Monday, September 23, 2013

တရုတ်စစ်အင်အားတိုးချဲ့မှုနှင့်အမေရိကန်အမြင်

၂ဝဝဝ ပြည်နှစ်တွင် အမေရိကန် ကွန်ဂရက်က ကာကွယ်ရေး ဝန်ကြီး ဌာနသည် တရုတ် နိုင်ငံ၏ ကာကွယ်ရေး အင်အား တိုးချဲ့ တည်ဆောက်မှု အခြေအနေနှင့် အလား အလာများကို နှစ်နှစ် တစ်ကြိမ် သုံးသပ် တင်ပြရန် ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းခဲ့ ပါသည်။ ထိုပြဋ္ဌာန်း ချက်သည် အမေရိကန် နိုင်ငံရေး လောကတွင် တရုတ် နိုင်ငံ၏ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အင်အား ကြီးမား လာမှုအပေါ် စိုးရိမ်လာမှုကို ပြသ လိုက်ခြင်းလည်း ဖြစ်ပါသည်။ အထက်ပါ ဥပဒေ ပြဋ္ဌာန်းချက်နှင့် အညီ ၂ဝဝ၆ ခုနှစ် စက်တင် ဘာလတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနသည် တရုတ်နိုင်ငံ၏ စစ်အင်အား တိုးချဲ့ တည်ဆောက်ေ နမှု အပေါ် စိုးရိမ်ကြောင်း ဖော်ပြ ထားသည့် အစီရင်ခံစာ တစ်စောင်ကို ကွန်ဂရက်သို့ တင်သွင်းခဲ့ ပါသည်။
ပြည်သူ့စစ်မှ သတင်းစစ်သို့
အမေရိကန် တို့က တရုတ် တပ်မတော်သည် အင်အား ကြီးမားသည့် ကျူးကျော်သူကို မိမိ မြေပေါ်တွင် ရေရှည် စစ်ဆင်နွဲပြီး တိုက်ခိုက် ချေမှုန်းမည့် ပြည်သူ့ စစ်မဟာ ဗျူဟာကို ကျင့်သုံးသည့် တပ်မတော် အဖြစ်မှ နည်းပညာ အဆင့် မြင့်မားသော ရန်သူကို မိမိ နိုင်ငံ မြေပေါ်သို့ ခြေမချမီ တိုက်ခိုက် ချေမှုန်း နိုင်စွမ်း ရှိသည့် ရေတို စစ်ရှိန်မြင့်ပဋိပက္ခ Short Duration, High Intensity ကို ရင်ဆိုင် နိုင်စွမ်း ရှိသည့် ခေတ်မီ တပ်မတော် တစ်ရပ် အဖြစ်သို့ ကူးပြောင်း ရောက်ရှိ လာနေပြီဟု သုံးသပ်ခဲ့သည်။ တရုတ် တပ်မတော်သည် ၎င်းတို့၏ ဂျပန် ကျူးကျော်မှု ခုခံရေး စစ်ပွဲနှင့် ကူမင်တန် တရုတ်ဖြူ ချေမှုန်းရေး စစ်ပွဲ အတွေ့အကြုံ များကို အခြေခံပြီး ၁၉၄၉ ခုနှစ်မှ ၁၉၈ဝ ပြည့်လွန် နှစ်များ အထိ ပြည်သူ့ စစ်မဟာ ဗျူဟာကို ကျင့်သုံးခဲ့သည်။ ထိုမဟာ ဗျူဟာအရ ကျူးကျော် လာသည့် ရန်သူကို တရုတ်နိုင်ငံ၏ လူဦးရေ များပြားမှု၊ မြေနေရာ ကျယ်ဝန်းမှု တို့ကို အသုံးချပြီး ရေရှည်စစ်ဖြင့် ခုခံချေမှုန်း သွားရမည် ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူလူထု၊ နယ်မြေထု နှင့် အချိန်ထု ဆိုသည့် ထုကြီး သုံးရပ်ကို အသုံးပြုမည့် ပြည်သူ့ စစ်မဟာ ဗျူဟာကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
၁၉၈ဝ ပြည့်လွန် နှစ်များသို့ ရောက်ရှိ လာသောအခါ တရုတ်- အမေရိကန် ဆက်ဆံရေး ကောင်းမွန် လာခြင်း၊ ဆိုဗီယက် ပြည်ထောင်စုနှင့် တင်းမာမှု လျော့ပါး လာခြင်း၊ စစ်အေး တိုက်ပွဲ အရှိန် လျော့လာခြင်း တို့ကြောင့် တရုတ်နိုင်ငံ အနေဖြင့် အဏုမြူ စစ်ပွဲ ဆင်နွဲရမည့် အခြေအနေ၊ ကျူးကျော် ခံရမည့် အခြေအနေများ လျော့နည်း လာခဲ့သည်။ ထိုအခြေအနေ များနှင့် ခေတ်မီ နည်းပညာများ တိုးတက် လာမှု တို့ကြောင့် တရုတ် တပ်မတော်သည် ၁၉၈၅ ခုနှစ်တွင် ခေတ်မီ နည်းပညာ အခြေအနေ အောက်မှ ဒေသန္တရ စစ်ပွဲ ဆိုသော အယူအဆကို ပြောင်းလဲ ကျင့်သုံး ခဲ့သည်။ ထိုအယူအဆအရ တရုတ် တပ်မတော်သည် ကြည်း ရေ လေ ပူးပေါင်း စစ်ဆင်ရေး များကို ဆင်နွှဲ နိုင်သော လျှင်မြန်စွာ စစ်ကစား နိုင်စွမ်း ရှိသော တပ်မတော် အဖြစ်သို့ ရောက်ရှိအောင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် ခဲ့သည်။ ထိုပြုပြင် ပြောင်းလဲမှု များ၏ ရလဒ်အဖြစ် တပ်မတော်ကို လူအင်အား တစ်သန်းအထိ လျော့ချခြင်း၊ စစ်ဒေသကြီး ၁၁ ခုအား ၇ ခုအဖြစ် ပြန်လည် ဖွဲ့စည်းခြင်း၊ တပ်မကြီး ၃၆ ခုအား ပူးပေါင်းနှင့် ပူးတွဲ စစ်ဆင်ရေးများ ဆင်နွှဲ နိုင်စွမ်း ရှိအောင် ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ရေတပ်နှင့် လေတပ်တို့ကို ခေတ်မီအောင် ဖွဲ့စည်း ခြင်းများကို လုပ်ဆောင်ခဲ့ ပေသည်။ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ သင်ခန်းစာက တရုတ် တပ်မတော်၏ ခေတ်မီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ပိုမို အရှိန်အဟုန် မြင့်စေခဲ့သည်။
၁၉၉၅-၁၉၉၆ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည် တိုင်ဝမ် ရေလက်ကြား တင်းမားမှု နောက်ပိုင်းတွင်မူ တရုတ်တို့သည် တိုင်ဝမ် ပြဿနာတွင် အမေရိကန် တို့က စစ်ရေးအရ ဝင်ရောက် စွတ်ဖက် လာသည့် အခြေအနေကို ရင်ဆိုင် နိုင်စွမ်းရှိရန် အတွက် မဟာဗျူဟာ ချမှတ် ဆောင်ရွက် ခဲ့သည်။ နောက်ပိုင်းတွင် ဖြစ်ပေါ် လာသည့် ၁၉၉၉ ကိုဆိုဗို စစ်ပွဲ၊ ၂ဝဝ၁ ခုနှစ် အာဖဂန် စစ်ပွဲနှင့် ၂ဝဝ၃ ခုနှစ် အီရတ် ကျူးကျော် စစ်များ နောက်ပိုင်းတွင်မူ တရုတ် တပ်မတော်သည် သတင်း အချက်အလက် နည်းပညာနှင့် ခေတ်မီ နည်းပညာ များကို ပိုမို အသုံးပြုနိုင်ရေး အတွက် ဆောင်ရွက် လာခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ထုတ်ပြန်သည့် ကာကွယ်ရေး မူဝါဒ စာတမ်းတွင်မူ တရုတ် တပ်မတော်သည် ခေတ်မီ နည်းပညာ အခြေအနေ အောက်မှ ဒေသန္တရ စစ်ပွဲ ဆိုသည့် အယူအဆကို သတင်း အချက်အလက် နည်းပညာသုံး ဒေသန္တရ စစ်ပွဲ ဟူသော အယူအဆဖြင့် အစားထိုး လာခဲ့သည်။ ထို့ကြောင့် အမေရိကန် တို့က တရုတ် တို့သည် တိုင်ဝမ် ပဋိပက္ခ ကြောင့် အမေရိကန်နှင့် ရင်ဆိုင်ရမည့် အခြေအနေကို ရည်ရွယ် ပြင်ဆင်သည့် အဆင့်မှ ကျန်ဒေသ အတွင်း ပဋိပက္ခ များတွင် တရုတ် နိုင်ငံ၏ အကျိုး စီးပွားများကို စစ်အင်အား ဖြင့် ကာကွယ် နိုင်သည့် အဆင့်သို့ ရောက်အောင် တပ်မတော်ကို တည်ဆောက် နေသည်။ မကြာမီ ကာလတွင် အမေရိကန် တို့ကို ဒေသတွင်းတွင် စစ်ရေးအရ ရင်ဆိုင် နိုင်သည့် အဆင့်သို့ ရောက်ရှိ တော့မည်။ အမေရိကန် တို့၏ နည်းပညာ သာလွန်မှုကို ချေဖျက် နိုင်စွမ်း ရှိအောင် ကြိုးပမ်း လုပ်ဆောင် လာနေ သည်ဟု ၎င်းတို့၏ စိုးရိမ်မှုကို ထုတ်ဖော် ပြောကြား ခဲ့သည်ကို တွေ့ရပါသည်။
အဏုမြူလက်နက်အသုံးပြုခြင်း
၁၉၉၈ ခုနှစ်က ထုတ်ပြန် ခဲ့သည့် တရုတ် နိုင်ငံ၏ ကာကွယ်ရေး မူဝါဒ စာတမ်းတွင် တရုတ်နိုင်ငံ အနေဖြင့် မည်သည့် အချိန်၊ မည်သည့် အခြေအနေ တွင်မှ အဏုမြူ လက်နက်ကို စတင် အသုံးပြု တိုက်ခိုက်မည် မဟုတ်သကဲ့သို့ အဏုမြူ လက်နက် ပိုင်ဆိုင်ခြင်း မရှိသော နိုင်ငံများ၊ အဏုမြူ ကင်းမဲ့ဇုန်တွင် ပါဝင်သော နိုင်ငံများ အပေါ်တွင် လည်း အဏုမြူ လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း အတိအလင်း ဖော်ပြခဲ့ ပါသည်။ သို့သော် ၂ဝဝ၅ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ ဗိုလ်ချုပ် Zhu Chenghu က တိုင်ဝမ် ပဋိပက္ခ ကြောင့် အမေရိကန် နိုင်ငံက တရုတ် ပြည်မကြီးရှိ ပစ်မှတ်များကို သမားရိုးကျ ဒုံးကျည်များ၊ ပဲ့ထိန်း ဗုံးများ ဖြင့် တိုက်ခိုက်လာလျှင် တရုတ် တပ်မတော် အနေဖြင့်လည်း အဏုမြူ လက်နက် များကို အသုံးပြုပြီး တန်ပြန် တိုက်ခိုက် ရလိမ့်မည် ဟု ဆွေးနွေးပွဲ တစ်ခုတွင် ထုတ်ဖော် ပြေကြား ခဲ့သည်။ ထိုပြောကြား ချက်သည် အဏုမြူ လက်နက်ကို မည်သည့် အခါမျှ စတင် အသုံးမပြုပါ ဆိုသည့် တရုတ်တို့၏ တရားဝင် မူဝါဒနှင့် ဆန့်ကျင် နေသော ကြောင့် အမေရိကန် အစိုးရ အဖွဲ့အတွင်း အကြီးအကျယ် ဂယက်ရိုက် သွားခဲ့ပါသည်။
တရုတ် တပ်မတော်က နောက်ပိုင်းတွင် ဗိုလ်ချုပ် Zhu Chenghu ၏ ပြောကြားချက် များသည် ၎င်း၏ ကိုယ်ပိုင် အယူအဆ များသာ ဖြစ်ကြောင်း ဖြေရှင်း ခဲ့သော်လည်း တရုတ် နိုင်ငံ ခေါင်းဆောင်များ အတွင်းတွင် အဏုမြူ လက်နက် စတင် အသုံးမပြုရေး မူဝါဒသည် လက်ရှိ နိုင်ငံတကာ အခြေ အနေများနှင့် ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည် သုံးသပ် နေသည်ဟူသော ယူဆချက်များ ထွက်ပေါ် လာခဲ့သည်။ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလ တွင်လည်း တရုတ် တပ်မတော်နှင့် နီးစပ်မှု ရှိသော ဟောင်ကောင်ထုတ် ဂျာနယ် တစ်စောင်တွင် တရုတ်နိုင်ငံ၏ အဏုမြူ လက်နက် ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်ရန် တောင်းဆိုသည့် ဆောင်းပါး တစ်စောင်ကို ဖော်ပြ ခဲ့သည်။ ထိုဆောင်းပါရှင်က တရုတ်တို့၏ အဏုမြူ လက်နက်ကို စတင် အသုံးမပြု ဆိုသည့် မူဝါဒသည် တရုတ် နိုင်ငံ၏ အဓိက အမျိုးသား အကျိုး စီးပွား များကို အကာအကွယ် ပေးရန် အတွက် လုံလောက်မှု မရှိတော့သဖြင့် ထိုမူဝါဒကို ပြန်လည် သုံးသပ်သင့် သည်ဟု တောင်းဆို ခဲ့သည်။ အလားတူပင် ၂ဝဝ၅ ခုနှစ် အတွင်း တရုတ် တက္ကသိုလ် များတွင် ပြုလုပ်ခဲ့သည့် အဏုမြူ မူဝါဒ ဆိုင်ရာ ဆွေးနွေးပွဲ များတွင် ပညာရှင် အများအပြားက ရန်သူက တရုတ် နိုင်ငံအပေါ် အဏုမြူ လက်နက်မှ အပ ကျန်ခေတ်မီ နည်းပညာသုံး လက်နက်များကို အသုံးပြုပြီး ဗြောင်ကျကျ ကျူးကျော် တိုက်ခိုက် လာလျှင် တရုတ်တို့ အနေဖြင့် အဏုမြူ လက်နက်ကို စတင်အသုံးပြု သင့်သည်၊ အလားတူပင် တရုတ်နိုင်ငံ၏ သမားရိုး ကျတပ်ဖွဲ့များ ချေမှုန်းခံရပြီး တိုင်ဝမ် နိုင်ငံက ထိုအခြေအနေ ကို အခွင့်ကောင်းယူပြီး တစ်ဖက်သက် လွပ်လပ်ရေး ကြေညာခဲ့လျှင် တရုတ် နိုင်ငံသည် အဏုမြူ လက်နက် များကို အသုံးပြု ရမည်၊ တရုတ် နိုင်ငံအနေဖြင့် အဏုမြူ လက်နက် များကို ထိရောက်သော ဟန့်တားရေး မူဝါဒ အတွက် အသုံးပြု သင့်သည် ဆိုသော အယူအဆ များကို တင်ပြ ဆွေးနွေး လာခဲ့သည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ ဆွေးနွေးမှုများ ရှိနေလင့် ကစား ကာကွယ်ရေး ဝန်ကြီး ရမ်းစဖဲလ်၏ ၂ဝဝ၅ ခုနှစ် အောက်တိုဘာလ ခရီးစဉ်တွင် တရုတ် ခေါင်းဆောင်များက အဏုမြူ လက်နက်ကို စတင် အသုံးမပြု ဆိုသည့် မူဝါဒ ပြောင်းလဲမှု မရှိကြောင်း အာမခံ ခဲ့သော်လည်း အမေရိကန် တို့အနေဖြင့် တရုတ် နိုင်ငံ၏ အဏုမြူ တပ်ဖွဲ့များ တိုးချဲ့ တည်ဆောက်မှုနှင့် အဏုမြူ လက်နက် ဆိုင်ရာ မူဝါဒ ဆွေးနွေးပွဲ များကို အနီးကပ် စောင့်ကြည့်ရန် လိုသည်ဟု သုံးသပ်ခဲ့ ပါသည်။
တိုင်ဝမ်ပြဿနာ
တရုတ် တပ်မတော် သည် တရုတ်နိုင်ငံ၏ တိုင်ဝမ် ဆိုင်ရာ မူဝါဒကို ပြောင်းလွယ် ပြင်လွယ် ကျင့်သုံး နိုင်ရန်နှင့် ဖိအားပေး နိုင်သည့် နည်းလမ်း ပေါင်းစုံကို အသုံးပြု နိုင်အောင် ကူညီပံ့ပိုး ဆောင်ရွက် ပေးနေသည် ဟု အမေရိကန် တို့က သုံးသပ် ခဲ့သည်။ တိုင်ဝမ်နှင့် ပတ်သက်သည့် တရုတ် တပ်မတော်၏ အဓိက ရည်မှန်းချက် မှာ တိုင်ဝမ် ပဋိပက္ခတွင် ကြားဝင် လာသည့် တတိယ နိုင်ငံ တနိုင်ငံကို ဖြစ်နိုင်ပါက လျှင်မြန်စွာ တိုက်ခိုက် ချေမှုန်းရန် နှင့် လိုအပ်ပါက ရေရှည် စစ်ဆင် နွဲပြီး ဟန့်တား နိုင်ရန် ဖြစ်သည်။ ထို့ပြင် တရုတ် တပ်မတော်သည် တိုင်ဝမ် နိုင်ငံကို သံတမန်ရေး၊ စီးပွားရေး၊ နိုင်ငံရေး နည်းလမ်း များဖြင့် ဖိအာပေး နေမှုများကို အထောက်အကူ ပြုနိုင်ရန် အတွက် အောက်ပါ စစ်ရေး နည်းလမ်း များကို အသုံးပြု နိုင်အောင် ပြင်ဆင် နေသည်ဟု အမေရိကန် တို့က စွပ်စွဲ ဖော်ပြ ထားသည် ကိုလည်း တွေ့ရသည်-
(က)
တိုင်ဝမ် နိုင်ငံ၏ စစ်ဘက်နှင့် အရပ်ဘက် ကွန်ပျူတာ ကွန်ယက် စနစ်များကို တိုက်ခိုက်ခြင်း။ စီးပွားရေး၊ ဆက်သွယ်ရေး ဆိုင်ရာ ပစ်မှတ် များကို အဖျက် အမှောက် လုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ခ)
တာတိုပစ် ဒုံးပျံများနှင့် လေကြောင်း စစ်ဆင်ရေးကို အသုံးပြုပြီး အရေး ပါသော စစ်ရေး၊ စီးပွားရေး ပစ်မှတ်များ ကို တိုက်ခိုက်ခြင်း။
(ဂ)
တိုင်ဝမ်နိုင်ငံ၏ ကုန်သွယ် ရေကြောင်း လမ်းများကို ပိတ်ဆို့ခြင်း။
(ဃ)
ကမ်းတက် စစ်ဆင်ရေး ဆင်နွဲခြင်း။
သို့သော် အမေရိကန် တို့က တရုတ် တပ်မတော် အနေဖြင့် တိုင်ဝမ် နိုင်ငံကို စစ်ရေးအရ အတိအလင်း ဝင်ရောက် စွတ်ဖက် နိုင်သည် အထိ စွမ်းအား မရှိသေး ကြောင်း၊ ထို့ပြင် တိုင်ဝမ်ကို စစ်ရေးအရ ဝင်ရောက် စွတ်ဖက် ချိန်တွင် အမေရိကန်နှင့် ဂျပန်တို့မှ တရုတ်နိုင်ငံ၏ ကုန်သွယ် ရေလမ်းကြောင်း များကို ပြန်လည် ပိတ်ဆို့ခြင်း၊ စီးပွားရေး အရ ဒဏ်ခတ် အရေးယူ ခြင်းများကို ရင်ဆိုင်နိုင်သည့် စွမ်းရည်လည်း မရှိသေးကြောင်း၊ ထိုအချက်ကို တရုတ်တို့ ကလည်း သဘော ပေါက်ထားပြီး ထို အခြေအနေများကို ကိုင်တွယ် နိုင်စွမ်းရှိသည့် တပ်မတော် ဖြစ်လာအောင် ဦးစားပေး ဆောင်ရွက် နေကြောင်း၊ သုံးသပ် ထားသည်ကို တွေ့ရပါသည်။
တရုတ် နိုင်ငံ၏ မဟာဗျူဟာ
တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ အထူးသဖြင့် အာရှဒေသတွင်း နိုင်ငံများကို တရုတ်နိုင်ငံ၏ စစ်အင်အား တိုးချဲ့ တည်ဆောက်မှု သည် ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်မှု မဟုတ်ကြောင်း ၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက်အကူ ပေးရန်သာ ဖြစ်ကြောင်း အခွင့်ရတိုင်း ရှင်းလင်း ပြောကြားခဲ့ ပါသည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနကမူ ထိုအချက်ကို လက်ခံ လိုခြင်း မရှိပဲ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ရည်မှန်းချက်ကို နားလည်လိုလျှင် တိန်ရှောက်ဖိန်၏ အဆိုအမိန့် ဖြစ်သော “တည်တည် ငြိမ်ငြိမ် လေ့လာ၊ မိမိ အနေအထား ကို ခိုင်မာအောင်လုပ်၊ အခြေအနေ များကို တည်တည် ငြိမ်ငြိမ် ကိုင်တွယ် ဖြေရှင်း၊ မိမိ စွမ်းဆောင် နိုင်မှုကို လျှို့ဝှက်ထား၊ အချိန်ကို စောင့်၊ သိုသို သိပ်သိပ်နေ၊ ရှေ့ကို ချွန်ထွက် မလာနဲ့” ဆိုသည့် အယူအဆကို သတိပြုရန် လိုကြောင်း ထောက်ပြ ခဲ့သည်။ ၁၉၉ဝ ပြည့်လွန် နှစ်များက တရုတ် နိုင်ငံ၏ နိုင်ငံခြားရေး၊ လုံခြုံရေး ကိစ္စများတွင် လိုက်နာရန် အတွက် တိန်ရှောက်ဖိန်က ချပြခဲ့သည် အထက်ပါ မူဝါဒကို တရုတ် ဘာသာဖြင့် အက္ခရာ၂၄ လုံး လမ်းညွှန် ချက်ဟု ခေါ်ဆိုပြီး ယနေ့အချိန်ထိ တရုတ် ခေါင်းဆောင် များအတွင်းတွင် လိုက်နာ ကျင့်သုံး နေဆဲ ဖြစ်သည်။ အမေရိကန်တို့က တရုတ် နိုင်ငံ၏ လတ်တလော ပျော့ပြောင်းမှု၊ လိုက်လျောမှု များကို ကြည့်ပြီး တရုတ်တို့၏ ရေရှည် ရည်မှန်းချက် များကို လျော့မတွက်ရန် သတိပေး ထားသည်ကို တွေ့ရသည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပညာရှင်များက တရုတ် တပ်မတော် အနေဖြင့် အမေရိကန် တပ်မတော်ကို ယှဉ်ပြိုင် နိုင်စွမ်း ရှိရန် အတွက် အချိန်လို သေးသော်လည်း အာရှဒေသတွင်း ကျန်နိုင်ငံများနှင့် နယ်မြေ ပိုင်ဆိုင်မှုနှင့် အခြား တရုတ် နိုင်ငံ၏ အကျိုး စီးပွားကို ထိခိုက် လာသည့် အရေးအ ခင်းများကိုမူ စစ်အင်အား ကို ကျောထောက် နောက်ခံ ပြုပြီး သံတမန်ရေး၊ နိုင်ငံရေး နည်းလမ်း များဖြင့် ဖြေရှင်းနိုင်သည့် အနေ အထားသို့ ရောက်နေပြီဟု သုံးသပ်ခဲ့ ပါသည်။
တရုတ် နိုင်ငံကမူ အမေရိကန်တို့၏ စိုးရိမ်မှုများကို ပယ်ချခဲ့ပြီး တရုတ်နိုင်ငံ၏ အင်အား ကြီးမား လာမှုသည် ငြိမ်းချမ်းစွာ ဖြစ်ပေါ် တိုးတက်မှုသာ ဖြစ်ကြောင်း၊ သို့သော် အမေရိကန် အနေဖြင့် အခြေအနေ မှန်ကို မျက်ကွယ် ပြုပြီး တရုတ်နိုင်ငံကို ထိန်းချုပ်ရေး မူဝါဒကို ကျင့်သုံး နိုင်ရေး အတွက် တရုတ်=နိုင်ငံ၏ အခြေအနေ ကို မှားယွင်းစွာ ပုံဖော် နေကြောင်း ပြန်လည် ချေပ ခဲ့သည် ကိုလည်း တွေ့ရပါသည်။
မည်သို့ပင် ဖြစ်စေ တရုတ် နိုင်ငံသည် ၂၁ ရာစုတွင် အာရှေ ဒသ၏ စီးပွားရေး အင်အားကြီး နိုင်ငံ တစ်ခု အဖြစ်သို့ ရောက်ရှိလာ သကဲ့သို့ စစ်အင်အားကြီး နိုင်ငံ တစ်ခု အဖြစ် သို့လည်း တစ်ဖြေးဖြေး ရောက်ရှိ လာနေပြီ ဖြစ်သည်။ ထို့ကြောင့် အမေရိကန် နိုင်ငံ၏ အာရှတိုက် ဆိုင်ရာ အမျိုးသား အကျိုးစီးပွားနှင့် လုံခြုံရေး မဟာဗျူဟာတွင် တရုတ် နိုင်ငံသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေမည် သာဖြစ်သည်။ သို့ဖြစ်ပေရာ လာမည့် ဆယ်စုနှစ်များတွင် အာရှ ဒေသ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုသည် အမေရိကန်နှင့် တရုတ်နိုင်ငံ ဆက်ဆံရေး ပေါ်တွင်သာ အဓိက မူတည် နေတော့ မည်မှာ ထင်ရှား လာနေပြီ ဖြစ်သည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Military Power of the People Republic of China 2006, US Department of Defense
၂။
China - United State Relationship by Yuan Pend, China Daily
၃။
China’s Neighbors Worry About Its Growing Military Strength, The Pew Global Project Attitude, September 2006

No comments:

Post a Comment