Friday, September 20, 2013

ငွေကြေးနှင့် နိုင်ငံရေးပါတီများ (၂)

တစ်ဦးချင်းထည့်ဝင်ငွေနှင့်အချိုးညီထောက်ပံခြင်း
အမေရိကန် နိုင်ငံတွင် ကျင့်သုံး နေသော သမ္မတ ရွေးကောက်ပွဲ အတွက် ရန်ပုံငွေ ထောက်ပံ့သည့် နည်းလမ်း တစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေအရ ပြည်နယ် များတွင် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲ ကျင်းပချိန်၌ ဤ နည်းလမ်းဖြင့် ရွေးကောက်ပွဲ ရန်ပုံငွေကို ထောက်ပံ့သည်။ ပြည်ထောင်စု အစိုးရ၏ ရွေးကောက်ပွဲ ရန်ပုံငွေကို လက်ခံ ထားသော သမ္မတလောင်း အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်သော အများဆုံး သုံးစွဲနိုင်သည့် ငွေကြေး ပမာဏ ကန့်သတ်ချက်ကို လိုက်နာရန် လိုအပ်သကဲ့သို့ ငွေကြေး သုံးစွဲမှုများကို မှတ်တမ်း ထားရှိပြီး အစစ်ဆေး ခံရန် လိုအပ်သည်။ ထို့ပြင် အနည်းဆုံး ပြည်နယ် နှစ်ဆယ်၌ ပြည်နယ် တစ်ခုလျှင် မိမိ အစီအစဉ်ဖြင့် ရွေးကောက်ပွဲ ရန်ပုံငွေ ၅ဝဝဝ ဒေါ်လာ ရရှိအောင် ကောက်ခံ နိုင်ကြောင့် သက်သေ ပြရန် လိုအပ်သည်။ သို့သော် ထို ရန်ပုံငွေကို ထည့်ဝင် ရာတွင် အလှုရှင် များသည် တစ်ဦးလျှင် ဒေါ်လာ ၂၅ဝ ထက် မပိုပဲ ထည့်ဝင် ရမည် ဖြစ်သည်။
ထိုသတ်မှတ် ချက်များနှင့် ပြည့်စုံသော သမ္မတလောင်း အနေဖြင့် ၎င်း၏ ရွေးကောက်ပွဲ ရန်ပုံငွေ ထည့်ဝင်သော ပုဂ္ဂလိက အလှုရှင် များ၏ ပထမဆုံး ထည့်ဝင်သည့် ဒေါ်လာ ၂၅ဝ အတွက် နိုင်ငံတော်က ဒေါ်လာ ၂၅ဝ ကို အချိုးညီ ထည့်ဝင် သွားမည် ဖြစ်သည်။ ဤ သတ်မှတ် ချက်သည် သမ္မလောင်းများ အနေဖြင့် ချမ်းသာ ကြွယ်ဝ သူများ၊ စီးပွားရေး လုပ်ငန်း ကြီးများ ထက် သာမန် ပါတီဝင် များ၏ ထည့်ဝင် ငွေကို ပိုမို အားကိုး စေရန် သတ်မှတ် ထားခြင်း ဖြစ်သည်။ သို့သော် ၂ဝဝဝ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲမှ စတင်ပြီး ရီပတ် ဘလီကင် နှင့် ဒီမိုကရက် သမ္မတ လောင်းများသည် ကန့်သတ်ချက် များသော နိုင်ငံတော် ထောက်ပံ့ ငွေကို လက်မခံပဲ လွတ်လပ်စွာ ရန်ပုံငွေ စုဆောင်း ခဲ့ကြခြင်း ကြောင့် ယခု သတ်မှတ် ချက်သည် ထိရောက်မှု မရှိတော့ သည်ကို တွေ့ရပေသည်။
ပါတီ ညီလာခံ ကျင်းပရန် အတွက် ထောက်ပံခြင်း
အဓိက ပါတီကြီး နှစ်ခုဖြစ်သော ရီပတ် ဘလီကင် ပါတီနှင့် ဒီမိုကရက် ပါတီတို့ကို မိမိပါတီ၏ သမ္မတ လောင်းကို ရွေးချယ် အတည် ပြုသည့် ပါတီ ညီလာခံ ကျင်းပနိုင်ရန် အတွက် ပါတီ တစ်ခုလျှင် ဒေါ်လာ ၁၂.၃၆ သန်း ထောက်ပံ့ ပေးသည်။
အထွေထွေထောက်ပံခြင်း
အဓိက ပါတီကြီး နှစ်ခု ဖြစ်သော ရီပတ် ဘလီကင် ပါတီနှင့် ဒီမိုကရက် ပါတီ သမ္မတလောင်း များသည် ရွေးကောက်ပွဲ အထွေထွေ အသုံးစရိတ် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၆၁.၈၂ သန်းစီ ရရှိကြသည်း အခြား ပါတီငယ် များက သမ္မတလောင်းများ အတွက်မူ နိုဝင်ဘာ ရွေးကောက် ပွဲတွင် လူထု ထောက်ခံမဲ အနည်းဆုံး ၅% ရရှိလျှင် အထွေထွေ ထောက်ပံ့ငွေကို အချိုးကျ ခံစားခွင့် ရှိသည်။
သွယ်ဝိုက်ထောက်ပံ့ခြင်း
အင်္ဂလို- ဆက်ဆွန် အုပ်စု နိုင်ငံများ ဖြစ်သည့် အမေရိကန်၊ အင်္ဂလိပ်၊ သြစတေး လျနှင့် ကနေဒါ နိုင်ငံ များတွင် နိုင်ငံရေး ပါတီ ရန်ပုံငွေ အတွက် နိုင်ငံတော်မှ သွယ်ဝိုက် ထောက်ပံ့ မှုကို ဗြိတိန် နိုင်ငံတွင်သာ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် နေသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်း မှာလည်း ကျန်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဗြိတိန် နိုင်ငံသည် နိုင်ငံရေး ပါတီများကို တိုက်ရိုက် ထောက်ပံ့မှု အနည်းဆုံး ဖြစ်သော ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် အတိုက်အခံ ပါတီများ အတွက် သီးခြား ထောက်ပံ့ မှုများ ပြုလုပ်ခြင်း သည်လည်း ဗြိတိန် နိုင်ငံ၏ ထူးခြားသော စနစ်ပင်ဖြစ်သည်။
ဗြိတိန် နိုင်ငံတွင် ရွေးကောက်ပွဲ ဝင်သော ကိုယ်စားလှယ် လောင်းများ အတွက် ရေဒီယို၊ ရုပ်မြင် သံကြား တို့တွင် အခမဲ့ အသံလွှင့် ပြောကြားခွင့် ရှိပြီး အစည်းအဝေး ခန်းမများကို အခမဲ့ အသုံးပြုခွင့် ရရှိခြင်း၊ စာပို့ခ များကို ကင်းလွတ်ခွင့် ပြုခြင်း စသော အခွင့်အရေးများ ကိုလည်း ပေးအပ် ထားသည်။ ထို့ပြင် အာဏာရ ပါတီ အမတ်များ အနေဖြင့် အစိုးရ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့၏ ပါတီ လုပ်ငန်းများ၊ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း များကို ဆက်စပ် ဆောင်ရွက်နိုင်သည့် အခွင့်အရေး ရရှိ နေခြင်းကို ထိန်းညှိ ပေးသည့် သဘောဖြင့် အတိုက်အခံ ပါတီအတွက် သီးခြား အခွင့်အရေးများ ထပ်မံ ပေးအပ် ထားသည်။ အတိုက်အခံ ပါတီများ အနေဖြင့် နှစ်စဉ် ပေါင် စတာလင် ၄.၉ သန်းကို ပါတီ လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရရှိသကဲ့သို့ အတိုက်အခံ ပါတီ ခေါင်းဆောင်များ၏ ခရီးစရိတ် အတွက် နှစ်စဉ် ပေါင်စတာလင် ကိုးသိန်း ကိုလည်း ခံစားခွင့် ရှိသည်ကို တွေ့ရသည်။
ရန်ပုံငွေသုံးစွဲမှုအပေါ်ထိန်းချုပ်ခြင်း
နိုင်ငံရေး ပါတီများ၏ ရန်ပုံငွေ သုံးစွဲမှုများကို ထိန်းချုပ် ရာတွင်မူ အင်္ဂလို- ဆက်ဆွန် အုပ်စု နိုင်ငံများ အတွင်းတွင် ကွဲပြား ခြားနားမှုများ ရှိနေသည်ကို တွေ့ရသည်။ အမေရိကန် နိုင်ငံတွင် ထည့်ဝင်သည့် ရန်ပုံငွေ ပမာဏကို ကန့်သတ်သည့် နည်းလမ်းကို အသုံးပြု သော်လည်း ကျန်သုံးနိုင်ငံ တွင်မူ ပါတီ သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် လောင်း တစ်ဦး အနေဖြင့် ရွေးကောက်ပွဲ ဝင်ရာတွင် အများဆုံး သုံးစွဲ နိုင်သည့် ငွေပမာဏ ကို ကန့်သတ်သည့် နည်းလမ်းကို အသုံးပြုသည်။ ရန်ပုံငွေ ထည့်ဝင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း များနှင့် ပတ်သက်သည့် သတင်း အချက်အလက် များကို ပွင့်လင်းစွာ ထုတ်ပြန် အသိပေးရန် အတွက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ တို့တွင် ဥပဒေများ ပြဋ္ဌာန်းထား သော်လည်း သြစတေးလျ နိုင်ငံတွင်မူ ထိုသို့ ထုတ်ပြန်ခြင်း မပြုရန် တားမြစ်ထား သည်ကို ထူးထူး ခြားခြား တွေ့ရ ပြန်သည်။ ထိုနိုင်ငံ အားလုံးတွင် နိုင်ငံခြားသားများ၊ သို့မဟုတ် အဖွဲ့အစည်းများ ထံမှ ထောက်ပံ့ငွေ များကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော် လည်းကောင်း လက်ခံခြင်း မပြုရန် တားမြစ် ရာတွင်မူ နိုင်ငံအားလုံး အတူတူပင် ဖြစ်သည်။
သို့သော် ပါတီ ရန်ပုံငွေ သို့မဟုတ် ရွေးကောက်ပွဲ ရန်ပုံငွေများ ထည့်ဝင်မှုကို ထိန်းချုပ်ရာတွင် အမေရိကန် နိုင်ငံတွင် ကျင့်သုံးသည့် စနစ်သည် ပျော့ကွက် ဟာကွက် အများဆုံး ဖြစ်သည်ကို လေ့လာတွေ့ရှိ ရပြန်သည်။ အပေါ်ယံ အားဖြင့် ကြည့်ပါက တစ်ဦးချင်း ထည့်ဝင် နိုင်သည့် ငွေပမာဏကို ကန့်သတ် ထားခြင်းကြောင့် စီးပွားရေး လုပ်ငန်းရှင် ကြီးများ၊ ကုမ္ပဏီကြီး များနှင့် အခြား အသင်းအဖွဲ့များ အနေဖြင့် ရန်ပုံငွေ ထည့်ဝင်မှု အပေါ် မူတည်ပြီး သမ္မတလောင်း များ အပေါ် သြဇာ လွှမ်းမိုးနိုင်သည့် အခွင့်အရေး မရှိဟု ဆိုနိုင်ပေသည်။
အမေရိကန် ဥပဒေက ရွေးကောက်ပွဲ တစ်ခုတွင် ကိုယ်စား လှယ်လောင်း တစ်ဦး အတွက် သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲ ကော်မတီသို့ အများဆုံး ဒေါ်လာ ၁ဝဝဝ နှင့် သက်ဆိုင်ရာ ပါတီ၏ ရွေးကောက်ပွဲ ကော်မတီသို့ တစ်နှစ်လျှင် ဒေါ်လာ နှစ်သောင်း အထိသာ အများဆုံး ထည့်ဝင် လှုဒါန်း နိုင်ကြောင်း သတ်မှတ် ထားသည်။ သို့သော် တစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ အသင်း အဖွဲ့များ အနေဖြင့် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် ၎င်း၏ ကော်မတီသို့ ထည့်ဝင်ခြင်း မဟုတ်ပဲ သီးခြား မဲဆွယ် လှုပ်ရှား ပါက အကန့် အသတ်မရှိ သုံးစွဲခွင့် ပြုထား ပြန်သည်။ ထို့ကြောင့် Political Action Committee (PAC) ဟု ခေါ်သော အဖွဲ့ အစည်းများ ပေါ်ပေါက် လာပြီး လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား မဲဆွယ် လာသည်ကို တွေ့လာ ရသည်။ ထို့ အဖွဲ့များသည် ဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ခြင်း မရှိသောကြောင့် ထိုအဖွဲ့ များသို့ ရန်ပုံငွေ လှုဒါန်းရာတွင် ကန့်သတ်ချက် မရှိတော့ပဲ စိတ်ကြိုက် ကောက်ခံ အသုံးပြု လာနိုင် ပေသည်။ ထို့ပြင် နိုင်ငံရေး ပါတီများ အနေဖြင့်လည်း ကိုယ်စားလှယ် လောင်းတစ်ဦး အတွက် မရည်ရွယ်ပဲ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မိမိ ပါတီကို ထောက်ခံရန် အတွက် စည်းရုံး လှုပ်ရှားမှုများ အတွက်လည်း ကန့်သတ်ချက် မထားပဲ စိတ်ကြိုက် ကောက်ခံ အသုံးပြုခွင့် ပေးထား ပြန်ရာ ထိုအချက် များကြောင့် ကိုယ်စားလှယ် လောင်းများ အနေဖြင့် ဥပဒေပါ ဟာကွက်များကို အသုံးပြုကာ ရွေးကောက်ပွဲ များတွင် ငွေကို ရေလိုသုံးပြီး မဲဆွယ် စည်းရုံး လှုပ်ရှား လာသည်ကို တွေ့ရသည်။ အလားတူပင် နိုင်ငံ ခြားသားများ အနေဖြင့် ရွေးကောက်ပွဲ အားလုံးတွင် ရန်ပုံငွေ ထည့်ဝင်ခြင်း မပြုရန် ပိတ်ပင် ထားသော်လည်း နိုင်ငံခြားသားပိုင် ကုမ္ပဏီ များအနေဖြင့် သီးခြား ရန်ပုံငွေ အဖွဲ့ ထူထောင်ပြီး ထိုအဖွဲ့မှ တစ်ဆင့် ရန်ပုံငွေ ထည့်ဝင်ရန် ခွင့်ပြုထား သည်ကိုလည်း တွေ့ရ ပြန်သည်။
ထို့ပြင် ရွေးကောက်ပွဲ အသုံးစရိတ် ကန့်သတ်မှု အနေဖြင့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် နိုင်ငံတော် မှ ထောက်ပံ့ငွေကို လက်ခံသည့် ကိုယ်စားလှယ် လောင်းများ အတွက်သာ ကန့်သတ်ချက် ရှိပြီး ထောက်ပံ့မှု ကို လက်မခံသော ကိုယ်စားလှယ် လောင်းများ အနေဖြင့် စိတ်ကြိုက် အသုံးပြုခွင့် ရှိသည်။ အထက် လွှတ်တော် (ဆီးနိတ်) နှင့် အောက် လွှတ်တော် ရွေးကောက်ပွဲ များတွင်မူ ကိုယ်စားလှယ် လောင်းများကို နိုင်ငံတော်မှ ထောက်ပံ့မှု မရှိသကဲ့သို့ အသုံး စရိတ်ကို ကန့်သတ်ချက် များလည်း လုံးဝမရှိသည်ကို တွေ့ရသည်။ ထို့အချက် များကြောင့်ပင် အမေရိကန် ရွေးကောက်ပွဲ များသည် အင်္ဂလို- ဆက်ဆွန် အုပ်စု နိုင်ငံများတွင် သာမက တစ်ကမ္ဘာလုံး တွင် အကုန်အကျ အများဆုံး ဖြစ်နေ ရခြင်း ဖြစ်သည်။
အနောက်ဥရောပနိုင်ငံများ
အနောက် ဥရောပ နိုင်ငံများတွင် ပြင်သစ်၊ ဂျာမနီ နှင့် အီတလီတို့မှ အဓိက နိုင်ငံရေး အင်အားကြီး နိုင်ငံများ ဖြစ်သည်။ ထို နိုင်ငံများတွင် အချိုးကျ ကိုယ်စားပြု စနစ်ကို အသုံးပြုပြီး ကျင့်သုံးသည့် အသေးစိတ် လုပ်နည်း များတွင်မူ ကွဲပြား ခြားနားမှု ရှိသည်။ ထိုနိုင်ငံ များတွင် ပါတီ ရန်ပုံငွေ စုဆောင်းရာ၌ မသမာမှုများ လျော့နည်း စေရန် အတွက် အောက်ပါ နည်းလမ်းများကို အသုံးပြု သည်ကို တွေ့ရသည်-
နိုင်ငံတော်မှထောက်ပံ့ခြင်း
အနောက် ဥရောပ နိုင်ငံအားလုံးတွင် ပါတီရန်ပုံငွေနှင့် ရွေးကောက်ပွဲ အသုံး စရိတ်များကို နိုင်ငံတော်မှ ထောက်ပံ့ သည့် စနစ်ကို အသုံးပြုသည်။ အီတလီ နိုင်ငံတွင် လွှတ်တော် ရွေးကောက်ပွဲ များ၌ ရွေးချယ် ခံရသော ပါတီများ ကိုသာ ထောက်ပံ့မှု ပြုလုပ်ပြီး ပါတီများမှ ရရှိသည့် ဆန္ဒမဲ တစ်မဲလျှင် အီတလီ လိုင်ယာငွေ ၂၅ဝဝ နှုန်းဖြင့် ထောက်ပံ့ ပေးသည်။ ထို့ပြင် ၁၉၉၃ ခုနှစ် ဥပဒေအရ လွှတ်တော် အမတ် နှစ်နေရာ အနည်းဆုံး အနိုင် ရရှိသော နိုင်ငံရေး ပါတီများမှ ပိုင်ဆိုင်သည့် သတင်းစာများနှင့် ရေဒီယို အသံလွှင့် ဌာနများ သို့လည်း နိုင်ငံတော် မှ ထောက်ပံ့ ပေးရသည်။ သို့သော် ထိုထောက်ပံ့ ငွေပေါင်းသည် လိုင်ယာငွေ ၉၁ ဘီလီယံ (ဒေါ်လာ ၅၂ သန်း) ထက် မပိုရန် ကန့်သတ် ထားသည်။ ထို့ပြင် အီတလီ နိုင်ငံသည် အမေရိကန် နိုင်ငံမှာ ကဲ့သို့ပင် အခွန်ထမ်း ပြည်သူများက နိုင်ငံရေး ပါတီများသို့ ရန်ပုံငွေ ထည့်ဝင်သည့် စနစ်ကို ၁၉၉၃ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့သည်။ ထိုစနစ်အရ အခွန် ကြေညာလွှာတွင် ၎င်းတို့၏ အခွန်ငွေကို နိုင်ငံရေး ပါတီများသို့ ထောက်ပံရန် သဘောတူ မတူ ဆန္ဒပြု ရသည်။ အကယ်၍ သဘောတူပါက ၎င်း ပေးဆောင်သည့် အခွန်၏ ၂၂% ကို နိုင်ငံရေး ပါတီများသို့ ထောက်ပံ့ ပေးရာတွင် အသုံးပြု သည်။ သို့သော် ထိုကဲ့သို့ အခွန်ထမ်း ပြည်သူများ ထံမှ ရယူသော ငွေသည် အီတလီ လိုင်ယာ ၁၁ဝ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆၃ သန်း) ထက် မပိုရန် လည်း ကန့်သတ် ထားသည်ကို တွေ့ရသည်။
ပြင်သစ် နိုင်ငံတွင်မူ နိုင်ငံတော်မှ ထောက်ပံ့သည့် စနစ်ကို ၁၉၈၈ ခုနှစ်မှ စတင်ပြီး သမ္မတ၊ လွှတ်တော်နှင့် ဒေသန္တရ ကောင်စီ အဆင့်ဆင့် ရွေးချယ်ပွဲ များတွင် ကျင့်သုံးခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ထောက်ခံမဲ အနည်းဆုံး ငါးရာခိုင်နှုန်း ရရှိပါက ဥပဒေအရ အများဆုံး အသုံးပြုရန် ကန့်သတ် ထားသော ရွေးကောက်ပွဲ အသုံးစရိတ် ၏ ၅ဝ% ထက်မပိုသော ငွေကို ရရှိသည်။ သမ္မရွေး ကောက်ပွဲ အတွက် တွင်မူ အများဆုံး အသုံးပြုရန် သတ်မှတ် ထားသော အသုံးစရိတ်၏ သုံးပုံတစ်ပုံသာ ပြန်လည် ထောက်ပံ့သည်။ သို့သော် သမ္မတ လောင်းများ အနေဖြင့် ကြိုတင်ငွေ ပြင်သစ် ဖရန့် တစ်သန်း ထုတ်ယူခွင့် ပေးထား သည်ကို တွေ့ရသည်။
ပြင်သစ် နိုင်ငံ၏ ထူးခြားချက်မှာ ကိုယ်စားလှယ် လောင်းများ အတွက် ထောက်ပံ့ သကဲ့သို့ နိုင်ငံရေး ပါတီများ အတွက်လည်း သီးခြား ထပ်မံ ထောက်ပံ့ခြင်း ပင်ဖြစ်သည်။ ထိုသို့ ထောက်ပံရာတွင် ပထမ နည်းလမ်းတွင် အနည်းဆုံး မဲဆန္ဒနယ် ၅ဝ တွင် ပါဝင် ယှဉ်ပြိုင် နိုင်သည့် နိုင်ငံရေး ပါတီများကို ၎င်းတို့ ရရှိသည့် ဆန္ဒမဲ အရေ အတွက်ပေါ် မူတည်ပြီး အချိုးကျ ထောက်ပံ့ပြီး ဒုတိယ နည်းလမ်းတွင် ရွေးချယ် ခံရသော နိုင်ငံရေး ပါတီ အားလုံးကို အနိုင်ရ သည့် လွှတ်တော် ကိုယ်စားလှယ် နေရာ အရေအတွက်ပေါ် မူတည်ပြီး ထောက်ပံ့သည်။ ထိုသို့ ထောက်ပံ့ ရာတွင် နည်းလမ်း နှစ်မျိုးလုံး အတွက် အသုံးပြုသည့် ငွေပမာဏမှာ အတူတူပင် ဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မီတွင် အစိုးရနှင့် လွှတ်တော်က ထောက်ပံမည့် ပမာဏကို သတ်မှတ် ပေးသည်။ ပြင်သစ် နိုင်ငံ၏ စနစ်ကြောင့် ပါတီကြီး များသည် ပါတီရန်ပုံငွေ၏ ၅ဝ%၊ ပါတီငယ်များသည် ပါတီရန်ပုံငွေ၏ ၉ဝ% ခန့်ကို နိုင်ငံတော်မှ ရရှိသည်ကို တွေ့ရသည်။ ထိုပြင် လုံးဝ ရွေးချယ်ခြင်း မခံရသော ပါတီငယ်များကို အထောက် အကူ ဖြစ်စေရန် အတွက် အထက်ပါ နည်းလမ်း နှစ်မျိုး လုံးဖြင့် ထောက်ပံ့ငွေ ခံစားရခြင်း မရှိသော ပါတီငယ်များ အနေဖြင့် ပါတီ ထောက်ခံသူ တစ်သောင်း ထံမှ ရန်ပုံငွေ ဖရန့် တစ်သန်း ရရှိအောင် ကောက်ခံ နိုင်လျှင် နိုင်ငံတော်မှ ဖရန့် နှစ်သန်း ပြန်လည် ထောက်ပံ့ ပေးသည့် စနစ်ကိုလည်း ကျင့်သုံး ထားသည်ကို တွေ့ရပြန်သည်။
ထိုကဲ့သို့ ထောက်ပံ့မှု များကြောင့် ပြင်သစ် နိုင်ငံတွင် ၁၉၉၅ ခုနှစ်တွင် ဖရန့် ၂.၃ ဘီလီယံကို နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် များကို ထောက်ပံ့ရန် အတွက် အသုံးပြု ခဲ့သည်ကို တွေ့ရသည်။
ဂျာမနီ နိုင်ငံတွင်မူ ၁၉၅၉ ခုနှစ်မှ စတင်ပြီး နိုင်ငံတော်မှ ထောက်ပံ့သည့် စနစ်ကို ကျင့်သုံးခဲ့ပြီး လက်ရှိ အသုံးပြု နေသည့် စနစ်ကို ၁၉၉၃ ခုနှစ်တွင် ပြင်ဆင် ကျင့်သုံး ခဲ့ခြင်း ဖြစ်သည်။ ဂျာမန်တို့၏ စနစ်သည် ကနေဒါ၊ အမေ ရိကန်နှင့် ကျန် အနောက် ဥရောပ နိုင်ငံများတွင် ကျင့်သုံး နေသည့် စနစ် အားလုံးကို ပေါင်းစပ် အသုံးပြု ထားခြင်း ဖြစ်သောကြောင့် အလွန် ရှုပ်ထွေးသော စနစ် ဖြစ်သည်ကို တွေ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Funding of Political Parties and Election Campaigns, Reginald Austin, Maja Tjernström by 2003
၂။
www. opensecret.org.

No comments:

Post a Comment