Saturday, September 7, 2013

စာနယ်ဇင်း လွတ်လပ်ခွင့် နှင့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ရှုထောင့် (၃)

မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒုတိယ ဖော်ဆောင် ပေးရမည့် အခြေအနေမှာ စီးပွားရေး အရ မျှတစွာ ပြိုင်ဆိုင် နိုင်ခွင့် ရှိခြင်းနှင့် မီဒီယာ လုပ်ငန်း ပိုင်ဆိုင်မှု များနှင့် ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု ရှိခြင်း ဖြစ်သည်။ ဤချဉ်းကပ်မှုမှာ ကျွန်တော်တို့ အတွက် လုံးဝ မစဉ်းစား ခဲ့သည့် ရှုထောင့် ဖြစ်သည်။ သို့သော် လက်တွေ့ အခြေအနေတွင်   ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဆောင်ရွက် နေသည့် နိုင်ငံများတွင် သာမက ၁၉၈၀ ပြည့်လွန် နှစ်များမှ စပြီး မီဒီယာ ဈေးကွက် ထိန်းချုပ်မှု များကို ဖြေလျှော့ ပေးခဲ့သည့် အနောက် နိုင်ငံများ တွင်ပင် မီဒီယာ ကဏ္ဍကို ကုမ္ပဏီကြီး အနည်းငယ်ကသာ ချုပ်ကိုင် ထားပြီး ၎င်းတို့ စိတ်ကြိုက် သတင်းများ၊ ၎င်းတို့ အကျိုးစီးပွားကို ဖော်ဆောင်ရန် အတွက် ပြည်သူ့ သဘောထားကို လွှမ်းမိုးရန် ရည်ရွယ်သည့် သတင်းများ၊ နိုင်ငံရေး အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည့် သတင်းများ၊  စီးပွားရေး အကျိုးအမြတ် ရှိမည့် အစီအစဉ်များ ကိုသာ ထုတ်လွှင့်သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဂရိ ဘာသာဖြင့် အနည်းစု ဟု အဓိပ္ပါယ် ရသည့်  (oligoi) နှင့် ရောင်းချခြင်းဟု အဓိပ္ပါယ် ရသည့် (polein) တို့ကို ပေါင်းစပ်ပြီး အိုလီဂိုပိုလီ oligopoly ဆိုသည့် စကားလုံး ကိုပင် မီဒီယာ လက်ဝါးကြီးအုပ်မှု အဆိုးဆုံး အခြေအနေကို ထင်ဟပ် နိုင်ရန် တီထွင် အသုံးပြုနေ သည်ကို တွေ့ရသည်။ တနည်းအားဖြင့် တစ်ပါတီ စနစ်တွင် အစိုးရနှင့် အာဏာရ ပါတီတို့က မီဒီယာ အားလုံးကို ထိန်းချုပ် ထားပြီး မိမိ တို့အကျိုးအတွက် အသုံးချသည့် အခြေအနေမျိုး ကို ဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေး စနစ်တွင် ပေါ်ပေါက် လာမည့် အခြေအနေ ဖြစ်သည်။ ထို့ကဲ့သို့ မီဒီယာ လက်ဝါးကြီး အုပ်မှု အခြေအနေ(oligopoly) သို့ရောက်ရှိ သွားပါက အောက်ပါ ဆိုးကျိုး များ ဖြစ်ပေါ် လာနိုင်ပါသည်-
(က)
စီးပွားရေး အင်အား အလွန်ကြီးမားသည့် မီဒီယာ ကုမ္ပဏီ ကြီးများက ပြည်သူ့ အကျိုးစီးပွားထက် ၎င်းတို့၏ အကျိုးစီးပွား၊ ကြော်ငြာရှင်များ၊ စီးပွားရေး လုပ်ငန်းကြီးများ ကဲ့သို့သော စပွန်ဆာများ၊ ၎င်းတို့နှင့် သင့်မြတ် သည့် အစိုးရ သို့မဟုတ် နိုင်ငံရေး ပါတီများ၏ အကျိုးစီးပွား ကိုသာ ရှေ့တန်းတင် ဆောင်ရွက် လာခြင်း။
( ခ)
လူနည်းစု အီလစ်များ၏ အကျိုးစီးပွားနှင့် အမြင်များ ကသာ မီဒီယာများ ပေါ်တွင် ထင်ဟပ် နေပြီး အင်အား နည်း အုပ်စုများ (အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းသူများ)၊ လူနည်းစု များ၏ အကျိုး စီးပွား အတွက် ကိုယ်စားပြု ဖော်ပြနိုင်မည့် အခွင့်အရေး မရှိတော့ခြင်း။
( ဂ)
ပြည်သူများ အနေဖြင့် အကြောင်းအရာ တစ်ခုနှင့် ပတ်သက်ပြီး ကွဲပြား ခြားနားသည့်အ မြင်များ၊ သုံးသပ် ချက်များ၊ သတင်းများ ရရှိပိုင်ခွင့် ဆုံးရှုံးသွားခြင်း။
(ဃ)
ဈေးကွက် ပြိုင်ဆိုင်မှု စနစ် ကွယ်ပျောက်သွားခြင်း။
အနောက် နိုင်ငံ များတွင် မီဒီယာ လုပ်ငန်းရှင်ကြီး မားဒေါ့၏ ဗြိတိန် သတင်းစာ လောကကို ချုပ်ကိုင် ထားမှုကြောင့် လေဘာ ပါတီနှင့် ကွန်ဆာဗေးတစ် ပါတီ နှစ်ခုလုံးက မားဒေါ့ပိုင် သတင်းစာများ၏ေ ထာက်ခံမှု ရအောင် ကြိုးစားနေရမှု အခြေ အနေ၊ အီတလီ နိုင်ငံတွင် ၀န်ကြီးချုပ် ဘာလူစကိုနီ၏ မီဒီယာ အုပ်စုက နိုင်ငံ၏ အကြီးဆုံး ရုပ်သံ ကုမ္ပဏီ၊ အကြီးဆုံး ပုံနှိပ် ထုတ်ဝေရေး ကုမ္ပဏီ၊ စောင်ရေ အများဆုံး သတင်းစာ နှစ်စောင်၊ အကြီးဆုံး ကြော်ငြာ ကုမ္ပဏီ တို့ကို ပိုင်ဆိုင် ထားပြီး နိုင်ငံရေး အတွက်ပါ အသုံးချ နေမှု အခြေအနေများသည် မီဒီယာ လက်ဝါးကြီး အုပ်မှု၏ ဆိုးကျိုးများကို မြင်တွေ့ နိုင်သည့် ထင်ရှားသော ဥပမာ များပင် ဖြစ်ပါသည်။ ထို့အတူ ၁၉၉၀ ပြည့်နှစ်က ကနေဒါ နိုင်ငံ၏ သတင်းစာ ၁၇.၃% မှာ သီးခြား လွတ်လပ်သည့် ဒေသန္တရ သတင်းစာများ ဖြစ်သော်လည်း ၂၀၀၅ ခုနှစ်တွင် လွတ်လပ်သည့် ဒေသန္တရ သတင်းစာ ၁% သာရှိပြီး ကျန် သတင်းစာ များကို သတင်းစာကုမ္ပဏီကြီများက ပိုင်ဆိုင်သွားသည့်အခြေအနေ၊ မက္ကဆီကို နိုင်ငံ၏ ဒေသန္တအရ အဆင့်နှင့် နိုင်ငံ အဆင့် ထုတ်လွှင့် နေသည့် ရုပ်သံ ဌာနပေါင်း ၄၆၁ ခုအနက် ၄၃၄ ခု ( ၉၄.၁၄%) ကို မီဒီယာ ကုမ္ပဏီ နှစ်ခု တည်းက ပိုင်ဆိုင်နေသည့် အခြေအနေများ ကလည်း မီဒီယာ လက်ဝါးကြီး အုပ်မှုကြောင့် ဒေသလိုက် လိုအပ်ချက်များ၊ အမြင်များကို ထုတ်ဖော် ပြောကြား နိုင်မည့် မီဒီယာများ ကွယ်ပျောက် သွားရသည့် ဖြစ်စဉ် များကို မီးမောင်း ထိုးပြ နေခြင်းပင် ဖြစ်သည်။ ထို့ပြင် ထူးခြားသည့် အခြေအနေ တစ်ခုမှာ အခြားစီးပွားရေး လုပ်ငန်းများ နှင့် နှိုင်းယှဉ်လျှင် မီဒီယာ လုပ်ငန်းများတွင် မိသားစုတစ်ခု တည်းက ထိန်းချုပ်ထား ကုမ္ပဏီကြီး များက လွှမ်းမိုးနေခြင်း ဖြစ်သည်။ Simeon Djnakov နှင့် Caralee McLiesh  တို့က နိုင်ငံ ၉၇ နိုင်ငံ၏ မီဒီယာ ကဏ္ဍကို လေ့လာ ရာတွင် သတင်း စာများ၏ ၅၇% ကို မိသားစု ကုမ္ပဏီကြီး များက ချုပ်ကိုင် ထားပြီး ရုပ်သံလွှင့် ဌာနများ၏ ၃၄% ကို မိသားစုကုမ္ပဏီများ၊ ၆၀% ကို အစိုးရ သို့မဟုတ် အစိုးရက ကြောထောက် နောက်ခံပေး ထားသည့် ပြည်သူ့ရေးရာ ၀န်ဆောင်မှု ကုမ္ပဏီများက ပိုင်ဆိုင် ထား သည်ကို တွေ့ရှိရသည်။
ထို့ကြောင့် နိုင်ငံ တစ်နိုင်ငံ၏ မီဒီယာ ကဏ္ဍ အချိုးညီညီ ဖွံ့ဖြိုး တိုးတက် ဖို့ဆိုလျှင် မီဒီယာ လက်ဝါးကြီး အုပ်မှု အခြေ အနေများကို တားဆီးရန် အတွက် လုံလောက်သော ဥပဒေများ ရှိရန် လိုအပ်ခြင်း ဖြစ်သည်။ မီဒီယာ လက်ဝါးကြီး အုပ်မှုသည် ပုံစံနှစ်မျိုးဖြင့် ပေါ်ပေါက် နိုင်သည်။ ပထမ တစ်မျိုးမှာ အလျားလိုက် ပေါင်းစည်းခြင်း ( Horizontal Intergration) ဖြစ်သည်။ ဤ ပေါင်းစည်းမှုတွင် လုပ်ငန်းတူ ကုမ္ပဏီများကို အင်အားကြီး ကုမ္ပဏီက ၀ယ်ယူခြင်း သို့မဟုတ် ဈေးကွက်အတွင်းမှ ထွက်ခွာသွားအောင် မမျှတသော ယှဉ်ပြိုင်မှုဖြင့် ဖယ်ရှားပစ်ခြင်းတို့ ဆောင်ရွက်ပြီး ဈေးကွက် အများစုကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ ဒေါင်လိုက် ပေါင်းစည်းခြင်း (Vertical Integration) ဖြစ်သည်။ ဤပေါင်းစည်း မှုတွင် မိမိလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်း နယ်ပယ်များ ဥပမာ၊ ဖြန့်ချိရေး၊ ကြော်ငြာ လုပ်ငန်း၊ စသည်တို့ကို ထိန်းချုပ်ခြင်း အားဖြင့် ပြိုင်ဘက် ကုမ္ပဏီများကို တူညီသော အခွင့်အရေး မရအောင် လုပ်ဆောင် ခြင်းမျိုး ဖြစ်သည်။ ထို့ကြောင့် မီဒီယာ လက်ဝါးကြီးအုပ်မှု အခြေအနေကို ကာကွယ် ဖို့ဆိုလျှင် အထက်ပါ ပေါင်းစည်းမှု ပုံစံ နှစ်မျိုးလုံးနှင့် ပတ်သက်ပြီး ဥပဒေများ၊ စည်းမျဉ်းများ သတ်မှတ်ဖို့လိုအပ်ပေသည်။
မီဒီယာ လုပ်ငန်းတွင် ဈေးကွက် စီးပွားရေး သဘောအရ ယှဉ်ပြိုင်မှု ရှိရမည် ဖြစ်သော်လည်း  လိုအပ်သည် ထက် ပိုမိုပြီး ပိုင်ဆိုင်မှုများက တစ်ဦး တစ်ယောက် ထံတွင် စုစည်း သွားခြင်း ( Undue Concentration of Owenership) မဖြစ်စေရန် အတွက် အစိုးရက လိုအပ်သည့် ဥပဒေများ၊ စည်းမျဉ်းများကို သတ်မှတ်ရန် လိုအပ်လာ ပါသည်။ ထို့ကြောင့် ယူနက်စကို ၏ ၀င်းဟုခ် ကြေညာချက်တွင် မီဒီယာ လက်ဝါးကြီးအုပ်မှု အခြေအနေကို ရှောင်လွှဲနိုင်ရန် လိုအပ်ချက်ကို အောက်ပါ အတိုင်း ဖော်ပြထား သည်ကို တွေ့ရပါသည်-
By a pluralistic press, we mean the end of monopolies of any kind and the existence of the greatest possible number of newspapers, magazines and periodicals reflecting the widest possible range of opinion within the community.
မီဒီယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုတွင် အခွင့်အလမ်း၊ အခွင့်အရေးနှင့် ပြိုင်ဆိုင်မှုများ မျှတစေရန်၊ လက်ဝါးကြီး အုပ်မှု အခြေအနေများကို ရှောင်ရှား နိုင်ရန် အတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းမှုပြုရာတွင် မီဒီယာ လုပ်ငန်းတစ်ခု အနေဖြင့် အခြား မီဒီယာ လုပ်ငန်းတစ်ခုနှင့် ပေါင်းစည်းခြင်း၊ အခြား မီဒီယာ လုပ်ငန်း၏ အစုရှယ်ယာများဝ ယ်ယူခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်ချက်များ သတ်မှတ်ခြင်းလည်း ပါဝင်ပါသည်။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံတွင် မီဒီယာ လုပ်ငန်းများ ပေါင်းစည်းမှု (merger ) နှင့်ပတ်သက်ပြီး Anti- Trust Law ပါအချက်များကို လိုက်နာရန် လိုအပ်သကဲ့သို့ ရုပ်သံ မီဒီယာ များတွင်မူ ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်(FCC) ၏ ခွင့်ပြုချက်ကိုလည်း ရရှိရန် လိုအပ်ပါသည်။ အလားတူပင် ဗြိတိန် နိုင်ငံတွင် မားဒေါ့အုပ်စု ဗြိတိန်နိုင်ငံ၏ အဓိက ရုပ်သံလွှင့် ကုမ္ပဏီဖြစ်သည့် BskyB ၏ အစုရှယ်ယာ အများစုကို ၀ယ်ယူရန် ကြိုးပမ်းမှုဟာ လွှတ်တော် နှင့် ပြည်သူများက ကန့်ကွက် ခဲ့သဖြင့် ရပ်ဆိုင်းခဲ့ရ သည်ကိုလည်း တွေ့ရပါသည်။ နောက်ထပ် ဥပဒေအရ ကန့်သတ်ချက် မီဒီယာ လုပ်ငန်းများ၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု ရှိရန် သတ်မှတ်ခြင်း ဖြစ်သည်။ ထိုသတ်မှတ်ချက် အရ အများပိုင် မီဒီယာ ကုမ္ပဏီများ သာမက မိသားစုပိုင် ကုမ္ပဏီများ၊ ပုဂ္ဂလိက ကုမ္ပဏီများ သည်လည်း ပိုင်ဆိုင်မှု၊ ရင်းနှီးမြှပ်နှံမှု၊ ၀င်ငွေ၊ အခြား စီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ်မှု များကို အများပြည်သူ သိရှိအောင် ထုတ်ဖော် ကြေညာ ပေးရမည် ဖြစ်ပါသည်။ အလားတူပင် ရုပ်သံလွှင့် ကဏ္ဍ အတွက် ထုတ်လွှင့်ခွင့် လိုင်စင်များ ခွင့်ပြုရာတွင် လည်းကောင်း၊ လှိုင်းနှုန်းများ ခွဲဝေ သတ်မှတ် ရာတွင် လည်းကောင်း ကုမ္ပဏီ တစ်ခုတည်းက လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုကို ရှောင်ရှား နိုင်ရန်အတွက် ကန့်သတ် ချက်များ သတ်မှတ် ထားလေ့ ရှိသည်ကိုလည်း တွေ့ရပါသည်။
မီဒီယာ လက်ဝါးကြီးအုပ်မှု အခြေအနေများကို ကာကွယ်ရန် အတွက် နောက်ထပ် ဆောင်ရွက် တစ်ခုမှာ ပြည်သူ့ရေး ရာဝန်ဆောင်မှု အသံလွှင့် ဌာနများ၊ လူထု အခြေအခြေပြု အဖွဲက အစည်းများက ထုတ်လွှင့်သည့် အကျိုးအမြတ် မယူသော ကွန်မြူနတီ ရေဒီယိုများ ပေါ်ပေါက်စေရန် အတွက် အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ကူညီ အားပေးခြင်း ဖြစ်သည်။ ထို့ပြင် အစိုးရအနေဖြင့် စောင်ရေ နည်းပါးသည့် ဒေသန္တရ သတင်းစာများ ဆက်လက် ရပ်တည် နိုင်ရန်အတွက် အခွန် သက်သာခွင့် အပါအ၀င် ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးလေ့ ရှိသည်ကိုလည်း တွေ့ရပါသည်။
ပြည်သူများ အနေဖြင့် သတင်း အချက်အလက်များ စုံလင်စွာ ရရှိစေရန်နှင့် ပြည်တွင်း မီဒီယာ လုပ်ငန်းများ ရှင်သန် စေရန် အတွက် နောက်ထပ် ဆောင်ရွက်လေ့ ရှိသည့် နည်းလမ်း တစ်ခုမှာ ရုပ်သံလွှင့် အစီအစဉ်များ၊ ကြော်ငြာများနှင့် ပတ်သက် ပြီး ကန့်သတ်သည့် နည်းလမ်း ဖြစ်သည်။ ထိုနည်းလမ်းကို ဥရောပသမဂ္ဂ နိုင်ငံများနှင့် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် နိုင်ငံများ တွင် အသုံးပြုသည်။ ထိုနိုင်ငံများတွင် တစ်နေ့တာ ထုတ်လွှင့် ချိန်တွင် ကြော်ငြာ အများဆုံး ပါဝင်နိုင်သည့် ရာခိုင်နှုန်း၊ သတင်း အစီအစဉ်မှ အပ ကျန်ဖျော်ဖြေရေး အစီအစဉ်များတွင် ဥရောပ သမဂ္ဂ၀င် နိုင်ငံများ သို့မဟုတ် မိမိနိုင်ငံမှ ပုဂ္ဂလိက ထုတ်လုပ်ရေး ကုမ္ပဏီများမှ ထုတ်လုပ်သည့် အစီအစဉ်များ ပါဝင်ရမည့် ရာခိုင်နှုန်းများကို ဥပဒေဖြင့် သတ်မှတ် ပေးထား သည် ကိုတွေ့ရ သည်။
ဆက်လက် ဖော်ပြပါမည်
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
A Framework for accessing media development, The International Programme for the Development of Communation.
၂။
Declaration of Windhoek 3 May 1991
၃။ 
The Role of Mass Media in Economic Development, WBI development study
၎။
Media Law Handbook, Dr Venkat Iyer  

No comments:

Post a Comment