Saturday, September 21, 2013

ငွေကြေးနှင့် နိုင်ငံရေးပါတီများ (၄)

ကိုရီးယား နိုင်ငံ တွင်မူ ၁၉၉၃ ခုနှစ်တွင် ဟွန်ဒိုင်း ကုမ္ပဏီ၏ ရွေးကောက်ပွဲ ရန်ပုံငွေ အရှုပ်တော်ပုံ အပြီးတွင် ပါတီ ရန်ပုံငွေ သုံးစွဲမှုနှင့် ပတ်သက်ပြီး တင်းကျပ်သော ဥပဒေများ ချမှတ်ခဲ့သည်။ ထိုဥပဒေ များအရ နိုင်ငံတော်မှ ပါတီ များကို လွှတ်တော် ရွေးကောက်ပွဲတွင် ရရှိခဲ့သည့် လူထု ထောက်ခံမဲ တစ်မဲလျှင် ကိုရီးယား ဝမ်ငွေ ၈ဝဝ နှုန်းဖြင့် ထောက်ပံ့ ပေးခဲ့ သည်။ တိုင်ဝမ် နိုင်ငံတွင်မူ လွှတ်တော် ရွေးကောက်ပွဲ များတွင် မိမိ မဲဆန္ဒနယ် မြေ၌ လူထု ထောက်ခံမဲ သုံးပုံတစ်ပုံ ရရှိသော ကိုယ်စားလှယ် လောင်းများသည် မဲတစ်မဲလျှင် တိုင်ဝမ်ဒေါ်လာ ၃ဝ နှုန်းဖြင့် ထောက်ပံ့ကြေး ရရှိ ကြသည်။ အမတ်နေရာ တစ်နေရာထက် ပိုသော မဲဆန္ဒနယ် များတွင်မူ အနိုင်ရရန် လိုအပ်သော ထောက်ခံမဲ ၏ ၅ဝ% ကို ရရှိသူ များကို အထက်ပါ နှုန်းထား အတိုင်း ထောက်ပံ့ ပေးသည်။ သို့သော် ထိုနိုင်ငံ သုံးခုလုံးတွင် သိသာ ထင်ရှားသော သွယ်ဝိုက် ထောက်ပံ့မှုများ မရှိသည် ကိုလည်း ထူးထူးခြားခြား သတိပြုဖွယ် တွေ့ရ ပြန်သည်။
ရန်ပုံငွေသုံးစွဲမှုအပေါ်ထိန်းချုပ်ခြင်း
ဂျပန် နိုင်ငံသည် နိုင်ငံရေး ပါတီများ၏ ရွေးကောက် ပွဲရန်ပုံငွေများကို ထိန်းချုပ်နိုင်ရန် အတွက် ၁၉၉၉ ခုနှစ်တွင် ၁၉၄၈ ခုနှစ် နိုင်ငံရေး ပါတီ ရန်ပုံငွေ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင် ခဲ့သည်။ ထိုဥပဒေအရ ကုမ္ပဏီ များသည် နိုင်ငံရေးသမား တစ်ဦးချင်း ထံသို့ရန်ပုံငွေ ထည့်ဝင် နိုင်ခွင့် မရှိတော့ပဲ နိုင်ငံရေး ပါတီ များသို့သာ တိုက်ရိုက် လှုဒါန်းရမည် ဖြစ်သည်။ ထို့ပြင် ယခင် ဥပဒေအရ ယန်း တစ်သန်း ကျော်သည့် ရန်ပုံငွေ ထည့်ဝင်မှု များကိုသာ မှတ်ပုံတင်ရန် သတ်မှတ် ထားခြင်း အစား ယန်း ငါးသောင်း ကျော်လျှင် မှတ်ပုံ တင်ရန် ပြင်ဆင် သတ်မှတ် ခဲ့သည်။ ထို့ပြင် လွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦး၏ ရွေးကောက်ပွဲ ကော်မတီမှ ဝန်ထမ်း တစ်ဦးက ပါတီ ရန်ပုံငွေ ဥပဒေကို ချိုးဖောက်ပါက ထို ကိုယ်စားလှယ် လောင်း၏ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ရန် ဥပဒေ ပြဋ္ဌာန်းခဲ့သည်။
ကိုရီးယား နိုင်ငံတွင်မူ ၂ဝဝဝ ပြည့်နှစ် ဥပဒေ အရ ပုဂ္ဂလိက တစ်ဦးချင်း သို့မဟုတ် အဖွဲ့ အစည်းတစ်ခု သည် ပါတီ ဌာနချုပ်သို့ တစ်နှစ်လျှင် ကိုရီးယား ဝမ်ငွေ သန်းတစ်ရာ ( အမေရိကန် ဒေါ်လာ ရှစ်သောင်း ခြောက် ထောင်ခန့်) လှုဒါန်း နိုင်ပြီး ပြည်နယ်/ ခရိုင်အဆင့် ပါတီ အဖွဲ့အစည်း များသို့ ယွမ်သန်း နှစ်ဆယ် လှုဒါန်း နိုင်သည်။ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ပါတီ ဌာနချုပ်သို့ တစ်နှစ်လျှင် သန်း ၂ဝဝ လှုဒါန်း နိုင်ပြီး ပြည်နယ်/ ခရိုင်အဆင့် ပါတီအဖွဲ့ အစည်း များနှင့် ကိုယ်စားလှယ် လောင်း တစ်ဦးချင်းကို ယွမ်သန်း ၅ဝ လှုဒါန်း နိုင်သည်။ ထို့ပြင် ပါတီ ထောက်ခံသူများ ဖြင့် ဖွဲ့စည်း ထားသော ကော်မတီများ အနေဖြင့် တစ်နှစ်လျှင် ယွမ် ၃ဝ ဘီလီယံ (အမေရိကန် ဒေါ်လာ နှစ်သန်း ခွဲခန့်) လှုဒါန်း နိုင်ပြီး လွှတ်တော် ကိုယ်စားလှယ် လောင်းများ အတွက် သုံးဘီလီယံ လှုဒါန်း နိုင်သည်။ ထို့ပြင် ရွေးကောက်ပွဲ ရှိသည့် နှစ်တွင် ထို အရေ အတွက်ထက် နှစ်ဆကို လှုဒါန်း နိုင်ခွင့် ရှိပေသည်။ သို့သော် အရှေ့အာရှ နိုင်ငံများ၏ ပါတီ ရန်ပုံငွေ သုံးစွဲမှု ထိန်းချုပ်သည့် စနစ်များမှာ အင်္ဂလို ဆက်ဆွန် နိုင်ငံများ၊ အနောက် ဥရောပ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တင်းကျပ်မှု နည်းပါးသည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် ထိုနိုင်ငံ များတွင် ရွေးကောက်ပွဲ အသုံးစရိတ်၊ ပါတီ ရန်ပုံငွေ များနှင့် ပတ်သက်သည့် အရှုပ်တော်ပုံများကို ရွေးကောက်ပွဲ တိုင်းလိုလို တွင် တွေ့နေရခြင်း ဖြစ်သည်။
အနာဂတ်အလားအလာ
ပါတီစုံ ဒီမို ကရေစီ စနစ်တွင် နိုင်ငံရေး ပါတီများသည် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင် ကြသည်။ ရွေးကောက်ပွဲတွင် အနိုင်ရစေရန် အတွက် မဲဆန္ဒရှင်များကို အမျိုးမျိုး မဲဆွယ် စည်းရုံး ကြရာမှ ယနေ့အချိန် ကာလတွင် နိုင်ငံရေး ပါတီများ အတွက် ရွေးကောက်ပွဲ ကြော်ငြာများ၊ မဲဆွယ် စည်းရုံးမှု များကို ပြုလုပ်ပေးသည့် လုပ်ငန်း များသည် စီးပွားရေး လောကမှ ကြော်ငြာ ကုမ္ပဏီများ ကဲ့သို့ပင် စီးပွားရေး လုပ်ငန်း တစ်ရပ်အဖြစ် ရပ်တည် နေပြီ ဖြစ်သည်။ ထို့လုပ်ငန်းများကို အသုံးပြုပြီး မဲဆွယ် စည်းရုံး ရသည်နှင့်အမျှ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများ အတွက် ငွေကို ရေလို သုံးရ ပေတော့သည်။ ထိုအခါတွင် ပါတီ ရန်ပုံငွေ အများအပြား ထည့်ဝင် နိုင်သော စီးပွားရေး သမားများက သာမန် မဲဆန္ဒရှင် များထက် နိုင်ငံရေး ပါတီများ၏ မူဝါဒများ အပေါ်တွင် သြဇာ ပိုမိုကြီးမား လာလေသည်။ ထို့ကြောင့် နိုင်ငံ အများ အပြားတွင် ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အကျင့်ပျက်မှု များကို ကာကွယ် တားဆီးရန်၊ နိုင်ငံရေး ပါတီ အားလုံး တတ်နိုင်သမျှ တစ်ပြေးညီ စည်းရုံး လှုပ်ရှား နိုင်ရန်၊ သာမန် မဲဆန္ဒရှင် များ၏ အခန်း ကဏ္ဍကို ထိန်းသိမ်း နိုင်ရန်နှင့် နိုင်ငံရေး ပါတီများ အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်ကို အပြည့်အဝ ကျင့်သုံး နိုင်ရန် ရည်ရွယ်ပြီး ပါတီ ရန်ပုံငွေ ကောက်ခံမှု များနှင့် ပတ်သက်ပြီး ထိန်းချုပ်မှုများ အမျိုးမျိုး ပြုလုပ် နိုင်ရန် ကြိုးစား နေကြခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပါတီ ရန်ပုံငွေနှင့် ရွေးကောက်ပွဲ ရန်ပုံငွေ သုံးစွဲမှု များကို ထိန်းချုပ်ရာတွင် ပါတီများမှ မိမိတို့၏ အသိစိတ် ဓာတ်ဖြင့် ထိန်းချုပ်စေခြင်း၊ ငွေကြေး ကောက်ခံ သုံးစွဲမှု များကို ပွင့်လင်းပြီး ထင်သာ မြင်သာ ရှိအောင် လုပ်ဆောင်ပြီး ထိန်းချုပ်ခြင်း၊ ငွေကြေး ကောက်ခံ သုံးစွဲမှုများနှင့် ပတ်သက်ပြီး တင်းကျပ်သော စည်းမျဉ်း သတ်မှတ် လိုက်နာစေခြင်း စသည့် နည်းလမ်း ပေါင်းစုံ အသုံးပြုလျှက် ရှိသည်ကို တွေ့ရမည် ဖြစ်ပေသည်။ သို့သော် ထို ကန့်သတ်ချက် များသည်လည်း ရည်ရွယ် ထားသည့် အကျိုး ကျေးဇူးများ ရရှိအောင် မစွမ်းဆောင် နိုင်သည်ကိုလည်း တွေ့နေရ ဆဲဖြစ်သည်။
နိုင်ငံအများ အပြားတွင် ရွေးကောက်ပွဲ ရန်ပုံငွေ ထည့်ဝင် နိုင်သည့် ပမာဏ၊ ထည့်ဝင်နိုင်သော သူများ နှင့် ရွေးကောက်ပွဲ တွင် အများဆုံး အသုံးပြု နိုင်သည့် ငွေပမာဏ များကို သတ်မှတ် ထားသည်ကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုသို့ ကန့်သတ်ခြင်း အားဖြင့် ပါတီများ အနေဖြင့် သာမန် ပါတီဝင်များ၏ ထည့်ဝင်ငွေများ ဖြင့်သာ စည်းရုံး လှုပ်ရှားမှုများ ပြုလုပ် နိုင်မည်ဟု မျှော်လင့် ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် သာမန်ပါတီဝင် များ၏ ထည့်ဝင်ငွေက တရိပ်ရိပ် တက်နေသော ကုန်ကျ စရိတ်များကို လိုက်မမီသည့်အခါ စီးပွားရေး လုပ်ငန်း ရှင်များ ထံသို့သာ ဦးခိုက်ပြီး ရန်ပုံငွေ ရှာဖွေရသည့် ဘဝသို့ ရောက်ရှိ သွားသည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများ အနေဖြင့် ရန်ပုံငွေ အတွက် စိတ်မပူ ရစေရန် အတွက် နိုင်ငံတော်မှ ထောက်ပံ့ ပေးသည့် နည်းစနစ်ကို ကျင့်သုံး သော်လည်း နှစ်စဉ် ဒေါ်လာ သန်းရာနှင့် ချီသော ကုန်ကျ စရိတ်များကို ကျခံနိုင်ရန်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် မည်သို့မျှ မဖြစ်နိုင် သည်ကို တွေ့ရပြန်သည်။ သို့ တိုင်အောင် ကမ္ဘာပေါ်တွင် နိုင်ငံ ၆၅ နိုင်ငံက တိုက်ရိုက် ထောက်ပံ့သည့် နည်းကို အသုံးပြု နေပြီး ၇၉ နိုင်ငံတွင် သွယ်ဝိုက် ထောက်ပံ့သည် နည်းကို အသုံးပြု ကြသည်ကို တွေ့ရပြန်သည်။ သွယ်ဝိုက် ထောက်ပံ့သည့် နည်းတွင် အများဆုံး အသုံးပြုသည့် နည်းလမ်းမှာ ပါတီ အားလုံးကို မီဒီယာ များတွင် တူညီသော အခွင့်အရေး ရရှိအောင် ဖန်တီး ပေးခြင်းပင် ဖြစ်သည်။ အချို့ နိုင်ငံများ တွင်မူ မီဒီယာ အခွင့်အရေး အပြင် ရွေးကောက်ပွဲ အကြို မဲဆွယ် ကာလကို ကန့်သတ် ထားပေး ခြင်းဖြင့် ရွေးကောက်ပွဲ ကုန်ကျ စရိတ် နည်းပါး စေရန်နှင့် ပါတီငယ် များအတွက် အခွင့်အရေး ရစေရန် ဆောင်ရွက် သည်ကို လည်း တွေ့ရသည်။
ပါတီ ရန်ပုံငွေ များကို ထိန်းချုပ် ရာတွင် အကုန်အကျ အနည်းဆုံးနှင့် အတော် ထိရောက်မှု ရှိသော နည်းလမ်းမှာ ငွေကြေး ကောက်ခံ သုံးစွဲများနှင့် ပတ်သက်ပြီး ပွင့်လင်းပြီး ထင်သာ မြင်သာ ရှိအောင် ဆောင်ရွက် ပေးခြင်းပင် ဖြစ်သည်။ သို့သော် ဤနည်းလမ်းကို ကျင့်သုံးရာတွင် လွပ်လပ်သည့် အဖွဲ့အစည်းဖြင့် ရန်ပုံငွေ သုံးစွဲမှု များကို ကြီးကြပ်ရန် လိုအပ် သကဲ့သို့ လိုအပ်သော သတင်း အချက်အလက် များကို မီဒီယာ များနှင့် မဲဆန္ဒရှင် ပြည်သူများ အချိန်မီ သိရှိအောင် ထုတ်ပြန် ပေးရန် လိုအပ်ပေသည်။ အထူးသဖြင့် ရွေးကောက်ပွဲ အကြို မဲဆွယ်ပွဲ ကာလများတွင် ပြည်သူများ အနေဖြင့် သိသင့် သိထိုက်သော ငွေကြေး ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန် ပေးရန် လိုအပ်သည်။ မည်သို့ပင် ဖြစ်စေ ဤနည်းလမ်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် အကုန်အကျ အနည်းဆုံးဖြင့် အသုံးပြု နိုင်သော နည်းလမ်း ဖြစ်နေဆဲ ဖြစ်ပါသည်။
ဘာလုပ်ကြမလဲ
ပါတီ ရန်ပုံငွေ များကို ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး လေ့လာလျှင် နိုင်ငံ အသီးသီးသည် မိမိတို့ နိုင်ငံ၏ အခြေ အနေပေါ် မူတည်ပြီး တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဖြင့် နည်းလမ်း အမျိုးမျိုးကို ကျင့်သုံး နေသည်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် မည်သည့် နည်းလမ်းကို ကျင့်သုံးသည် ဖြစ်စေ၊ ထိုစနစ်များ အောင်မြင်ရေးနှင့် မဲဆန္ဒရှင်များနှင့် နိုင်ငံရေး ပါတီများက ဒီမိုကရေစီ စနစ်ကို အနှစ်သာရ ရှိရှိ၊ ခိုင်ခိုင်မာမာ ကျင့်သုံး နိုင်ရန် အတွက် ပြည်သူများ၏ အသိပညာ ဗဟုသုတ ပြည့်ဝမှု၊ လူထု အခြေခံ အဖွဲ့အစည်း များ၏ အားကောင်းမှုနှင့် တရား စီရင်ရေး နှင့် အစိုးရ ယန္တရား အားကောင်း မှုတို့ဖြင့် ပြည့်စုံရန် လိုအပ်သည်မှာ ထင်ရှား နေပေသည်။ ထို့အပြင် ပါတီ ရန်ပုံငွေ များကို ထိန်းချုပ်မည့် ဥပဒေ များကို ပြဋ္ဌာန်းရမည့် သူများမှာ နိုင်ငံရေး ပါတီများက လွှတ်တော် ကိုယ်စားလှယ် များပင် ဖြစ်ပေရာ ထိုသူများ အနေဖြင့် သန့်ရှင်းသော နိုင်ငံရေး စနစ်တစ်ရပ် ပေါ်ပေါက် စေရန်အတွက် နိုင်ငံရေး သံဓိဋ္ဌာန် မည်မျှ ခိုင်မာစွာ ချမှတ် ထားသည် ဆိုသည့် အချက်မှာ လည်း ထိုဥပဒေများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးတွင် အရေးကြီးသော အချက်ပင်ဖြစ် သည်။ အမေရိကန် နိုင်ငံကို လေ့လာပါက ပြဋ္ဌာန်း လိုက်သည့် ဥပဒေ များတွင် ယိုပေါက်၊ ဟာကွက် များများ ပါဝင်အောင် ထည့်သွင်း ထားခြင်းကြောင့် အောင်မြင်မှု မရှိသည်ကို တွေ့ရမည် ဖြစ်ပေသည်။
အချို့ နိုင်ငံရေး သိပ္ပံပညာရှင် များကမူ ဥပဒေဖြင့် ထိန်းချုပ် ခြင်းထက် နိုင်ငံရေး ပါတီများနှင့် ပြည်သူ များက အသိဖြင့် ထိန်းချုပ်ခြင်း သည်သာ ရေရှည် တည်တံမည့် ပြုပြင် ပြောင်းလဲမှု များကို လုပ်ဆောင် နိုင်မည်ဟု ဆိုကြသည်။ ထိုအယူအဆ ရှိသူတို့က နိုင်ငံရေး လောကတွင် ငွေကြေး၏ အခန်းကဏ္ဍကို လျှော့ချ နိုင်ရန် အတွက် အောက်ပါ အတိုင်း လိုက်နာ လုပ်ဆောင် သင့်သည်ဟု ဆိုကြ၏ -
(က)
ပါတီများ အနေဖြင့် အပုတ်ချ တိုက်ခိုက် မဲဆွယ်ခြင်း၊ လူပုဂ္ဂိုလ်ကို ရှေ့တန်းတင် မဲဆွယ်ခြင်းများ အစား ပါတီ မူဝါဒနှင့် ဒီမိုကရေစီ ကျင့်စဉ်များ အပေါ် တွင်သာ အခြေခံပြီး မဲဆွယ် စည်းရုံးခြင်း၊
(ခ)
ရွေးကောက်ပွဲ ကာလ အတွင်း ပါတီ အားလုံး မီဒီယာ သုံးစွဲခွင့် တစ်ပြေးညီ ဖြစ်အောင် သတ်မှတ် ပေးခြင်း။
(ဂ)
ငွေကြေး ကောက်ခံ သုံးစွဲမှု များတွင် ပွင့်လင်းပြီး ထင်သာ မြင်သာရှိအောင် ဆောင်ရွက်ခြင်း။
(ဃ)
ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှု များသည် ပါတီ အားလုံးအတွက် တစ်ပြေးညီ ယှဉ်ပြိုင်မှု ဖြစ်အောင် ဖန်တီး ပေးခြင်း။
(င)
ရွေးကောက်ပွဲ နှင့် ရန်ပုံငွေ သုံးစွဲမှု များကို ကြီးကြပ်မည့် အဖွဲ့ အစည်းများကို အရည်အချင်း ပြည့်ဝ စေရန် နှင့် ဘက်လိုက်မှု ကင်းစေရန် တည်ဆောက် ပေးခြင်း။
(စ)
မဲဆန္ဒရှင်များ အားလုံး ပါဝင် မဲပေးအောင် ပညာပေး ခြင်းဖြင့် မဲဆန္ဒရှင်များ၏ အခန်း ကဏ္ဍကို မြှင့်တင် ပေးခြင်း။
(ဆ)
ရွေးကောက်ပွဲ စနစ်အပေါ် ပြည်သူများ ယုံကြည်မှု ရှိစေရန် အတွက် ပွင့်လင်းမှုနှင့် ထင်သာ မြင်သာရှိမှုကို တည်ဆောက် ပေးခြင်း။
သို့သော် လက်တွေ့တွင် အထက်ပါ အချက်များကို ဒီမိုကရေစီ အသွင် ကူးပြောင်းစ ဖွံ့ဖြိုးဆဲ နိုင်ငံများ မဆိုထားနှင့် ရင့်ကျက် နေသော ဒီမိုကရေစီ နိုင်ငံကြီးများ တွင်ပင် အားလုံး ပြည့်စုံအောင် အကောင်အထည် ဖော်နိုင်ရန် လွယ်ကူ လှမည် မဟုတ်ပေ။ သို့သော် ပါတီ ရန်ပုံငွေနှင့် ရွေးကောက်ပွဲ ရန်ပုံငွေ သုံးစွဲမှု များကို ထိရောက်သော ထိန်းချုပ် နိုင်မှုများ မရှိပါကလည်း ဒီမိုကရေစီ စနစ်ကို အနှစ်သာရ ရှိရှိ ကျင့်သုံးနိုင်ရန် မလွယ်လှ ပေရာ ပါတီ ရန်ပုံငွေ ထိန်းချုပ်ရေး ပြဿနာသည် နိုင်ငံအားလုံး အတွက် အလေးထား လေ့လာရမည့် ပြဿနာ အဖြစ် ရှိနေဦးမည်သာ ဖြစ်ပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Funding of Political Parties and Election Campaigns, Reginald Austin, Maja Tjernström by 2003
၂။
www. opensecret.org.

No comments:

Post a Comment