Wednesday, September 25, 2013

နိုင်ငံတကာ ရွေးချယ် တင်မြှောက်ပုံ နည်းစနစ်များ အပိုင်း(၃)

တစ်စိတ်တစ်ပိုင်းအချိုးကျကိုယ်စားပြုစနစ် (Semi Proportional System)
ဤစနစ်တွင် မဲရေတွက် မှုသည် အများစု ကိုယ်စားပြု စနစ်နှင့် အချိုးကျ ကိုယ်စားပြု စနစ်ကြား တွင်ရှိသည်။ တစ်စိတ် တစ်ပိုင်း အချိုးကျ ကိုယ်စားပြုမှု စနစ်သည် အထက်ပါ စနစ် နှစ်ခုထံမှာ အားသားချက်များကို ပေါင်းစပ် အသုံးပြုရန် နောက်ထပ် ကြိုးပမ်းမှု တစ်ရပ်ပင် ဖြစ်သည်။ သို့သော် ပေါင်းစပ် ထားသော အချိုးကျ ရွေးချယ်မှု စနစ် Mix Member Proportional System နှင့်လည်း ကွဲပြား ခြားနား မှုများ ရှိသည်။ ဤစနစ်ကို အခြေခံပြီး အောက်ပါ အတိုင်း အမျိုးအစား နှစ်မျိုးဖြင့် ကျင့်သုံးလျှက် ရှိသည် -
(က)
လွှဲပြောင်း၍ မရသော တစ်မဲ တည်းပေး စနစ် (Single Non Transferable Vote System)
(ခ)
စင်ပြိုင် ရွေးချယ်သည့် စနစ် (Parallel System)
လွှဲပြောင်း၍မရသောတစ်မဲတည်းပေးစနစ်(Single Non Transferable Vote System)
ဤစနစ်တွင် မဲပေးသူများသည် မဲတစ်မဲ တည်းသာ ပေးရပြီး သာမန် မဲအများစု ရရှိသော ကိုယ်စားလှယ် လောင်း များသည် သာမန် အများစုဖြင့် အနိုင်ရသည့် စနစ်မှာ ကဲ့သို့ပင် အရွေးချယ် ခံရမည် ဖြစ်သည်။ သို့သော သာမန် အများစုဖြင့် အနိုင်ရသည့် စနစ်နှင့် မတူပဲ မဲဆန္ဒနယ် များသည် ပိုမို ကျယ်ပြန့်ပြီး အမတ်နေရာ နှစ်နေရာမှ ကိုးနေရာ အထိ သတ်မှတ် ထားသည်။ ထို့ကြောင့် ကိုယ်စားလှယ် လောင်း တစ်ဦးသည် ထောက်ခံမဲ အနည်းငယ် ရရှိလျှင် အရွေးချယ် ခံနိုင်သည့် အခြေအနေတွင် ရှိသည်ကို တွေ့ရသည်။ ဥပမာ အားဖြင့် ကိုယ်စားလှယ် ငါးနေရာ ရှိသော မဲဆန္ဒနယ်တွင် ထောက်ခံမဲ ၂ဝ%ကျော်ပါက အရွေးချယ် ခံရမည် ဖြစ်သည်။ ဤနည်းလမ်းသည် ပါတီငယ်များ အတွက် အခွင့်အလမ်း ပိုမို ရရှိအောင် ဆောင်ရွက် ပေးခြင်း ဖြစ်ပြီး အချိုးကျ ရွေးချယ်မှု စနစ်များ ကဲ့သို့ မဲရေတွက်မှု နည်းလမ်းများ ရှုပ်ထွေးမှု မရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် မဲဆန္ဒနယ် ပိုမို ကြီးမားပြီး လွှတ်တော် ကိုယ်စားလှယ် နေရာ ပိုများလေ အချိုးကျ ကိုယ်စားပြုမှု ပိုမို များပြားလေ ဖြစ်သည် ဟုလည်း ဆိုနိုင်ပါသည်။ သို့သော် ယခုစနစ်တွင် ပါတီ တစ်ခုတည်းမှ ကိုယ်စားလှယ် လောင်းများ ကိုပင် မဲဆန္ဒရှင် များက စိတ်ကြိုက် ရွေးချယ် မဲပေးနိုင် သောကြောင့် ပါတီ အချင်းချင်း ပြိုင်ဆိုင်မှု သာမက ပါတီအတွင်း ပြိုင်ဆိုင်မှုနှင့် ကွဲပြဲမှု များကိုပါ ပိုမို ပေါ်ပေါက် စေသည် ကိုလည်းေ တွ့ရသည်။ ထို့ပြင် ထောက်ခံသည့် မဲဆန္ဒများ ပြန့်ကြဲနေသော ပါတီငယ်များ အနေဖြင့် တစ်နိုင်ငံလုံး အနေအထားတွင် လူထု ထောက်ခံမှု ၁ဝ% ရသည့်တိုင် လွှတ်တော် ကိုယ်စားလှယ် နေရာ ရရှိရန် မလွယ်သည်ကိုေ တွ့ရသည်။ ထို့ကြောင့် ပါတီငယ်များ အနေဖြင့် ရရှိသည့် လူထု ထောက်ခံမှု အချိုးအစား နှင့်အညီ လွှတ်တော် ကိုယ်စားလှယ် နေရာ ရရှိရမည့် အစား ပါတီကြီး များကသာ အပို နေရာများ ရရှိသွား ခဲ့ရသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဂျပန် အောက်လွှတ်တော် ရွေးကောက်ပွဲ များ၌ ယခုစနစ်ကို ကျင့်သုံး ခဲ့ချိန်တွင် အာဏာရ လစ်ဘရယ် ဒီမိုကရက် ပါတီက ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ် နေရာ ရာခိုင်နှုန်းသည် လူထု ထောက်ခံမှု ရာခိုင်နှုန်း ထက် အမြဲပိုများ နေခဲ့မှုသည် ထိုအခြေအနေ၏ အကောင်းဆုံး ဥပမာပင် ဖြစ်သည်။ ထို့ပြင် မဲဆန္ဒရှင်များ အနေဖြင့် မဲတစ်မဲသာ ပေးခွင့် ရသဖြင့် ပါတီတစ်ခု အနေဖြင့် မိမိကို ထောက်ခံသူ များပြားသည့် မဲဆန္ဒနယ် များတွင် အခြား အစုအဖွဲ့ များကို မိမိအား ထောက်ခံ လာစေရန် အတွက် ဆွဲဆောင် သိမ်းသွင်းခြင်း၊ အခြား အုပ်စုများမှ ထောက်ခံ နိုင်မည့် ကိုယ်စားလှယ် လောင်းများကို လျာထား ခြင်းတို့အား ပြုလုပ်ရန် မလိုအပ်သည့် အခြေအနေသို့ ရောက်ရှိ သွားနိုင်သည်။ တစ်နည်း အားဖြင့် ကိုယ့် ဖောက်သည် နှင့်ကိုယ် မဲပေးသည့် နိုင်ငံရေး Clientelistic Politic အဖြစ်သို့ ကျရောက် သွားစေ နိုင်ပါသည်။
စင်ပြိုင်ရွေးချယ်သည့်စနစ် (Parallel System)
ပါတီလိုက် အမည်စာရင်းကို မူတည်ပြီး အချိုးကျ ရွေးချယ်သည့် စနစ် List Proportional Representation System နှင့် သာမန် အများစုဖြင့် အနိုင်ရသည့် First Past the Post ၏ ကောင်းကျိုး များကို စုစည်း အသုံးချ နိုင်ရန် အတွက် ၁၉၉ဝ ပြည့်လွန် နှစ်များတွင် စတင် ဖော်ထုတ်ခဲ့သော နည်းစနစ် ဖြစ်ကာ လက်ရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံ ခန့်တွင် အသုံးပြုလျှက် ရှိသည်။ သို့သော် ပေါင်းစပ် ထားသော အချိုးကျ ရွေးချယ်သည့် စနစ် (Mix Member Proportional System) တွင် ကဲ့သို့ အများစု ကိုယ်စားပြု စနစ်တွင် အနိုင်မရသော ပါတီများကို လွှတ်တော် နေရာများ ခွဲဝေပေးမှု မရှိချေ။ ဤစနစ်တွင် လွှတ်တော် ကိုယ်စားလှယ် နေရာများကို အများစု ကိုယ်စားပြု စနစ်ဖြင့် ရွှေးချယ် တင်မြှောက် ရမည့် နေရာများနှင့် အချိုးကျ ကိုယ်စားပြု စနစ်ဖြင့် ရွေးချယ်ရမည့် နေရာများဟု ခွဲခြား သတ်မှတ် ထားပြီး မဲဆန္ဒရှင်များက မဲနှစ်မျိုး ပေးရသည်။ လွှတ်တော် ကိုယ်စားလှယ် နေရာများကို ခွဲဝေ ရာတွင်မူ နိုင်ငံအလိုက် အမျိုးမျိုး ကွဲပြား ခြားနား ကြသည်။ ဂျပန် နိုင်ငံတွင် ကိုယ်စားလှယ် နေရာ ၆ဝ%ကို အများစု ကိုယ်စားပြု စနစ်ဖြင့် ရွေးချယ်ပြီး ၄ဝ%ကို အချိုးကျ စနစ်ဖြင့် ရွေးချယ်သည်။ ရုရှား နိုင်ငံတွင်မူ ၅ဝ%စီ ခွဲခြား သတ်မှတ်ပြီး တူနီးရှား နိုင်ငံတွင်မူ လွှတ်တော် ကိုယ်စားလှယ် ၈၈%ကို အများစု ကိုယ်စားပြု စနစ်ဖြင့် ရွေးချယ် ရသည်။
ဤစနစ်တွင် မဲဆန္ဒရှင် များသည် မဲဆန္ဒနယ် အဆင့်တွင် မိမိ ကြိုက်နှစ်သက် သည့် ကိုယ်စားလှယ် နှင့် နိုင်ငံ အဆင့်တွင် မိမိ ကြိုက်နှစ်သက် သည့် ပါတီများကို ရွေးချယ်ရန် အတွက် မဲနှစ်ကြိမ် ပေးခွင့် ရရှိသည်။ ထို့ကြောင့် အချိုးကျ ကိုယ်စားပြု စနစ်၏ အားနည်းချက် ဖြစ်သော လွှတ်တော် ကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင်များ အကြား ဆက်သွယ် ဆက်ဆံမှု နည်းပါးခြင်းနှင့် ပါတီအတွင်း ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း တို့ကို ကုစား နိုင်မည် ဖြစ်သည်။ ထို့ပြင် အချိုးကျ စနစ်တွင် ကဲ့သို့ ပါတီ ငယ်များ အများအပြား အရွေးခံပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ရသည့် အခြေအနေ ကိုလည်း အတန်အသင့် တားဆီး နိုင်ပေသည်။ သို့သော် ပါတီ တစ်ခုတည်း အတွင်းတွင်ပင် မဲဆန္ဒနယ်များ၏ အကျိုး စီးပွားကို ရှေ့တန်း တင်သည့် ကိုယ်စားလှယ်များနှင့် အချိုးကျ စနစ်အရ အရွေးခံ ရပြီး ပါတီ အကျိုး စီးပွားကို ပိုမို ရှေ့တန်း တင်လိုသော အုပ်စုများ အကြား သဘောထား ကွဲပြား မှုများလည်း ပေါ်ပေါက် နိုင်ပေသည်။
ဘာအကောင်းဆုံးလဲ
အထက်တွင် တင်ပြခဲ့သည့် ရွေးကောက်ပွဲ နည်းစနစ်များ အပြင် စပိန်နှင့် ဂျီဘရောတာ တွင်သာ အသုံးပြုသော ကန့်သတ် မဲပေးစနစ် Limited Vote System နှင့် နော်ရူး ကျွန်း နိုင်ငံတွင် အသုံးပြုသော ဘိုဒါ ရေတွက်မှု စနစ် Borda Count စနစ် များလည်း ရှိသေးသည်။ သို့သော် မည်သည့် ရွေးချယ် တင်မြှောက်မှု စနစ်က အကောင်းဆုံး ဖြစ်သည် ဆိုသည့် မေးခွန်းကို ဖြေရန် မလွယ်လှပါ။ အသုံး အများဆုံး စနစ်များမှာမူ သာမန် အများစုဖြင့် အနိုင်ရသည့် စနစ်နှင့် ပါတီ အမည်စာရင်းကို မူတည်ပြီး အချိုးကျ ရွေးချယ်သည့် စနစ်ပင် ဖြစ်သည်ဟု ဆိုရပါမည်။ သို့တိုင်အောင် အချို့ နိုင်ငံ များသည် မိမိတို့၏ ထူးခြားသော အခြေအနေ များကို မူတည်ပြီး ထိုစနစ် များကိုပင် အနည်းငယ် ထပ်မံ ပြုပြင် ဖြည့်စွက် အသုံးပြု နေသည်ကိုလည်း တွေ့ရပါသည်။ ယနေ့ အချိန်ထိ မဲဆန္ဒ ရှင်များ၏ ဆန္ဒကို တိတိကျကျ ကိုယ်စားပြု နိုင်သော၊ အချိုးကျကျ ဖော်ထုတ် နိုင်သော ရွေးချယ် တင်မြှောက်သည့် စနစ် မရှိသေး တာကတော့ သေချာ လှပါသည်။ ထို့ကြောင့် ဘာအကောင်းဆုံးလဲ ဟု စဉ်းစားမည့် အစား မိမိနိုင်ငံ အခြေအ နေနှင့် ဘယ်လို စနစ်ကို လက်တွေ့ ကျကျ သုံးနိုင်မလဲ ဆိုတာကိုသာ စဉ်းစား ရွေးချယ်ခြင်းက ပိုမို သင့်တော်မည် ဖြစ်သည်။ နိုင်ငံတကာ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး အထောက် အကူပြု အဖွဲ့ကတော့ နိုင်ငံ တစ်နိုင်ငံ အတွက် ရွေးချယ် တင်မြှောက်သည့် စနစ်ကို ရွေးချယ်ရာတွင် အောက်ပါ အချက်များကို လိုက်နာ သင့်သည်ဟု အကြံပြု ခဲ့သည်-
(က)
ရိုးရှင် လွယ်ကူ မှုကို စဉ်းစားပါ။
(ခ)
စနစ်ဟောင်း များကို စွန့်ပစ်ရန်နှင့် တီထွင် ဆန်းသစ်မှု များကို လက်ခံရန် အသင့်ရှိပါ။
(ဂ)
အချိန်ကာလ နှင့် အခြား ဆက်စပ် နေသော အကြောင်းအရာ အားလုံးကို ထည့်သွင်း စဉ်းစားပါ။
(ဃ)
မဲဆန္ဒရှင်များ၏ အရည်အသွေးကို လျှော့မတွက်ပါနှင့်။ ၎င်းတို့၏ အပြောင်းအလဲကို လိုလားမှုကို အသိအမှတ် ပြုပါ။
(င)
အဖွဲ့အစည်း အားလုံး၊ အကျိုးစီးပွား အမျိုးမျိုး ရှိသူအားလုံး ရွေးချယ်ခံ နိုင်စေရန် ဆောင်ရွက်ပါ။
(စ)
ရွေးချယ် တင်မြှောက်သည့် နည်းစနစ်ကို ရွေးချယ်သည့် ဖြစ်စဉ် Process သည် အောင်မြင်မှု အတွက် သော့ချက် ဖြစ်သည်ကို သတိပြုပါ။
(ဆ)
အစုအဖွဲ အားလုံးက ရွေးချယ် တင်မြှောက်ပွဲ အနိုင်၊ အရှုံးကို တရား မျှတသည် ဟုလက်ခံ နိုင်သည့် စနစ်ကို ရွေးချယ်ပါ။
(ဇ)
မဲဆန္ဒရှင် များ၏ အခန်း ကဏ္ဍကို မြှင့်တင် ပေးပါ။
(စ်)
ပါတီများ အစိတ်စိတ် အမွှာမွှာ ကွဲထွက် မသွားရန် လိုအပ်ချက်နှင့် မဲဆန္ဒရှင်များ အတွက် ရွေးချယ် ပိုင်ခွင့် ရှိရန် လိုအပ်ချက်ကို ချိန်ဆပါ။
(ည)
ရေရှည် တည်ငြိမ်မှုနှင့် ရေတို အကျိုး စီးပွားကို ဟန်ချက် ညီအောင် ချိန်ဆပါ။
(ဋ)
ရွေးကောက်ပွဲ စနစ်၏ အရေးကြီးမှုကို အသိအမှတ် ပြုရမည် ဖြစ်သော်လည်း ပြဿနာ အားလုံးကို ဖြေရှင်း နိုင်သည့် ၉၆ ပါး ရောဂါ ပျောက်ဆေး မဟုတ်သည် ကိုလည်း သတိပြုပါ။
(ဌ)
ရွေးချယ် တင်မြှောက်မှု စနစ်ကြောင့် လူ့အဖွဲ့ အစည်းအတွင်း ဖြစ်ပေါ် လာနိုင်သော အကျိုး သက်ရောက်မှု များကို ကြိုတင် ခန့်မှန်း တွက်ချက်ပါ။ အရေးပေါ် အခြေအနေ အားလုံးကို ထည့်သွင်း စဉ်းစား ပြင်ဆင် ထားပါ။
စွမ်းဆောင်ရည် မြှင့်တင်ခြင်း နှင့် နိုင်ငံ တည်ဆောက်ခြင်း
မှန်ကန်သော ရွေးချယ် တင်မြှောက်မှု စနစ်သည် တည်ငြိမ်သော နိုင်ငံရေး စနစ် ဖြစ်ပေါ်အောင် အထောက်အက ပြုနိုင်သည်မှာ မှန်သော်လည်း နိုင်ငံရေး စနစ်တွင် အဓိက ဇာတ်ဆောင်များ အဖြစ် ပါဝင်ကြမည့် မဲဆန္ဒရှင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် လူမှုအဖွဲ့ အစည်းများ၏ အရည်အသွေးနှင့် အရည်အချင်း ပြည့်ဝမှုမှာ ပိုမို၍ အဓိက ကျသည်ဟု ဆိုရပါမည်။ မကြာမီက အာဏာသိမ်းမှု ဖြစ်ပွားခဲ့သော ဖီဂျီ နိုင်ငံ ဆိုပါက ဒေသခံ တိုင်းရင်းသား များနှင့် အိန္ဒိယနွယ်ဖွား လာရောက် အခြေချ သူများ အကြား လူမျိုးရေး တင်းမာမှု များကို ဖြေရှင်း နိုင်ရန် အတွက် ရွေးချယ် တင်မြှောက်မှု စနစ်ကို ပြောင်းလဲ ကျင့်သုံး ခဲ့သော်လည်း အခြေအနေ ပိုကောင်း မလာ သည်ကို တွေ့ရမည် ဖြစ်ပါသည်။ အလားတူပင် ထိုင်းနိုင်ငံ သမိုင်းတွင် တပ်မတော် မှ ၁၇ ကြိမ် အာဏာ သိမ်းခဲ့ ရပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးချယ် တင်မြှောက်မှု စနစ် အမျိုးမျိုးကို ပြောင်းလဲ ကျင့်သုံး ခဲ့သော်လည်း တည်ငြိမ်သည့် နိုင်ငံရေး စနစ် ပေါ်ပေါက် လာခြင်း မရှိသေး သည်ကို တွေ့ရမည် ဖြစ်သည်။ အခြား နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာ ပါကလည်း နိုင်ငံရေး စနစ်တွင် ပါဝင် လှုပ်ရှား နေသော ဇာတ်ကောင် များသည် မိမိနိုင်ငံ အခြေ အနေနှင့် ကိုက်ညီသော ရွေးချယ် တင်မြှောက်မှု စနစ် ဖြစ်ပေါ် လာအောင် စွမ်းဆောင်ပေး ရုံသာမက ထိုစနစ်ကို မှန်မှန် ကန်ကန် ကျင့်သုံး နိုင်အောင်လည်း အထောက်အကူ ပြုသည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ကြောင့် ယနေ့ ကမ္ဘာ ပေါ်တွင် အသွင် ကူးပြောင်းရေး ကာလကို ဖြတ်သန်း နေသော နိုင်ငံများ၊ ပဋိပက္ခလွန် ကာလကို ဖြတ်သန်းပြီး ပြန်လည် တည်ဆောက် နေသော နိုင်ငံများ အနေဖြင့် ပြည်တွင်း ပြဿနာများကို အဖြေရှာ ရာ၌ နိုင်ငံတည် ဆောက်ရေး State Building နှင့် လူ့အဖွဲ့ အစည်း၏ စွမ်းဆောင် ရည်မြှင့်တင်ခြင်း Capacity Building တို့ကို ခိုင်မာအောင် တည်ဆောက်ပြီး မှန်ကန်သည့် ရွေးချယ် တင်မြှောက်သည့် နည်းစနစ်များကို ရွေးချယ် ကျင့်သုံး နိုင်ရေး အလေးထား ဆောင်ရွက် ရမည့် အချိန်သို့ ရောက်ရှိ နေပြီ ဖြစ်ပါသည်။
ရဲထွဋ်
International Eleven, 22-12-2006
မှီငြမ်းပြုစာစောင်များ

၁။
Electoral Design by Andrew Reynolds,Ben Reilly,Andrew Allis.IDEA, 2005
၂။
The Inpact of Electoral Design on Legislature, by Katz, Richard S., Oxford University Press, 1997.
၃။
Constitutional and Electoral Design by Peter M. Manikas, NDI October 2000

No comments:

Post a Comment