Saturday, September 28, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၅)

အများပြည်သူဝန်ဆောင်မှုမီဒီယာပတ်ဝန်းကျင်
ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးပြီး နိုင်ငံများ သာမက ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်း ခဲ့သည့် နိုင်ငံ အများ အပြားတွင် အရည်အသွေး ပြည့်မီသည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ တည်ထောင် နိုင်ရန် ကြိုးစား ခဲ့ကြသည်။ အထူးသဖြင့် ယခင် ဆိုဗီယက် ပြည်ထောင်စု ၀င်နိုင်ငံများနှင့် အရှေ့ ဥရောပ နိုင်ငံ များတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ထွန်းကားရေး အတွက် ဥရောပ သမဂ္ဂက ဥရောပ သမဂ္ဂ ၀န်ကြီးများ အစည်းအဝေး (၁၉၉၄) ထုတ်ပြန်ချက် နှင့် ဥရောပ ကောင်စီ ( Council of Europe ) ဆုံးဖြတ်ချက် ၁၆၄၂ (၂၀၀၄) တို့ဖြင့် ဥရောပ နိုင်ငံများ၌ ဒီမိုကရေစီ စနစ်၏ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်သည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ခိုင်မာစွာ ပေါ်ပေါက် လာရေး ဆောင်ရွက် ရမည်ဟု တိုက်တွန်း ခဲ့ခြင်း သည်ကို တွေ့ရပါသည်။
ဤနေရာတွင် ယခုကဲ့သို့ အများ ပြည်သူ ၀န်ဆောင်မှု ၀န်ဆောင်မှု မီဒီယာ ရှိခြင်းကြောင့် အသွင် ကူးပြောင်းစ နိုင်ငံ များတွင် ပုဂ္ဂလိက မီဒီယာများ ပေါ်ပေါက်ရေးကို ထိခိုက်မှု ရှိနိုင်သလား ဆိုသည့် မေးခွန်းများ ပေါ်ထွက် လာခဲ့သည်။ သို့သော် ၁၉၉၉ ခုနှစ်တွင် ဘီဘီစီ အသံလွှင့် ဌာနအတွက် McKinsey & Company က ပြုလုပ် ပေးခဲ့သည့် ကမ္ဘာ တစ်ဝန်းမှ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ အခြေအနေကို လေ့လာ ခဲ့သည့် အစီရင်ခံစာ အရမူ ထိုမီဒီယာ အမျိုးအစား များသည် အပြန် အလှန်အကျိုး ပြုနေပြီး ပြိုင်ဆိုင်မှု ကြောင့် ပြည်သူများ အတွက် ပိုပြီးအကျိုး ဖြစ်ထွန်း ကြောင်း တွေ့ရှိ ရသည်။ McKinsey အစီရင်ခံစာက အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ တည်ရှိ နေသည့် မီဒီယာ ပတ်ဝန်းကျင် အခြေအနေကိုအောက်ပါ အတိုင်း ဖော်ပြခဲ့သည်-
အထက်ပါ မီဒီယာ ပတ်ဝန်းကျင် တွင်  အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များက အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အခြေခံ မူများနှင့် အညီ ကွဲပြား ခြားနားသော အစီအစဉ်များ၊ ဈေးကွက် တောင်းဆိုမှု မရှိသည့်တိုင်  ပြည်သူ များကို အသိပညာ ပေးရန် လိုအပ်သော အစီအစဉ် များကို ထုတ်လုပ် ပေးသည်။ ပုဂ္ဂလိက စီးပွားဖြစ် မီဒီယာ များကမူ မိမိတို့ ရည်မှန်း ပရိသတ် (Audiences) အတွက် ရည်စူးသော အစီအစဉ်များကို ဦးစားပေး ထုတ်လုပ်သည်။ ပရိသတ်က အရည်အသွေးမြင့်မားသော အစီအစဉ်များ၊ ကွဲပြား ခြားနားပြီး အကြောင်းအရာ စုံလင်သော အစီအစဉ် များကို ပို၍ ပို၍ တောင်းဆိုသည်။ ထိုလိုအပ် ချက်ကို နှစ်ဘက်လုံးက အပြိုင်အဆိုင် ဖြည့်ဆည်းရန် ကြိုးစား ဆောင်ရွက် ရသည်။ ပုဂ္ဂလိက မီဒီယာများ အနေဖြင့်လည်း အရည်အသွေး မြင့်မားရေးကို ဦးစားပေးပြီး  အကျိုး အမြတ်ကို လျှော့ပေါ့ စဉ်းစားလာရ သည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များကလည်း ဖျော်ဖြေရေးနှင့် ပညာပေးရေး ကို ချိန်ဆ စဉ်းစား ရသကဲ့သို့ ကွဲပြား ခြားနားသည့် အုပ်စုများ၏ လိုအပ်ချက် များကို ဖြည့်ဆည်း နိုင်ရန် အတွက် ပိုမို ကောင်းမွန်သော အစီအစဉ် များကို ထုတ်လုပ် လာရသည်။
အထက်ပါ ဖြစ်စဉ်တွင်  ဒုတိယ အဆင့် ပါဝင် ပတ်သက်သူ များလည်း ရှိသေးသည်။ ကြော်ငြာ ထည့်သွင်းမည့် လုပ်ငန်းရှင်များက မိမိတို့ ကုန်ပစ္စည်း အတွက် ရည်မှန်း ပရိသတ်ကို ဆွဲဆောင် နိုင်သည့် အစီအစဉ်များ ရှိသည့် မီဒီယာ များကို ရွေးချယ်ပြီး ကြော်ငြာများ ထည့်သွင်းသည်။ ထို့ကြောင့် မီဒီယာ အားလုံးက အမျိုးအစား စုံလင်သည့် အစီအစဉ် များကို ကြိုးစား ထုတ်လုပ် လာရသည်။ ၀န်ဆောင်မှု လုပ်ငန်း များက မီဒီယာများ ထုတ်လုပ်မှု တိုးချဲ့ နိုင်ရန် အတွက် လိုအပ်သော အခြေခံ အဆောက် အအုံများ၊ ပစ္စည်း ကိရိယာများကို ရောင်းချ ပေးသည်။ မီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုး လာသည်နှင့်အမျှ ၀န်ဆောင် မှုလုပ်ငန်း များလည်း ပိုမို ထွန်းကား လာပြီး အရည်အသွေး မြင့်မားသည့် ၀န်ဆောင်မှု များကို ပေးအပ်လာ နိုင်မည် ဖြစ်သည်။  ကျင့်ဝတ် ထိန်းကျောင်းသည့် အဖွဲ့အစည်း များက ကျင့်ဝတ်နှင့် လုပ်ငန်း ဆိုင်ရာ စံချိန် စံညွှန်းများ မြင့်မားအောင် ကြီးကြပ် ပေးသည်။ တစ်သီး ပုဂ္ဂလ အစီအစဉ် ထုတ်လုပ်သူ များက မီဒီယာ များအတွက် လိုအပ်သော အရည်အသွေးပြည့် အစီအစဉ် များကို ထုတ်လုပ် ပေးသည်။ မီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုး လာသည် နှင့်အမျှ အလွတ် သတင်းထောက်များ၊ တစ်သီပုဂ္ဂလ အစီအစဉ် ထုတ်လုပ် သူများ ( Independent Producers) များလည်း ပိုမို ဖွံ့ဖြိုး လာမည် ဖြစ်သည်။  
အထက်ပါ ဖြစ်စဉ်တွင် ပါဝင်နေသော အစိတ်အပိုင်း ခုနှစ်ခု လုံးသည် တစ်ခုနှင့် တစ်ခု အပြန် အလှန် မှီတွယ် ဆက်စပ် နေခြင်း ဖြစ်သည်။ အစိတ်အပိုင်း တစ်ခု၏ ပြောင်းလဲ မှုကြောင့် ကျန်အစိတ် အပိုင်းများ ကလည်း လိုက်ပါ ပြောင်းလဲ ရသည်။ ထို ပြောင်းလဲမှု၏ ရလဒ်ကို အကျိုး အများဆုံး ခံစား ရသူမှာ ပြည်သူများ ပင်ဖြစ်ရာ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာပတ်ဝန်းကျင် သည်  မီဒီယာ လက်ဝါး ကြီးအုပ်မှုကို ကာကွယ်ပြီး ဗဟုမီဒီယာ ပတ်ဝန်းကျင်ကို ဖော်ဆောင် ပေးရုံ သာမက  အရည်အသွေး မြင့်မားသည့် မီဒီယာ ပတ်ဝန်းကျင် တစ်ရပ် ပေါ်ပေါက် လာအောင် အထောက်အကူ ပြုသည်ဟု ဆိုရမည် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ မီဒီယာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွင် ပါဝင် ကူညီ ဆောင်ရွက် နေသည့် နိုင်ငံတကာ အဖွဲ့အစည်း များက မြန်မာ နိုင်ငံတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ဖွံ့ဖြိုး တိုးတက် စေရန်အ တွက် အားကြိုး မာန်တက် ကူညီ ပံ့ပိုး ပေးနေကြခြင်း ဖြစ်သည်။  
ဤနေရာတွင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ( Public Service Media ) တွင် မည်သည့် မီဒီယာများ ပါဝင် သနည်းဟု မေးခွန်း ထုတ်သူ များလည်း ရှိနေသည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ တွင် ပုံနှိပ် မီဒီယာ နှင့် ရုပ်သံလွှင့် မီဒီယာ နှစ်ခုလုံး ပါဝင်သည်။ သို့သော် အများ ပြည်သူ ၀န်ဆောင်မှု ရုပ်သံလွှင့် မီဒီယာ ( Public Service Broadcasting) က ပိုမို တွင်ကျယ်သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အနောက် ဥရောပ နိုင်ငံ များတွင် ၁၉၂၇ ခုနှစ် ဘီဘီစီ အသံလွှင့် ဌာန အဖြစ် အများ ပြည်သူ ၀န်ဆောင်မှု ရေဒီယိုကို စတင် မိတ်ဆက် ချိန်၌ ပုဂ္ဂလိက ပုံနှိပ် မီဒီယာ များက ခိုင်ခိုင် မာမာ တည်ရှိ နေပြီဖြစ် သောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းနိုင်ငံများ၏ နည်းပညာ ထွန်းကားမှု အခြေအနေ အရ ရုပ်သံ မီဒီယာ များက ပိုမို ကျယ်ပြန့် လာပြီး သတင်းစာ ဖတ်ရှုသူ အရေအတွက်က ကျဆင်း လာခြင်း ကြောင့်လည်း ရုပ်သံ မီဒီယာကို ပိုမိုအားထား အသုံးပြု လာခြင်းလည်း ဖြစ်သည်။  ထို့ကြောင့် ဥရောပနိုင်ငံ များတွင် အများ ပြည်သူ ၀န်ဆောင်မှု သတင်းစာ များကို ဒေသန္တ အစိုးရများ၊ မြူနီစပါယ် အဖွဲ့များ၏ ထောက်ပံ့ မှုဖြင့် တည်ထောင် ထားမှုများ သာရှိသည် သာကို တွေ့ရ ပါသည်။ သို့သော် ဂျာမန် နိုင်ငံတွင်မူ သတင်းစာ သမဂ္ဂက ဦးဆောင်ပြီး အစဉ်အလာ ကြီးမားသည့် သတင်းစာ များကို မီဒီယာ အုပ်စုများက ၀ယ်ယူခြင်းမှ ကာကွယ်ရန်နှင့်  သတင်းစာ ဖတ်ရှုသူ နည်းပါး လာခြင်းကြောင့် ပိတ်သိမ်း လိုက်ခြင်းမှ ကာကွယ်ရန် အတွက် အစိုးရဖြင့်  ပူးပေါင်းပြီး ထိုသတင်းစာ များကို အများ ပြည်သူ ၀န်ဆောင်မှု သတင်းစာ အသွင် ကူးပြောင်း နိုင်ရေး အတွက် ကြိုးစား လုပ်ဆောင် နေသည် ကိုလည်း တွေ့ရပါသည်။
ထိုကဲ့သို့ ဥရောပနှင့် ကမ္ဘာ့ အခြား နေရာ များတွင် သတင်းစာ ဖတ်ရှုမှု ကျဆင်း လာသော်လည်း မြန်မာ နိုင်ငံ အပါအ၀င် အာရှ ဒေသတွင် သတင်းစာ ဖတ်ရှုသူ အရေအတွက် တိုးပွား လာနေ သည်ကို တွေ့ရ ပါသည်။ World Association of News Papers and News Publishers အဖွဲ့ အစည်း၏ ၂၀၁၃ ခုနှစ် သတင်းစာ လောက အခြေအနေ အစီရင် ခံစာ၌ ပြီးခဲ့သည့် ငါးနှစ် အတွင်း မြောက်အမေရိက တိုက်တွင် သတင်းစာ ဖတ်သူ ၁၃%၊ အနောက် ဥရောပတွင် ၂၄.၈% ၊ အရှေ့ ဥရောပတွင် ၂၇.၄% ကျ ဆင်း ခဲ့သော်လည်း အာရှ တိုက်တွင် ဖတ်ရှုသူ အရေအတွက် ၉.၈% တိုးတက် ခဲ့သည်ဟု တင်ပြ ထားပါသည်။ မြန်မာ ပြည်သူများ၏ စာပေဖတ်ရှုမှု အလေ့အထ ကြောင့် လာမည့် နှစ်အတော် ကြာကြာ အထိ ပုံနှိပ် မီဒီယာသည် ပြည်သူများကို သတင်း အချက်အလက်များ ဖြန့်ဝေရာတွင် အဓိက အခန်းမှ ပါဝင်နေဦးမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို ဖော်ဆောင် ရာတွင် ရုပ်သံလွှင့် မီဒီယာ သာမက ပုံနှိပ် မီဒီယာ ကိုပါ ထည့်သွင်း ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။
လက်တွေ့ အခြေအနေတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၌ ပုံနှိပ် မီဒီယာနှင့် ရုပ်သံလွှင့် မီဒီယာများ သာမက ဒစ်ဂျစ်တယ် နည်းပညာ ကိုပါ ထည့်သွင်း စဉ်းစား လာသည်ကို တွေ့ရပါ သည်။ ဥရောပ ကောင်စီ၏ Public Service Media in the Information Society  နှင့် Public Service Media Regulation in Europe စာတမ်းများတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများကို သမားရိုးကျ နည်းလမ်းများ အပြင် အင်တာနက်နှင့် မိုဘိုင်း ဖုန်းများ ပေါ်တွင်ပါ တိုးချဲ့ ဆောင်ရွက် သင့်ကြောင်း အကြံပြု ထားသည့် အပြင် နောင်တွင် Public Service Media မဟုတ်တော့ဘဲ   Public Service Communication အဖြစ် ပြောင်းလဲသုံးစွဲရတော့မည်ဖြစ်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရ ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဗညားအောင်

No comments:

Post a Comment