တောဟေ၀န် ဇာတ်လမ်းများ- မောဂ္ဂလိ။ နိုဘယ် စာပေဆုရှင် ရုဒယက် ကစ်ပလင်၏ The Jungle
Book ကို ဆရာ ထင်လင်း က ဘာသာပြန် ထားသော စာအုပ်ဖြစ်သည်။ မူရင်း စာအုပ်ရော၊ ရုပ်ရှင်ပါ
ကျော်ကြား လှသလို ဆရာထင်လင်း ဘာသာပြန် လိုက်တော့လည်း နံမည်ကြီး ဘာသာပြန် စာအုပ်ဖြစ်ခဲ့သည်။
နိုင်ငံတော်က ချီးမြှင့်သော ဘာသာပြန် စာပေဆုပင် ရရှိခဲ့ည်။ ဆရာထင်လင်း၏ ဘာသာပြန် အရေးအသားများက ချောမွေ့လှသည်။
အထူးသဖြင့် ကစ်ပလင်၏ ကဗျာများကို ပြန်ဆိုထားပုံက မြန်မာလို ရွတ်ဆိုလိုက်လျှင် ချောချော
မွေ့မွေ့ အာတွေ့လှသည်။ အင်္ဂလိပ် စာအုပ်များ
ကိုသာ အဖတ်များ သည့် ကျွန်တော့် ဖခင်ကပင် ဆရာထင်လင်း ဘာသာပြန်ကို ဖတ်ရတာက မူရင်း စာအုပ်ထက်ပင်
ပိုအရသာ တွေ့သည်ဟု ဆိုခဲ့သည်။
မောဂ္ဂလိ စာအုပ်တွင် မောဂ္ဂလိ၏ မိဘနှစ်ပါးကို စုန်း အဖြစ်စွတ်စွဲပြီး
မီးရှို့သတ်ရန် ကြိုးစားသော၊ မောဂ္ဂလိကို ၀ံပုလွေ မကောင်းဆိုးဝါး အဖြစ် သတ်မှတ်ပြီး ရွာကနေ
နှင်ထုတ်လိုက်သော ရွာသားများကို မောဂ္ဂလိက တောရဲ တိရိစ္ဆာန်များ၏ အကူအညီဖြင့် ရွာပျက်ပြီး
တောဖုံးသွားအောင် လုပ်သည့် အကြောင်းပါသည်။ ထိုအခန်းကို ဆရာထင်လင်းက အိမ်တိုင် နွယ်ရစ်
လယ်- တောဖြစ်ခြင်းဟု အမည်ပေးထားသည်။ အခန်းအစ ကဗျာတွင် ရွာပျက်ပြီး တောဖုံးသွားပုံကို
အခုလို ဖွဲ့နွဲ ပြခဲ့သည်။
××××××
မစိုက်ပျိုးသော ၊ လယ်တကြော၌
တောသားသမင်၊ ပျိုမိခင်တို့
သားစဉ်ပွားပေါက်၊ အချိန်ရောက်လည်း
အခြောက်အလှန့် မရှိစေရ။
နံရံ တံတိုင်း၊ အလုံဝိုင်းတို့ ပိုင်းပိုင်းပြိုကျ
မြေသို့ခ , လျှက်၊
ဘာမှ မရှိ၊ လူမသိသော
တော၏ အသွင်၊ သည့်နောက်တွင် -----
ရွာဝင်မတည် ကြစေနှင့်တော့။
ထိုအခန်း အဆုံးတွင်မူ ဆရာထင်လင်းက ရွာပျက်ပြီးတောက ဖုံးသွားပုံကို
အခုလို ရေးပြခဲ့ပြန်သည်--
××× တစ်လခန့် ကြာသောအခါ ရွာနေရာ၌ စိမ်းစိုသော ရွက်နုများ ဖုံးအုပ်လျှက် အခွက်အချိုင့်များနှင့်
ကုန်းမောက်မောက် တစ်ခုသာ ကျန်တော့သည်။ မိုးရာသီ
ကုန်သော အခါတွင်ကား လွန်ခဲ့သည့် ခြောက်လ ခန့်က ထွန်များ၊ ထယ်များ ချလျှက်ရှိ သည့် နေရာတွင်
အသံမျိုးစုံနှင့် တောကြီးအတိ ရောက်ရှိ၍ လာလေတော့သတည်း။
ဤ အဖြစ်အပျက်ကား မောဂ္ဂလိ စကားအတိုင်း ဆိုလျှင် တောကို လွှတ်ပြီး
နင်းခိုင်းသောကြောင့် ရွာပျက် သွားခဲ့ပုံပင် ဖြစ် သည်။ ထိုအချိန် ကတော့ ရွာတွေပျက်ပြီး
တောဖုံးသွားခဲ့ပုံကို စာအရသာ သိခဲ့ရသည်။ ကိုယ်တွေ့ မရှိခဲ့။
အမိ စစ်တက္ကသိုလ်မှာ လေးနှစ်ကြာ သင်ကြား လေ့လာဆည်းပူးပြီး
နောက်တွင် ခြေမြန်တပ်ရင်း တစ်ရင်းမှာ ဒုတိယ ဗိုလ် အဖြစ် တာဝန်ထမ်းဆောင် ရသည်။ ကျွန်တော်တို့
တပ်ရင်းက နိုင်ငံ အရှေ့တောင်ပိုင်း ဒေသမှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင် ရ၏။ ဒီတော့မှပဲ
ရွာပျက်ဆိုတာကို ကိုယ်တွေ့ ကြုံရတော့သည်။ မှတ်မှတ်ရရ နယ်စပ်ဒေသ တောင်တန်းကြီး အခြေမှာဖြစ်
သည်။ ဗြိတိသျှတို့ ပြုစုခဲ့သည့် စစ်သုံးမြေပုံပေါ်မှာ ဘုန်းကြီးကျောင်း၊ ခရစ်ယန် ဘုရားကျောင်းများနှင့်
ရွာကြီး တစ်ရွာအဖြစ် ပြထားသည့် ရွာဖြစ်သည်။ မြေပြင်တွင်လည်း အိမ်ခြေ နှစ်ရာကျော် ရှိသည့်
ရွာကြီးဖြစ်၏။ ရွာနေရာက တောင်တန်းကြီးကို အရှေ့အနောက် ဖြတ်နိုင်သည့် တောင်ကြားလမ်း
အ၀အနီးတွင်ရှိသောကြောင့် စစ်ရေးအရ အချက်အခြာကျသည်။ ဒီလိုနဲ့ လွန်ခဲ့သည့် ခြောက်လခန့်က
အဲဒီရွာကြီးနဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ တပ်မတော် စစ်ကြောင်းများနဲ့ တစ်ဖက် အဖွဲ့အစည်းက
လက်နက်ကိုင် တပ်ဖွဲ့များ တစ်လကျော် တိုက်ပွဲဖြစ်ခဲ့သည်။ အရင်က သူ့တပ်အ၀င်၊ ကိုယ့်တပ်အ၀င်
ဖြတ်သွား ဖြတ်လာ ပစ်တာခတ်တာမျိုး ရှိပြီး ရွာသားများ ကလည်း တိုက်ပွဲဖြစ်ချိန် တောထဲခ
ဏ ရှောင်နေရုံသာရှိသည်။ သို့သော် ဒီတစ်ခါကြတော့
ဒီနယ်မြေကို စိုးမိုးနိုင်ရေး အတွက် ရာချီသော တပ်ဖွဲ့တွေ ရှေ့တိုး၊ နောက်ဆုတ်၊ ဝိုင်းချီတစ်ခါ၊
ပတ်ခါ တစ်လှည့် ရက်ပေါင်းများစွာ တိုက်ကြခြင်း ဖြစ်သည်။ လက်နက်ကြီးသံတွေ ပွက်ပွက်ညံခဲ့သည်။
အဲဒီတိုက်ပွဲကြီး အပြီးမှာတော့ ရွာသူရွာသားတွေက ရွာကို အပြီးအပိုင် စွန့်ခွာ သွားခဲ့ကြတော့သည်။
တစ်ချို့ က မြို့ပေါ်မှာ၊ တစ်ချို့က တစ်ဖက်နိုင်ငံမှာ၊ တစ်ချို့က ဆွေမျိုးများရှိရာ
ရွာတွေမှာ ပြန့်ကြဲ ကုန်တော့သည်။
ထိုရွာကို ရောက်တော့ ညနေစောင်းပြီ။ ရွာပတ်ဝန်းကျင် တောင်ကုန်းတွေကို
ရှင်းလင်း၊ နေရာယူ ပြီးသောအခါ ကျွန်တော်တို့ ရွာထဲ ၀င်ခဲ့ကြသည်။ တပ်ရင်းက ရဲဘော်တွေ
အတွက်ကတော့ ဒီလိုရွာပျက်တွေ မြင်ဖူးတာ များပြီဖြစ်၍ မထူးဆန်းလှ။ ကျွန်တော့် အတွက်က
အရာရာအားလုံး၊ အံ့သြစရာတွေ သာဖြစ်သည်။
ကြည့်ပါဦး။ အိမ်တိုင်းလိုလိုက သစ်ကြီး ဝါးကြီးတွေနဲ့ ဆောက်ထားသည်။
သစ်ကုန်သည်ကြီးရဲ့ အိမ်ဆိုတာက နှစ်ထပ်အိမ် ကြီး။ ကျွန်းတိုင်ကြီးတွေနဲ့၊ ဆင်ဝင်ဆိုသည့်
စကားအတိုင်း ဆင်ဝင်လို့ ရအောင် မြင့်သည်။ ဒါပေမယ့် ဒီအိမ် အားလုံးမှာ လူ မရှိ၊ ခြံစည်းရိုးတွေ၊
အိမ်တိုင်တွေမှာ နွယ်ပင်တွေ ရစ်ပတ်လို့၊ အိမ်ဝင်းထဲမှာ မြက်ရိုင်းပင်တွေ ဟီးထနေသည်။
တစ်ချို့ အိမ်နံရံတွေမှာ လက်နက်ငယ် ကျည်ဆံမှန်ထားတဲ့ အရာတွေရှိသလို တစ်ချို့ အိမ်ခေါင်းမိုးတွေ
ကတော့ လက်နက်ကြီး စတွေကြောင့် ပေါက်ပြဲနေသည်။ ရွာပြင် လယ်ကွင်းတွေက ရိုးပြတ်တွေ၊ မြက်ရိုင်းတွေနှင့်၊ ဒီတော့မှ ဆရာထင်လင်း ရေးခဲ့သည့် အိမ်တိုင်နွယ်ရစ်
လယ်တော ဖြစ်ခြင်းဆိုသည်ကို ကွက်ကွက်ကွင်းကွင်း မြင်မိတော့သည်။ ရွာမှာ ရှိသည့် ခရစ်ယန်
ဘုရား ကျောင်းနှင့် ဘုန်းကြီးကျောင်း နှစ်ခုသာဒီရွာကို ၀င်လာတတ်သည့် စစ်ကြောင်းတွေက
ရှင်းလင်း ပေးထားသဖြင့် တောမဖုံး သေးတာဖြစ်သည်။ အချိန်ရတုံး တစ်ချို့အိမ်တွေပေါ် တက်ကြည့်တော့
ပရိဘောဂတွေ၊ အလေးအပင် ပစ္စည်းတွေ အများကြီး ကျန်ခဲ့သည်။ သစ်ကုန်သည်ကြီးရဲ့ အိမ်မှာဆိုလျှင်
တိုင်းရင်းသား ၀တ်စုံနှင့် မိသားစုခြံရံ ရိုက်ကူးထားသော ဓာတ်ပုံကြီးတစ်ပုံ ပင် ဧည့်ခန်းထဲမှာ
ကျန်နေ ခဲ့သည်။ ဘုန်းကြီးကျောင်းပေါ်က ဘီဒိုထဲမှာ ဗုဒ္ဓ၀င် စာအုပ်တစ်ချို့နဲ့ တိုင်းရင်းသားဘာသာဖြင့်
ဘုရားစာအုပ် တစ်ချို့ရှိသည်။ ဘုရားစင် ပေါ်မှာတော့ ဆင်းတုတော်တွေနှင့် ဘုရားပန်းအိုးတွေက
ဖုန်အလိမ်းလိမ်း ကပ်နေသည်။ ခရစ်ယန် ဘုရားကျောင်းထဲမှာလည်း ထိုနည်းအတိုင်း ၀တ်ပြုရာ
ခုံတန်းလျားများက ဖရိုဖရဲ။
ဒီလိုနဲ့ နေ၀င်တော့ ကျွန်တော်တို့တွေ ရွာထဲကနေ ရွာပြင်က
တောင်ကုန်းတွေပေါ်ကို ရွှေ့ပြောင်း နေရာယူကြသည်။ ရွာထဲ မှာ ဘယ်သူမှ မနေကြတော့ ဒီနယ်မြေက နှစ်ဘက်လုံး ၀င်ထွက်နေသည့် စပ်ကြား နယ်မြေ
ဖြစ်နေဆဲဖြစ်လို့ ကျွန်တော်တို့ စစ်ကြောင်း ရောက်ပြီဆိုလျှင် အနှေးနဲ့အမြန် တစ်ဖက်
အဖွဲ့အစည်းက လာရောက်နှောက်ယှက်တော့မှ သေချာသည်။ ဒါ့ကြောင့် နေ၀င်မီးငြိမ်းပြီး နေရာယူရခြင်း
ဖြစ်၏။ ဒီလိုနေရာယူတော့ ကျွန်တော့်တပ်စုက ရွာအ၀င် လမ်းဘေးက တောင်ကုန်းလေးပေါ်မှာ တာဝန်ကျသည်။
ဘယ်အချိန် လာတိုက်မယ် ဆိုတာမသိနိုင်တော့ ထုံးစံ အတိုင်း တစ်ဝက်အိပ်၊ တစ်ဝက်နိုး နဲ့
နိုးနိုးကြားကြား နေရသည်။
အမှောင်ရိပ်တွေ တစ်ဖြေးဖြေး လွှမ်းမိုးလာသည်နှင့် တိတ်ဆိတ်မှုက
ကြီးစိုးသွားသည်။ မီးမထွန်းရ အမိန့်ကြောင့် ပိုပြီး မှောင်သလို ခံစားရသည်။ ဒါပေမယ့်
မှတ်မှတ်ရရ ထိုညက လသာသည်။ ကျွန်တော်တို့ တောင်ကုန်းက ကြည့်လျှင် ရွာဝင် လမ်းတစ်လျှောက်ကို
မြင်နေရသည်။ လရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသော အိမ်တွေကို မြင်ရတာက ခြောက်ခြားစရာ၊
ကြေကွဲ ဆို့နင့်ဖွယ်ရာ ဖြစ်သည်။ တစ်ချိန်ကတော့ အခုလိုလသာချိန်မှာ ရွာလယ်လမ်းပေါ်မှာ
ကလေးတို့ ကစားသံတွေ၊ ကာလသား၊ ကာလသမီးတို့ သီချင်းသံတွေနဲ့ စီစီညံ နေခဲ့ပေလိမ့်မည်။
ဝေေ၀စီ နေခဲ့ပေ လိမ့်မည်။ အိမ်ရှေ့ ကွက်ပျစ်တွေမှာ လူကြီးသူမတွေ ဝိုင်းဖွဲ့ စကားပြော
နေပေလိမ့်မည်။ အခုတော့ ဆရာဝင်းမင်းထွေးရဲ့ သီချင်းစာသား တစ်ခု အတိုင်း စစ်ပွဲပြီးစ
မြို့ပျက်ကြီး လိုဖြစ်နေသည်။ လရောင်အောက်မှာ တိတ်ဆိတ်မဲမှောင် နေသော ရွာကြီးကို ကြည့်ရင်း
အိမ် တွေပေါ်မှာ၊ ရွာလမ်းတွေပေါ်မှာ တိတ်တဆိတ် သွားနေသော ဝိဥာဉ်တွေ၊ သူတို့ရဲ့ တီးတိုး
စကားသံတွေ ကိုတောင် မြင်မိ ကြားမိသလိုလို ခံစားရသည်။ ရှင်သူတွေက ရွာကို စွန့်သွားကြပေမယ့်
ကွယ်လွန်သူတွေ ကတော့ ဒီမှာကျန်ခဲ့မှာ သေချာ ပါသည်။ သူတို့အတွက် ကောင်းမှု ကုသိုလ် လုပ်မယ့်သူတွေ၊
အမျှအတန်း အဝေမယ့်သူတွေ၊ အပြစ်လွတ်အောင် ဆုတောင်း ပေမယ့်သူတွေ မရှိတော့လို့ လိုက်များ
ရှာနေသလား။ ဒါမှမဟုတ် ဧည့်သည့်အဖြစ် ရောက်လာသူ ကျွန်တော်တို့ တစ်တွေက လုပ်ပေးဖို့များ
မျှော်လင့်နေသလား မသိ။ ထိုညက ရွာမြင်ကွင်းကို ကြည့်ရင်း စိတ်မကောင်းခြင်း ကြီးစွာဖြင့်
တစ်ညလုံး ထိုင်နေမိသည်။
အဲဒီတပ်ရင်းမှာ ကျွန်တော် ငါးနှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့ရသည်။
နောက်ထပ် ရွာပျက်တွေ အတော်များများတွေ့ခဲ့ရ သည်။ အိမ်တိုင်နွယ်ရစ် လယ် တောဖြစ်သွားရသည့်
ရွာတွေကိုတွေ့တိုင်း ရွာပျက်ကြီးမှာ ညအိပ်ခဲ့ရသည့် ပထမဆုံး အတွေ့အကြုံကို ပြန်သတိရသည်။
စိတ်မကောင်း ဖြစ်ရသည်။ ဒီရွာတွေပြန်လည် စည်ကားလာမည့် အချိန်ကို မျှော်လင့်မိ သည်။
ဒီလိုနဲ့ ၁၉၉၀ ပြည့်လွန်နှစ်များရဲ့ အစောပိုင်းမှာ ဒေသတစ်ခုသို့
ပြောင်းရွှေ့ ရောက်ရှိသွားခဲ့သည်။ ထိုဒေသမှာလည်း နှစ်ပေါင်း သုံးဆယ်ကျော် လက်နက်ကိုင်
ပဋိပက္ခများ၏ ဒဏ်ကို ခံခဲ့ရသောဒေသ ဖြစ်သည်။ တစ်ခြားဒေသတွေ လိုပဲ အိမ်တိုင် နွယ်ရစ် လယ်တောဖြစ်
ခဲ့ရသောရွာတွေ အများကြီး ရှိခဲ့သည်။ လုံခြုံရေး အခြေအနေ ကလည်း မြို့ပေါ်အထိ ၀င်ရောက်
လူသစ် စု၊ ဖောက်ခွဲ တိုက်ခိုက်လုပ်လေ့ ရှိသည့် အခြေအနေ ဖြစ်သည်။ သို့သော် ကျွန်တော်တို့ရောက်ပြီး
သိပ်မကြာခင် မှာပင် နှစ်ဘက်ကြား အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးဖို့၊ ငြိမ်းချမ်းရေး
တည်ဆောက်ဖို့ လုပ်ငန်းတွေ စလာခဲ့သည်။ ထိုအချိန်က ကျွန်တော့်မှာ တိုက်ခိုက်ရေး တပ်ရင်းတွင်
မဟုတ်ဘဲ ဌာနချုပ်တွင် ဦးစီးအရာရှိ အဖြစ်တာဝန် ယူနေရသည် ဖြစ်ရာ နှစ်ဘက်ကြား ဆွေးနွေးမှုများတွင်
အထောက်အကူအဖြစ် ပါဝင်ခွင့်ရခဲ့သည်။ ဆယ်စုနှစ် သုံးခုကျော် ရန်ဘက် ဖြစ်ခဲ့ သူတွေအကြား
ငြိမ်းချမ်းရေး တည်ဆောက်ရသည်မှာ လွယ်ကူ လှသည်တော့ မဟုတ်။ တစ်နှစ်ကျော် ဆွေးနွေးခဲ့ရသည်။
ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ရသည်။ မြေပုံတွေချပြီး ဆွေးနွေးကြ၊ ငြင်းခုန်ကြရသည်။
တစ်ခါတစ်ရံ မှာတော့ ငြင်းခုန် မှုတွေက ပြင်းထန်လာသည့်အခါ ကြားလူကြီးများက ဆွေးနွေးပွဲကို
ဆိုင်းထားပြီး သွေးအေးမှ ပြန်စရသည်လည်း ရှိသည်။ နောက်ဆုံးတော့ အခက်အခဲ အားလုံးကို ကျော်လွှားပြီး
အပစ်အခတ် ရပ်စဲရေးနှင့် နယ်မြေဖွံ့ဖြိုး တိုးတက်မှုအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီချက်တွေ
ရလာခဲ့သည်။
ငြိမ်းချမ်းရေး၏ အကျိုးကား မြန်ဆန်လှသည်။ တိုက်ပွဲများကြောင့်၊ တံတားတွေ ဖောက်ခွဲထားသောကြောင့်
အဆက် အသွယ် ပြတ်တောက်နေသော လမ်းတွေ ပြန်ပွင့်သွားသည်။ ပြီးတော့ လမ်းတစ်လျှောက်က ရွာပျက်တွေနေရာမှာ
အိမ်စု လေးတွေပေါ်လာသည်။ နောက် အဲဒီ အိမ်စုလေးတွေမှာ ယာယီကျောင်းလေးတွေ၊ နောက်တော့ ဘာသာရေးအဆောက်
အဦ ခပ်သေးသေး လေးတွေ ပေါ်လာသည်။ နွေရာသီတုံးက တောမီး လောင်ခြောက်သွေ့ နေသည့် မြေပေါ်မှာ
မိုးတစ်ပေါက် နှစ်ပေါက်ကြသည်နှင့် အပင်လေးတွေစိမ်းစိမ်းစိုစို ပေါ်လာသလို ရွာပျက်တွေနေရာမှာ
အိုးသစ်အိမ်သစ်တွေ အပြိုင်းအရိုင်း ပေါ်လာသည်ကို မြင်ရသည်မှာ စိတ်ချမ်းသာစရာ ကောင်းလှသည်။
တစ်နှစ်ကျော်တော့ အခိုင်အမာ အိမ်တွေ ဖြစ်လာသည်။ လမ်း မကောင်းသေး သည့်တိုင် နေ့ညမရွေး
သွားနိုင်သည်။ လမ်း လုံခြုံရေးတွေ၊ ယာဉ်တန်း လုံခြုံရေးတွေ မလို။ ကျွန်တော် တို့ အထက်
အရာရှိကြီးဆိုလျှင် အဲဒီလို လမ်းတွေမှာ သွားသည့်အခါ တစ်ချို့အိမ်တွေရဲ့ မျက်နှာစာမှာ
ရေးထိုးထားလေ့ရှိ သည့် အိမ်ဆောက်သည့်နှစ်ကို လက်ညှိုးထိုးပြရင်း ဒါ ငြိမ်းချမ်းရေးရပြီးမှ
ဆောက်တာကွ ဟု ပြုံးပြုံးပြုံးပြုံးနှင့် ပြောတတ် သည်။
ဒေသခံ ပြည်သူတွေက ကိုယ့်နေရာ ကိုယ် ပြန်လာကြသလို ကျွန်တော်
တို့မှာလည်း တစ်ဖက် အဖွဲ့အစည်းက လူတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် ပြင်ဆင်ရသည်။
ထိုအချိန်က စီးပွားရေး ပိတ်ဆို့မှုများကြောင့် နိုင်ငံတကာ အကူအညီက မရ။ ထို့ကြောင့်
နတလ ရန်ပုံငွေဖြင့် နိုင်သလောက် ပေါင်းလုပ်ရသည်။ အရင်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လို
တိုက်ရမလဲ အမြဲ တွေးနေခဲ့သူချင်း ပေါင်းပြီး တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ရသည်။ တစ်ချိန်မှာတော့
တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက ငြိမ်းချမ်းရေး မရခင်တုံးကတော့ တံတားတစ်စင်းတွေ့ရင်
ဒါကို ဖျက်ပစ်ဖို့ ယမ်းဘယ်လောက်သုံး ရမလဲဆိုပြီး စတွေးတာဗျ။ အခုတော့ တံတားတစ်စင်းဆောက်ဖို့
ဘိလပ်မြေ ဘယ်လောက်၊ သံချောင်း ဘယ်လောက် ကုန် မလဲဆိုတာ တွေးနေရပြီဟု တွေးတွေးဆဆ ပြောပြခဲ့ဖူးသည်။
နောက်ဆုံးတော့ ကျွန်တော်တို့ အားလုံး လက်နက်ကိုင် ပဋိ ပက္ခကြောင့် ပျက်ခဲ့ရသမျှ ပြန်တည်ဆောက်
နိုင်ခဲ့သည်။ ထိုဒေသမှာ ခြောက်နှစ် တာဝန် ထမ်းဆောင်ပြီး နောက်တော့ အိမ်တိုင်နွယ်ရစ် လယ်- တော ဖြစ်ခဲ့သည့် အဖြစ်တွေ
မရှိတော့တာကို ပီတိဖြစ်ရင်း တစ်ခြား တစ်နေရာသို့ပြောင်းရွှေ့ခဲ့ရ သည်။
ဆယ်စုနှစ် တစ်ခု ကျော်လာချိန်မှာတော့ ကျွန်တော်လည်း နယ်ဘက်
တာဝန်တွေကို ပြောင်းလဲ ထမ်းဆောင်နေရပြီ ဖြစ်သည်။ ဒီအချိန်မှာပဲ ငြိမ်းချမ်းရေး ရခဲ့သော
ထိုဒေသမှာ ပဋိပက္ခတွေ ပြန်စလာခဲ့သည်။ ပဋိပက္ခ ဖြစ်သည်ဆိုသည်နှင့် ပထမဆုံး ခံစားရတာကတော့
ဒေသခံ လူထုပင်ဖြစ်သည်။ တံတားတွေ ဖောက်ခွဲဖျက်ဆီးခံရ၊ တိုက်ပွဲတွေဖြစ်ကြနဲ့ လမ်းပန်း
ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်သည်။ ရွာတွေပျက်သည်။ ဒုက္ခသည် စခန်းတွေ ပြန်ပေါ်လာသည်။ ကျွန်တော့်ဌာန မှ တစ်ချို့ မြို့နယ်ရုံးတွေက ၀န်ထမ်းတွေတောင်
လုံခြုံရေး အခြေအနေ အရ ပြန်ခေါ်ခဲ့ရသည်။ သူတို့ထံက ရွာတွေပျက် သည့် သတင်း၊ ဒီရွာတွေမှာ
ဖွင့်ထားသည့် စာကြည့်တိုက်လေးတွေပါ ကွယ်ပျောက်သွားသည့် သတင်းတွေ ကြားရတော့ ကြေကွဲ ရပြန်သည်။
နှစ်တွေ ဘယ်လောက်ကြာခဲ့ ကြာခဲ့ ဒုတိယ ဗိုလ်ဘ၀က ရွာပျက်ကြီးမှာ
ညအိပ်ခဲ့သည့် ပထမဆုံး အတွေ့အကြုံကို မမေ့ နိုင်သေးပါ။ အခု ပဋိပက္ခ ဖြစ်ရာဒေသမှာ နှစ်ဘက်အဖွဲ့အစည်းက
လူငယ်လေးတွေ ကျွန်တော့်တုံးကလို ရွာပျက်ကြီးကို ကြည့်ရင်း ၀မ်းနည်းကြေကွဲ ရခြင်းမျိုးလည်း
မဖြစ်စေလိုတော့။ သီချင်းသံ၊ ကလေးများရဲ့ ရယ်သံများနဲ့ ပျော်စရာလပြည့်ည များကိုသာ ကြုံစေချင်ပါသည်။
သို့သော် အိမ်တိုင်နွယ်ရစ် လယ် တောဖြစ် ခဲ့ရတာမျိုးတွေ
ရှောင်ရှား နိုင်ပါစေဟု ဆုတောင်း ပေးရုံမှတပါး ဘာမှလည်း မတတ်နိုင်တော့။
ရဲထွဋ်