Thursday, September 26, 2013

လက်နက်များနဲ့ကမ္ဘာ

နေ့စဉ် ဂြိုလ်တု သတင်း တွေမှာ၊ သတင်းစာထဲမှာ ကမ္ဘာအနှံ့ အပြားတွင် ဖြစ်ပေါ် နေသော လက်နက်ကိုင် ပဋိပက္ခများ သတင်း တွေနှင့် ပြည့်လျံ နေသည်။ ဆိုဗီယက် ပြည်ထောင် စုကြီးပြိုကွဲ သွားစဉ်က အမေရိကန်သမ္မဘုရှ် (အကြီး)က ကမ္ဘာ့ နိုင်ငံရေး ပုံစံသစ် New World Order ခေတ်ရောက်ပြီ၊ ငြိမ်းချမ်းရေး၏ အသီးအပွင့် တွေကို ကမ္ဘာ့ မိသားစုတွေ မျှဝေ ခံစားချိန် တန်ပြီဟု ဆိုခဲ့သည်။ သို့သော် လက်တွေ့တွင် စစ်အေးလွန် ကာလ ကမ္ဘာ ကြီးသည် ပိုပြီး လုံခြုံ အေးချမ်း ရမည့် အစား နိုင်ငံ အားလုံးက လက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်ပြီး စစ်အသုံး စရိတ်တွေ တိုးတက် သုံးစွဲ လာသည်ကို သာ တွေ့ရ ပေသည်။
၂ဝဝ၅ ခုနှစ် တွင် တစ်ကမ္ဘာ လုံး၌ ဒေါ်လာ ၄၄ ဘီလီယံ ကျော် တန်ဖိုး ရှိသော လက်နက် အရောင်း အဝယ် စာချုပ် တွေကို လက်မှတ် ထိုးခဲ့ ကြသည်။ ထိုပမာဏသည် ၂ဝဝ၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၄၃% တိုးလာ ခဲ့ခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ် နောက်ပိုင်းတွင် အမြင့် မားဆုံးပင် ဖြစ်သည်။ သို့သော် ၂ဝဝ၇ ခုနှစ်တွင် မူ ထိုပမာဏထက် အဆများစွာ ပိုလာမည့် အရိပ် လက္ခဏာများ ပြနေ၏။
ဆော်ဒီကဲ့သို့ ရေနံ တင်ပို့ ရောင်းချသော နိုင်ငံ အများ အပြားက ရေနံ ဈေးတက်သဖြင့် ရရှိလာသော ဝင်ငွေများဖြင့် ခေတ်မီ လက်နက်များကို အပြိုင် အဆိုင် ဝယ်ယူ တပ်ဆင် နေကြသည်။ အလားတူပင် အာရှ ဒေသမှ တရုတ်နှင့် အိန္ဒိယ နိုင်ငံများ ကလည်း ကာကွယ်ရေး အသုံးစရိတ် များကို တိုးမြှင့် သုံးစွဲ လာလျှက်ရှိ သကဲ့သို့ ကျန်ဖွံ့ဖြိုးဆဲ နိုင်ငံများ ကလည်း လက်နက် အသစ်များကို ဝယ်ယူ နေကြပြန်သည်။ စစ်ရေး အကဲခတ်များ ကတော့ နိုင်ငံများ အနေဖြင့် စစ်အေး ခေတ်လွန် ဧက မဏ္ဍိုင် က မ္ဘာ့ နိုင်ငံရေး အခြေအနေတွင် လုံခြုံမှု ပိုမို လျော့နည်း လာသည်ဟု ယူဆလာ သောကြောင့် စစ်အသုံး စရိတ်များကို တိုးမြှင့် သုံးစွဲလာ ခြင်းဖြစ်သည်ဟု အကဲဖြတ် ကြသည်။
စစ် အသုံးစရိတ်များ
၂ဝဝ၅ ခုနှစ်တွင် ကမ္ဘာ့ နိုင်ငံ အသီးသီး၏ စစ်အသုံး စရိတ် စုစုပေါင်းသည် ဒေါ်လာ ၁၁၁၈ ဘီလီယံ ရှိခဲ့သည်။ ထိုပမာဏာ သည် ၁၉၉၆ ခုနှစ် ကထက် ၃၄ % မြင့်မား လာခြင်း ဖြစ်ကာ ကမ္ဘာ့ ဂျီဒီပီ၏ ၂.၅% ရှိပေသည်။ ထို့ကြောင့် လူတစ်ဦး ချင်းအတွက် စစ် အသုံးစရိတ် ၁၇၃ ဒေါ်လာ သုံးစွဲ နေသည်ဟု ဆိုနိုင်ပေ၏။
နိုင်ငံ တစ်နိုင်ငံချင်း အနေဖြင့်မူ အမေရိကန် နိုင်ငံက ပြိုင်ဖက်မရှိ ရှေ့က ဦးဆောင် နေသည်။ ၂ဝဝ၇ ခုနှစ်တွင် အမေရိကန်၏ ကာကွယ်ရေး အသုံးစရိတ်မှာ ဒေါ်လာ ၆၂ဝ ဘီလီယံ ကျော်ရှိရာ ကျန် ကမ္ဘာ့နိုင်ငံ အားလုံး၏ စုစုပေါင်း စစ်အသုံး စရိတ်ထက် ပိုများ သည်ကို တွေ့ရသည်။ သို့တိုင်အောင် ထိုအသုံးစရိတ်တွင် အီရတ်နှင့် အာဖဂန် စစ်ပွဲ အတွက် သီးခြား အသုံးစရိတ် ဒေါ်လာ ၉၂ ဘီလီယံ ပါဝင်ခြင်း မရှိသေးပေ။
အမေရိကန် နှင့် အဓိက ပြိုင်ဖက် ဖြစ်သော ရုရှားနှင့် တရုတ် နိုင်ငံတို့၏ စစ် အသုံးစရိတ် ပင်လျှင် ၁၃၉ ဘီလီယံ သာ ရှိရာ အမေရိကန် အသုံး စရိတ်၏ ၃ဝ% မျှသာ ရှိသည်ကို တွေ့ရပါသည်။ သို့သော် ဆိတ်လည်း ဆိတ်အထွာ၊ ဆင်လည်း ဆင့်အထွာ ဆိုသကဲ့ သို့ပင် ဖွံ့ဖြိုးဆဲ နိုင်ငံများ ကလည်း စစ်ရေး အသုံးစရိတ်ကို တိုးမြှင့် သုံးစွဲနေ ကြသည်။ စင်္ကာပူ ကဲ့သို့သော နိုင်ငံ ငယ်လေး ကပင် ၆ ဘီလီယံ နီးပါး အသုံးပြု နေပြီး ဆော်ဒီအာရေး ဗီးယားက ဒေါ်လာ ၂၁ ဘီလီယံ သုံးစွဲလျှက် ရှိသည်။ အာဖရိက နိုင်ငံ အများစု မှာလည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး နေသည့်တိုင် စစ်ရေး အသုံးစရိတ်ကို တိုးတက် သုံးစွဲလျှက် ရှိနေကြသည်။ ရေနံ တင်ပို့ နေရသော ဗင်နီ ဇွဲလား၊ နိုင်ဂျီးရီးယား၊ အင်ဂိုလာနှင့် ဗဟို အာရှ ဒေသမှ နိုင်ငံများ ကလည်း လက်ဖွာဖွာနှင့် လက်နက် ဈေးကွက် ထဲဆင်းပြီး ဝယ်ယူ နေလျှက် ရှိနေ၏။ တရုတ် နိုင်ငံကမူ ဒေါ်လာ ၆၂.၅ ဘီလီယံဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက် စစ်အသုံး စရိတ် အများဆုံး နိုင်ငံ အဖြစ် ရှိနေ သကဲ့သို့ အိန္ဒိယ နိုင်ငံ ကလည်း ဒေါ်လာ ၂၂ ဘီလီယံ သုံးစွဲပြီး နံပတ် ၈ နေရာတွင် ရှိနေပေသည်။ စာရင်း ဇယားများ အရ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စစ်ရေး အသုံးစရိတ် ၃ဝ% ကို လက်နက်များ ဝယ်ယူ ရာတွင် အသုံးပြု နေသည်ဟု ဆိုပါသည်။
လက်နက်ကုန်သည်များ
ထိုကဲ့သို့ လက်နက် ဝယ်ယူ မှုတွေ တိုးလာ ချိန်တွင် လက်နက် ထုတ်လုပ် ရောင်းချသူ များ၏ အနေအထား ကလည်း ပြောင်းလဲ လာနေသည်။ ထုံးစံ အတိုင်းပင် လက်နက် ရောင်းချသော ထိပ်တန်း ကုမ္ပဏီများမှာ အမေရိကန် ကုမ္ပဏီ များသာ ဖြစ်နေသည်။ အမေရိကန် လက်နက် လုပ်ငန်း ကုမ္ပဏီ များဖြစ်သည့် ဘိုအင်း၊ နော့သ်ရော့ပ် - ဂရူးမင်း၊ လော့ဒ်ဟိခ် နှင့် ရေသီယွန် ကုမ္ပဏီ များသည် အဓိက လက်နက် ရောင်းချ နေသော ကုမ္ပဏီများ အဖြစ် ရှိနေဆဲ ဖြစ်သည်။
၂ဝဝ၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ၊ ရုရှားနှင့် အနောက် ဥရောပ နိုင်ငံများ မပါ ကမ္ဘာ့ လက်နက် ဈေးကွက်တွင် အရောင်း အဝယ် ဖြစ်ခဲ့သော သမားရိုးကျ လက်နက်များ တန်ဖိုးမှာ ဒေါ်လာ ၄၄.၂ ဘီလီယံ ရှိခဲ့ပြီး လွန်ခဲ့သည့် ရှစ်နှစ် အတွင်း အမြင့် မားဆုံး ဖြစ်ခဲ့သည်။ အမေရိ ကန်တို့က ထိုဈေးကွက်၏ ၂၈.၉% ဖြစ်သည့် ဒေါ်လာ ၁၂.၈ ဘီလီယံ ဖိုးကို ရောင်းချ နိုင်ခဲ့သည်။ အမေရိကန် နောက်တွင်မူ ပြင်သစ်က ၇.၉ ဘီလီယံ၊ ရုရှားက ၇.၄ ဘီလီယံဖြင့် ဒုတိယ၊ တတိယ နေရာ များတွင် ရှိနေ ပေသည်။ ထိုလက်နက် ရောင်းချမှု များ၏ ၆၈.၄ % မှာ ဖွံ့ဖြိုးဆဲ နိုင်ငံ များသို့ ရောင်းချ ခဲ့ခြင်း ဖြစ်သည် ဟုလည်း သိရပါသည်။
ဈေးကွက် လုပွဲများ
ထိုကြောင့် လက်နက် ထုတ်လုပ် ရောင်းချသော နိုင်ငံများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဈေးကွက်ကို စိုးမိုးနိုင်ရန် အပြိုင် အဆိုင် ကြိုးစား လာကြ ခြင်းဖြစ်သည်။ စစ်အေး တိုက်ပွဲ ကာလကမူ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လက်နက် ဈေးကွက်ကို အမေရိကန်နှင့် ဆိုဗီယက် တို့က ချုပ်ကိုင် ထားခဲ့ ကြသည်။ စစ်အေး တိုက်ပွဲလွန် ကာလ တွင်မူ ရုရှားတို့က ဆိုဗီယက် နေရာကို အစားထိုးရန် ဆောင်ရွက် လာသကဲသို့ အနောက် ဥရောပ နိုင်ငံများ ကလည်း နေရာ ယူရန် ကြိုးစား လာကြသည်။ ထို့ကြောင့်ပင် ၁၉၉၂ ခုနှစ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လက်နက်ေ ဈးကွက် ၅၄%ကို အမေရိကန် တို့ ပိုင်ဆိုင် ထားရာမှ ၂ဝဝ၅ ခုနှစ်တွင် ၂၈.၉ %သို့ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အမေရိ ကန်တို့ဈေးကွက် ပျောက်ခဲ့ ရခြင်းမှာ အကြောင်း အရင်း နှစ်ခုပေါ်တွင် အခြေခံ ပါသည်။
ပထမ အကြောင်းမှာ အီရတ် စစ်ပွဲကြောင့် ကမ္ဘာ့ ပြည်သူ အများစုက အမေရိကန် နိုင်ငံ အပေါ် ဆန့်ကျင်မှု များပြား လာခြင်းနှင့် ဆိုင်ပါသည်။ အထူးသဖြင့် အရှေ့ အလယ်ပိုင်းရှိ မူဆလင် နိုင်ငံများမှ အစိုးရ များသည် အမေရိကန် တို့၏ သြဇာခံ အဖြစ် အမြင်မခံ နိုင်သဖြင့် စစ်ရေး အရ ဆက်ဆံမှု များကို လျှော့ချ လာကြသည်ကို တွေ့ရ၏။ ဒုတိယ အကြောင်းမှာ အမေရိကန် ကွန်ဂရက်က နိုင်ငံခြားရေး၊ ကာကွယ်ရေး မူဝါဒ များတွင် ပိုမို ဝင်ရောက် စွတ်ဖက် လာခြင်းနှင့် ဆိုင်သည်။ စစ်အေး ခေတ်လွန ကာလတွင် ကွန်ဂရက် လွှတ်တော်သည် သမ္မတ များ၏ မူဝါဒနှင့် ဆန့်ကျင်ပြီး နိုင်ငံ အများအပြား အပေါ် လက်နက်များ ရောင်းချမှု အပေါ် ကန့်သတ်ခြင်း၊ နည်းပညာ လွှဲပြောင်းမှု များကို ပိတ်ပင်ခြင်း စသည့် လုပ်ရပ်များကို ဆောင်ရွက် လာခဲ့ သဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံ အများ အပြားက အမေရိကန် အပေါ် ယုံကြည် စိတ်ချမှု မရှိတော့ပဲ အခြား နိုင်ငံများမှ လက်နက် များကို ပြောင်းလဲ ဝယ်ယူခဲ့  ကြသည်။
ဆော်ဒီ အာရေဗီးယား နိုင်ငံသည် အရှေ့ အလယ်ပိုင်းတွင် အမေရိကန်တို့၏ အဓိက ဖောက်သည် အဖြစ် ဆယ်စုနှစ် ပေါင်းများစွာ ရပ်တည် နေခဲ့သည့် နိုင်ငံ ဖြစ်သည်။ သို့သော် စက်တင်ဘာ ၁၁ ရက် နေ့တိုက်ခိုက်မှု နောက်ပိုင်းတွင် ကွန်ဂရက် လွှတ်တော် အမတ် အချို့က ဆော်ဒီ အစိုးရသည် အယ်လ်ကေဒါ အဖွဲ့ဝင် များကို ထိထိ  ရောက်ရောက် နှိမ်နင်းမှု မရှိဟု စွတ်စွဲကာ ဆော်ဒီသို့ လက်နက် ရောင်းချမှုကို ပိတ်ပင်ရန် ကြိုးစား လာခဲ့သည်။ ထို့ကြောင့် ယခု အချိန်တွင် ဆော်ဒီ အစိုးရသည် အမေရိကန် လက်နက်များကို ဝယ်ယူမည့် အစား ပြင်သစ်နိုင်ငံမှ ဒေါ်လာ ၂၈ ဘီလီယံ တန်ဖိုးရှိ ခေတ်မီ တိုက်လေယာဉ်များ၊ တင့်ကားများ၊ သံချပ်ကာ ယာဉ်များနှင့် စစ်ရေယာဉ်များ ဝယ်ယူရန် ဆွေးနွေးလျှက် ရှိနေပေသည်။
အလားတူပင် ပါကစ္စတန် နိုင်ငံကလည်း အမေရိကန် တို့က အက်ဖ် ၁၆ တိုက် လေယာဉ်များ ရောင်းချ ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းမှုကို ပယ်ချပြီး တရုတ်နိုင်ငံနှင့် ခေတ်မီ ဂျက်တိုက် လေယာဉ်များ ပူးတွဲ ထုတ်လုပ်ရန် ဆောင်ရွက် လျှက်ရှိသည်။ အမေရိကန်တို့က အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲတွင် အဓိက မဟာမိတ် ဖြစ်သည့် ပါကစ္စတန် နိုင်ငံကို အမေရိကန် လက်နက်များ တပ်ဆင် ပေးလို သော်လည်း မူရှာရက်ဖ် အစိုးရ အနေဖြင့် ၁၉၉ဝ ပြည့်လွန် နှစ်များ အတွင်းက ပါကစ္စတန် နိုင်ငံမှ ဝယ်ယူ ထားပြီး ဖြစ်သည့် အက်ဖ် ၁၆ များကို လွှဲပြောင်း ပေးခြင်း မပြုရန် ကွန်ဂရက်က တားဆီး ခဲ့သဖြင့် အရောင်း အဝယ် ပျက်ခဲ့ရသည့် အဖြစ်ကို မမေ့သေးဘဲ ရှိနေပေသည်။
နောက်ဆုံးတွင် အမေရိကန်တို့၏ ကာကွယ်ရေး ထီးရိပ် အောက်တွင် နေရသူ တောင်ကိုရီးယား နိုင်ငံက ပင်လျှင် ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးရှိ ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေး စနစ်များကို အမေရိကန် နိုင်ငံမှ ဝယ်ယူမည့် အစား ဂျာမနီ နိုင်ငံမှ ဝယ်ယူရန် ဆုံးဖြတ် ခဲ့သည်ကို တွေ့ရသည်။ ယခုကဲ့ သို့ အမေရိကန်တို့ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဈေးကွက်ကို လက်လွတ် လာရခြင်း အပေါ် အမေရိကန် ကုမ္ပဏီများက အကြီးအကျယ် စိုးရိမ်ပြီး ဘုရှ် အစိုးရကို ဖိအားပေး မှုများ ပြုလုပ်ခဲ့ ကြသည်။ ထို့ကြောင့် ဘုရှ်အစိုးရက ဆော်ဒီ အပါအဝင် ပင်လယ်ကွေ့ ခြောက်နိုင်ငံ သို့ ဒေါ်လာ ဘီလီယံ ၂ဝ တန်ဖိုးရှိ ခေတ်မီ လက်နက်များ ရောင်းချမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ ရသည်။ ထို့ပြင် ဂျပန်နိုင်ငံသို့ နောက်ဆုံးပေါ် အက်ဖ် ၂၂ လေယာဉ် ၈ဝ စီး ရောင်းချ နိုင်ရေး အတွက်လည်း ကွန်ဂရက်သို့ တင်ပြမည်ဟု ပြောကြား ခဲ့သည်။ အက်ဖ် ၂၂ လေယာဉ် များကို ပြည်ပသို့ ရောင်းချခွင့်အား ကွန်ဂရက် ဥပဒေဖြင့် တားမြစ် ထားသဖြင့် ထိုတားမြစ် ချက်ကို ပယ်ဖျက် ပေးရန် သို့မဟုတ် ဂျပန် နိုင်ငံအတွက် ခြွင်းချက်ဖြင့် ခွင့်ပြု ပေးရန် ဘုရှ် အစိုးရက တင်ပြရမည် ဖြစ်သည်။ ဂျပန် အစိုးရကမူ အက်ဖ် ၂၂ များ ဝယ်ခွင့် မရပါက ပြင်သစ် နိုင်ငံမှ ဝယ်ယူမည်ဟု လေသံ ပစ်လျှက် ရှိနေသည်။
ထိုကဲ့သို့ လက်နက် ရောင်းချသော နိုင်ငံများ၏ အပြိုင်အဆိုင် ကြိုးစား နေမှု များကြောင့် ကမ္ဘာ့ လက်နက် ဈေးကွက် သည် ဝယ်သူ ဈေးကွက် ဖြစ်လာပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ အနေဖြင့် စိတ်ကြိုက် ခေါင်းခေါက် ဝယ်ယူ နိုင်သည့် အခြေ အနေသို့ ရောက်နေ ပေသည်။
ဘယ်လမ်းရွေးမလဲ
ထိုကဲ့သို့ လက်နက်များ အပြိုင် အဆိုင် ရောင်းဝယ် နေချိန်တွင် ပဋိပက္ခများ ဖြေရှင်းရေးနှင့် လူမှု ဒုက္ခများ ဖြေရှင်းရေး အတွက် အဓိက တာဝန်ယူ ဆောင်ရွက် နေရသည့် ကုလ သမဂ္ဂအ ဖွဲ့ကြီး၏ အသုံးစရိတ်မှာ စစ်ရေး အသုံးစရိတ် များနှင့် နှိုင်းယှဉ်လျှင် မနှိုင်းယှဉ် သာအောင် နည်းပါး နေသည်ကို စိတ်မကောင်း ဖွယ်ရာ တွေ့ရ ပါသည်။ ကုလ သမဂ္ဂ၏ နှစ်စဉ် အသုံးစရိတ်မှာ ဒေါ်လာ ၂ဝ ဘီလီယံ သာရှိရာ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် သုံးဆယ်ပုံ တစ်ပုံသာ ရှိနေ သကဲ့သို့ ကမ္ဘာ့ နိုင်ငံ အားလုံး၏ စစ် အသုံးစရိတ်မှာ လူတစ်ဦးလျှင် ဒေါ်လာ ၁၇၃ ဒေါ်လာ ရှိနေ ချိန်တွင် ကုလ သမဂ္ဂ အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှု ဂရုဏာ လုပ်ငန်းများ အတွက် လူတစ်ဦးလျှင် သုံးဒေါ်လာ ခန့်သာ သုံးစွဲ နိုင်သည်ကို တွေ့ရ၏။ ထို့အပြင် ၂ဝဝ၆ ခုနှစ် အောက်တို ဘာလ ၃၁ ရက်နေ့တွင် အဖွဲ့ဝင် နိုင်ငံများက ကုလ သမဂ္ဂသို့ ထည့်ဝင် ရမည့် ရန်ပုံငွေ ကြွေးကျန် ဒေါ်လာ ၆၆၁ သန်းရှိသည့်အနက် အမေရိကန်၏ ကြွေးကျန် ၅၂၆ သန်း ပါဝင်နေ သည်ကို တွေ့ရပြန်ရာ နိုင်ငံ ကြီးများက ကုလသမဂ္ဂ၏ လူမှု ဂရုဏာ ကူညီရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အပေါ် အလေးထားမှု မှာ မေးခွန်း ထုတ်စရာ ဖြစ်လာ ပြန်သည်။
ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်း ချက်များနှင့် ပတ်သက်ပြီး လေ့လာ သည့် အစီရင်ခံစာ တစ်စောင်တွင် လူတိုင်း ပညာ သင်ကြား နိုင်ရေး အတွက် ဒေါ်လာ ၆ ဘီလီယံ၊ ရေကောင်း ရေသန့် ရရှိရေး အတွက် ၉ ဘီလီယံ၊ အခြေခံ ကျန်းမာရေး စောင့်ရှောက် မှုနှင့် အဟာရ ပြည့်ဝမှု အတွက် ဒေါ်လာ ၁၃ ဘီလီယံ အသုံးပြု နိုင်လျှင် ထိုကဏ္ဍ များနှင့် ပတ်သက်သည့် ထောင်စုနှစ် ရည်မှန်း ချက်များ အကောင် အထည် ဖော်နိုင် မည်ဟု ဆိုပါသည်။
ထိုငွေ ပမာဏသည် အမေ ရိကန်နှင့် အခြား အင်အားကြီး နိုင်ငံများ၏ စစ်အသုံး စရိတ်နှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲ မျှသာ ဖြစ်သည်ကို တွေ့နိုင်ပါသည်။ သို့ တိုင်အောင် ထိုနိုင်ငံများက စစ်ရေး အသုံးစရိတ်များ တိုးမြှင့် အသုံးပြုခြင်း၊ လက်နက်များ ရောင်းချ ခြင်းကို နိုင်ငံတကာ လုံခြုံရေးနှင့် တည်ငြိမ်မှုကို အထောက်အကူ ပြုရန် ဖြစ်သည်ဟု ကာကွယ် ပြောဆို နေကြဆဲ ဖြစ်ပါသည်။ အလားတူပင် ဖွံ့ဖြိုးဆဲ နိုင်ငံများ ကလည်း နိုင်ငံ လုံခြုံရေး အတွက် လက်နက်များ ဝယ်ရ သည်ဟု ဆိုပြန်သည်။ သို့သော် ၁၉၅၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမေရိကန် သမ္မတ အိုက်ဆင် ဟောင်ဝါ ပြောခဲ့သည့် အောက်ပါ စကားများက လက်နက် ယှဉ်ပြိုင်မှုဖြင့် လုံခြုံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ရရှိစေမည် မဟုတ် သည်မှာ ထင်ရှား နေပါသည်။ လက်နက် ပြိုင်ဆိုင်မှုဟာ ငွေဖြုန်းတာ သက်သက် မဟုတ်ဘူး၊ အလုပ်သမား တွေရဲ့ ချွေးတွေ၊ သိပ္ပံ ပညာရှင် တွေရဲ့ အဖိုးတန်တဲ့ အကြံညဏ်တွေ၊ ကလေးတွေရဲ့ အနာဂတ် မျှော်လင့်ချက် တွေကိုပါ ဖြုန်းတီး ပစ်တာပဲ၊ သေနတ် တစ်လက် လုပ်လိုက်တိုင်း၊ စစ်သဘောင်္ တစ်စီး ရေချ လိုက်တိုင်း၊ ဒုံးပျံ တစ်စင်းပစ်လိုက်တိုင်း စားစရာ မရှိလို့ ငတ်မွတ် နေတဲ့လူ၊ ဝတ်စရာ မရှိလို့ အအေးဒဏ် ခံနေရ သူတွေကို ပေးရမယ့် ငွေတွေကို ခိုးယူ လိုက်တာနဲ့ အတူတူ ပါပဲ၊ ဒါဟာ လူတွေရဲ့ ဘဝကို တည်ဆောက် ပေးနိုင်တဲ့ နည်းလမ်း မဟုတ် ပါဘူး။ စစ်မက် အရိပ်အငွေ့ တွေ အောက်မှာ ငြိမ်းချမ်းမှု၊ စာနာ ထောက်ထားမှု ဆိုတဲ့ လူ့တန်ဘိုး တွေ စတေးခံ လိုက်ရမှာပဲ။
ရဲထွဋ်
International Eleven, 30-08-2007
မှီငြမ်းပြုစာစောင်များ

၁။
Worl Military Spending by Anup Shah, 25-2-2007
၂။
Newsweek, 20-8-2007
၃။
Conventional Arms Transfers to Developing Nations, 1998-2005, Report to US Congress, 2006

No comments:

Post a Comment