Saturday, September 7, 2013

စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ရှုထောင့် (၄)

( ဇူလိုင် ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ UNDP၊  ASEAN အတွင်း ရေးမှူး ချုပ်ရုံး တို့နဲ့ ပူးပေါင်း ကျင်းပတဲ့ ထောင်စု နှစ်ရည် မှန်းချက်များနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက် နေခဲ့ရလို့ အခုမှ ဆောင်းပါးကို ပြန်ရေး နိုင်တာ ခွင့်လွှတ် ပေးစေ လိုပါတယ်။ )
မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တတိယ လိုအပ်ချက်မှာ မီဒီယာများ အနေဖြင့် ဒီမိုကရေစီ နည်းကျ ဆွေးနွေး နိုင်သော၊ အမြင်ချင်း ဖလှယ်နိုင်သော စင်မြင့်အဖြစ် ရပ်တည်ရေး ပင်ဖြစ်သည်။ ထို လိုအပ်ချက်ကို ဖြည့်ဆည်း ရာတွင် မီဒီယာများ အနေဖြင့် လွယ်မယောင်နှင့် ခက်ခဲလှသည့် အခြေအနေ နှစ်ရပ်ကို ရင်ဆိုင် ရမည် ဖြစ်သည်။  ပထမ အခြေအနေ မှာ  ဒီမိုကရေစီ အရ ကွဲပြား ခြားနားသည့် အမြင် အားလုံးကို မီဒီယာက ထင်ဟပ် ပေးရန် ဖြစ်သည်။ သို့မှလည်း ဗဟုဝါဒ ထွန်းကားပြီး ကောင်းမွန်သော အုပ်ချုပ်မှု စနစ်၊ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး မြှင့်တင်မှု များကို အထောက်အကူ ပေးနိုင် ဖြစ်သည်။ ဒုတိယ အခြေအနေ ကမူ မီဒီယာ သမား တစ်ဦးချင်း သည် လည်းကောင်း၊ ၎င်းတို့ ပါဝင်သော မီဒီယာ အဖွဲ့အစည်း သည် လည်းကောင်း လူ့ အဖွဲ့ အစည်းတွင်း ကျင်လည် နေရသည့် ဇာတ်ကောင်များ (Social Actors) များဖြစ်ရာ အရာရာ တိုင်းတွင် ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင် အမြင်များ ရှိနေခြင်း ပင်ဖြစ်သည်။ ထိုလိုအပ်ချက် နှစ်ခုကို မျှမျှတတ ဖော်ဆောင် နိုင်ရေး သည်ပင် မီဒီယာများ၏ ကျင့်ဝတ်ဆိုင်ရာ ပြဿနာ ဖြစ်လာ ခဲ့သည်။ ထို့ကြောင့် လည်း  စာနယ်ဇင်း ကျင့်ဝတ်အရ ဘက်မလိုက် ရန်ဆိုသည့် အချက်ကို လိုက်နာရန် မဖြစ်နိုင်ဟု စောဒက တက်မှုများ လည်း ရှိနေခြင်း ဖြစ်သည်။ သို့သော် ကျင့်ဝတ်အရ ဘက်မလိုက်ရ ဆိုသည့် သတ်မှတ်ချက်မှာ သတင်းတပုဒ် ရေးရာတွင် တတ်နိုင်သမျှ မတူ ကွဲပြားသော အမြင်များကို ဖော်ပြ ပေးရန်၊ သတင်း ရေးသား တင်ဆက်သူ၏ ကိုယ်ပိုင် ခံစားချက်ကို သတင်းတွင် ထင်ဟပ် ရေးသားခြင်း မပြုပဲ အစွဲ ကင်းကင်းဖြင့် ရေးသားရန်နှင့် မိမိ၏ ကိုယ်ပိုင် ထင်မြင် သုံးသပ်ချက် များကို အယ်ဒီတာ့ အာဘော်၊ သတင်း ဆောင်းပါး စသည်တို့တွင်သာ ဖော်ပြရန် ဆိုလိုခြင်း သာဖြစ်သည်။ ယူနက်စကို အဖွဲ့ကတော့ ပြည်သူ့ရေးရာ ၀န်ဆောင်မှု မီဒီယာရော၊ ပုဂ္ဂလိက မီဒီယာများ ကပါ နိုင်ငံရေး လောကမှ အယူအဆ အားလုံး ( Entire Political Sptrum ) နှင့် အားနည်းသော အုပ်စုများ အပါအ၀င် လူမှု အဖွဲ့ အစည်းများ၏ အကျိုး စီးပွား များကို ထင်ဟပ် ဖော်ပြရန် လိုသည်ဟု အကြံပြု ထားသည်။
အနောက် ဒီမိုကရေစီ နိုင်ငံများတွင် မီဒီယာများ အနေဖြင့် ဒီမိုကရေစီ နည်းကျ ဆွေးနွေးနိုင်သော၊ အမြင်ချင်း ဖလှယ်နိုင်သော စင်မြင့်အဖြစ် ရပ်တည်ရေး ကိစ္စကို အလေးထား ကိုင်တွယ်သည်ကို တွေ့ရသည်။ ဗြိတိန် နိုင်ငံတွင် အရေးကြီး သတင်းများ၊ အငြင်းပွား ဖွယ်ရာသ တင်းများနှင့် ပတ်သက်လျှင် ဘက်မလိုက်ဘဲ ဓမ္မအဓိဋ္ဌာန် ကျကျ တင်ပြရန် အတွက် ရုပ်သံလွှင့် ဥပဒေတွင် ထည့်သွင်း ဖော်ပြ ထားသည်ကို တွေ့ရသည်။ အလားတူပင် ဥရောပ သမဂ္ဂကလည်း ရွေးကောက်ပွဲ သတင်း ရေးသားမှု များနှင့် ပတ်သက်ပြီး တိကျသော စည်းမျဉ်းများ ထုတ်ပြန် ထားသည်ကို တွေ့ရသည်။ ယူနက်စကို အဖွဲ့ကမူ မီဒီယာများ အနေဖြင့် ဒီမိုကရေစီ စင်မြင့် အဖြစ် မှန်မှန်ကန်ကန် ရပ်တည် နိုင်ရေး အတွက် ဥပဒေများ ပြဋ္ဌာန်းရုံဖြင့် မလုံလောက်ပဲ မီဒီယာ သမားများ ကိုယ်တိုင်က မိမိဘာသာ ထိန်းကျောင်း နိုင်ရန် လိုအပ်သည့် ကျင့်ဝတ်များ၊ စောင့်ကြည့် သုံးသပ်သည့် စနစ် ( Peer Scrutiny) များ သတ်မှတ် ဆောင်ရွက်ရန် လိုအပ်သည်ဟု ဆိုသည်။ ထို့ပြင် ပြည်သူ များနှင့် လူထုအခြေပြု အဖွဲ့အစည်း များကလည်း အစိုးရ၏ လုပ်ဆောင်ချက် များကို စောင့်ကြည့် သကဲ့သို့ မီဒီယာများ၏ လုပ်ဆောင်ချက် များကိုလည်း စောင့်ကြည့် အကြံပြုရန် လိုအပ် ကြောင်းနှင့်  ထိုကဲ့သို့ သုံးဦး သုံးဖလှယ် ပါဝင်သည့် စနစ်ကသာ မီဒီယာများ အနေဖြင့် ဒီမို ကရေစီ နည်းကျ ဆွေးနွေး နိုင်သော၊ အမြင်ချင်း ဖလှယ်နိုင်သော စင်မြင့်အဖြစ် ရပ်တည်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည် ဖြစ်သည်ဟု အကြံပြု ထားသည်ကို လည်းတွေ့ရသည်။
သို့သော် လက်တွေ့ နယ်ပယ် တွင်မူ မီဒီယာ အများစုက အကြောင်း ကြောင်းကြောင့် ကွဲပြား ခြားနားသည့် အယူအဆ အားလုံး ဖော်ပြရန် ဖြစ်နိုင်သည်ကို တွေ့ရသည်။ တစ်ခါတစ်ရံတွင် ပရိသတ် စိတ်ဝင်စားမှု နည်းပါးခြင်း ကြောင့် တစ်ခါတစ် ရံတွင်မူ မိမိ အဖွဲ့အစည်း၏ ခံယူချက်နှင့်မ တူသောကြောင့် အကြောင်းအရာ အချို့၊ အုပ်စု တစ်ချို့ကို ဘေးဖယ် ထားလေ့ ရှိသည်။ ထို့ကြောင့် ဥရောပ နိုင်ငံများတွင် ပြည်သူ့ရေးရာ ၀န်ဆောင်မှု အသံလွှင့် ဌာနများကို တည်ထောင်ပြီး အင်အားနည်း အုပ်စုများ၏ အကျိုး စီးပွားများ၊ ပုဂ္ဂလိက မီဒီယာများမှ ဖော်ပြရန် ပျက်ကွက်နေသည့် ပြည်သူ့ အကျိုး စီးပွား ဆိုင်ရာ ကိစ္စများ ကို ဖော်ပြပေးလေ့ ရှိသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဖော်ပြနိုင်ရန် အတွက်လည်း ပြည်သူ့ရေးရာ ၀န်ဆောင်မှု အသံလွှင့် ဌာနများ၏  အယ်ဒီတာ လွတ်လပ်ခွင့်၊ ရန်ပုံငွေ ရှာဖွေမှု၊ အင်အားနည်း အုပ်စုများ၏ အကျိုး စီးပွားများကို ထင်ဟပ် ဖော်ပြရေး၊ စီးပွားရေး ကြော်ငြာထည့်သွင်းမှု တို့နှင့် ပတ်သက်ပြီး သီးခြား ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက် ထားသည် ကိုလည်း တွေ့ရ သည်။
မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စတုတ္ထ လိုအပ်ချက်မှာ မီဒီယာ အတတ် ပညာများ ထွန်းကားရေး အတွက် လိုအပ်သော စွမ်းဆောင်ရည် မြှင့်တင်မှု အစီအစဉ်များ ပေါ်ထွန်းရေး ဖြစ်သည်။ ထိုအခြေအနေကို ဖော်ဆောင်ရာတွင် မီဒီယာ ကျွမ်းကျင်မှု သင်တန်း အမျိုးမျိုး ဖွင့်လှစ်ရန် လိုအပ်သည် သာမက ထိုသင်တန်းများကို ပုံမှန်စနစ် တကျ ဖွင့်လှစ်နိုင်မှု စွမ်းရည်လည်း ရှိရန် လိုအပ်သည်။ ထို့ပြင် မီဒီယာ အဖွဲ့အစည်းငယ် များမှ မီဒီယာ သမားများ အနေဖြင့် အဆိုပါ သင်တန်း များကို လက်လှမ်းမီ တက်ရောက်နိုင်ရေး အတွက် လိုအပ်သော ပံ့ပိုး ကူညီမှုများ ပြုလုပ်ပေးရန်လည်း လိုအပ်သည်။
မီဒီယာ အတတ်ပညာ ထွန်းကားရေး အတွက် လိုအပ်သော သင်တန်းများကို ယျေဘူယျ အားဖြင့် သုံးမျိုး ခွဲခြား သတ်မှတ် လေ့ရှိပါသည်။ ပထမ အမျိုးအစားမှာ ဘွဲ့ဒီဂရီများ ပေးအပ်သည့် နှစ်ရှည် သင်တန်းများ ဖြစ်သည်။ ထိုသင်တန်းများကို တက္ကသိုလ်၊ ကောလိပ်များက ဆောင်ရွက်ပြီး အထက် တန်းကျောင်း အောင်မြင်ပြီး သူများ တက်ရောက် ကြပြီး ဘွဲ့ရပြီး သည့်အခါ မီဒီယာ လုပ်ငန်းခွင်သို့ ၀င်ရောက် လုပ်ကိုင်လေ့ ရှိ ပါသည်။  ဒုတိယ သင်တန်း အမျိုးအစားမှာ ဒီပလိုမာ သင်တန်းများ ဖြစ်ပြီး အခြား တက္ကသိုလ်များမှ ဘွဲ့ရရှိပြီးနောက် မီဒီယာ လောကသို့ ၀င်ရောက်မည့် သူများ၊ မီဒီယာ လောက၌ ထမ်းဆောင် နေပြီ ဖြစ်သော ဘွဲ့ရပုဂ္ဂိုလ်များက တက်ရောက် ပါသည်။ ထိုသင်တန်း များကိုလည်း တက္ကသိုလ်၊ ကောလိပ် များနှင့် အခြား မီဒီယာ အတတ်ပညာ သင်တန်းကျောင်း များက ဖွင့်လှစ် လေ့ရှိပါသည်။ တတိယ အမျိုးအစား မှာ မီဒီယာ လောကတွင် တာဝန် ထမ်းဆောင် နေပြီး ဖြစ်သည့် မီဒီယာ သမားများ၏ အရည်အချင်းကို မြှင့်တင် ပေးရန် အတွက် ရည်ရွယ်ေ ဆာင်ရွက်သည့် ရက်တို သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်း ဖတ်ပွဲများ ဖြစ်ပါသည်။ ထိုကဲ့သို့ လေ့ကျင့် ပေးမှုများကိုမူ စာနယ်ဇင်း သမဂ္ဂကဲ့သို့သော မီဒီယာ အဖွဲ့အစည်းများ၊ စာနယ်ဇင်း ကောင်စီကဲ့သို့ လွတ်လပ်သော အဖွဲ့အစည်းများနှင့်  မီဒီယာ လုပ်ငန်း ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များက ဆောင်ရွက်လေ့ ရှိပါသည်။
မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နောက်ဆုံး လိုအပ်ချက်မှာ မီဒီယာ လောက အတွက် လိုအပ်သော အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်ပြီး အဓိကအားဖြင့် သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုး တိုးတက် စေရန်နှင့် တိုးတက် လာသော သတင်း အချက်အလက် နည်းပညာ များကို အသုံးပြုပြီး အင်တာနက်နှင့် မိုဘိုင်း ဖုန်းများ မှတဆင့် သတင်းစာများ၊ ရုပ်သံ အစီအစဉ် များကို လူအများ အလွယ်တကူ ရရှိနိုင်အောင် ဆောင်ရွက် ပေးရန်ဖြစ်သည်။ ထို့ပြင ပုံနှိပ် မီဒီယာ များအနေဖြင့် အင်တာနက်၊ တက်ဘလက် ကွန်ပြူတာများ နှင့် မိုဘိုင်းဖုန်း များကြောင့် ဈေးကွက် ကျဆင်း လာမှုကို ကုစားနိုင်ရန် အတွက် ထို နည်းပညာ များကို အသုံးချပြီး ဈေးကွက် ချဲ့ထွင် နိုင်ရေး အတွက် ကူညီ ဆောင်ရွက် ပေးမှုများလည်း ပါဝင်ပါသည်။
အထက်ပ အယူအဆ များ ကြောင့်လည်း ကျွန်တော်တို့ နိုင်ငံတွင် မီဒီယာ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မည့် အခြေအနေ နှင့် ပတ်သက်ပြီး တိုင်ပင် ဆွေးနွေး ကြသည့် အခါ ယူနက်စကို အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း များက ဥပဒေ တစ်ခုတည်း အတွက် မစဉ်းစားပဲ ဖွံ့ဖြိုး ရေးရှုထောင့် ဘက်မှ စဉ်းစား ဆောင်ရွက်ရန် တိုက်တွန်း ခဲ့ကြခြင်း ဖြစ်သည်။ ထို တိုက်တွန်းချက် များအရ ယူနက်စကို၊ International Media Support အဖွဲ့အပါအ၀င် နိုင်ငံတကာ အဖွဲ့များ အကူအညီဖြင့် မတ်လ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ  (Conference on Media Development in Myanmar ) အစည်းအဝေးကို ကျင်းပသည့်အခါ အောက်ပါ ကဏ္ဍ ခြောက်ခုကို ထည့်သွင်း ဆွေးနွေးခဲ့ ခြင်းဖြစ်ပါသည်-
(က)
မီဒီယာများ အနေဖြင့် ဒီမိုကရေစီ နည်းကျ ဆွေးနွေး နိုင်သော၊ အမြင်ချင်း ဖလှယ်နိုင်သော စင်မြင့်အဖြစ် ရပ်တည် နိုင်ရေး။
( ခ)
မီဒီယာ ဥပဒေများနှင့် စည်းမျဉ်းများ။
( ဂ)
မီဒီယာ လုပ်ငန်းများ စီးပွားရေးအရ ရှင်သန် ရပ်တည် နိုင်ရေးနှင့် မီဒီယာ လက်ဝါးကြီး အုပ်မှု အခြေအနေ ကို ကာကွယ်နိုင်ရေး။
(ဃ)
မီဒီယာ လောကသားများ အရည်အသွေး မြှင့်တင် နိုင်ရေး။
( င)
မီဒီယာ အဖွဲ့အစည်း များနှင့် ၎င်းတို့၏ တာဝန်များ။
( စ)
မီဒီယာနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အခန်းကဏ္ဍ။
သို့သော် ထိုအစည်းအဝေးတွင် ပြည်တွင်း စာနယ်ဇင်း သမားအချို့က ကျွန်တော့ကို ပထမဆုံး မေးသည့် မေးခွန်းမှာ မီဒီယာ ဥပဒေ အတွက် ဆွေးနွေးပွဲ လုပ်သည်ဆိုပြီး ဘာ့ကြောင့် မဆိုင်သော အကြောင်း  အရာတွေ ပါနေသလဲ ဆိုသော မေးခွန်း ဖြစ်သည်။ ယခုအထိ မီဒီယာ ဥပဒေနှင့် ပတ်သက်ပြီး ရေးသည့် ဂျာနယ် တစ်ချို့တွင် ထိုဆွေးနွေးပွဲ ခေါင်းစဉ် သည် မီဒီယာ ဥပဒေ နှင့် ဘာမှ မဆိုင်ဟု ကောက်ချက်ချ ရေးသားဆဲ ဖြစ်သည်ကိုလည်း တွေ့နေရဆဲ ဖြစ်ပါသည်။ 
တကယ်တော့ ကျွန်တော်တို့ တစ်တွေသည် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံတကာ ဖြစ်ပေါ် တိုးတက်မှု များနှင့် အလှမ်း ကွာခဲ့သည်မှာ ဆယ်စုနှစ် အတော် များများ ရှိခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ကင်းကွာခဲ့ရသည့် အကျိုးဆက် ကား ကိစ္စ အတော် များများတွင် ကျွန်တော်တို့ အနေဖြင့် မိမိတို့ ဖြတ်သန်း လာသည့် အတွေ့အကြုံများ၊ ထို အတွေ့ အကြုံများက ရရှိလာသည့် ခံစားချက်များ၊ အမြင်များကို အခြေခံပြီး ဆောင်ရွက်မိခြင်း ပင်ဖြစ်သည်။ သို့သော် ယခုအချိန်ကဲ့သို့ နိုင်ငံတကာ နှင့် ပိုမို ဆက်ဆံ ထိတွေ့ခွင့်၊ လေ့လာ ဆည်းပူး ခွင့်များ ရရှိချိန်တွင်မူ မိမိတို့၏ အတွေ့အကြုံနှင့် နိုင်ငံတကာ အခြေအနေ များကို ပေါင်းစပ် ကျင့်သုံး နိုင်ဖို့ အခွင့်အရေး ရရှိလာပြီ ဖြစ်သည်။ ထို့ကြောင့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အယူအဆ သည်လည်း မြန်မာ နိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် အပါအ၀င် ပြုပြင် ပြောင်းလဲရေးများ ဆောင်ရွက်ရာ၌ ထည့်သွင်း လေ့လာ သင့်သော အယူအဆ တစ်ခု ဖြစ်သည်ဟု ထင်မြင်မိပါသည်။ 
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
A Framework for accessing media development, The International Programme for the Development of Communation.
၂။
Declaration of Windhoek 3 May 1991
၃။
  The Role of Mass Media in Economic Development, WBI development study
၎။
Media Law Handbook, Dr Venkat Iyer 

No comments:

Post a Comment