Friday, September 20, 2013

ငွေကြေးနှင့် နိုင်ငံရေးပါတီများ (၁)

မကြာခင်က နိုင်ငံတကာ သတင်းများတွင် ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် သမ္မတ လောင်းများ အနေဖြင့် သမ္မတအဖြစ် အရွေး ချယ်ခံရသည် အထိ ဒေါ်လာ သန်းငါးရာ ခန့်သုံးရန် လိုအပ်မည် ဆိုသော ခန့်မှန်းချက်များကို အကျယ်တဝင့် ဖော်ပြ ရေးသား ခဲ့သည်ကို တွေ့ရသည်။ ထို့အတူ ဗြိတိန် နိုင်ငံတွင် အာဏာရ လေဘာ ပါတီက ပါတီ ရံပုံငွေ ရရှိရေး အတွက် ဘွဲ့ထူး ဂုဏ်ထူးများကို ငွေကြေးဖြင့် ရောင်းစား ခဲ့မှုနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဘလဲကိုယ်တိုင် ထွက်ဆိုချက် ပေးရသည့် သတင်းများ ကလည်း နိုင်ငံတကာ သတင်းများကို လွှမ်းမိုး နေခဲ့သည်။ အနောက် အုပ်စု၏ အဓိက ဒီမိုကရေစီ နိုင်ငံကြီး နှစ်ခုတွင် နိုင်ငံရေး လောကတွင် ငွေကြေး၏ အခန်း ကဏ္ဍက အလွန် အဓိက ကျသည့် အခန်းသို့ ရောက်ရှိနေ ခြင်းအပေါ် နိုင်ငံရေး သိပ္ပံပညာရှင် အများအပြား က စိုးရိမ် ဖွယ်ရာ ကောင်းသည့် ဖြစ်ထွန်းမှု အဖြစ် ထောက်ပြခဲ့ ကြသည်။
နိုင်ငံရေး ပါတီများ အနေဖြင့် ပါတီ၏ ပုံမှန် လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လည်းကောင်း၊ ရွေးကောက် ပွဲကာလတွင် မဲဆွယ် စည်းရုံးမှု များကို ပြုလုပ်ရန် အတွက် လည်းကောင်း၊ ငွေကြေး လိုအပ် သည်ကို လက်ခံရ မည်သာ ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ ကာလများတွင် မီဒီယာ များကို အသုံးပြုပြီး မဲဆွယ်ရာတွင် ငွေကြေး အမြောက် အများကို သုံးစွဲ နေကြပြီး လိုအပ်သော ငွေကြေး အများစုကို စီးပွားရေး လုပ်ငန်း ရှင်များ၊ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် လှုပ်ရှားနေသော အသင်း အဖွဲ့များက အလုံးအရင်းဖြင့် ထည့်ဝင် နေကြသည့်အခါ ဒီမိုကရေစီ စနစ်သည် လက်တစ်ဆုတ်စာ ငွေရှင် ကြေးရှင်များ၊ အထူး အခွင့်အရေး အတွက် လှုပ်ရှားနေသော အသင်း အဖွဲ့များ၏ အကျိုး စီးပွားကိုသာ ကိုယ်စား ပြုတော့မည် အန္တရာယ်နှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဒီမိုကရေစီ အခြေ ခိုင်ပြီးသော နိုင်ငံများတွင် သာမက အခြေတည်စ၊ အခြေတည်ရန် ကြိုးစား နေသော နိုင်ငံများ တွင်ပါ နိုင်ငံရေး ပါတီများ၏ ငွေကြေး ရံပုံငွေ စုဆောင်းမှု အပေါ် ကန့်သတ် ထိန်းချုပ်မှုများ ပြုလုပ်ရန် စဉ်းစား ဆောင်ရွက် လာနေပြီဖြစ်သည်။
နိုင်ငံရေး ပါတီများ၏ ရံပုံငွေ စုဆောင်းမှုကို ထိန်းချုပ်ရန် ဆောင်ရွက်ရာတွင် အောက်ပါ နည်းလမ်း နှစ်မျိုးကို အသုံးပြုလေ့ ရှိသည်ကို တွေ့ရသည်-
(က)
နိုင်ငံတော်မှ ထောက်ပံ့ခြင်း Distributive Policies
(ခ)
ဥပဒေဖြင့်ထိန်းချုပ်ခြင်း Regulatory Policies
နိုင်ငံတော်မှထောက်ပံ့ခြင်း
ဤ နည်းလမ်း၏ ရည်ရွယ်ချက်မှာ ပါတီများ အနေဖြင့် ရံပုံငွေ ရရှိရေး အတွက် ပုဂ္ဂလိက များကို မှီခိုနေ ရခြင်းကို နိုင်ငံတော်မှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထောက်ပံ့မှု များဖြင့် အစားထိုး ပေးရန် ဖြစ်ပါသည်။ တိုက်ရိုက် ထောက်ပံ့ ရာတွင် ရွေးကောက်ပွဲ ကော်မရှင် သို့မဟုတ် တာဝန်ခံ အဖွဲ့အစည်း တစ်ခုက နိုင်ငံရေး ပါတီများ အတွက် လိုအပ်သော ရံပုံငွေကို တိုက်ရိုက် ထောက်ပံ့ ပေးသည်။ ထိုသို့ ထောက်ပံ့ရာတွင် ထောက်ပံ့ငွေကို အချို့ နိုင်ငံများတွင် ပါတီ၏ သာမန် လုပ်ငန်းများ အတွက် အသုံးပြုခွင့် မပေးပဲ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း များတွင် အသုံးပြုခွင့်သာ ပေးသည်။ အချို့ နိုင်ငံများတွင်မူ ကန့်သတ်ချက် မရှိပဲ နှစ်သက်သလို အသုံးပြုခွင့် ပေးလေ့ ရှိသည်။ ထောက်ပံ့သည့် ငွေကြေး ပမာဏ တွင်လည်း အချို့ နိုင်ငံများတွင် ပါတီ အားလုံးကို တစ်ပြေးညီ ထောက်ပံ့သကဲ့သို့ အချို့နိုင်ငံများတွင်မူ ပါတီဝင် အရေအတွက်၊ လွှတ်တော်တွင် ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်အရေအတွက်စသည့်ဖြင့် စံသတ်မှတ်ချက်များအပေါ်တွင် မူတည်ပြီးထုတ်ပေးသည်ကို လည်း တွေ့ရသည်။ အချို့နိုင်ငံများတွင်မူ သတ်မှတ်ထားသည့် ရွေးကောက်ပွဲအမျိုးအစားအတွက်သာ နိုင်ငံတော်မှ ထောက်ပံ့ပေးသည်။ ဥပမာ အမေရိကန်နိုင်ငံတွင် သမ္မရွေးကောက်ပွဲအတွက်သာ ထောက်ပံ့ပေးပြီး ကျန် ရွေးကောက်ပွဲအားလုံးအတွက်ကိုယ်စားလှယ်လောင်းများနှင့်သက်ဆိုင်ရာပါတီကမိမိတို့အစီအစဉ်ဖြင့်ငွေကြေး ကောက်ခံအသုံးပြုရသည်။
သွယ်ဝိုက်ထောက်ပံ့ရာတွင် ပါတီဝင်များလေ့ကျင့်ရေး၊ ပါတီရုံးဖွဲ့စည်းခြင်းတို့အတွက် ထောက်ပံ့ကြေး များ ထုတ်ပေး ခြင်း၊ လွှတ်တော် အတွင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အတွက် ထောက်ပံ့ကြေးနှင့် ခံစားခွင့် များပေးခြင်း တို့ကို ဆောင်ရွက်လေ့ ရှိသည်။ ထို့ပြင် ရွေးကောက်ပွဲ ကာလတွင် သတင်းစာ၊ ရုပ်မြင် သံကြားနှင့် ရေဒီယို များတွင် မိမိပါတီ၏ မူဝါဒကို ထုတ်ပြန် ကြေညာခွင့် တစ်ပြေးညီ ပေးခြင်း သည်လည်း သွယ်ဝိုက် ထောက်ပံ့မှု တစ်မျိုးပင် ဖြစ်သည်။ အလားတူပင် ပါတီ လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အတွက် စာပို့ခ အထူး နှုန်းများ သတ်မှတ် ပေးခြင်း၊ ရုံးခန်း နေရာများ စီစဉ်ပေးခြင်း၊ ကြော်ငြာ ဆိုင်းဘုတ် နေရာများ စီစဉ်ပေးခြင်း တို့သည်လည်း သွယ်ဝိုက် ထောက်ပံမှု ပုံစံများပင် ဖြစ်သည်။
ဥပဒေဖြင့်ထိန်းချုပ်ခြင်း
နိုင်ငံရေး ပါတီများ၏ ရံပုံငွေ ရှာဖွေမှု များအပေါ် ဥပဒေအရ ထိန်းချုပ် မှုများ ပြုလုပ်ရာ၌ နိုင်ငံအလိုက် အမျိုးမျိုး ကွဲပြား ခြားနား သော်လည်း အဓိကအားဖြင့် ငွေကြေး ထည့်ဝင်မှုကို ကန့်သတ်ခြင်းနှင့် ပါတီရံပုံငွေ သုံးစွဲမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမှု ရှိစေရန် သတ်မှတ်ခြင်း နှစ်ချက် ပေါ်တွင်သာ အခြေခံပြီး ဆောင်ရွက် သည်ကို တွေ့ရသည်။ ငွေကြေး ထည့်ဝင်မှုကို ကန့်သတ် ရာတွင် ပြည်ပမှ ထောက်ပံ့မှု များကို ပိတ်ပင်ခြင်း၊ ပြည်တွင်းမှ ပါတီ ထောက်ခံသူ တစ်ဦးချင်း သို့မဟုတ် စီးပွားရေး လုပ်ငန်း များနှင့် အခြား အဖွဲ့အစည်းများ အနေဖြင့် အများဆုံး ထည့်ဝင်နိုင်သည့် ပမာဏကို သတ်မှတ် ခြင်းတို့ကို ဥပဒေ ပြဋ္ဌာန်းပြီး ဆောင်ရွက်လေ့ ရှိသည်။
ရံပုံငွေ သုံးစွဲမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမှု ရှိစေရန် အတွက် ပါတီများ အနေဖြင့် ငွေကြေး ရရှိမှုနှင့် သုံးစွဲမှုတွင် လိုက်နာ ရမည့် စာရင်း ထိန်းသိမ်းမှု စနစ်များကို သတ်မှတ် ပေးခြင်း၊ သတ်မှတ် ထားသော စာရင်း စစ်ဆေးမှုကို ခံယူခြင်း၊ ပါတီ ရံပုံငွေ ထည့်ဝင်မှုများနှင့် ပတ်သက်သည့် မှတ်တမ်းများကို အများပြည်သူ သိရှိအောင် ထုတ်ပြန် စေခြင်းတို့ကို ပြုလုပ်လေ့ ရှိသည်။ ထို့ သတ်မှတ်ချက်များကို ချိုးဖောက်ပါက ဒဏ်ငွေ ပေးဆောင် စေခြင်းမှ စတင်ပြီး ရွေးကောက်ပွဲ ဝင်ခွင့်ကို ပိတ်ပင်သည် အထိ ပြစ်ဒဏ်များ သတ်မှတ်လေ့ ရှိသည်ကိုလည်း တွေ့ရသည်။ သို့သော် ထိုပြစ်ဒဏ်များကို ချမှတ်ခွင့်ရှိသည့် အာဏာပိုင် အဖွဲ့အစည်းသည် သီးခြား လွပ်လပ်သော အဖွဲ့အစည်း ဖြစ်ရန် လိုအပ်သည်။ အကယ်၍ ထိုအာဏာပိုင် အဖွဲ့အစည်းသည် တည်ဆဲ အစိုးရ၏ ကွပ်ကဲမှု အောက်တွင် ရှိနေပါက အာဏာရ ပါတီက အတိုက်အခံ ပါတီများကို နှိပ်ကွပ်သည့် ကရိယာ အဖြစ်သို့ ရောက်ရှိ သွားနိုင်သည့် အန္တရာယ် ရှိနေ ပေသည်။
တတိယအင်အားစု
နိုင်ငံတကာ အတွေ့အကြုံ များအရ အထက်တွင် ဖော်ပြခဲ့သော နည်းလမ်း နှစ်ခုဖြင့် ထိန်းချုပ် သည့်တိုင် နိုင်ငံရေး ရံပုံငွေ စုဆောင်းမှု များနှင့် ပတ်သက်ပြီး မသမာမှုများ ဆက်လက် ပေါ်ပေါက် နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ နိုင်ငံရေး ပါတီများ အနေဖြင့် ဥပဒေများ၊ နည်း ဥပဒေများနှင့် ညွှန်ကြား ချက်များတွင် ပါဝင်သော အားနည်း ချက်များ၊ ပျော့ကွက် ဟာကွက် များကို အခွင့်ကောင်း ယူပြီး လက်တစ်လုံးခြား လှည့်စား ဆောင်ရွက် သကဲ့သို့ အထက်ပါ ဥပဒေများကို အကောင်အထည် ဖော်ရသည့် အဖွဲ့အစည်းများ အနေဖြင့်လည်း ကန့်သတ်ချက် အမျိုးမျိုးကြောင့် ထိထိ ရောက်ရောက် အကောင်အထည် မဖော်နိုင် သည်ကိုလည်း တွေ့ရသည်။ ထို့ပြင် နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး သမားများ၏ မသမာမှု များနှင့် ပတ်သက်ပြီး မဲဆန္ဒရှင် ပြည်သူများကို ကျယ်ကျယ် ပြန့်ပြန့် အသိ မပေးနိုင် သည်ကို လည်း တွေ့ရပြန်သည်။
ထိုအားနည်းချက် များကို ကုစားရန် အတွက် တတိယ အင်အားစု များကို အသုံးပြုရန် လိုအပ် လာပေသည်။ ထိုတတိယ အင်အားစုတွင် သတင်း မီဒီယာများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) ၊ လူမှုရေး အဖွဲ့အစည်းများ ပါဝင်သည်။ ထို အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး ပါတီများ၏ လုပ်ရပ် များကို စောင့်ကြည့်ပြီး အစိုးရနှင့် ပြည်သူသို့ အသိပေးခြင်း၊ ပြည်သူ လူထုကို ပါတီ ရံပုံငွေနှင့် ပတ်သက်သည့် အချက် အလက်များ သိရှိအောင် လှုံဆော် ပညာပေးခြင်း တို့ကို ဆောင်ရွက် ရမည်ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သော နည်းလမ်းများ အားလုံးကို အသုံးပြု သည့်တိုင် ခြောက်ပြစ်ကင်း သဲလဲစင်သည့် ထိန်းချုပ်ရေး နည်းလမ်း တစ်ခု ပေါ်ပေါက် လာရေးမှာ အလှမ်းဝေး နေဆဲပင် ဖြစ်သည်။ ထို့ပြင် တတိယ အင်အားစု ဟု သတ်မှတ် ထားသော အဖွဲ့ အစည်းများ ကိုယ်၌ ကပင် မိမိတို့ ခံစားချက်များ၊ အကျိုးစီးပွား များကို ရှေ့တန်းတင် ဆောင်ရွက် လာတတ်သည် ကိုလည်း တွေ့ရသည်။ တစ်ဖက် ကလည်း နိုင်ငံရေး ရံပုံငွေ ကောက်ခံမှုနှင့် ပတ်သက်သည့် ဥပဒေများ၊ ကန့်သတ် ချက်များ များပြား လာသည် နှင့်အမျှ မသမာ သူများ၏ တီထွင်ဖန်တီး နိုင်မှုနှင့် ကြံရည် ဖန်ရည်ကလည်း လိုက်ပါ တိုးတက်လာက ပျော့ကွက်၊ ဟာကွက်များမှ ဆီလို အပေါက်ရှာ ထွက် လုပ်ဆောင် နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ပါတီ ရံပုံငွေနှင့် ပတ်သက်ပြီး ထိန်းချုပ်ရာတွင် စံပြု ပုံစံဟူ၍ မရှိပဲ နိုင်ငံအလိုက် မိမိတို့ အခြေအနေနှင့် ကိုက်ညီအောင် လေ့လာ သုံးသပ် ဆောင်ရွက်လျှက် ရှိသည်ကို အောက်ပါ အတိုင်း တွေ့ရသည်။
အင်္ဂလို-ဆက်ဆွန်အုပ်စုနိုင်ငံများ Anglo-Saxon Countries
အင်္ဂလို- ဆက်ဆွန် အုပ်စု နိုင်ငံများတွင် အဓိကအားဖြင့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတေးလျ နိုင်ငံများ ပါဝင်သည်။ ထို့နိုင်ငံ များတွင် လွှတ်တော် ကိုယ်စားလှယ် တစ်နေရာ သာရှိသော မဲဆန္ဒနယ် များဖြင့် သာမန် အများစုဖြင့် အနိုင်ရသည့် စနစ်ကို အသုံးပြုပြီး လွှတ်တော် ကိုယ်စား လှယ်များကို ရွေးချယ်လေ့ ရှိသည်။ ထိုနိုင်ငံ များတွင် ပါတီရံပုံငွေကို ရွေးကောက်ပွဲ ရံပုံငွေ အတွက်သာ အများဆုံး သုံးစွဲလေ့ ရှိသည်ကို တွေ့ရသည်။ ထိုနိုင်ငံများ တွင် ပါတီ ရံပုံငွေ စုဆောင်း ရာတွင် မသမာ မှုများ နည်းပါး စေရန် အတွက် အောက်ပါ နည်းလမ်းများ ကို ကျင့်သုံးလျှက်ရှိသည်ကို တွေ့ရသည်။
နိုင်ငံတော်မှ ထောက်ပံ့ခြင်း
အင်္ဂလို ဆက်ဆွန် နိုင်ငံများတွင် ပါတီ ရံပုံငွေ အတွက် နိုင်ငံတော်မှ ထောက်ပံမှုများ ပြုလုပ် ရာတွင် ဗြိတိန် နိုင်ငံက အနည်းဆုံး ဖြစ်သည်။ ဗြိတိန် ပြည်သူများ အနေဖြင့် နိုင်ငံတော်မှ တိုက်ရိုက် ထောက်ပံ့သည့် မူဝါဒကို ထောက်ခံမှု နည်းပါး သောကြောင့် ၂ဝဝဝ ပြည့်နှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေအရ အစိုးရ အနေဖြင့် နှစ်စဉ် ပေါင်စတာလင် နှစ်သန်းခန့် ကိုသာ ပါတီ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပါတီများကို ခွဲဝေပေး လျှက် ရှိသည်ကို တွေ့ရသည်။ ကျန်နိုင်ငံ သုံးခု ဖြစ်သည့် အမေရိကန်၊ ကနေဒါနှင့် သြစတေးလျ နိုင်ငံများ တွင်မူ ရွေးကောက် ပွဲများ အတွက်သာ အဓိက ရည်ရွယ် ထောက်ပံ့ လျှက်ရှိပြီး ရွေးကောက်ပွဲ ကုန်ကျ စရိတ်များ မြင့်မား လာသည် နှင့်အမျှ ထောက်ပံ့ငွေ ပမာဏလည်း မြင့်မား လာသည်ကို တွေ့ရသည်။
သြစတေးလျ နိုင်ငံ တွင်မူ ပထမ အကြို ရွေးချယ်ပွဲ first-preference vote တွင် ထောက်ခံမဲ လေးရာခိုင် နှုန်းနှင့် အထက် ရရှိသော နိုင်ငံရေး ပါတီများကို ရရှိသည့် ဆန္ဒမဲ အရေအတွက် ပေါ်မူတည်ပြီး ရွေးကောက်ပွဲ ရံပုံငွေအား ထောက်ပံ့ ပေးသည်။ လက်ရှိ သတ်မှတ် ထားချက်အရ မဲတစ်မဲလျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ နှုန်းခန့် ဖြင့် ထောက်ပံ့ ပေးလျှက် ရှိပြီး ထောက်ပံ့ ကြေးနှုန်း ထားကို ငွေကြေး ဖောင်းပွမှု နှုန်းထား အပေါ်မူတည် ပြီး လွှတ်တော်မှ ပြင်ဆင် သတ်မှတ် ပေးလေ့ ရှိသည်ကို တွေ့ရသည်။
ကနေဒါ နိုင်ငံတွင်မူ ၁၉၇၄ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ အရ တစ်နိုင်ငံလုံး အဆင့်တွင် ထောက်ခံမဲ နှစ်ရာခိုင်နှုန်း နှင့်အထက် သို့မဟုတ် ပါဝင် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ထောက်ခံမဲ ငါးရာခိုင်နှုန်း နှင့်အထက် ရရှိသော ပါတီများ အတွက် ရွေးကောက်ပွဲ ရံပုံငွေကို ထောက်ပံ့ ပေးသည်။ ထိုသို့ ထောက်ပံ့ရာတွင် ပါတီများ အနေဖြင့် ရွေးကောက်ပွဲ အသုံးစရိတ် များကို သတ်မှတ် ထားသော စည်းမျဉ်း များနှင့် အညီ မှတ်တမ်း ထားရရှိရန် လိုအပ်ပြီး စုစုပေါင်း အသုံးစရိတ်၏ ၂၂.၅% ကို နိုင်ငံတော်မှ ထောက်ပံ့ ပေးသည်။ ၁၉၈၃ ခုနှစ်တွင်မှု ကိုယ်စားလှယ် လောင်း တစ်ဦးသည် ပါဝင် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ထောက်ခံမဲ ၁၅% ထက်မနည်း ရရှိပါက ရွေးကောက်ပွဲ အသုံး စရိတ်၏ ၅ဝ%ကို နိုင်ငံတော်မှ ကျခံပေးရန် ထပ်မံ သတ်မှတ် ခဲ့သည်။ သို့သော် ရွေးကောက်ပွဲ များတွင် ကိုယ်စားလှယ် လောင်း တစ်ဦး အနေဖြင့် အများဆုံး အသုံးပြု နိုင်သည့် ရွေးကောက်ပွဲ အသုံးစရိတ် ကိုလည်း သတ်မှတ် ပေးခြင်းဖြင့် နိုင်ငံတော် အတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန် ကန့်သတ်ပေး ထားသည်ကို တွေ့ရသည်။
အမေရိကန် နိုင်ငံ တွင်မူ ၁၉၇၁ ခုနှစ် ဥပဒေအရ သမ္မလောင်း ရွေးချယ်ပွဲများ အတွက်သာ နိုင်ငံတော်မှ ထောက်ပံ့ ပေးသည်။ လက်တွေ့တွင် ထိုသို့ ထောက်ပံကို အခွန်ထမ်း ပြည်သူများက တိုက်ရိုက် ထောက်ပံ့သည့် ပုံစံဖြင့် ဆောင်ရွက် သည်ကို တွေ့ရသည်။ ထိုစနစ်အရ အခွန် ပေးဆောင်သည့် ပြည်သူများ အနေဖြင့် ၎င်းတို့၏ အခွန်ငွေမှ အမေရိကန် ဒေါ်လာ သုံးဒေါ်လာကို ရွေးကောက်ပွဲ ရံပုံငွေ အဖြစ် အသုံးပြုရန် သဘောတူ မတူ ဆန္ဒ ပြုရသည်။ လက်ရှိ အချိန်တွင် အမေရိကန် ပြည်သူ သန်း နှစ်ဆယ်ခန့်မှ ထိုစနစ်တွင် ပါဝင်လျှက် ရှိသည်ကို တွေ့ရသည်။ ထို့ကဲ့သို့ ရံပုံငွေ ထောက်ပံ့ ရာတွင် တစ်ဦးချင်း ထည့်ဝင်ငွေနှင့် အချိုးညီ ထောက်ပံ့ခြင်း၊ ပါတီ ညီလာခံ ကျင်းပရန် အတွက် ထောက်ပံ့ခြင်းနှင့် အထွေထွေ ထောက်ပံ့ခြင်းဟု သုံးမျိုးခွဲခြား ထောက်ပံ သည်ကို တွေ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
Funding of Political Parties and Election Campaigns, Reginald Austin, Maja Tjernström by 2003
၂။
www. opensecret.org.

1 comment:

  1. completely agreed. and it is same to media, which should be controlled by regulation and laws. (these laws should not be against freedom of speech, if these speech is not harmful to public or to the country, but like the crime of defamation, crime of dangerous speech to security of nation, crime of anti-racisim...etc, should be executed as soon as possible)

    ReplyDelete