Monday, September 23, 2013

ကမ္ဘာ့ကို ကိုင်လှုပ်မည့်အချက်အခြာနေရာများ

၂ဝဝ၆ ခုနှစ် စသည်နှင့် အီရန် နိုင်ငံ၏ အဏုမြူ အစီအစဉ်နှင့် ပတ်သက်သော တင်းမာမှု များက အရှိန်မြင့် လာခဲ့သည်။ အီရန်နှင့် ဥရောပ သမဂ္ဂ အကြား ဆွေးနွေးမှု များက အဖြေ မရခဲ့ သောအခါ အီရန် နိုင်ငံကလည်း ယူရေနီယံ သန့်စင်မှု များကို ပြန်လည် စတင်ခဲ့သည်။ နောက်ဆုံးတွင် ပြဿနာသည် လုံခြုံရေး ကောင်စီသို့ ရောက်ရှိ သွားခဲ့ သည်။ သို့သော် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံ တွင်လည်း ရုရှားနှင့် တရုတ်တို့က နောက်ဆုံးတွင် စစ်ရေး အရ ဝင်ရောက် စွက်ဖက်ကို ရောက်ရှိ စေနိုင်သော ကုလသမဂ္ဂ ပဋိညာဉ် အခန်း (၇) ဖြင့် အရေးယူ ဆောင်ရွက်ရန် အဆိုပြုချက် ကို ဆန့်ကျင် နေကြ သဖြင့် အဖြေ ရှာမရပဲ ဖြစ်နေ သည်။ ထိုအချိန်တွင် အမေရိကန်က ငြိမ်းချမ်းစွာ ဖြေရှင်းကို လက်မလျော့ ပါဟု ပြောနေသလို တစ်ဖက် ကလည်း အီရန် နိုင်ငံသည် မဝေးတော့သည့် အနာဂတ်တွင် အဏုမြူ လက်နက်ကို ပိုင်ဆိုင် တော့မည်၊ ထိုအခြေအနေ သို့ မရောက်အောင် အမြန် တားဆီး ရမည် ဟုလည်း ပြောဆို လာခဲ့သည်။ ထို့ကြောင့် အမေရိကန်သည် အီရန် အဏုမြူ စီမံကိန်း စက်ရုံ နေရာများကို ပစ်မှတ်ထားပြီး လေကြောင်းမှ တိုက်ခိုက်ရန် ပြင်ဆင် နေသည် ဆိုသည့် သတင်းများ ထွက်ပေါ် ခဲ့သည်။ အချို့ကမူ အမေရိကန်က အစ္စရေး နိုင်ငံမှ လက်ဦးမှု ရယူ တိုက်ခိုက်မည့် အစီအစဉ်ကို မီးစိမ်း ပြခဲ့ပြီဟု ဆိုကြသည်။ အီရန် ခေါင်းဆောင် များကတော့ အီရန် နိုင်ငံသာ အတိုက်ခံရလျှင် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်တို့၏ အကျိုး စီးပွားများကို လက်စားချေ တိုက်ခိုက် မည်ဟု ကြုံးဝါး သတိပေး ခဲ့ကြသည်။
အမေရိကန်တို့၏ အကျိုးစီးပွားကို ထိခိုက်အောင် တိုက်ခိုက်မည် ဆိုလျှင် အကောင်းဆုံး ပစ်မှတ်မှာ ရေနံဟု ဆိုရပေမည်။ ယခုပင် အရှေ့ အလယ်ပိုင်း ဒေသမှ ပဋိပက္ခများ၊ လက်တင် အမေရိက တိုက်မှ ရေနံ လုပ်ငန်း များကို ပြည်သူ ပိုင်သိမ်းမှု များနှင့် နိုင်ဂျီး ရီးယားနိုင်ငံမှ မငြိမ်သက်မှု များကြောင့် တရိပ်ရိပ် တက်နေသော ရေနံ ဈေးနှုန်း များကြောင့် အမေရိကန်နှင့် အနောက်အုပ်စု ၏ စီးပွားရေး သာမက ကမ္ဘာ့ စီးပွားရေးပါ အကျပ် အတည်း တွေ့နိုင်သော အရိပ် အယောင်တွေ ပြနေပြီ ဖြစ်သည်။ ပြည်တွင်း ရေနံ လိုအပ်ချက်၏ သုံးပုံ နှစ်ပုံခန့်ကို ပြည်ပမှ တင်သွင်း နေရသော အမေရိကန် အတွက် ရေနံ ပြတ်တောက်မှု သည် သေရေး ရှင်ရေး တမျှ အရေးကြီးသော အမျိုးသား အကျိုး စီးပွားကို ထိခိုက်မှုပင် ဖြစ်သည်။ ထို့ကြောင့် ၂ဝဝ၆ ခုနှစ် နိုင်ငံတော် အခြေပြု မိန့်ခွန်းတွင် ဘုရှ်က ပြည်ပမှ ရေနံကို မှီခို နေရမှုများကို လျှော့ချရန်နှင့် အစားထိုး လောင်စာများကို ဦးစားပေး ရှာဖွေကြရန် တိုက်တွန်း ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ရေနံ ဈေးကွက်နှင့် ရေနံ တင်ပို့မှု များကို ကမောက်ကမ ဖြစ်စေ လိုလျှင် တိုက်ခိုက် ရမည့် နေရာမှာ များများ စားစား မရှိလှပေ။ အောက်ဖော်ပြပါ နေရာ ငါးခုတွင် ပေါ်ပေါက် လာသည့် အသေးအမွှား တိုက်ခိုက်မှု၊ ပေါက်ကွဲ မှုလေး တစ်ခုသည် ရေနံ ဈေးကွက် တစ်ခုလုံး ကို ကိုင်လှုပ် နိုင်သည် အထိ ပြင်းထန် နိုင်သည်ကို တွေ့ရပါသည်-
ဟိုမုဇ်ရေလက်ကြား (Strait of Hormuz)
ကမ္ဘာ့ရေနံ တင်ပို့မှုတွင် အချက်အခြာ အကျဆုံးသော နေရာ ဖြစ်သည့် ဟိုမုဇ် ရေလက်ကြားသည် အကျဉ်းဆုံး နေရာတွင် ၂၁ မိုင်ခန့်သာ ကျယ်ဝန်းပြီး အိုမန် ပင်လယ်ကွေ့နှင့် ပါရှန် ပင်လယ် ကွေ့ကို ဆက်စပ် ပေးထားသော နေရာဖြစ်သည်။ ရေလက်ကြား၏ တစ်ဖက် တစ်ချက်တွင် အီရန်နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စုတို့ တည်ရှိနေကာ ရေလက်ကြား ၏ အလယ် အချက် အခြာ ကျသည့် အဘူမူဆာ ကျွန်းငယ် လေးကို အီရန်နိုင်ငံက သိမ်းပိုက် ထားပြီး တပ်ဖွဲ့များ ချထား ခဲ့သည်။ ဟိုမုဇ် ရေလက်ကြားမှ တစ်နေ့လျှင် ရေနံ စည်ပေါင်း ၁၇ သန်းခန့် ဖြတ်သန်း သယ်ဆောင် နေပြီး အများစုမှာ အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် ဂျပန် နိုင်ငံများသို့ သယ်ဆောင် သွားခြင်း ဖြစ်သည်။ အီရန် နိုင်ငံသည် အဘူမူဆာ ကျွန်းပေါ်တွင် Silk-Worm အမျိုးအစား ရေပြင်ပစ် သင်္ဘော ဖျက်ဒုံးပျံ များကို ချထား သကဲ့သို့ ရေလက်ကြားတွင် စစ်ဆင်ရေး ပြုလုပ်ရန် သင့်တော်သော တော်ပီဒိုနှင့် ရေမြှပ် မိုင်းများ သယ်ဆောင် နိုင်သည့် မြန်နှုန်းမြင့် သဘောင်္ငယ် အများအပြား တည်ဆောက် ထားလျှက် ရှိသည်။ ၁၉၈၇ ခုနှစ်တွင်လည်း အီရန် နိုင်ငံ၏ မိုင်းထောင်မှု၊ ရေယာဉ်ငယ်များ၏ တိုက်ခိုက်မှုများမှ ကူဝိတ် ရေနံတင် သဘောင်္များကို ကာကွယ်ရန် အတွက် အမေရိကန် နိုင်ငံမှ ရေတပ် သဘောင်္များ စေလွှတ် ချထားခဲ့ ရဖူးသည်။
Abqaiz ရေနံချက်စက်ရုံ
Abqaiz ရေနံချက် စက်ရုံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေနံချက် စက်ရုံများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး စတုရန်း မိုင်များစွာ ကျယ်ဝန်းသည်။ ဆော်ဒီ အာရေး ဗီးယား နိုင်ငံသည် တစ်နေ့လျှင် ရေနံစည် ဆယ်သန်းကျော် တင်ပို့ လျှက်ရှိရာ သုံးပုံ နှစ်ပုံဖြစ်သည့် ၆.၈ သန်းမှာ ဤစက်ရုံမှ ချက်လုပ် တင်ပို့နေခြင်းဖြစ်သည်။ ဆော်ဒီ အာရေး ဗီးယား၏ အချက်အခြာ ရေနံစက်ရုံ ဖြစ်သည့် အတွက် ဆော်ဒီ ဘုရင့် အစိုးရကို ဆန့်ကျင့်သော အုပ်စုများ၏ ပစ်မှတ်လည်း ဖြစ်ပြီး ဘင်လာဒင်က သူ့နောက်လိုက် များကို ဤစက်ရုံကို ဖျက်ဆီးရန် နှိုးဆော်ချက်ကို ပြီးခဲ့သည့် နှစ်က ထုတ်ပြန်ခဲ့ပြီးနောက် ၂ဝဝ၆ ခုနှစ်ဖေဖော်ဝါရီလတွင် အကြမ်းဖက်သမား တစ်စုက စက်ရုံကို အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်ရန် ကြိုးစားခဲ့ သော်လည်း စက်ရုံအဝင် တွင်ပင် တားဆီး ခံခဲ့ရသည်။ စီအိုင်အေ အဖွဲ့ကမူ စက်ရုံကို အတော်အသင့် ပျက်စီးအောင် တိုက်ခိုက် နိုင်လျှင်ပင် ဆော်ဒီ၏ ရေနံ တင်ပို့မှုသည် တစ်ရက်လျှင် တစ်သန်း အထိ ကျဆင်း သွားနိုင်ကြောင်း ခန့်မှန်း တွက်ချက် ထားပါသည်။ ဆော်ဒီ အစိုးရ အနေဖြင့် စက်ရုံကို တင်းကျပ်စွာ ကာကွယ်ထား သော်လည်း အီရန်နိုင်ငံ၏ မြေပြင်ပစ် ဒုံးပျံများ လက်လှမ်း မီသည့် အကွာ အဝေးတွင် ရှိနေသဖြင့် အီရန် နိုင်ငံ၏ ခြိမ်းခြောက်မှုကို ခံနေရဆဲပင် ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော် ဝါရီလ အကြမ်းဖက် တိုက်ခိုက်မှုမှာ အောင်မြင်မှု မရှိသည့် တိုင်အောင် တိုက်ခိုက်မှု ကြောင့် ရေနံ ဈေးနှုန်း ၃.၄% မြင့်တက် ခဲ့သည်ကို ကြည့်ပါက ကမ္ဘာ့ ရေနံ ဈေးကွက်တွင် ဤစက်ရုံ၏ အရေးပါမှုကို သိရှိနိုင် ပါသည်။
မလက္ကာရေလက်ကြား
မလေး ကျွန်းဆွယ်နှင့် အင်ဒိုနီးရှားပိုင် စူမထရား ကျွန်း အကြားတွင် ရှိသော မလက္ကာ ရေလက်ကြား သည် အကျဉ်းဆုံးေ နရာတွင် ၂.၈ ကီလိုမီတာ မျှသာ ကျယ်ဝန်းသည်။ အာရှတိုက်၏ တိုးတက် လာသော စီးပွားရေး အခြေအနေနှင့် ဂျပန်နှင့် တရုတ်တို့၏ စွမ်းအင် လိုအပ်ချက် မြင့်မား လာခြင်း တို့ကြောင့် မလက္ကာ ရေလက်ကြားကို အသုံးပြုမှု များပြား လာခဲ့ရာ ၂ဝဝ၅ ခုနှစ် တွင် ကမ္ဘာ့ ကုန်သွယ် ရေကြောင်း ပမာဏ၏ ၂ဝ% ဖြစ်သော သဘောင်္ပေါင်း ငါးသောင်း ကျော်သည် ရေလက်ကြားကို ဖြတ်သန်း ခဲ့ကြသည်။ ကမ္ဘာပေါ်တွင် ရေနံတင် သင်္ဘောများဖြင့် သယ်ဆောင်သည့် ရေနံ ပမာဏ၏ ၂၅% သည် ဤရေလက်ကြားကို ဖြတ်သန်း သွားခြင်း ဖြစ်ကာ နေ့စဉ် ရေနံစည် ၁၁ သန်းခန့် ဖြတ်သန်း လျှက်ရှိသည်။ ရေလက်ကြား၏ ရေလမ်း ကြောင်းတွင် ပင်လယ်ဓါးပြ တိုက်မှု များသည် ပိုမို တိုးတက်လာခဲ့ရာ ၂ဝဝ၃ ခုနှစ်၌် ဓါးပြတိုက်မှု ၁၅ဝ ကျော် ဖြစ်ပွား ခဲ့သည်ကို တွေ့ရသည်။ အမေရိကန် ရေတပ်သည် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ နိုင်ငံများနှင့် ပူးပေါင်းပြီး ရေလက်ကြား လုံခြုံရေးကို ဆောင်ရွက်လျှက် ရှိသော်လည်း ထိထိ ရောက်ရောက် တားဆီး နိုင်ခြင်း မရှိသေး သည်ကို တွေ့ရသည်။ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူ များကမူ အကြမ်းဖက် သမားများက ရေနံတင် သဘောင်္ တစ်စီးကို အပိုင်စီးပြီး ရေလက်ကြား အတွင်းတွင် ဖောက်ခွဲ နှစ်မြုတ်မည့် အလားအလာကို စိုးရိမ်လျှက် ရှိကြသည်။
စူးအက်တူးမြောင်း
အီဂျစ် နိုင်ငံတွင် တည်ရှိပြီး ပင်လယ်နီနှင့် မြေထဲ ပင်လယ်ကို ဆက်စပ် ပေးထားသော နံမည်ကျော် စူးအက် တူးမြောင်းကို ဖြတ်သန်းပြီး တစ်နေ့လျှင် ရေနံစည် ၁.၃ သန်းဖြတ်သန်း သယ်ဆောင် လျှက်ရှိသည်။ ဤ တူးမြောင်းသည် ရေနံ သယ်ဆောင်မှု အတွက် သာမက အနောက် ကမ္ဘာ၏ ကုန်သွယ်ရေးတွင် အထူး အရေးပါ သောကြောင့် နာဆာ၏ စူးအက် တူးမြောင်းကို ပြည်သူပိုင် သိမ်းမှုသည် ၁၉၅၆ ခုနှစ် အာရပ် အစ္စရေး စစ်ပွဲ ဖြစ်သည် အထိ ရောက်ရှိ စေခဲ့သည်ကို တွေ့ရ ပါသည်။ စူးအက် တူးမြောင်း၏ အကျယ်မှာ မီတာ ၃ဝဝ ခန့်သာ ရှိသောကြောင့် ပိတ်ဆို့ရန် လွယ်ကူသော အခြေ အနေတွင် ရှိနေ ပေသည်။ အီဂျစ် နိုင်ငံတွင် အစွန်းရောက် အကြမ်းဖက်အဖွဲ့ များတက်ကြွစွာ လှုပ်ရှားနေပြီး ဗုံးဖောက်ခွဲ မှုများ မကြာခဏ ကျူးလွန် နေသောကြောင့် စူးအက် တူးမြောင်းတွင် ဖောက်ခွဲမှုများ ပြုလုပ်မည့် အန္တရာယ် ပေါ်ပေါက်လျှက် ရှိပါသည်။
Druzhba ရေနံပိုက်လိုင်း
အရှည်မိုင် ၂၅ဝဝ ရှိသည့် ကမ္ဘာ့ အရှည်ဆုံး ပိုက်လိုင်းသည် ရုရှား နိုင်ငံ တောင်ပိုင်း ဒေသများကို ဖြတ်သန်းပြီး ယူကရိန်း၊ ပိုလန်၊ ဟန်ဂေရီ နိုင်ငံများမှ တဆင့် ဂျာမနီ နိုင်ငံသို့ သွယ်တန်း ထားခြင်း ဖြစ်သည်။ ဤပိုက်လိုင်းမှ နေ့စဉ် ရေနံ စည်ပေါင်း ၁.၂ သန်းကို အနောက် ဥရောပသို့ ပို့ဆောင်လျှက် ရှိသည်။ ၂ဝဝ၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ အလာစကား ရေနံ ပိုက်လိုင်းကို အရက်မူးသမား တစ်ဦး၏ ရိုင်ဖယ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရေနံ စည်ပေါင်း နှစ်သိန်း ရှစ်သောင်း ကျော် ယိုစိမ့်ခဲ့ ရသည့် ဖြစ်စဉ်ကို ကြည့်ပါက ရေနံပိုက်လိုင်းကို ဖျက်ဆီးရန် မည်မျှ လွယ်ကူ သည်ကို သိနိုင် ပါသည်။ မိုင်ထောင်ချီ ရှည်လျားသော ရေနံ ပိုက်လိုင်းကို ကာကွယ် ရန်မှာ ခက်ခဲ သည့်အပြင် ရုရှား နိုင်ငံ တောင်ပိုင်းရှိ မငြိမ် သက်မှုများ ကလည်း ခြိမ်းခြောက်မှု အန္တရယ်ကို ပိုမို မြင့်မား စေပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
The five Top Global Choke Points, Foreign Policy Magazine, May/June, 2006
၂။
Iran,A Rummy Guide, Newseeek, 8-5-2006

No comments:

Post a Comment