Thursday, September 5, 2013

ပြုပြင် ရတော့မည့် ဗြိတိန် နိုင်ငံ စာနယ်ဇင်း လောက (၄)

စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဗြိတိသျှ ပါလီမန်အ တွင်း ဆွေးနွေး ကြစဉ်တွင်  ဗြိတိန် နိုင်ငံ၏ အဓိက နိုင်ငံရေး ပါတီ သုံးခုလုံးမှ ခေါင်းဆောင် များက ပြီးခဲ့သည့် နှစ်များ အတွင်း  နိုင်ငံရေး သမားများနှင့် သတင်းစာများ အကြား ဆက်ဆံ ရေးသည် လိုအပ်သည်ထက် ပိုမို နီးစပ် ယှက်နွယ် နေသည်ဟု ယူဆကြောင်း၊ ထုတ်ဖော် ပြောကြား ခဲ့ကြသည်။
ထို့ကြောင့် Leveson စုံစမ်းရေး ကော်မရှင်က သတင်းစာများနှင့် နိုင်ငံရေး သမားများ အကြား ဆက်ဆံမှုနှင့် ပတ်သက်ပြီး အောက်ပါ အချက် သုံးချက်ကို စုံစမ်း ဖော်ထုတ်ရန် ဆောင်ရွက် ခဲ့သည်-
(က)
လက်ရှိ ဖြစ်ပေါ် နေသည့် စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ ပြဿနာ များသည် ထိုဆက်ဆံရေး အခြေအနေ နှင့် သက်ဆိုင်မှု ရှိ၊မရှိ။
(ခ)
ပါလီမန် အနေဖြင့် ယခင် ဖြစ်ပေါ်ခဲ့သည့် အရှုတ်တော်ပုံများ၊ စုံစမ်း စစ်ဆေးမှု များတွင် ပြည်သူ များက စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ အရည်အသွေးများ ကျဆင်း လာမှုအပေါ် စိုးရိမ် နေမှုများအား ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက် ရန်ပျက်ကွက်ခဲ့ခြင်း ရှိမရှိ။
(ဂ)
ထိုဆက်ဆံရေး အခြေအနေကြောင့် နောက်ထပ် ပြဿနာများ ထပ်မံ ပေါ်ပေါက် လာနိုင်သည့် အလားအလာများ။
စုံစမ်းရေး ကော်မရှင်က ၎င်းတို့၏ စုံစမ်း စစ်ဆေးမှု များသည် နိုင်ငံရေး သမားများနှင့် စာနယ်ဇင်း သမားများ အကြား ရှိ သင့် ရှိအပ်သည့် ပုံမှန် ဆက်ဆံရေး များအပေါ် မေးခွန်း ထုတ်ရန် မဟုတ်ကြောင်း၊ ထိုပုံမှန် ဆက်ဆံရေးသည် ဒီမိုကရေစီ စနစ်တွင် ရှိရမည့် ပြည်သူများ အနေဖြင့် သတင်း အချက်အလက်များ လွတ်လပ်စွာ ရယူခွင့်၊ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားရေး မဏ္ဍိုင်များကို စောင့်ကြည့် နိုင်မှု၊ ပြည်သူ့ရေးရာ မူဝါဒများတွင် ပြည်သူများ ပါဝင် ဆွေးနွေး နိုင်မှုတို့အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း၊ သို့သော် ကော်မရှင် အနေဖြင့် ထိုဆက်ဆံရေး ကြောင့် နိုင်ငံရေး သမားများ အနေဖြင့် ပြည်သူများ၏ အကျိုး စီးပွားကို ကာကွယ် နိုင်ရန်တွက် လိုအပ်သော မီဒီယာ ဆိုင်ရာ ပြည်သူ့ရေးရာ မူဝါဒများ ( Public Policy about Media) ချမှတ်ရာတွင် မလိုအပ်သော နှောင့်နှေး မှုများ၊ ဘက်လိုက်မှုများ ရှိမရှိ စိစစ်ရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။
လက်တွေ့ စုံစမ်း စစ်ဆေး ရာတွင်လည်း ဗြိတိသျှ ၀န်ကြီးချုပ် ငါးဦး လက်ထက်က မီဒီယာများနှင့် ဆက်ဆံရေး၊ မီဒီယာ ဆိုင်ရာ မူဝါဒများ ချမှတ်ခဲ့သည့် အခြေအနေများကို ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် အောက်ပါ ဖြစ်စဉ် ငါးခုကို အလေးထား ဆန်းစစ် ခဲ့သည်-
(က)
ဝန်ကြီးချုပ် မာဂရက် သက်ချာ လက်ထက်တွင် ဗြိတိန် နိုင်ငံ၏ ဂုဏ်သိက္ခာ ကြီးမားလှသည့် The Time သတင်းစာ ကို မားဒေါ့၏ News Corp က ၀ယ်ယူမှုကို ခွင့်ပြုခဲ့သည့် ဖြစ်စဉ်။
(ခ)
ဝန်ကြီးချုပ် ဂျွန်မေဂျာ လက်ထက်တွင် ပြုလုပ ခဲ့သည့် Sir David Calcutt စုံစမ်းရေး ကော်မရှင်က တင်ပြ ခဲ့သည့် စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ အစီအရင်ခံစာ များအပေါ် အရေးယူ ဆောင်ရွက်ရန် ပျက်ကွက် ခဲ့သည့် ဖြစ်စဉ်။
(ဂ)
ဝန်ကြီးချုပ် တိုနီဘလဲ လက်ထက်တွင် မီဒီယာများ၏ ရေးသားချက် များအပေါ် လွှမ်းမိုး နိုင်ရန် ဆောင်ရွက်ခဲ့မှု  (News Management)၊ အစိုးရ၏ မီဒီယာ မူဝါဒနှင့် လူ့အခွင့်အရေး ဥပဒေ ၁၉၉၈ နှင့် ဆက်သွယ်ရေး ဥပဒေ ၂၀၀၃ တို့တွင် မီဒီယာများ၏ တောင်းဆို ချက်များကို ထည့်သွင်း ပေးခဲ့သော ဖြစ်စဉ်နှင့် ဒိုင်ယာနာ သေဆုံးမှု ဖြစ်စဉ် နောက်ပိုင်း မီဒီယာများ၏ ပုဂ္ဂလိက အခွင့်အရေး ချိုးဖောက်မှု များကို ထိရောက်စွာ ထိန်းချုပ် ပေးရန် တောင်းဆို မှုများ အပေါ် အကောင်အထည် ဖော်ရန် ပျက်ကွက် ခဲ့သည့် ဖြစ်စဉ်။ 
(ဃ)
ဝန်ကြီးချုပ် ဘရောင်း လက်ထက်တွင် သတင်း အချက်အလက် ကာကွယ်ရေး ဥပဒေ (Data Proctection Act) ပြင်ဆင်ရာ၌ မီဒီယာများ အနေဖြင့် ပုဂ္ဂလိက သတင်း အချက်အလက် များကို နည်းမျိုး စုံဖြင့် ရယူ နိုင်ခွင့်ပေးရာ ရောက်သည့် ပြဋ္ဌာန်းချက် များထည့်သွင်း ခဲ့သည့် ဖြစ်စဉ်။
(င)
လက်ရှိ ၀န်ကြီးချုပ် ကင်မရွန်း လက်ထက်တွင် ဗြိတိန်နိုင်ငံ BskyB ရုပ်သံဌာနအား မားဒေါ့၏ News International က ၀ယ်ယူရန် ကြိုးစားမှု အပေါ် ကိုင်တွယ် ဆောင်ရွက် ခဲ့မှု အခြေအနေ။
စုံစမ်းရေး ကော်မရှင်က ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ်မှ သုံးဆယ့် ငါးနှစ် အတွင်းတွင် အဓိကပါတီ သုံးခုလုံး အနေဖြင့် မိမိတို့ ပါတီအပေါ် လူထု အမြင်ကောင်း စေရန်အတွက် အချို့သော မီဒီယာ သမားများကို အသုံးချ ခဲ့သည်ဟု ကောက်ချက်ချ ခဲ့ပါသည်။ ထို့ပြင် ဗြိတိသျှ နိုင်ငံရေး သမားများ အနေဖြင့် မီဒီယာများက အကောင်းမြင် ရေးသား စေရန် အတွက် အရေးကြီးသော သတင်းများကို ရင်းနှီးသည့် သတင်းစာ ဆရာများ ကိုသာ ပေးအပ်ခြင်း၊ မီဒီယာ ဆိုင်ရာ ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်ရာတွင် ပြည်သူ့ အကျိုးစီးပွား (Public Interest) ထက် မီဒီယာ အုပ်စုများ၏ အကျိုးကို ပိုပြီး ဦးစား ပေးခြင်းများ ပြုလုပ် ခဲ့သည်ဟု လည်း သုံးသပ် သွားခဲ့ပါသည်။
စုံစမ်းရေးေ က်ာမရှင်က နိုင်ငံရေး သမားများဘ က်ကလည်း မိမိတို့ မူဝါဒများကို ပြည်သူများက အမှန်အတိုင်း သိစေရန် အတွက် စာနယ်ဇင်း များနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိရမည်ဟု ခုခံ ကာကွယ် ပြောဆိုချက် များကိုလည်း ဖော်ပြ ခဲ့ပြီး ထို အကြောင်း ပြချက်မှာ မှန်ကန် သော်လည်း နိုင်ငံရေး သမားများနှင့် မီဒီယာများ အကြား ဆက်ဆံရေးသည် ပြည်သူများက သံသယ ဖြစ်ပေါ် စေနိုင်သည့် အခြေအနေ အထိ နီးကပ်ရန် မသင့်ကြောင်း၊ လက်ရှိ အခြေအနေတွင် ပြည်သူများက နိုင်ငံရေး ပါတီများနှင့် စာနယ်ဇင်းများ အကြားတွင် လုပ်ပိုင်ခွင့် အာဏာနှင့် လူထုအပေါ် သြဇာ လွှမ်းမိုး နိုင်မှု တို့ကို အပေးအယူ လုပ်နေသည်ဟု သံသယများရှိနေကြောင်း ထောက်ပြ သွားခဲ့ ပါသည်။ အထူးသဖြင့် အင်အား ကောင်းသည့် သတင်းစာများ အနေဖြင့် နိုင်ငံရေး ပါတီများ၏ မူဝါဒများနှင့် နိုင်ငံရေး သမား တစ်ဦးချင်း၏ အပြုအမူများ အပေါ် လူထုအမြင်ကို ပြောင်းလဲ သွားအောင် လုပ်ဆောင် နိုင်စွမ်း ရှိနေသဖြင့် နှစ်ဘက်ကြား ဆက်ဆံရေးသည် ပွင့်လင်း မြင်သာမှု ရှိရန် လိုကြောင်း သုံးသပ် ထားခဲ့သည်။
ထို့ပြင် စုံစမ်းရေး ကော်မရှင်က မီဒီယာ အုပ်စုများက မီဒီယာ ဆိုင်ရာ ပါလီမန် ဥပဒေများ ပြဋ္ဌာန်းရာတွင် နိုင်ငံရေး ပါတီများကို ချဉ်းကပ်စဉ်းရုံး  (Lobby)လုပ်မှုသည် အန္တရာယ် ရှိသည့် အတိုင်းအတာ အထိ ရောက်ရှိ နေပြီဟု ထင်မြင်ခဲ့ သည့်အတွက်   လွတ်လပ်ပြီး အင်အား ကောင်းသော စာနယ်ဇင်း များသည် ပြည်သူ့ အကျိုးစီးပွား ကိုဖော်ဆောင် နိုင်သော်လည်း နိုင်ငံရေးသမားများ အနေဖြင့် မီဒီယာများ၏ အကျိုး စီးပွားသည် အမြဲတမ်း ပြည်သူ့ အကျိုးစီးပွားနှင့် ထပ်တူ မကျကြောင်းကို သတိပြု သင့်ပုံကို  အောက်ပါ အတိုင်း သတိပေး ဖော်ပြခဲ့ပါသည် -
I consider it to be entirely the responsibility of the politicians who are the object of press lobbying  to judge how far and in what they consider it to be in the public interest for them to respond. And one of the chief aspects of the responsibility is to bear in mind  that while  a free press and healthy press is certainly in the public interest, that does not mean that everything which is in the ( commercial or wider ) interest of any individual press organization or even the industry as a whole , will itself necessarily be in the public interest . The matter must be looked at in the round.
စုံစမ်းရေး ကော်မရှင်က နိုင်ငံရေး သမားများနှင့် မီဒီယာများ၊ အထူးသဖြင့် သတင်းစာ ဆရာများ အကြား ဆက်ဆံရေး အပေါ် ပြည်သူများက သံသယ ကင်းရှင်း စေရန်အတွက် ထိပ်တန်း မူဝါဒ ချမှတ်သူများနှင့် မီဒီယာများ အကြား တွေ့ဆုံမှု များကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန် ပေးသင့်ကြောင်း၊ ထို့ပြင် တွေ့ဆုံမှု၊ စာ၊ ဖုန်း၊ အီးမေးလ် ဆက်သွယ်မှု များနှင့် ပတ်သက်ပြီး ဆွေးနွေးသည့် အကြောင်းအရာ အပြည့်အစုံကို ထုတ်ပြန်ခြင်း မပြုသော်လည်း ယျေဘူယျ အချက်များကို ပြည်သူများကို အသိပေး သင့်ကြောင်း၊ အလားတူပင် မူဝါဒ ဆိုင်ရာများ၊ အရေးကြီးသော သတင်းများကို မီဒီယာ အားလုံး အတွက် သတင်း ထုတ်ပြန်ချက် အဖြစ် ထုတ်ပြန်ပေး သင့်ကြောင်း အကြံပြုခဲ့ သည်ကို တွေ့ရပါသည်။
စုံစမ်းရေး ကော်မရှင်က နောက်ထပ် ဆန်းစစ် ခဲ့သည့် အချက်မှာ မီဒီယာ ပိုင်ဆိုင်မှု အခြေအနေ ဖြစ်ပါသည်။
ဆက်လက် ဖော်ပြ ပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်

An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry

No comments:

Post a Comment