Wednesday, September 25, 2013

နိုင်ငံတကာရွေးချယ်တင်မြှောက်ပုံနည်းစနစ်များ အပိုင်း(၂)

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System)
အများစု ကိုယ်စားပြု စနစ်၏ အားနည်းချက် ဖြစ်သော ပါတီ တစ်ခု၏ တစ်နိုင်ငံ လုံးတွင် ရရှိသည့် ထောက်ခံမှု ရာခိုင်နှုန်း နှင့် လွှတ်တော် အတွင်း ရရှိသည့် ကိုယ်စားလှယ် နေရာ ရာခိုင်နှုန်းတို့ အချိုး မညီသည့် အချက်ကို ပြုပြင် နိုင်ရန် အတွက် ပေါ်ပေါက် လာသော စနစ်ဖြစ်ပြီး အနောက် ဥရောပ နိုင်ငံများ၊ လက်တင် အမေရိက နိုင်ငံများနှင့် အာဖရိက နိုင်ငံ သုံးပုံ တစ်ပုံခန့်တွင် ကျင့်သုံးသည်။ ဤစနစ်တွင် ပါတီများကို တစ်နိုင်ငံလုံး အတိုင်းအတာ အတွက် ရရှိသော လူထု ထောက်ခံမှု ရာခိုင်နှုန်း အပေါ်တွင် မူတည်ပြီး လွှတ်တော် နေရာများကို ခွဲဝေပေးသည်။ မဲဆန္ဒနယ် များ၏ အကျယ်အဝန်းမှာ အများစု ကိုယ်စားပြု စနစ် ထက်စာလျှင် ပိုမို ကျယ်ဝန်း သည်ကို တွေ့ရသည်။ ဤစနစ်ကို အခြေခံပြီး အောက်ပါ အတိုင်း အမျိုးအစား သုံးမျိုး ခွဲခြား ကျင့်သုံး သည်ကို တွေ့ရ ပါသည်-
(က)
ပါတီလိုက်အမည်စာရင်းကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (List Proportional Representation System)
(ခ)
ပေါင်းစပ်ထားသော အချိုးကျရွေးချယ်သည့်စနစ် (Mix Member Proportional System)
(ဂ)
လွှဲပြောင်းပေးနိုင်သောမဲတစ်မဲစနစ် (Single Transferrable Vote System)
ပါတီလိုက်အမည်စာရင်းကိုမူတည်ပြီးအချိုးကျရွေးချယ်သည့်စနစ် (List Proportional Representation System)
အချိုးကျ ကိုယ်စားပြု စနစ်တွင် အသုံး အများဆုံး ဖြစ်သည်။ ဤစနစ်တွင် ပါတီ များသည် မဲဆန္ဒနယ်မြေ တစ်ခုချင်း အတွက် ကိုယ်စားလှယ် လောင်း အမည် စာရင်းကို တင်သွင်း မည့်အစား ၎င်းတို့ ပါတီက လွှတ်တော် ကိုယ်စား လှယ်အဖြစ် လျာထားသူ အမည် စာရင်းကို ပြုစု ထုတ်ပြန် ရသည်။ မဲဆန္ဒရှင် များက မဲပေး ရာတွင် လွှတ်တော် ကိုယ်စားလှယ် များကို မဲပေးခြင်း မဟုတ်ပဲ ပါတီမှ လျာထားသော ကိုယ်စားလှယ် လောင်းများ၏ အရည်အချင်း၊ ပါတီ၏ မူဝါဒတို့ အပေါ် မူတည်ပြီး ပါတီကိုသာ မဲပေး ရသည်။ ထို့နောက် တစ်နိုင်ငံ လုံးတွင် ပါတီအလိုက် ရရှိသော လူထု ထောက်ခံမှု ရာခိုင်နှုန်းကို မူတည်ပြီး ပါတီများ ရသင့်သည့် ကိုယ်စားလှယ် နေရာ ရာခိုင်နှုန်းကို ခွဲဝေ ပေးသည်။ ပါတီများက မိမိအတွက် ရသင့်သည့် ကိုယ်စားလှယ် နေရာကို မူတည်ပြီး မိမိ ပါတီ၏ လျာထား စာရင်းမှ ဦးစားပေး အဆင့်အတိုင်း လွှတ်တော် ကိုယ်စားလှယ် များကို ရွေးချယ် ပေးရသည်။ သို့သော် ပါတီတစ်ခု အနေဖြင့် ကိုယ်စားလှယ် ရွေးချယ်ခွင့် ရရန် အတွက် အနည်းဆုံး လိုအပ်သော လူထု ထောက်ခံမှု ရာခိုင်နှုန်းကို ပြည့်မီရန် လိုအပ်သည်။ ထို သတ်မှတ်ချက် မှာမူ မဲဆန္ဒနယ် တစ်ခုခြင်း အတွက် သတ်မှတ် ထားသော ကိုယ်စားလှယ် နေရာ၊ လွှတ်တော် တစ်ခုလုံးရှိ ကိုယ်စားလှယ် နေရာနှင့် ပါတီငယ်များ ပါဝင်မှုကို မည်မျှ လိုလားသည် ဆို့သည့် အချက်တို့ အပေါ် မူတည်ပြီး ကွဲပြား ခြားနားလေ့ ရှိသည်။ အစ္စရေး နိုင်ငံတွင် ၁.၅% ရရှိရန် သတ်မှတ် ထားပြီး ဂျာမနီ နိုင်ငံတွင်မူ ၅% သတ်မှတ် ထားသည်ကို လေ့လာ တွေ့ရှိ ရသည်။
ဤစနစ်၏ အဓိက အားသာချက်မှာ အကျိုးစီးပွား အမျိုးမျိုးကို ကိုယ်စားပြု ထားသော အဖွဲ့အစည်း အားလုံး အနေဖြင့် နိုင်ငံရေးစနစ် အတွင်းတွင် ပါဝင် ဆောင်ရွက်ခွင့် ရရှိခြင်းပင် ဖြစ်သည်။ ထို့ပြင် ပါတီများ အနေဖြင့် တစ်နိုင်ငံလုံး ရှိ မဲဆန္ဒရှင် များကို ကိုယ်စားပြု နိုင်ရန် အတွက် ၎င်းတို့၏ ကိုယ်စားလှယ်လောင်း လျာထားမှုတွင် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုနှင့် အမျိုးသား၊ အမျိုးသမီး အားလုံးကို ကိုယ်စားပြုမည့် ကိုယ်စားလှယ် များကို ထည့်သွင်း လျာထား ရသဖြင့် လူမျိုး၊ ဘာသာ ကွဲပြား ခြားနားမှု များသော နိုင်ငံများ အတွက် သင့်တော် သည်ကို တွေ့ရသည်။ ဥပမာ အားဖြင့် အသားအရောင် ခွဲခြား အုပ်ချုပ်သည့် စနစ်ကို ဖျက်သိမ်း ပြီးနောက် ကျင်းပသည့် တောင်အာဖရိက နိုင်ငံ ရွေးကောက်ပွဲတွင် ဤစနစ်ကို ကျင့်သုံးခဲ့ရာ လူမည်း ပါတီများက ၅၂%၊ လူဖြူ ပါတီများက ၃၂%၊ အသားအရောင် ရှိသူ များက ၈% နှင့် အိန္ဒိယ လူမျိုးများက ၇% လွှတ်တော် နေရာများ ခွဲဝေ ရရှိ ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် မဲဆန္ဒနယ် တစ်ခုတွင် အမတ် တစ်နေရာသာ လျာထားသည့် စနစ် ကဲ့သို့ ထိုမဲဆန္ဒ နယ်တစ်ခုသို့မဟုတ် အများတွင် အများစု နေထိုင်သည့် အုပ်စုတစ်ခုက လက်ဝါးကြီးအုပ် အရွေး ချယ်ခံမှု ကိုလည်း တားဆီး ပေးနိုင် သည်ကို တွေ့ရသ ည်။
သို့သော် ယခုစနစ် တွင်လည်း အားနည်း ချက်များ ရှိနေဆဲ ဖြစ်သည်။ ပထမဆုံး အားနည်း ချက်မှာ လွှတ်တော် ကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင်များ အကြား ဆက်စပ် ထိတွေ့မှု နည်းပါးခြင်း ပင်ဖြစ်သည်။ ကိုယ်စားလှယ် လောင်းများ သည် သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေ များက ပြည်သူ များနှင့် ထိတွေ့ရန်ထက် ပါတီ၏ လျာထား အမည် စာရင်းတွင် ပါဝင်ရန်၊ ဦးစားပေး အဆင့် ထိပ်ပိုင်းတွင် ပါဝင်ရန်သာ ပိုမို အာရုံ စိုက်နေပြီး မဲဆန္ဒနယ် တစ်ခုချင်း၏ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးမည့်သူ မရှိပဲ ဖြစ်နေ သည်ကို တွေ့ရသည်။ ထို့ပြင် ဤစနစ်ကြောင့် လွှတ်တော် အတွင်းတွင် ပါတီငယ် အများအပြား ပါဝင်လာပြီး ညွှန့်ပေါင်း အစိုးရဖွဲ့ရန် အခွင့်အလမ်း ပိုများ လေ့ရှိသည်။ ထိုအချိန်တွင် တိုင်းပြည် အတွက် အရေးကြီးသော မူဝါဒများကို ချမှတ်ရန် အတွက် သဘော တူညီမှု မရနိုင်ပဲ ဖြစ်လေ့ ရှိသည်။ ထို့အပြင် ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်း ရေးတွင် အမတ်နေရာ အနည်းငယ် သာရှိသော လူမျိုးရေး ဘာသာရေး အစွန်းရောက် ပါတီများက သော့ချက် ကျနေပြီး ပါတီ ကြီးများကို အကျပ်ကိုင် နိုင်သည် ကိုလည်း အစ္စရေးနှင့် အီတလီ နိုင်ငံများ ရွေးကောက်ပွဲ များတွင် တွေ့ရသည်။ ထို့ပြင် ဤစနစ်သည် အနည်းဆုံး ရရှိရမည့် လူထု ထောက်ခံမှု ရာခိုင်နှုန်း နိမ့်လွန်းပါက အစွန်းရောက် ပါတီများကို လွှတ်တော် အတွင်း ပါဝင် လာစေရန် ပိုမို အခွင့်သာ စေသည့် အားနည်းချက် ရှိသည့် အပြင် လွှတ်တော် ကိုယ်စားလှယ် များကို ဖယ်ရှား နိုင်သည့် အာဏာသည် မဲဆန္ဒရှင်များ၏ လက်တွင် မရှိပဲ ပါတီ ခေါင်းဆောင်များ လက်တွင် ရှိနေ သည်ကို တွေ့ရသည်။ အလားတူပင် အများစု ကိုယ်စားပြု စနစ်တွင် ပြည်သူတို့ အနေဖြင့် ပါတီ တစ်ခုကို မနှစ်သက်ပါက မဲမပေးခြင်းဖြင့် ကိုယ်စားလှယ် တစ်နေရမှ မရရှိအောင် ပြုလုပ် နိုင်သော်လည်း အချိုးကျ စနစ်တွင်မူ ထိုပါတီကို ထောက်ခံသူ အနည်းငယ်မျှ ရှိနေပါက လွှတ်တော် အတွင်းတွင် ဆက်လက် ပါဝင်ခွင့် ရနေသည် ကိုလည်း တွေ့ရသည်။
ပေါင်းစပ် ထားသော အချိုးကျ ရွေးချယ်သည့် စနစ် (Mix Member Proportional System)
အများစု ကိုယ်စားပြု စနစ်နှင့် အချိုးကျ ကိုယ်စားပြု စနစ်တို့မှ ကောင်းကျိုးများ အားလုံးကို ရရှိနိုင်အောင် ဖန်တီး ထားသော စနစ် ဖြစ်သည်။ ဤစနစ်တွင် လွှတ်တော် ကိုယ်စားလှယ် နေရာများကို သာမန်အများစု အနိုင်ရမှုဖြင့် ရွေးချယ်သည့် နေရာ များနှင့် အချိုးကျ စနစ်ဖြင့် ရွေးချယ်သော နေရာများဟု ခွဲခြား ထားသည်။ သို့သော် အချိုးကျ ရွေးချယ်သည့် စနစ်ဖြင့် ရရှိသော ကိုယ်စားလှယ် နေရာများက လွှတ်တော်တွင် အများစု နေရာ ရရှိရေး အတွက် အဓိက အခန်းမှ ပါဝင်စေရန် သတ်မှတ် ထားသည်။ တစ်ဖက် ကလည်း အများစု ကိုယ်စားပြု စနစ်ဖြင့် ရွေးချယ်သော နေရာများ အတွက်သာ ဝင်ရောက် ယှဉ်ပြိုင်ပြီး တစ်နေရာမှ အနိုင် မရသော ပါတီများ အတွက် ၎င်းတို့ ရရှိသော ထောက်ခံမဲ ရာခိုင်နှုန်းပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားပြု စနစ်ဖြင့် ကိုယ်စားလှယ် နေရာများ ခွဲဝေ ပေးနိုင်ရန် အရန် နေရာများလည်း ထားရှိသည်။ အချို့ နိုင်ငံများ တွင်မူ ပါတီတစ်ခု၏ နည်းလမ်း နှစ်မျိုးလုံးဖြင့် ရွေးချယ် ခံရသော အမတ်နေရာ အရေ အတွက်သည် မည်မျှထက် မပိုရဟု ကန့်သတ်ထား သည်ကိ လည်း တွေ့ရသည်။ ဤစနစ်ဖြင့် ကိုယ်စားလှယ် နေရာ ခွဲဝေ ပေးမှုမှာ ရှုပ်ထွေးသည့် အပြင် မဲဆန္ဒရှင်များ အတွက်လည်း နည်းလမ်း နှစ်မျိုးဖြင့် မဲပေးရသည့် အတွက် အခက်အခဲ ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် ယခုစနစ်ကို ကမ္ဘာပေါ်တွင် နိုင်ငံ ခုနှစ်နိုင်ငံ ကသာ ကျင့်သုံး သည်ကို တွေ့ရသည်။
လွှဲပြောင်းပေးနိုင်သောမဲတစ်မဲစနစ် (Single Transferrable Vote System)
မဲပေးမှု စနစ်များ အထဲတွင် တွက်ချက်မှု အရှုပ်ထွေး ဆုံးသော စနစ်ဖြစ်သည်။ ၁၉ ရာစုနှစ်တွင် ဗြိတိသျှ နိုင်ငံရေး သိပ္ပံပညာရှင် သောမတ်ဟား တည်ထွင် ခဲ့သော စနစ်ဖြစ်ပြီး ဤစနစ်ကို ထောက်ခံသူ များကမူ လူထု သဘောထားကို အနီးစပ်ဆုံး ထပ်ဟပ် နိုင်သော စနစ်ဟု ရည်ညွှန်း ကြသည်။ ယခုစနစ်၏ အခြေခံ သဘောတရား မှာ အများစု ကိုယ်စားပြု စနစ်၏ နည်းလမ်း တစ်ခု ဖြစ်သည့် လွှဲပြောင်း မဲပေး နိုင်သည့် စနစ် Alternative Vote System နှင့် ဆင်တူသည်။ သို့သော် မဲဆန္ဒ နယ်များမှ ကိုယ်စားလှယ် နှစ်နေရာနှင့် အထက် သတ်မှတ် ထားသည်။ မဲပေးသူ များသည် လွှဲပြောင်း မဲပေးသည့် စနစ်မှာကဲ့သို့ ကိုယ်စားလှယ် လောင်းများကို ပထမ ၊ ဒုတိယ စသည်ဖြင့် ဦးစားပေး ရွေးချယ် ပေးရသည်။ လွှဲပြောင်း မဲပေး နိုင်သည့် စနစ်တွင် ကိုယ်စားလှယ် လောင်းတစ်ဦး သည် ပထမ ဦးစားပေး အဖြစ် ထောက်ခံသူ ၅ဝ% ရရှိလျှင် တကြိမ် တည်းဖြင့် အရွေးခံ သော်လည်း ယခု စနစ်တွင်မူ ကိုယ်စားလှယ် တစ်ဦး အရွေးချယ်ခံ ရရန် အတွက် လိုအပ်သော မဲခွဲတမ်းကို အောက်ပါ ပုံသေနည်း ဖြင့် တွက်ချက်သည်-
ကိုယ်စားလှယ် လောင်း တစ်ဦး၏ ပထမ ဦးစားပေး ရွေးချယ် ခံရမှုသည် ထိုသတ်မှတ် ခွဲတမ်းကို ကျော်လွန် ပါက တစ်ကြိမ် တည်းဖြင့် အရွေးချယ် ခံရသည်။ အကယ်၍ ခွဲတမ်း အရေအတွက် မပြည့်ေ သးပါက ပထမ ဦးစားပေး ရွေးချယ် ခံရမှု အနည်းဆုံး ကိုယ်စားလှယ် လောင်းကို ပယ်ဖျက်ပြီး ထို ကိုယ်စားလှယ် လောင်းကို ပထမ ဦးစားပေး မဲထည့် ထားသူများ၏ ဒုတိယ ဦးစားပေး မဲများအား ယှဉ်ပြိုင် စာရင်း အတွင်းရှိ သက်ဆိုင်ရာ ကိုယ်စားလှယ် လောင်းများသို့ ခွဲဝေ ပေးသည်။ တစ်ပြိုင်တည်း ၌ပင် အကယ်၍ ခွဲတမ်း ပြည့်သော ကိုယ်စားလှယ် လောင်းရှိလျှင် (ဥပမာ။ လွှတ်တော် ကိုယ်စားလှယ် နှစ်နေရာ ရှိသော မဲဆန္ဒ နယ်တွင် ကိုယ်စား လှယ်လောင်း တစ်ဦးက ပထမ အကြိမ်တွင် ခွဲတမ်း ပြည့်မီ သွားခဲ့လျှင်) ထို ကိုယ်စားလှယ်၏ သတ်မှတ် ခွဲတမ်းထက် ကျော်လွန်သွား ခဲ့လျှင် ထိုသူကို ပထမ ဦးစားပေး ရွေးထားသော မဲပြား များတွင် ဖော်ပြ ထားသော ဒုတိယ ဦးစားပေး ကိုယ်စားလှယ် များကို ပြန်လည် ခွဲဝေပေးသည်။ သို့သော် ထိုသို့ ပြန်လည် ခွဲဝေ ပေးရာတွင် မဲတစ်မဲ အပြည့်မရပဲ မဲတစ်မဲ၏ ရာခိုင်နှုန်း အစိတ် အပိုင်း ကိုသာ သက်ဆိုင်ရာ ကိုယ်စားလှယ် များက ပြန်လည် ရရှိသည်။ ဥပမာ ကိုယ်စားလှယ် လောင်း တစ်ဦးသည် အရွေးချယ် ခံရန် လိုအပ်သော ခွဲတမ်းသည် ၁ဝဝ ဖြစ်ချိန်တွင် ပထမ ဦးစားပေးမဲ ၁၁ဝ ရရှိပါက ချက်ခြင်း ရွေးချယ်ခံ ရသည်။ ထိုအခါ ပိုနေသော အစွန်းထွက်မဲ ၁ဝ မဲကို ပြန်ဝေ ပေးသည့် အခါ မဲပြားများ၏ တစ်ခုချင်း တန်ဖိုးသည် မူလမဲ၏ ဆယ်ပုံတစ်ပုံသာ ဖြစ်ပေမည်။ ဤနည်း အတိုင်း မဲဆန္ဒနယ် အတွက် သတ်မှတ် ထားသော ကိုယ်စားလှယ် နေရာ မပြည့်မချင်း အပြန်ပြန် အလှန်လှန် ဖြည့်တင်း တွက်ချက် ရသည်။ ဤစနစ်သည် မဲဆန္ဒရှင် များ၏ ဦးစား ပေးမှု များကို အတတ်နိုင်ဆုံး ထင်ဟပ်အောင် ဆောင်ရွက် ပေးနိုင် သော်လည်း တွက်ချက်မှု စနစ်များမှ ရှုပ်ထွေး လွန်းသော ကြောင့် ကမ္ဘာပေါ်တွင် အိုင်ယာလန်နှင့် မော်လတာ နှစ်နိုင်ငံ တွင်သာ နိုင်ငံတော် အဆင့် ရွေးကောက်ပွဲ များတွင် အသုံးပြု လျှက်ရှိသည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
International Eleven, 20-12-2006
မှီငြမ်းပြုစာစောင်များ

၁။
Electoral Design by Andrew Reynolds,Ben Reilly,Andrew Allis.IDEA, 2005
၂။
The Inpact of Electoral Design on Legislature, by Katz, Richard S., Oxford University Press, 1997.
၃။
Constitutional and Electoral Design by Peter M. Manikas, NDI October 2000

No comments:

Post a Comment