ပြီးခဲ့သော ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင်
အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရမ်းစဖဲလ်မှ နိုင်ငံခြား ဆက်ဆံရေး ကောင်စီ Council for
Foreign Relations ၌မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထိုမိန့်ခွန်းတွင် ကမ္ဘာလုံး ဆိုင်ရာ
အကြမ်းဖက် ဝါဒ နှိမ်နင်းရေး စစ်ပွဲကို သုံးသပ် ပြောကြား ခဲ့ရာ၌ ရမ်းစဖဲလ်က ဤစစ်ပွဲ၏
အရေး ကြီးသော တိုက်ပွဲကို စစ်မြေပြင်တွင် ဆင်နွဲ နေရခြင်း မဟုတ်ပဲ နိုင်ငံတကာ မီဒီယာများ
ပေါ်တွင် တိုက်ခိုက် နေရခြင်း ဖြစ်ကြောင်း နှင့် အကြမ်းဖက် အဖွဲ့ အစည်းများသည် အမေရိကန်
တို့ထက် မီဒီယာ လက်နက်ကို ပိုမို ထိရောက်စွာ အသုံးပြု နေကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့်
ကမ္ဘာ့ ပြည်သူများ အထူးသဖြင့် အစ္စလမ် ဘာသာဝင် များအကြား တွင် အမေရိကန် နိုင်ငံကို မကောင်း
မြင်မှုများ ပိုများ လာနေကြောင်း၊ ထိုအချက်ကို တန်ပြန် နိုင်ရန် အတွက် အမေရိကန် တပ်မတော်သည်
သတင်း စစ်ဆင်ရေး ကို ပိုမို ထိရောက်စွာ ဆောင်ရွက် နိုင်မည့် နည်းလမ်းများ၊ နည်းပညာ
များကို အသုံးပြုရန်၊ ပုံနှိပ် မီဒီယာသာမက အင်တာနက်၊ ဘလော့ဂ်နှင့် ဂြိုလ်တု ရုပ်မြင်
သံကြား များပါ အသုံးပြုပြီး မီဒီယာ စစ်ပွဲကို ဆင်နွဲရန် နှိုးဆော် ခဲ့သည်။ ထို့အပြင်
ရမ်းစဖဲလ်သည် အမေရိကန် မီဒီယာများ ကိုလည်း အမေရိကန် အစိုးရ၏ အမှားများ ကိုသာ စောင့်ရေး
နေခဲ့သည်။ အကြမ်းဖက် သမားများ၏ လုပ်ရပ်ကိုမူ ဖော်ပြခြင်း မရှိဟု အပြစ်တင် ခဲ့သည်။ အထူးသဖြင့်
အမေရိကန် တပ်မတော်မှ အီရတ် မီဒီယာ များတွင် ငွေကြေး ပေးပြီး သတင်းများ ထည့်သွင်းခြင်း၊
အမေရိကန် ပြည်တွင်း၌ ဥပဒေ ပြင်ပမှ ကြားဖြတ် ဖမ်းယူမှုများ ပြုလုပ် ခြင်းနှင့် အကျဉ်းထောင်
များတွင် အမေရိကန်တို့၏ နှိပ်စက် ညှင်းပန်းမှု များနှင့် ပတ်သက်၍ အမေရိကန် မီဒီယာများ၏
ဖော်ပြချက် များသည် အစိုးရ၏ အကြမ်းဖက် ဝါဒ နှိမ်နင်းရေး လုပ်ဆောင်ချက် များကို ထိခိုက်
စေခဲ့ သည်ဟု ရမ်းစဖဲလ်က စိတ်ဆိုး မာန်ဆိုးဖြင့် ပြောခဲ့ သည်ကို တွေ့ရပါသည်။
ယနေ့ နိုင်ငံတကာနှင့် အစ္စလမ် ကမ္ဘာတွင်
ပေါ်ပေါက်နေသော အမေရိကန် ဆန့်ကျင်ရေး သဘောထား များသည် အကြမ်းဖက် သမားများ၏ လှုံ့ဆော်မှု
အကြောင်း တစ်ခုတည်း ကြောင့်တော့ မဟုတ်ပေ၊ ဟားဗတ် တက္ကသိုလ် ပါမောက္ခ Joseph Ney ကမူ အမေရိကန်
တို့သည် ယဉ်ကျေးမှု၊ အတွေး အခေါ်၊ လူမှု ဆက်ဆံရေး၊ ပြည်သူ့ ဆက်ဆံရေး စသော Soft Power အပိုင်းတွင်
အရေးနိမ့် နေကြောင်း သုံးသပ် ပြခဲ့သည်။ စက်မှု နည်းပညာ တွင် လည်းကောင်း၊ မီဒီယာနှင့်
သတင်း အချက်အလက် နည်းပညာတွင် လည်းကောင်း ရှေ့တန်းက ပြေးနေသော အမေရိကန် နိုင်ငံသည် ရမ်းစဖဲလ်
စိုးရိမ်သလို အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး တိုက်ပွဲတွင် မီဒီယာ စစ်မျက်နှာ၌ အရေးနိမ့်
နေပြီလား၊ ထိုသို့ ဖြစ်နေပြီ ဆိုလျှင် မည်သည့် အကြောင်းများ ကြောင့်လဲ သုံးသပ်ရန် လိုပေလိမ့်မည်။
တတိယ ကမ္ဘာ၏ အမြင်
အမေရိကန် နိုင်ငံသည် ဗြိတိသျှတို့ လက်အောက်မှ
၁၇၇၆ ခုနှစ်တွင် လွပ်လပ်ရေး ရရှိ ပြီးနောက် ၁၇၈၇ ခုနှစ် ရောက်မှသာ လက်ရှိ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ အား ပြဌာန်း နိုင်ခဲ့ ပါသည်။ ၎င်းဥပဒေသည် ကမ္ဘာပေါ်တွင် အစိုးရ၏ အခွင့်အာဏာနှင့်
ပြည်သူများ၏ ရပိုင်ခွင့် များကို ပထမဆုံး တိတိကျကျ စာဖြင့်ရေးသား ပြဌာန်း ခဲ့ခြင်း
ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေတ်ပြိုင် နိုင်ငံများတွင် တိုးတက်သော နိုင်ငံရေး စနစ်အား
စတင် ကျင့်သုံး ခဲ့သူများ ဖြစ်သည်ဟု အမေရိကန် တို့မှ ဂုဏ်ယူလေ့ ရှိပါသည်။ အလားတူပင်
အမေရိကန် နိုင်ငံတွင် လူမျိုး ဘာသာ အယူအဆ အမျိုးမျိုး ကွဲပြား ခြားနား သူများ ငြိမ်းချမ်းစွာ
ပေါင်းစု နေထိုင် နေသည့် အချက် ကိုလည်း အမေရိကန် တို့က ဂုဏ်ယူ ကြပါသည်။ ထို့ကြောင့်
တတိယ ကမ္တာ နိုင်ငံများ၌ လူမျိုးရေး၊ ဘာသာရေး၊ စသော အကြောင်း အမျိုးမျိုး ကြောင့် ပဋိပက္ခများ၊
စစ်ပွဲများ ဖြစ်ပေါ်လာ သည့်အခါ ထိုပြဿနာ အားလုံးကို လစ်ဘရယ် ဒီမို ကရေစီ ပုံစံ နိုင်ငံရေး
စနစ်ကို တည်ထောင် ခြင်းဖြင့် ဖြေရှင်း နိုင်မည်ဟု ယူဆ ခဲ့ကြသည်။ သို့သော် အမေရိကန်
နိုင်ငံတွင် လာရောက် အခြေချ နေသော လူမျိုး အသီးသီးသည် အကြောင်း အမျိုးမျိုး ကြောင့်
မိခင်နိုင်ငံကို စွန့်ခွာပြီး ရေမြေခြားတွင် အခြေချရန် ထွက်ခွာ လာသူများ ဖြစ်ရာ အခြေအနေ
အသစ်၊ ပြောင်းလဲမှု အသစ်များကို လက်ခံ နိုင်ရန် အသင့်ရှိနေပြီး ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင်
မူလ နေထိုင်ခဲ့သူ ရက်အင်ဒီးယန်း လူနီများ မှာလည်း အစိုးရမှ သီးသန့် သတ်မှတ် ပေးထားသော
နယ်မြေ များတွင် ဒုတိယ တန်းစား နိုင်ငံသား သာသာ အဆင့် ဖြင့်သာ နေထိုင် နေရပေရာ ထိုရက်အင်ဒီးယန်း
လူမျိုးစုများ အကြား ရှိနေခဲ့သော ပြဿနာ များသည် အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
လောကသို့ ထိခိုက် မှုလည်း မရှိ၊ နိုင်ငံရေး သမား များရော၊ ပြည်သူ များမှလည်း စိတ်ဝင်
စားမှု မရှိခဲ့ပေ။ တတိယ ကမ္ဘာ နိုင်ငံများမှ တိုင်းရင်းသား လူမျိုးစုများ၊ ဘာသာရေး အုပ်စုများ
မှာမူ ထိုနိုင်ငံ၊ ထိုဒေသတွင် နှစ်ပေါင်း ရာထောင်ချီ၍ နေထိုင်နေရာ ထိုပဋိပက္ခများ၊ စစ်ပွဲများ
ဖြစ်ရသည့် အကြောင်း အရင်းများ သည်လည်း ရှည်လျား လှသော သမိုင်း နောက်ခံပေါ်တွင် အခြေခံ
နေပေသည်။ စစ်အေး တိုက်ပွဲလွန် ကာလတွင် အမေရိကန် ပြည်ထောင်စု သည် တတိယ ကမ္ဘာ နိုင်ငံများမှ
ထိုပြဿနာ များကို ဦးဆောင် ဖြေရှင်းရာ၌ သက်ဆိုင်ရာ နိုင်ငံများ၏ အခြေအနေ များကို မှန်ကန်စွာ
သုံးသပ်ရန် ပျက်ကွက် ခဲ့သဖြင့် အများအမြင်တွင် အမေရိကန်တို့၏ လုပ်ရပ် များသည် အနိုင်ကျင့်သည့်
ပုံစံ ပေါက်နေခဲ့ လေသည်။ ထို့ကြောင့် ကစ်ဆင်းဂျားက နိုင်ငံတကာ ပြဿနာ များတွင် သံတမန်
နည်းလမ်း များအား လွှတ်တော် ဥပဒေ များဖြင့် အစားထိုး လာခြင်းမှာ မှားယွင်းကြောင်း၊ သံတမန်
နည်းလမ်း အရ ဆွေးနွေးမှု များသည် နှစ်ဖက်လုံး အတွက် တိုးသာ ဆုတ်သာ ရှိသော်လည်း ဥပဒေ
ပြဌာန်းချက် များသည် နှစ်ဖက်လုံး အတွက် ရွေးချယ် စရာလမ်း မရှိေ တာ့ကြောင်း၊ ၎င်းလုပ်ရပ်
များကြောင့် အခြား နိုင်ငံများမှ အမေရိကန် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအား ဗိုလ်ကျ
စိုးမိုးရေး ဝါဒ အဖြစ် ရှုမြင် လာခဲ့ကြောင်း၊ အမေရိကန် နိုင်ငံ၏ ဆောင်ရွက်ချက် များသည်
ရည်ရွယ်ချက်များ မှန်ကန် သည်ဟု ဆိုနိုင် သည့်တိုင် အကောင်အထည် ဖေါ်ပုံ နည်းလမ်း မှားယွင်း
သည်ဟု ပြောရမည် ဖြစ်ကြောင်း ထောက်ပြ ခဲ့သည်ကို တွေ့ရပါသည်။ ထို့ကြောင့် တတိယ ကမ္ဘာ နိုင်ငံများမှ
အစိုးရများ၊ ပြည်သူများ အနေဖြင့် အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ဗိုလ်ကျ စိုးမိုးရေး
ဝါဒ ခေါင်းထောင် လာမှု အဖြစ် မြင်လာခဲ့ ကြခြင်း ဖြစ်ပေသည်။
အရှေ့
အလယ်ပိုင်း ပြဿနာ
အမေရိကန် နိုင်ငံ၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး
စစ်ပွဲတွင် မဟာ ဗျူဟာအရ အရေးပါ ဆုံးသော စစ်မြေပြင်မှာ အရှေ့ အလယ်ပိုင်း ဒေသပင် ဖြစ်သည်။
သမ္မတဘုရှ်က အရှေ့ အလယ်ပိုင်း နိုင်ငံများတွင် ဒီမိုကရေစီ စနစ် မထွန်းကား သေးသော ကြောင့်သာ
အကြမ်းဖက် အဖွဲ့အစည်းများ ပေါ်ပေါက် နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဒီမို ကရေစီ စနစ်
ထွန်းကား လာအောင် အရှေ့ အလယ်ပိုင်းရှိ အာဏာရှင် နိုင်ငံများကို ဖြုတ်ချရမည်။ အမေရိကန်
တို့၏ မိတ်ဆွေ နိုင်ငံများ တွင်လည်း ပိုမို ပွင့်လင်း လာအောင် အားပေး ရမည်ဟု ဆိုခဲ့သည်။
သို့သော် အမေရိကန်တို့ မနှစ်သက်သော အစိုးရများကို ဖြုတ်ချပြီး လွပ်လပ်သော ရွေးကောက်ပွဲ
ကျင်းပ ပေးရုံနှင့် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများ မရနိုင်သည်ကို
အီရတ် နိုင်ငံနှင့် ပါလက်စတိုင်း နယ်မြေ များတွင် တွေ့နေရပြီ ဖြစ်သည်။ အီရတ်တွင် ရှီယားနှင့်
ဆူနီ ဘာသာရေး အစွန်းရောက် ပါတီများက အာဏာ
ရလာပြီး ပါလက် စတိုင်းတွင် ဟားမားတို့ အာဏာ ရလာခဲ့ရာ အခြေအနေမှာ အမေရိကန် တို့အတွက်
အကောင်းထက် အဆိုးဖက်ကို ဦးတည် သွားခဲ့ ပေသည်။ အီဂျစ်တွင်မူ မူဆလင် ညီနောင်များ အဖွဲ့မှ
အနိုင်ရမည့် အခြေအနေကြောင့် သမ္မတ မူဘာရက်က ဒေသ ရွေးကောက်ပွဲ များကို ဆိုင်းငံ့ ထားခဲ့ရ
လေသည်။
လက်တွေ့တွင် အရှေ့ အလယ်ပိုင်းတွင် အကြမ်းဖက်
အဖွဲ့များ အတွက် ထောက်ခံမှု များပြား နေခြင်းသည် အမေရိကန် တို့၏ အီရတ် နိုင်ငံကို ကျူးကျော်
ခဲ့မှုနှင့် ပါလက်စတိုင်း တို့အပေါ် အစ္စရေး တို့၏ ဖိနှိပ်မှု များကို အမေရိကန် တို့က မျက်စိမှိတ်
ထောက်ခံ နေခြင်း ကြောင့်သာ ဖြစ်ပေသည်။ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှု ဖြစ်ပွား ချိန်၌
အာရပ် ကမ္ဘာတွင် အမေရိကန် ပြည်ထောင်စု အပေါ် စာနာ ထောက်ခံမှု အများအပြား ရှိခဲ့သည်။ သို့သော်
အမေရိကန် တို့သည် ထိုအချက်ကို အမြတ် ထုတ်ရန် ပျက်ကွက် ခဲ့သောကြောင့် အယ်လ်ကေဒါ နှင့်
အခြား အကြမ်းဖက်အ ဖွဲ့များ ပြန်လည် အားကောင်း လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အချို့
အကဲခတ် များက သမ္မတ ဘုရှ်သည် အယ်လ်ကေဒါ အဖွဲ့အတွက် အကောင်းဆုံး လူသစ် စုဆောင်း ပေးသူ
ဖြစ်သည်ဟု ခနဲ့တဲ့တဲ့ ဆိုကြခြင်း ဖြစ်သည်။ ထို့ပြင် အစ္စလမ် ဘာသာဝင် အများစု အနေဖြင့်
အမေရိကန် တို့၏ အကြမ်းဖက် ဝါဒ နှိမ်နင်းရေး စစ်ပွဲကို အစ္စလမ် ဘာသာကို နှိပ်ကွပ်ရန်
လှုပ်ရှားမှု သာဖြစ်သည် ဆိုသည့် အမြင် ပေါ်လာ အောင်လည်း အမေရိကန် တို့၏ မူဝါဒ ကျင့်သုံးမှု
များက အထောက်အကူ ပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုက ထုတ်ပြန် ထားသော ကမ္ဘာ့ အကြမ်းဖက်
အဖွဲ့ အမည်စာရင်းကို လေ့လာပါက ၉ဝ% ကျော်မှာ အစ္စလာမ် ဘာသာရေး အခြေခံ အဖွဲ့များ ဖြစ်နေသည်ကို
တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် အာရပ်ကမ္ဘာ ပြည်သူများက အမေရိကန် တို့၏ အကြမ်းဖက် ဝါဒ
နှိမ်နင်းရေး စစ်ပွဲကို အမေရိကန် တို့၏ သြဇာ ချဲ့ထွင်ရန် ကြိုးစားမှု၊ အစ္စရေးနိုင်ငံ
အကျိုးစီးပွားကို ကာကွယ်ရန် လှုပ်ရှားမှု အဖြစ် မြင်လာခြင်း ဖြစ်သည်။
အမေရိကန်နှင့်
မိတ်ဆွေနိုင်ငံများ
သမ္မတ ဘုရှ်သည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း
သမ္မတ များတွင် နိုင်ငံတကာနှင့် ဆက်ဆံမှု အနည်းဆုံး သမ္မတ ဖြစ်သည်။ နိုင်ငံတကာသို့ သွားရောက်
လည်ပတ်မှု နည်းပါးသလို အိမ်ဖြူတော် တွင် ဖိတ်ခေါ် ဆွေးနွေးမှု မှာလည်း အနည်းဆုံး ဖြစ်သည်။
ဟိုတစ်ချိန်ကလို ချာချီက အိမ်ဖြူတော် မှာ ညအိပ် နေထိုင်ပြီး ရုစဗဲ့နှင့် တိုင်ပင် ဆွေးနွေးတာ
မျိုးတွေ၊ အမေရိကန် သမ္မတ တွေက မဟာမိတ် ခေါင်းဆောင် များကို ပုံမှန် ဖုန်းဆက်ပြီး တိုင်ပင်
ဆွေးနွေးလေ့ ရှိတာ တွေက အတိတ် ၏ အရိပ်တွေ ဖြစ်ခဲ့ပြီ။ သမ္မတ ဘုရှ်နှင့် ရင်းနှီး ပါသည်
ဆိုသော ဗြိတိသျှ ဝန်ကြီးချုပ် တိုနီဘလဲ သည်ပင် ဘာလုပ် သင့်သည်ကို အတိုင်ပင်ခံ ရသည့်
အဆင့် မဟုတ်ပဲ ဘာလုပ် တော့မည်ကို ကြိုအသိပေး ခံရသည့် အဆင့်သာ ရှိပေသည်။ အမေရိကန် တို့ကို
လိုလားသည့် ယခင် ဥရောပ သမဂ္ဂ ပြည်ပ ရေးရာ ကော်မရှင်နာ ခရစ်ပတ် တန်လို လူမျိုးကပင် သူ့စာအုပ်၌
အမေရိကန် တို့မှ ဥရောပ မဟာမိတ် များကို ဆက်ဆံမှုသည် အင်ပါယာ နိုင်ငံကြီးမှ လက်အောက်ခံ
နိုင်ငံများကို ဆက်ဆံသည့် ပုံစံ ဖြစ်နေသည် ဟုဝေဖန် ခဲ့ပေသည်။ လက်ရှိ ဘွတ်ရှ်အစိုးရ
အတွင်းရှိ ထိပ်တန်း အရာရှိ အများစုမှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲ ရခြင်းသည် သမ္မတ
ရေဂင် လက်ထက်တွင် ဆိုဗီယက် တို့အား တင်းတင်း မာမာ ဆက်ဆံပြီး စစ်အင်အား တိုးချဲ့ ခဲ့ခြင်း၏
ရလဒ် ဖြစ်သည်။ ထို့ကြောင့် စစ်အေး တိုက်ပွဲလွန် ကာလ နိုင်ငံတကာ ပြဿနာ များအား ကိုင်တွယ်
ရာတွင် အမေရိကန် နိုင်ငံ၏ စစ်ရေး၊ စီးပွားရေး အင်အား သာလွန်မှုအား အသုံးချပြီး အမေရိကန်
အလိုကျ ဖြစ်အောင် အကောင်အထည် ဖေါ်ရမည်ဟု ယူဆ သူများ ဖြစ်ကြ ပါသည်။ ထိုကဲ့သို့ စစ်အေး
တိုက်ပွဲ အောင်မြင် ရခြင်းသည် နှစ် ၅ဝ ကျော် အမေရိကန် နိုင်ငံနှင့် မဟာမိတ်များ ပူးပေါင်း
ဆောင်ရွက်မှု၏ ရလဒ်ဖြစ်သည်၊ ထိန်းချုပ်ရေး မူဝါဒအား ရေရှည် မဟာဗျူဟာ ချမှတ် ဆောင်ရွက်
ခဲ့ခြင်း၏ အကျိုး ကျေးဇူး ဖြစ်သည်ကို မျက်ကွယ်ပြု ထားခြင်းကြောင့် အနောက် ဥရောပ နိုင်ငံများ
အတွင်း၌ပင် အမေရိကန် နိုင်ငံ၏ မူဝါဒများ အပေါ် စိုးရိမ်မှုများ၊ ဝေဖန်မှုများ ရှိလာပြီး
ဥရောပ ပြည်သူများ အကြား တွင်လည်း အမေရိကန် ဆန့်ကျင်ရေး အမြင်များ တိုးပွား လာသည် ကို
တွေ့ရ ပါသည်။
အကြမ်းဖက် ဝါဒ နှိမ်နင်းရေး စစ်ပွဲသည်
အခြား သောင်းကျန်းမှု နှိမ်နင်းရေး စစ်ပွဲများ ကဲ့သို့ပင် ပြည်သူ လူထုနှင့် ထောက်ခံ
အားပေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ရရှိမှသာ အောင်မြင်နိုင်မည့် စစ်ပွဲဖြစ်သည်။ ဤစစ်ပွဲတွင်
အမေရိကန် တို့အနေဖြင့် အရှေ့ အလယ်ပိုင်း ဒေသ ပြည်သူများ ထံမှ လုံလောက်သော ထောက်ခံ အားပေးမှု
မရသည့် အချက်ကို သမ္မတဘုရှ် အစိုးရ အနေဖြင့် လက်ခံရမည် သာဖြစ်သည်။ ဝန်ကြီး ရမ်းစဖဲလ်၏
မိန့်ခွန်း တွင်လည်း ထိုအချက်ကို ထင်ဟပ် ဖော်ပြထား ပေသည်။သို့သော် အဘယ်ကြောင့် ထောက်ခံမှု
မရသည် ဆိုသည့် အချက်ကို ဖော်ထုတ် ရာတွင်မူ ရမ်းစဖဲလ်က အမေရိကန် အစိုးရနှင့် တပ်မတော်
အနေဖြင့် သတင်း စစ်ဆင်ရေးကို ဆောင်ရွက် ရာတွင် အားနည်း မှုကြောင့်ဟု ကောက်ချက် ဆွဲသွား
ခဲ့သည်။ သို့သော် ထိုအချက် များသည် အပေါ်ယံ အချက်များသာ ဖြစ်ပြီး အမေရိကန် တို့၏ မူဝါဒ
အမှားများ သည်သာ အဓိက လက်သည် ဖြစ်နေ သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ကြောင့် သမ္မတဘုရှ်
အစိုးရ အနေဖြင့် မူဝါဒ အမှားများကို ပြင်ဆင်ခြင်း မပြုနိုင်လျှင် မီဒီယာ စစ်ပွဲ အတွက်
ငွေကြေးနှင့် အဆင့်မြင့် နည်းပညာများ မည်မျှ ပုံအော အသုံးပြု စေကာမူ အကြမ်းဖက် အဖွဲ့များ၏
ဝါဒဖြန့်မှု များကို တန်ပြန် နိုင်ခြင်း မရှိပဲ အရေးနိမ့် နေဦး မည်သာ ဖြစ်ပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
|
Washington Post,
18/2/2006
|
၂။
|
An Imperial
Presidency by Fareed Zakaria, Newsweek 16/12/2005
|
၃။
|
Bush in the Bubble, Newsweek,
16/12/2005
|
၎။
|
Does America need a
foreign policy, Henry Kissinger, Simon& Schuster, United State, 2001
|
No comments:
Post a Comment