Thursday, September 5, 2013

ရွေးကောက်ပွဲ နှင့် မီဒီယာ၏ တာဝန်

ဒီမိုကရေစီ စနစ်၏ အဓိက သွင်ပြင် လက္ခဏာ တစ်ခုမှာ ကာလ အပိုင်းအခြား တစ်ခု သတ်မှတ်ပြီး ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများ အတွက် ရွေးကောက်ပွဲ များ ပုံမှန် ကျင်းပပေးခြင်း ပင်ဖြစ်သည်။ အလားတူ ဒီမိုကရေစီ စနစ်၏ နောက်ထပ် လက္ခဏာ တစ်ခုမှာ သတင်း မီဒီယာများ၏ အခန်းကဏ္ဍကို အရေးထားမှု ပင်ဖြစ်သည်။
မီဒီယာအဖွဲ့အစည်းများ၏တာဝန်
ရွေးကောက်ပွဲ တစ်ခုတွင် မီဒီယာများ အနေဖြင့် ပြည်သူကို နိုင်ငံရေး ပါတီများနှင့် အရွေး ချယ်ခံ ကိုယ်စားလှယ်များ အကြောင်း၊ ယနေ့ နိုင်ငံနှင့် ပြည်သူများ အတွက် အရေးကြီးသည့် မူဝါဒ ဆိုင်ရာများ (Issues) နှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံးလုပ်နည်း များ ဆိုသည့် အကြောင်းအရာ သုံးခုနှင့် ပတ်သက်ပြီး အသိပေးရမည့် တာဝန် ရှိသည်။ ထိုကဲ့သို့ အသိပေးရာတွင် မီဒီယာများ အနေဖြင့် တိကျ မှန်ကန်မှု၊ ဘက်မလိုက်မှု၊ မိမိ ရေးသားသည့် သတင်းအပေါ် အပြည့်အ၀ တာဝန် ယူမှုတို့နှင့် ပြည့်စုံရန် လိုအပ် ပါသည်။         
ရွေးကောက်ပွဲ သတင်း၊ နိုင်ငံရေး သတင်းများကို ရေးသား တင်ပြရာတွင် သတင်းထောက်များ အနေဖြင့် လိုက်နာ စောင့်ထိန်း သင့်သည့် ကျင့်ဝတ်များနှင့် ပတ်သက်ပြီး အဖွဲ့အစည်း အတော် များများ က ရေးသား ထုတ်ပြန် ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ဓနသဟာယ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Manoah Esipisu ကမူ ဓနသဟာယ နိုင်ငံများတွင် ပြုလုပ်သည့် ရွေးကောက်ပွဲ များ၏ အတွေ့အကြုံ အရ သတင်းသမား ကကျင့် ၀တ်ကို လိုက်နာဖို့ထက် ထိုသတင်းသမား များကို ခန့်အပ် ထားသည့် မီဒီယာ အဖွဲ့အစည်း များ၏ ကျင့်ဝတ် လိုက်နာမှု ပိုပြီး အရေးကြီး သည်ဟုဆိုသည်။ ၎င်းက ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အများ ပြည်သူပိုင် မီဒီယာ လုပ်ငန်းများ၊ ပုဂ္ဂလိကပိုင် မီဒီယာ လုပ်ငန်း များတွင် ပိုင်ရှင်များ၊ ထိပ်ပိုင်း အဆင့် စီမံ ခန့်ခွဲ သူများ၏ အယ်ဒီတာ အဖွဲ့နှင့် သတင်းထောက် များအပေါ် သြဇာ သက်ရောက်မှုမှာ အလွန် ကြီးမား လှသောကြောင့် အဖွဲ့အစည်း၏ ကျင့်ဝတ်ပိုင်း ဆိုင်ရာ လိုက်နာမှုက ပိုပြီး အရေးကြီးခြင်း ဖြစ်သည်ဟု ဆို၏။   Manoah Esipisuက မီဒီယာ အဖွဲ့အစည်းများ အနေဖြင့် သတိပြု သင့်သည့် အချက်များကို အောက်ပါ အတိုင်း ဖော်ပြ ခဲ့သည်-
၁။
အယ်ဒီတာ အဖွဲ့နဖြင့် သတင်း အချက်အလက်  (Fact) နှင့် သဘောထားမှတ်ချက်  (Comment) ကို တိတိကျကျ ခွဲခြားသတ်မှတ် ထားသင့်သည်။ အယ်ဒီတာ အဖွဲ့၏ သဘောထား ကို ထင်ဟပ်စေသော ရေးသားချက် များကို သတင်းတွင် ထည့်သွင်းခြင်း မပြုသင့်။ အယ်ဒီတာ့ အာဘော်နှင့် ဆောင်းပါး များတွင်သာ ဖော်ပြသင့်သည်။
၂။
အများ ပြည်သူပိုင် (  Publicly Owned) မီဒီယာများ အနေဖြင့်မူ ပုဂ္ဂိုလ်တစ်ဦး၊ ပါတီ တစ်ခုကို အသား ပေးသော၊ ထိခိုက် နစ်နာစေသော ဆောင်းပါးများ၊ အယ်ဒီတာ့ အာဘော်များကို ရေးသားခြင်း မပြုသင့်ပါ။ ဘက်မလိုက်သည့် မူဝါဒကို တိတိကျကျ ကျင့်သုံးသင့် ပါသည်။
၃။
 နိုင်ငံရေး ကြော်ငြာများကို လက်ခံခဲ့လျှင် ပါတီအားလုံး အတွက် တစ်ပြေးညီ လက်ခံရမည်။ ကြော်ငြာ နှုန်းနှင့် မူဝါဒများကို ခွဲခြား သတ်မှတ် လက်ခံခြင်း မပြုသင့်ပါ။
၎။
ပါတီ အားလုံး၊ ရွေးကောက်ပွဲ ၀င်သူ အားလုံးအပေါ် တူညီသော သတင်း ဖော်ပြမှုများ ပြုလုပ် ရပါမည်။
၅။
မဲဆန္ဒရှင် များ၏ သဘောထားနှင့် အမြင်များ ကိုလည်း ထင်ဟပ် ဖော်ပြ ပေးရပါမည်။
၆။
ပါတီတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးက ၎င်းအနေဖြင့် သိက္ခာ ထိခိုက်အောင် ရေးသား ဖော်ပြခြင်း ခံရသည် ဟု ထင်မြင်လျှင် ထိုပါတီ၊ ထိုပုဂ္ဂိုလ်၏ ဖြေရှင်းချက်ကို အမြန်ဆုံး ပြန်လည် ဖော်ပြ ပေးရမည်။ လိုအပ်လျှင် မီဒီယာ အဖွဲ့အစည်း၏ တောင်းပန်ချက် သို့မဟုတ် အမှား ပြင်ဆင်ချက်ကို ဖော်ပြ ပေးရမည်။
၇။
အာဏာရ ပါတီ၊ အစိုးရ၊ လွှတ်တော် အမတ်များ၏ သတင်း ထုတ်ပြန်ချက်များ၊ သတင်းစာ ရှင်းလင်းပွဲ များသည် အခြား ရွေးကောက်ပွဲ ၀င်မည့် ပါတီ၊ ပုဂ္ဂိုလ်များနှင့် ပတ်သက်ပြီး အငြင်းပွား ဖွယ် သတင်း အချက်အလက်များ ပါဝင်ခဲ့လျှင် ကာယကံရှင်၏ ပြန်လည် ဖြေရှင်းချက်ကို ဖော်ပြ ပေးရမည်။
(Right of Reply)။ ထိုသို့ဖော်ပြရာတွင်ဖြစ်နိုင်သမျှ တူညီသည့် အခွင့်အရေးကိုပေးရမည်။ ( Equal Time or Space Rules) ။
သဘောတရားနှင့်လက်တွေ့
စတုတ္ထ မဏ္ဍိုင် အဖြစ် ရပ်တည်မည့် မီဒီယာများ အနေဖြင့် ဘက်မလိုက်ပဲ သတင်းများကို ရေးသား တင်ပြ ရမည်ဟု ဆိုသော်လည်း သာမန် ပုထုဇဉ် မျှသာ ဖြစ်သော မီဒီယာ သမားများ အနေဖြင့် မိမိ ခံစားချက်၊ မိမိ ယုံကြည်ချက်ကို လျစ်လျူရှုပြီး ဘက်မလိုက်ဘဲ ရေးသား တင်ပြဖို့ ဆိုသည်မှာ လွယ်ကူလှ သည်တော့ မဟုတ်ပေ။ အမေရိကန် နိုင်ငံတွင် သြဇာ တိက္ကမ ကြီးမား လှသည့် ၀ါရှင်တန် ပို့စ် သတင်းစာ ပင်လျှင် အထက်ပါ အဖြစ်မျိုးနှင့် မကင်းခဲ့သည်ကို တွေ့ရသည်။
၂၀၀၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက် သမ္မတလောင်း အိုဘားမားနှင့် ရီပတ် ဘလီကင် သမ္မတလောင်း ဂျွန်မက်ကိန်းတို့ ယှဉ်ပြိုင်ခဲ့သည်။ အမေရိကန် သတင်းစာ လောကမှ သတင်းထောက်များ၊ အယ်ဒီတာ များမှာ လစ်ဘရယ် အယူအဆ ရှိသူ အများစု ဖြစ်ရာ ဂျွန်မက်ကိန်း လို့ ကွန်ဆား ဗေးတစ် တွေပေါ် အမြင်မကြည်လှ။ ထိုသဘောထားက ၀ါရှင်တန် ပို့စ်၏ သတင်း ဖော်ပြချက် များတွင် ထင်ဟပ် နေသည်။ သမ္မတ ရွေးပွဲအတွက် အပြိုင်အဆိုင် မဲဆွယ် နေသည့် ဇူလိုင်နှင့် သြဂုတ် လများ တွင် ၀ါရှင်တန် ပို့စ် သတင်းစာ ရှေ့မျက်နှာဖုံး သတင်း အဖြစ် ဖော်ပြခံရမှု၌ အိုဘားမား က ၃၅ ကြိမ် ဖော်ပြခံရပြီး မက်ကိန်း က ၁၃ ကြိမ်သာ ဖော်ပြခံရသည်။ သတင်းစာ တစ်စောင်လုံးတွင် ဖော်ပြမှု အနေဖြင့်မူ အိုဘားမား က ၁၄၂ ကြိမ် ရှိပြီး မက်ကိန်းက ၉၆ ကြိမ်သာ ရှိသည်။  သတင်း ဓာတ်ပုံ ဖော်ပြမှုတွင် အိုဘားမားက ၁၂၂ ကြိမ်ရှိပြီး မက်ကိန်းက ၇၈ ကြိမ်သာ ရှိခဲ့သည်။ ၀ါရှင်တန် ပို့စ် သတင်း အယ်ဒီတာ အဖွဲ့က ၎င်းတို့အနေဖြင့် သတင်း တန်ဖိုးအပေါ် မူတည်ပြီး ဖော်ပြ ခဲ့ခြင်းသာ ဖြစ်ကြောင်း ကာကွယ် ပြောကြား ခဲ့သော်လည်း ထိုကဲ့သို့ သတင်း ဦးစားပေး ဖော်ပြမှုများက မဲဆန္ဒရှင်များ၏ အမြင်အပေါ် အကျိုး သက်ရောက်မှု ရှိသည် ကတော့ အမှန်ပင် ဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာ ပါတီများ၊ နိုင်ငံရေး သမားများ ကလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ လာဘ်လာဘဖြင့်၊ အခြား နည်းများဖြင့် စည်းရုံး သိမ်းသွင်းခြင်း စသည့် နည်းမျိုးစုံဖြင့် မီဒီယာများ၏ ထောက်ခံမှု၊ မျက်နှာသာပေး ရေးသားမှု တို့ကို ရအောင် အစဉ်တစိုက် လုပ်ဆောင်လျှက် ရှိနေရာ မီဒီယာ သမားများ ရင်ဆိုင် ရသည့် ဖိအားများမှာ မနည်း မနောပင် ဖြစ်သည်။ထို့ကြောင့် မီဒီယာ များအနေဖြင့် ဘက်လိုက်မှု မရှိ၊ မျှတစွာ သတင်းရေးသား ဖော်ပြရမည် ဆိုသော်လည်း သဘော တရားနှင့် လက်တွေ့ တစ်ထပ်တည်း ဖြစ်ဖို့ ဆိုသည်မှာ အတော် ခက်ခဲ့သော ကိစ္စပင် ဖြစ်သည်။ အထူးသဖြင့် လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခ အခြေအနေ များနှင့် နှစ်ပေါင်း များစွာ ရင်ဆိုင် ခဲ့ရသော၊ တင်းကျပ်သည့် ဗဟို ဦးစီးစနစ်ဖြင့် အုပ်ချုပ်မှု အောက်တွင် နှစ်များစွာ နေထိုင် ခဲ့ရသော နိုင်ငံများတွင် ဗဟုဝါဒသို့ ကူးပြောင်းပြီး ရွေးကောက်ပွဲများ ကျင်းပသည့်အခါ မီဒီယာများ၏ တာဝန်မှာ ပိုပြီး ခက်ခဲ ကြီးမားသည်ဟု ဆိုနိုင် ပါသည်။
စစ်အေး ခေတ်လွန် ကာလတွင် တစ်ပါတီ စနစ်၊ ဗဟိုမှ တင်းကျပ်စွာ ချုပ်ကိုင်သည့် စနစ်များကို ကျင့်သုံးရမှာ ဗဟုဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့သည့် နိုင်ငံများ၏ မီဒီယာ လောကသည် ထူးခြားသော အခြေအနေ သုံးခုနှင့် ရင်ဆိုင် ရသည်ဟု လေ့လာ သူများက ဆိုကြသည်။ ပထမ အခြေအနေမှာ ထို နိုင်ငံ များတွင် မီဒီယာ ကဏ္ဍမှာ တင်းကျပ်သော ထိန်းသိမ်း ကွပ်ကဲမှု အောက်တွင် ကာလ ကြာရှည်စွာ နေထိုင် ခဲ့ရခြင်းကြောင့် နိုင်ငံရေး သတင်းများ၊ ရွေးကောက်ပွဲ သတင်းများ တင်ပြမှုနှင့် ပတ်သက်ပြီး အတွေ့အကြုံ နည်းပါး လှခြင်း ဖြစ်သည်။ ဒုတိယ အခြေအနေမှာ ထိုနိုင်ငံများမှ မီဒီယာ သမားများ အနေဖြင့် မိမိဘာသာ လိုက်နာ စောင့်ထိန်းရသည့် ကျင့်ဝတ်ပိုင်း ဆိုင်ရာများနှင့် အကျွမ်းဝင်မှု အားနည်းခြင်း ဖြစ်သည်။ တတိယ အခြေအနေမှာ ထိုနိုင်ငံများမှ ပြည်သူများမှာ သတင်း ထိန်းချုပ်မှု များပြားသည့် အခြေအနေ အောက်တွင် ကာလ ကြာမြင့်စွာ နေထိုင်ခဲ့ရ သောကြောင့် သတင်းထူး သတင်းဦး မှန်သမျှကို စိတ်ဝင်စားပြီး ယုံလွယ် ကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သတင်းများ အပေါ် အမှားအမှန် ကွဲခြားနိုင်မှု နည်းပါး ခြင်းပင် ဖြစ်သည်။ ထိုအခြေအနေ များကြောင့် အသွင် ကူးပြောင်းဆဲ နိုင်ငံများ၏ ရွေးကောက်ပွဲ ကာလများတွင် မီဒီယာများ ကလည်း သတင်းထူးရင် ပြီးရော ဆိုသည့် သဘောဖြင့် သတင်းများကို ဖော်ပြရာမှ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ နိုင်ငံရေး အဓိကရုဏ်များ ဖြစ်ပွားခဲ့ရ သည်ကို အမြဲတမ်း ကြုံတွေ့ရခြင်း ဖြစ်သည်။ ထိုအခါ မီဒီယာ များ၏ စတုတ္ထ မဏ္ဍိုင် အခန်းကဏ္ဍ မှာလည်း ထိခိုက် နိမ့်ပါးသွားပြန်သည်။
ထို အခြေအနေမျိုးကို ကာကွယ်ရန် အတွက် တောင်အာဖရိက နိုင်ငံတွင်မူ မီဒီယာများ၏ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းများနှင့် ပတ်သက်သည့် ကျင့်ဝတ်များကို ထိန်းသိမ်း ကြပ်မတ်ရန် အတွက် (  Indepent Communications Authority of South Africa , ICASA ) ကို ဖွဲ့စည်းထားပြီး မီဒီယာများ၊ နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင် တို့နှင့် ညှိနှိုင်းပြီး စည်းကမ်းများ သတ်မှတ် ပေးသည်။ စကာင်္ပူ၊ မလေးရှား တို့တွင်မူ မီဒီယာများမှ လိုက်နာရမည့် အချက်များကို ဥပဒေဖြင့် သတ်မှတ် ပေးသည်။ ထိုင်းလို နိုင်ငံ တွင်ပင်လျှင် နိုင်ငံရေး ပါတီဆိုင်ရာ ဥပဒေတွင် ပါတီများက မီဒီယာ များပေါ်မှ ပြောကြားချက် များနှင့် ပတ်သက်ပြီး လိုက်နာရမည့် အချက်များကို ထည့်သွင်း ဖော်ပြ ထားသည်ကို တွေ့ရ ပြန်သည်။ အနောက် ဒီမိုကရေစီ နိုင်ငံများ ကတော့ ဒီလို ထိန်းချုပ် တာမျိုးတွေကို မကြိုက်လှ။  မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီ ကျင့်စဉ်များ မခိုင်မာ သေးသည့် လူ့အဖွဲ့အစည်း များတွင် မီဒီယာများ၏ ကျင့်ဝတ်နှင့် ပတ်သက်ပြီး အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းကျောင်း ပေးမည့် စနစ်တစ်ခု လိုအပ်သည် ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ထိန်းကျောင်းမှု များသည် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ၏ အနှစ်သာရကို မထိခိုက် စေဘဲ ပိုမို ကောင်းမွန်သည့် အခြေအနေ တစ်ခု ဖြစ်ပေါ်အောင် ဆောင်ရွက်ဖို့ ဆိုသည်ကတော့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ထူးခြားသော ၀ိသေသ လက္ခဏာများ အပေါ် မူတည်ပြီး တာဝန်ရှိ သူများ၊ မီဒီယာများ၊ နိုင်ငံရေး ပါတီများ အားလုံးပူးပေါင်း ဆောင်ရွက် ရမည့် အလုပ်သာ ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။ 
Eyes of Democracy by Manoah Esipisu and Issac E Khaguli, Commonwealth Secretariat
၂။
Obama's edge in the coverage race by Deborah Howell
၃။
Media and Election  by Ross Howard, IMPACS 
                                                

No comments:

Post a Comment