်တိုင် ကလည်း ၎င်း၏ အစီရင်ခံစာ နိဒါန်းတွင် ကော်မရှင်၏ တာဝန်သည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို တားဆီး ပိတ်ပင်ရန် မဟုတ်ဘဲ သတင်းစာ ဆရာများ ကိုယ်တိုင်က မိမိတို့ သတ်မှတ် ထားသည့် စံချိန် စံညွှန်း များကို လိုက်နာ စေရန်။ သတင်း လွတ်လပ်ခွင့် ကြောင့် ပြည်သူ့ အကျိုးစီးပွားကို မထိခိုက် စေရန်၊ မရည်ရွယ် ဘဲနှင့် ထိခိုက်မှုများ ဖြစ်လာပါက နစ်နာမှု များကို ကုစား နိုင်သည့် စနစ် တစ်ခုကို တည်ဆောက် ရန်သာ ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ ထို့ပြင် ကော်မရှင် အနေဖြင့် သက်သေ ၃၃၇ ဦးကို လူကိုယ်တိုင် စစ်ဆေး ခဲ့သကဲ့သို့ ကျန်သက်သေ သုံးရာကျော်၏ စာဖြင့် ရေးသား ထွက်ဆို ချက်များကို ရယူခဲ့ကြောင်း၊ ထိုအထဲတွင် မည်သူ တစ်ဦး တစ်ယောက်ကမျှ အစိုးရ သို့မဟုတ် ပါလီမန်က ၀င်ရောက် ထိန်းကျောင်းရာ ရောက်မည့် စာနယ်ဇင်း ဥပဒေတစ်ခု လိုအပ်သည်ဟု ပြောဆိုခြင်း မရှိကြောင်း အလေးအနက် ဖော်ပြ ထားသည်ကို တွေ့ရသည်။ တရားသူကြီး Leveson က လွတ်လပ်စွာ ပြောဆိုခွင့် ဆိုသည့် အခွင့်အရေး နှင့်အတူ ပြည်သူ့ အကျိုးစီးပွား( Public Interest ) ကိုရှေ့ရှုသည့်  အမှန်တရားကို အလေး ထားမှု ( Respect the Turth ) ၊ ဥပဒေကို လိုက်နာမှု ( To Obey the Law ) ၊ ပုဂ္ဂလိက လွတ်လပ် ခွင့်နှင့် အခွင့် အရေးကို လေးစားမှု ( To Uphold the Rights and Liberties of Individuals) ကို လိုက်နာရန် လိုကြောင်း ဖော်ပြ ထားသည် ကိုလည်း တွေ့ရသည်။
ကော်မရှင်၏ အကြံပြုချက်များ
ကော်မရှင်၏ အကြံ ပြုချက်များအနက် အရေးအကြီးဆုံး အကြံပြုချက်မှာ စာနယ်ဇင်း တိုင်ကြားမှု ဖြေရှင်းရေး ကော်မရှင် (Press Complaints Commission, PCC) နှင့် ပတ်သက်သည်။ ဗြိတိန် နိုင်ငံတွင် စာနယ်ဇင်း ကောင်စီဟု မရှိဘဲ စာနယ်ဇင်း တိုင်ကြားမှု ဖြေရှင်းရေး ကော်မရှင်က ကျင့်ဝတ် ဆိုင်ရာ ကိစ္စများကို တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးသည်။ သို့သော် မားဒေါ့ အရှုတ်တော်ပုံ ပေါ်ထွက် လာသည့်အခါ ကွန်ဆာဗေးတစ် ပါတီ၊ လေဘာ ပါတီနှင့် လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် များက စာနယ်ဇင်း တိုင်ကြားမှု ဖြေရှင်းရေး ကော်မရှင်၏ ထိရောက်မှု များအပေါ် မေးခွန်း ထုတ်လာ ခဲ့သည်။ စုံစမ်းရေး ကော်မရှင် ကလည်း PCC ၏ အဓိက ပြဿနာမှာ လွတ်လပ်မှု မရှိခြင်းနှင့် ဖွဲ့စည်းပုံ အရ အားနည်း ချက်များ ရှိနေခြင်း ဖြစ်သည်ဟု ထောက်ပြ ခဲ့သည်။ PCC အနေဖြင့် တိုင်ကြားချက် များကိုသာ ဖြေရှင်းရန် တာဝန်ရှိပြီး စာနယ်ဇင်း ကျင့်ဝတ်များနှင့် ပတ်သက်လျှင် သီးခြား အဖွဲ့အစည်း ဖြစ်သည့် The Editors’ Code Committee က ဆောင်ရွက်ကာ ထို ကော်မတီကို သတင်းစာ အယ်ဒီတာ များဖြင့်သာ ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ထို့ပြင် PCC ဥက္ကဌ အပါအ၀င် အဖွဲ့ဝင်များ ခန့်ထားမှုနှင့် ကော်မရှင် အတွက် လိုအပ်သော ဘဏ္ဍာငွေ များကို Press Standards Board of Finance ( PressBOF ) ကတာဝန်ယူဆောင်ရွက်ပြီး ထိုအဖွဲ့ကို မီဒီယာ လုပ်ငန်း ရှင်ကြီးများ ဖြင့်သာ ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်သော ကော်မရှင် တစ်ခု အဖြစ် ရပ်တည်နိုင်မှု မရှိသည်ကို တွေ့ရသည်။
အလားတူပင် PCC စနစ် အတွင်းသို့ ၀င်ရောက်မှုမှာ မိမိ ဆန္ဒအလျှောက် ဖြစ်သည့် အပြင် ၂၀၁၁ ခုနှစ်တွင် အင်အားကြီး မီဒီယာ အုပ်စု ဖြစ်သည့် Nothern and Shell အုပ်စုက PCC မှ နှုတ်ထွက် သွားခြင်းကြောင့် PCC ၏ သြဇာ သက်ရောက်မှု မှာ ပိုမို လျော့ပါး သွားခဲ့ ရသည်။ ထိုကဲ့ သို့သော အာနည်းချက် များ ရှိနေသည့် အပြင် တိုင်ကြားချက် များနှင့် ပတ်သက်ပြီး PCC အဖွဲ့ဝင် သတင်းစာများ အနေဖြင့် မလိုက်နာ မနေရ မဟုတ်ဘဲ ဆန္ဒရှိမှသာ လိုက်နာ နိုင်သည့် အတွက် ထိရောက်မှု မရှိ သလောက်ပင် ဖြစ်ခဲ့ ရသည်။ စုံစမ်းရေး ကော်မရှင်က ထိုအချက်သည် သတင်းစာ များ၏ ကျင့်ဝတ် အဆင့်အတန်းကို ထိန်းသိမ်း ရာတွင် အဓိက အားနည်းချက် အဖြစ် သုံးသပ်ခဲ့ပြီး ပြင်ဆင် သင့်သည့် အချက် အများအပြားကို အကြံပြု ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
၂။ The Guardian , 4 Dec

No comments:

Post a Comment