Wednesday, September 25, 2013

နိုင်ငံတကာ ရွေးချယ် တင်မြှောက်ပုံ နည်းစနစ်များ

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးပြီး နောက်တွင် ကိုလိုနီ နိုင်ငံ အများအပြား လွပ်လပ်ရေး ရရှိလာခဲ့ ကြသည့် အခါ ထိုနိုင်ငံ များသည် မိမိ ကျင့်သုံးသည့် နိုင်ငံရေး စနစ်ပေါ် မူတည်ပြီး ရွေးချယ် တင်မြှောက်ပုံ နည်းစနစ် များကို ရွေးချယ် ကျင့်သုံး ခဲ့ကြသည်။ သို့သော် ထိုကဲ့သို့ ရွေးချယ် ကျင့်သုံးရာတွင် စနစ်တကျ ရွေးချယ် ကျင့်သုံး ခြင်းထက် လွပ်လပ်စ နိုင်ငံများ အနေဖြင့် ခေတ် ရေစီးကြောင်း ကို လိုက်၍ လည်းကောင်း၊ မိမိကို အုပ်ချုပ် ခဲ့သည့် ကိုလိုနီ နိုင်ငံ၏ အုပ်ချုပ်မှု စနစ်ကို ဆက်လက် လက်ခံသည့် အနေဖြင့် လည်းကောင်း၊ တစ်ခါ တစ်ရံ တွင် မိမိတို့ စံထားသော အရှေ့ သို့မဟုတ် အနောက် အုပ်စု နိုင်ငံ၏ စနစ်ကို စံနမူနာ ယူ၍ လည်းကောင်း လိုက်လံ ကျင့်သုံး ခဲ့ခြင်းက ပိုမို များပြား ခဲ့သည်။ အလားတူပင် စစ်အေး တိုက်ပွဲလွန် ကာလတွင် နိုင်ငံ အများ အပြားသည် တစ်ပါတီ စနစ်မှ ပါတီစုံ စနစ်သို့ ပြောင်းလဲ ရာတွင် မြန်ဆန် လှသော အပြောင်းအလဲ ရေစီး ကြောင်းထဲ၌ လိုက်ပါရင်း ရွေးချယ် တင်မြှောက်သည့် နည်းစနစ် အမျိုးမျိုးကို ရွေးချယ် ခဲ့ကြသည်။ သို့သော် နိုင်ငံ အများအပြား ၌ပင် မိမိနိုင်ငံ၏ သမိုင်းကြောင်း၊ ထူးခြားသော လူမျိုးရေး၊ ဘာသာရေး အခြေအနေ များကို ထည့်သွင်း စဉ်းစားပြီး မှန်ကန်သည့် ရွေးချယ် တင်မြှောက် သည့် နည်းစနစ်ကို ရွေးချယ် နိုင်ခြင်း မရှိသောကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ များ ဖြစ်ပွား ခဲ့ရသည် ကိုလည်း တွေ့ရသည်။ ထို့ကြောင့်ပင် ၂၁ ရာစု၌ ဒီမိုကရေစီ စနစ် စတင် ကျင့်သုံးသည့် နိုင်ငံများ၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလ နိုင်ငံများ သာမက ဒီမိုကရေစီ စနစ်ကို နှစ်ပေါင်း များစွာ ကျင့်သုံးလာသော နိုင်ငံများ တွင်ပင် ရွေးချယ် တင်မြှောက်သည့် နည်းစနစ်သည် နိုင်ငံရေး စနစ်၏ တည်ငြိမ်မှု ပေါ်တွင် ကျယ်ပြန့်သော အကျိုး သက်ရောက်မှု ရှိသည်ကို လက်ခံ လာပြီး မိမိနိုင်ငံ အတွက် အသင့်တော်ဆုံး စနစ်ကို ရွေးချယ် နိုင်ရန် ကြိုးပမ်း လာသည်ကို တွေ့ရ ပေသည်။
ရွေးချယ် တင်မြှောက်နည်း စနစ်များ
နိုင်ငံတကာ တွင် ကျင့်သုံး နေသော ရွေးချယ် တင်မြှောက် နည်းစနစ် များကို လေ့လာပါက အဓိကအား ဖြင့် အောက်ပါ စနစ်သုံးခုကို အခြေခံပြီး ဆောင်ရွက် နေသည်ကို တွေ့ရမည် ဖြစ်သည်-
(က)
အများစုကိုယ်စားပြုစနစ် Plurality- Majority System.
(ခ)
အချိုးကျကိုယ်စားပြုစနစ် Proportional System
(ဂ)
တစ်စိတ်တစ်ပိုင်းအချိုးကျကိုယ်စားပြုစနစ် Semi Proportional System
အများစု ကိုယ်စားပြု စနစ်။ နိုင်ငံတကာတွင် အများဆုံး ကျင့်သုံးသော စနစ် ဖြစ်သည်။ မဲဆန္ဒနယ်မြေ တစ်ခု တွင် ကိုယ်စားလှယ် တစ်ဦးသာ သတ်မှတ် ထားပြီး ဝင်ရောက် ယှဉ်ပြိုင် သူများ အတွင်းမှ မဲအများဆုံး ရရှိသူ က ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံ ရသည်။ ထို့ကြောင့် ဤစနစ်ကို Plurality Single- District Systemဟု လည်း ခေါ်ဆိုလေ့ ရှိကြသည်။ ဤစနစ်ကို အခြေခံပြီး အောက်ပါ အတိုင်း အမျိုးအစား လေးမျိုး ခွဲခြား ကျင့်သုံး လေ့ရှိ သည်ကို တွေ့ရသည်-
(က)
သာမန်အများစုဖြင့်အနိုင်ရသည့်စနစ် First Past the Post, FPTP ။ ဤစနစ်တွင် ဝင်ရောက် ယှဉ်ပြိုင်သူ ကိုယ်စားလှယ် လောင်းများ အတွင်းမှ မဲအများဆုံး ရရှိသူက မဲဆန္ဒနယ်ကို ကိုယ်စား ပြုသူ ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ် ခံရသည်။ ထို့ကြောင့် ဤစနစ်ကို နိုင်သူ အားလုံးယူ Winner Take Allစနစ်ဟုလည်း ခေါ်ဆို ကြသည်။ ဗြိတိသျှတို့ ကျင့်သုံးသော စနစ် ဖြစ်သော ကြောင့် ယခင် ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့သော နိုင်ငံများတွင် အများဆုံး ကျင့်သုံးသည်။ ရှင်းလင်း လွယ်ကူ မှုကြောင့် လူကြိုက်များ သော်လည်း အင်အား ကောင်းသော ပါတီကြီးတစ်ခု တည်းက လွှတ်တော် အတွင်း အများစု နေရာကို ချုပ်ကိုင် ထားပြီး ထင်သလို ဆောင်ရွက်ခြင်း၊ ပါတီငယ်များ အနေဖြင့် တစ်နိုင်ငံလုံး အနေဖြင့် ထောက်ခံမှု အသင့်အတင့် ရသော်လည်း မဲဆန္ဒနယ် တစ်ခုခြင်းတွင် အရွေးချယ်ခံ နိုင်လောက်သော မဲအရေ အတွက် မရသဖြင့် လွှတ်တော် အတွင်း ကိုယ်စားပြု နိုင်ခွင့်မရခြင်း စသော အားနည်းချက် များ ရှိသည်ကို တွေ့ရသည်။ တစ်ခါ တစ်ရံ၌ တစ်နိုင်ငံ လုံးတွင် လူထု ထောက်ခံမဲ ၄၅% ခန့်သာရသော ပါတီက လွှတ်တော် အတွင်း နေရာ အများစု ကိုရရှိပြီး ၂၅% ရသောပါတီက လွှတ်တော် အမတ်နေရာ ၃% သာ ရရှိသည် ကိုလည်း တွေ့ရ တတ်သည်။ ထို့ပြင် နယ်မြေဒေသ တစ်ခုတွင် လူမျိုးစု တစ်ခု သို့မဟုတ် ဘာသာရေး အုပ်စု တစ်ခုက အများစု ဖြစ်နေသော နေရာ များတွင် လူမျိုးရေး၊ ဘာသာရေး အယူအဆ ပြင်းထန် သူများ အရွေးခံ ရလေ့ ရှိသည် ကိုလည်း တွေ့ရသည်။
(ခ)
အစုလိုက်မဲပေးသည့်စနစ် Block Vote System ။ မဲဆန္ဒနယ် တစ်ခုတွင် ကိုယ်စားလှယ် နှစ်နေရာနှင့် အထက် သတ်မှတ် ထားပြီး မဲဆန္ဒရှင် များအတွက် ကိုယ်စား လှယ်လောင်း အရေ အတွက် ရှိသလောက် မဲပေးခွင့် ရရှိသည်။ ဥပမာ။ ကိုယ်စားလှယ် နေရာ သုံးဦး ဖြစ်ပါက မဲသုံးပြားရရှိသည်။ မဲပေးသူများ အနေဖြင့် ကိုယ်စားလှယ် လောင်း စာရင်းထဲမှ ကိုယ်စားလှယ် များကို စိတ်ကြိုက် ရွေးချယ် မဲပေးပြီး အများဆုံး ရရှိသူ များကို ကိုယ်စားလှယ် အဖြစ် သတ်မှတ် ခြင်းဖြစ်သည်။ ဤစနစ်သည် မဲဆန္ဒရှင်များ အနေဖြင့် ပါတီ တစ်ခု တည်းမှ ကိုယ်စားလှယ် လောင်း တစ်ဦး တည်းကို ရွေးချယ် ရမည့် အစား ပါတီ အများ အပြား၏ ကိုယ်စား လှယ်လောင်း များအတွင်းမှ စိတ်ကြိုက် ရွေးချယ် မဲပေးခွင့် ရအောင် ဖန်တီး ပေးထားခြင်း ဖြစ်သည်။ သို့သော် မဲပေးသူများ အနေဖြင့် ပါတီကြီး တစ်ခုတည်းမှာ ကိုယ်စားလှယ် လောင်းများ ကိုသာ စုပြုံ မဲပေးခြင်း၊ မဲဆန္ဒနယ် တစ်ခု အတွင်းရှိ ပါတီ တစ်ခု တည်းမှ ကိုယ်စားလှယ် လောင်းများ အချင်းချင်း ပြိုင်ဆိုင်မှု များကြောင့် ပါတီ စည်းရုံးရေးကို ထိခိုက်ခြင်း စသော ဘေးထွက် ဆိုးကျိုး များလည်း ဖြစ်ပေါ် လာသည်ကို တွေ့ရသည်။ ထို့ကြောင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့၌ ဤစနစ်ကို ကျင့်သုံးမှုအား ၁၉၉၇ ခုနှစ်တွင် ရပ်ဆိုင်း ခဲ့သကဲ့သို့ ဤစနစ် ကျင့်သုံးသော အခြားနိုင်ငံ အများအပြား သည်လည်း အခြား ရွေးချယ် တင်မြှောက်သည့် နည်းစနစ်များကို ပြောင်းလဲ ကျင့်သုံး လာသည်ကို တွေ့ရသည်။
(ဂ)
ပါတီကိုယ်စားပြုရွေးချယ်သည့်စနစ် Party Block Vote ။ မဲဆန္ဒနယ် တစ်ခုတွင် ကိုယ်စားလှယ် နေရာ အများ အပြား သတ်မှတ် ထားသော်လည်း မဲပေးသူများ အနေဖြင့် ကိုယ်စားလှယ် တစ်ဦး ချင်းကို မဲပေးမည့် အစား ပါတီကိုသာ ရွေးချယ်ပြီး တစ်မဲသာ ပေးခွင့် ရသည်။ မဲအများဆုံး ရရှိသော ပါတီက ထိုမဲဆန္ဒနယ် အတွက် သတ်မှတ် ထားသော ကိုယ်စားလှယ် နေရာ အားလုံးကို အနိုင်ရ ရှိ သည့်စနစ်ဖြစ်သည်။ ဤစနစ်သည် ပါတီများ အနေဖြင့် မဲဆန္ဒနယ် အတွင်းရှိ လူတန်းစား အသီးသီးကို ကိုယ်စားပြုမည့် ကိုယ်စားလှယ် လောင်းများ ကို ရွေးချယ် တင်သွင်းအောင် အားပေးပြီး ပါတီတွင်း၌ အချင်းချင်း ယှဉ်ပြိုင်ရမှု မရှိအောင်လည်း ဆောင်ရွက် ပေးသည်။ သို့သော် ပါတီငယ်များ အနေဖြင့် မဲဆန္ဒနယ် အတွက် လိုအပ်သော ကိုယ်စားလှယ် လောင်း အရေ အတွက်ကို ပြည့်မီအောင် ရှာဖွေရန် ခက်ခဲသဖြင့် ဤစနစ်သည် အင်အား ကောင်းသော ပါတီများ ကို အသာရ စေကာ လူထု ထောက်ခံမှု အချိုးအစားထက် ပိုမိုသော ကိုယ်စားလှယ် နေရာများကို အနိုင်ရ အောင် ဖန်တီး ပေးသည် ကိုလည်း တွေ့ရသည်။ ဥပမာ အားဖြင့် ၁၉၉၁ ခုနှစ် စင်္ကာပူ ရွေးကောက်ပွဲတွင် အာဏာရ ပါတီသည် လူထုထောက်ခံမှု ၆၁% သာ ရခဲ့သော်လည်း အမတ် နေရာ ၉၅%ကို အနိုင်ရ ခဲ့သည်။ ထိုအားနည်းချက် များကြောင့် ဤစနစ်ကို လူကြိုက် နည်းပါး ပြီး ယနေ့ အချိန်တွင် စင်္ကာပူ၊ ဒါဘူဂျီတီ၊ ကင်းမရွန်း နှင့် ချဒ်နိုင်ငံ လေးနိုင်ငံ တွင်သာ အသုံးပြု လျှက်ရှိသည်။
(ဃ)
လွှဲပြောင်း မဲပေး နိုင်သည့် စနစ် Altarnative Vote System။ ဤရွေးကောက်ပွဲ နည်းစနစ် သည် အတော် အတန် ရှုပ်ထွေးသော နည်းစနစ် ဖြစ်သည်။ ဤစနစ်တွင် မဲဆန္ဒနယ် တစ်ခု အတွက် ကိုယ်စားလှယ် တစ်ဦးသာ သတ်မှတ်ထား သော်လည်း မဲပေးသူများ အနေဖြင့် ကိုယ်စားလှယ် တစ်ဦးတည်းကို ရွေးချယ် ရမည့် အစား ကိုယ်စားလှယ် လောင်းများကို ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး အဖြစ် ရွေးချယ်ပေး ရသည်။ ထို့ကြောင့် ယခုစနစ်ကို ဦးစားပေး အဆင့်လိုက် မဲပေးသည့် စနစ်ဟုလည်း ခေါ်ဆို ကြသည်။ အကယ်၍ ကိုယ်စားလှယ် လောင်းတစ်ဦးသည် ထောက်ခံမဲ ၅ဝ% ကျော်ရပါက တိုက်ရိုက် အရွေးချယ် ခံရမည် ဖြစ်သည်။ သို့သော် မည်သည့် ကိုယ်စားလှယ် လောင်းမှ ၅ဝ% ကျော် မရလျှင် ပထမဆုံး ဦးစားပေး ရွေးချယ် ခံရသူ ကိုယ်စားလှယ် လောင်းများ အနက် မဲအနည်းဆုံး ရသော ကိုယ်စားလှယ် လောင်းကို ယှဉ်ပြိုင် ခြင်းမှ ပယ်ဖျက်ပြီး ၎င်းရရှိသော မဲများကို ကျန်ရှိ နေသေးသည့် ဒုတိယ ဦးစားပေး ကိုယ်စားလှယ် လောင်းများသို့ မဲပြား တစ်ခုခြင်း အပေါ်တွင် ရွေးချယ် ထားသည့် အတိုင်း ခွဲဝေပေးသည်။ ထိုဆောင်ရွက်မှုကို နောက်ဆုံးတွင် ကိုယ်စားလှယ် လောင်းတစ်ဦးက ၅ဝ% ကျော်မဲရသည် အထိ အကြိမ်ကြိမ် ထပ်မံ ပြုလုပ် ရသည်။ ဤစနစ်၏ အားသာချက်မှာ ရွေးချယ်ခံ ရရန် အခွင့် အလမ်း နည်းပါးသော ပါတီကို ထောက်ခံသူများ အနေဖြင့် ၎င်းတို့၏ ဒုတိယနှင့် တတိယ ဦးစားပေး ရွေးချယ်မှု များမှ တဆင့် ပါတီ ကြီးများကို သြဇာ လွှမ်းမိုး နိုင်ပေသည်။ ပါတီကြီးများ အနေဖြင့်လည်း အခြား ပါတီငယ်များကို ထောက်ခံ သူများက မိမိတို့ ပါတီကို ဒုတိယ၊ တတိယ ဦးစားပေး အဖြစ် ရွေးချယ် စေရန် အတွက် လိုအပ်သော လိုက်လျော မှုများ ပြုလုပ်ရသည်။ ထို့ကြောင့် မိမိပါတီ အကျိုး သာမက အခြား အုပ်စုများ၊ လူနည်းစု များ၏ အကျိုးကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ် သောကြောင့် လူမျိုးစု အများ အပြား ကွဲပြား ခြားနားစွာ နေထိုင်သည့် နိုင်ငံများတွင် ကျင့်သုံး သင့်သည်ဟု ဤစနစ်ကို ထောက်ခံ သူများက ဆိုကြသည်။ သို့သော် ဤစနစ် သည် လူမျိုးစုများ၊ ဘာသာရေး ကွဲပြား သူများက သီးခြားဒေသ တစ်ခုတွင် အများစုအဖြစ် စုစည်း နေထိုင်သော နိုင်ငံများတွင် မျှော်မှန်း ထားသော အကျိုး သက်ရောက်မှု ရရှိရန် ခဲယဉ်း ပေသည်။ ထို့ပြင် ဤစနစ်ကို ကျင့်သုံး နိုင်ရန် အတွက် မဲဆန္ဒရှင် ပြည်သူများ၏ အသိပညာ ဗဟုသုတ မြင့်မား ရန်လည်း လိုအပ်သည်။ ထို့ကြောင့် ဤစနစ်ကို သြစတေးလျနှင့် ဖီဂျီ၊ ပူပါးဝါး နယူးဂီနီ စသော ကျွန်းနိုင်ငံ ငယ်များတွင် သာအသုံးပြု သည်ကို တွေ့ရသည်။ သို့သော် အချို့ နိုင်ငံများ၏ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန် စသည် တို့ကို ရွေးချယ်သည့် ဒေသအဆင့် ရွေးချယ် တင်မြှောက်မှု များတွင်လည်း အသုံးပြုသည်ကို တွေ့ရသည်။
(င)
နှစ်ကျော့ ပြန်ရွေးချယ် ခံစနစ် Two Round System ။ ဤစနစ်သည် လွှဲပြောင်း မဲပေး နိုင်သည့် စနစ်ကဲ့ သို့ပင် သာမန် အများစုဖြင့် နိုင်သည့် စနစ်၏ အားနည်းချက် များကို ပြုပြင်နိုင်ရန် အတွက် ကျင့်သုံးခြင်း ဖြစ်သည်။ ထိုသို့ ကျင့်သုံးရာတွင် ပထမ အကြိမ် ရွေးချယ်မှုကို သာမန် အများစု ဖြင့် နိုင်သည့် စနစ်ကဲ့သို့ပင် ဆောင်ရွက် သည်။ ထိုအဆင့်တွင် ကိုယ်စား လှယ်လောင်း တစ်ဦးသည် ထောက်ခံမဲ ၅ဝ%ထက် ကျော်လွန် ရရှိပါက တစ်ကြိမ် တည်းနှင့် အရွေးချယ်ခံ ရသည်။ ထိုကဲ့သို့ မရရှိပါက ဒုတိယ အကြိမ် ရွေးချယ် တင်မြှောက်မှုကို ထပ်မံ ပြုလုပ် ရသည်။ ဒုတိယ အကြိမ် ရွေးချယ်မှု ပြုလုပ်ရာတွင် အများစု အသုံးပြုသော နည်းလမ်းမှာ ပထမ အကြိမ်တွင် မဲအများ ဆုံးရရှိသူ နှစ်ဦးကို ထပ်မံ ယှဉ်ပြိုင် စေပြီး ၎င်းတို့ နှစ်ဦးအနက် မဲအများဆုံး ရရှိသူကို ရွေးချယ် ခြင်းဖြစ်သည်။ အခြား နည်းလမ်းမှာ မူလ ယှဉ်ပြိုင်သူ အားလုံးကို ပြန်လည် ယှဉ်ပြိုင် စေပြီး ဒုတိယ အကြိမ် တွင်မူ ၅ဝ% ကျော်ရန် မလိုပဲ အများစု ရသူကို အနိုင်ပေးခြင်း ဖြစ်သည်။ ဒုတိယ နည်းလမ်းကိုမူ အသုံးပြုသော နိုင်ငံ နည်းပါးသည်။ ပထမ နည်းလမ်းကိုမူ လွှတ်တော် ကိုယ်စားလှယ် ရွေးချယ် ရာတွင် သာမက သမ္မတ ရွေးချယ်ရာ တွင်လည်း နိုင်ငံ အများအပြား၌ အသုံးပြု လျှက်ရှိသည်။ ဤစနစ်၏ အားသာချက်မှာ မဲဆန္ဒရှင်များ အနေဖြင့် ဒုတိယအကြိမ် ပြန်လည် စဉ်းစား မဲထည့် နိုင်ခြင်းနှင့် လူများစု၏ ဆန္ဒကို ကိုယ်စားပြု နိုင်ခြင်း ဖြစ်သည်။ အားနည်း ချက်မှာမူ ရွေးကောက်ပွဲ နှစ်ကြိမ် ပြုလုပ်ရသည့် အတွက် ကုန်ကျစရိတ် များပြားခြင်း နှင့် ဒုတိယ အကြိမ်တွင် မဲပေးသူ နည်းပါးလေ့ ရှိခြင်းပင် ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
International Eleven, 17-12-2006
မှီငြမ်းပြုစာစောင်များ

၁။
Electoral Design by Andrew Reynolds,Ben Reilly,Andrew Allis.IDEA, 2005
၂။
The Inpact of Electoral Design on Legislature, by Katz, Richard S., Oxford University Press, 1997.
၃။
Constitutional and Electoral Design by Peter M. Manikas, NDI October 2000

1 comment:

  1.ှုကျနော် ခုနှစ် ဆီမီစတာမှာ The Nordic Countries အကြောင်းဘာသာရပ်တခု ဖတ်ဖြစ်ပါ တယ်။ အခုဆောင်းပါးမှာပါတဲ့ ရွေးချယ်တင်မြှောက်တဲ့စနစ်တွေကိုလဲလေ့လာ ရပါတယ်။ ဘာ သာ ရပ်တခုကိုမိခင်ဘာသာစကားနင့်လေ့လာရတာ ကျောင်းသား အတွက်တပန်းသာ ပါ တယ်။ဆောင်းပါးရှင်ကိုအထူး ကျေးဇူးတင်ပါတယ်။

    ReplyDelete