Saturday, September 28, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ(၆)

အာရှဒေသ အခြေအနေ 
ဥရောပ တိုက်တွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ အားကောင်း မောင်းသန် ဖွံ့ဖြိုး တိုးတက် နေသော်လည်း အာရှ ဒေသမှာ နောက်ကျ ကျန်နေ ခဲ့ပြီး  အိန္ဒိယ၊ တောင်ကို ရီးယားနှင့် ဂျပန် နိုင်ငံများ တွင်သာ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ခိုင်ခိုင် မာမာ ထွန်းကား သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း Aisa- Pacific Institute of Broadcast Development , AIBD က ၁၉၉၀ ပြည့်နှစ် အစပိုင်း များမှပင် စတင်ပြီး ဒေသတွင်း၌ အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ ပေါ်ထွက်လာ စေရန် အတွက် ကြိုးပမ်း လုပ်ဆောင် ခဲ့သည်။
သို့သော် AIBD ၏ ညွှန်ကြား ရေးမှူး ဒေါက်တာ ဂျာဗတ် မိုတာဂီက စီးပွားရေး ကဏ္ဍကို အလေး ထားမှု၊ ပြည်သူ့ ဘဏ္ဍာငွေ ကန့်သတ် ချက်ရှိမှု၊ သြဇာ ကြီးမားသည့် ပုဂ္ဂလိက မီဒီယာများ၏ ဆန့်ကျင်မှု၊ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ သဘော သဘာဝ အပေါ် သဘော မပေါက်မှု၊ လူ့စွမ်းအား အရင်းအမြစ် ချို့တဲ့မှုနှင့် နိုင်ငံရေး အရ စိတ်အား ထက်သန်မှု မရှိခြင်း များကြောင့် အာရှ- ပစိဖိတ်ဒေသ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ဖွံ့ဖြိုး တိုးတက် ရေးတွင် စိန်ခေါ်မှု အများ အပြားနှင့် ရင်ဆိုင် နေရကြောင်း ၀န်ခံ ပြောဆို ခဲ့သည်။ မည်သို့ပင် ဖြစ်စေ ဗဟု မီဒီယာ အခြေအနေကို ဖော်ဆောင် နိုင်ရန် နှင့် မီဒီယာ လက်ဝါးကြီး အုပ်မှု အခြေအနေကို ကာကွယ်ရန်၊ နိုင်ငံသား အားလုံး ထံသို့ သတင်းအချက် အလက်များ လွတ်လပ်စွာ စီးဆင်း နိုင်စေရန် အတွက် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ပုံစံ တစ်ခုကို ဖော်ထုတ်ရန် လိုအပ် နေပြီဆိုသည့် အချက်ကို ဒေသတွင်း နိုင်ငံများက လက်ခံ လာခဲ့ကြသည်။
ထို့ကြောင့် ၂၀၀၄ ခုနှစ် မေလ ၂၇ ရက်နေ့ ဘန်ကောက် မြို့တွင် ပြုလုပ်ခဲ့သည့် အာရှ- ပစိဖိတ် ပြန်ကြားရေး ၀န်ကြီးများ အစည်းအဝေး က ထုတ်ပြန် ခဲ့သည့် ဘန်ကောက် ကြေညာချက်တွင်  ပြည်သူများကို အသိပေးရန်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကို မြှင့်တင်ရန်၊ သတင်း အချက် အလက် များ လွတ်လပ်စွာ စီးဆင်းမှုကို အထောက်အကူ ပြုရန်၊ ပြည်သူများ ပါဝင်နိုင်မှုကို မြှင့်တင်ရန် စသည့် အကျိုး ကျေးဇူးများကို ဖော်ဆောင် နိုင်ရန် အတွက် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများကို ဖော်ဆောင် ပေးရန်  ဟု ဖော်ပြ လာသည်ကို တွေ့ရသည်။
အဆိုပါ ဘန်ကောက် ကြေညာချက် ၌ပင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ အနေဖြင့် ဘဏ္ဍာရေး လွတ်လပ်မှု၊ အယ်ဒီတာ လွတ်လပ်မှု တို့ကို အာမခံ နိုင်စေရန် အတွက် လိုက်နာ သင့်သည့် အချက်များ၊ နိုင်ငံသား အားလုံးသို့ သတင်း အချက်အလက် များဖြန့်ဝေ နိုင်ရန် အတွက် လိုက်နာ သင့်သည့် အချက်များနှင့် ရန်ပုံငွေ ထောက်ပံ့ ရမည့် နည်းလမ်းများ စသည်တို့ကို ထည့်သွင်း ဖော်ပြ ခဲ့ပါသည်။
မြန်မာနိုင်ငံ အပါအ၀င် ဖြစ်သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အတွင်းတွင် အင်ဒိုနီးရှား နိုင်ငံမှာ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာကို အစောဆုံး စတင် အကောင်အ ထည် ဖော်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ ၁၉၉၈ ခုနှစ်  ပြုပြင် ပြောင်းလဲရေး စတင် ချိန်တွင် နိုင်ငံပိုင် ရုပ်မြင် သံကြားနှင့် အသံလွှင့် ဌာနကို အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ်သို့ အသွင် ကူးပြောင်းခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ် မတ်လ တွင် ဖို့ဒ် ဖောင်ဒေးရှင်း၏ အကူအညီဖြင့် Centre for Innovation Policy and Governance က ပြုစု ခဲ့သည့် Mapping Media Policy in Indonesia အစီရင်ခံစာ၌ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် မီဒီယာ ကဏ္ဍ ကို စနစ်တကျ စီမံ ခန့်ခွဲရန် ပျက်ကွက် ခဲ့ကြောင်း၊ ထို့ကြောင့် အကျိုးအမြတ်ကို အဓိက ထားသည့် မီဒီယာများသာ အလွန်အကျွံ ဖွံ့ဖြိုး တိုးတက် လာပြီး  မီဒီယာ လက်ဝါးကြီး အုပ်မှု အခြေအနေ ဖြစ်လာကြောင်း၊ အင်ဒိုနီးရှား အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ များမှာလည်း အဖွဲ့အစည်း တွင်း ပြဿနာ များကြောင့် ထိရောက်စွာ စွမ်းဆောင် နိုင်မှု မရှိကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ကို ပြည်သူ့ အကျိုးစီးပွား အတွက် ထည့်သွင်း စဉ်းစားမှု မပြုဘဲ စီးပွားရေး အကျိုးအမြတ် အတွက် သက်သက် စဉ်းစားခြင်းမှာ မသင့် တော်ကြောင်း၊ မီဒီယာ လုပ်ငန်းများကို အခြား စီးပွားရေး လုပ်ငန်းများနှင့် မတူ သီးခြား စဉ်းစား သင့် ကြောင်း ထောက်ပြ ထားသည်ကို တွေ့ရပါသည်။ လက်တွေ့ တွင်လည်း အင်ဒိုနီးရှား နိုင်ငံ၏  သတင်းစာ နှင့် ဂျာနယ် မဂ္ဂဇင်းများ၊ ပုဂ္ဂလိက ရုပ်မြင် သံကြားနှင့် ရေဒီယို အသံလွှင့် ဌာနများ သာမက လူကြိုက် များသည့် အင်တာနက် မီဒီယာ ၀က်ဘ်ဆိုက် များအပါအ၀င် မီဒီယာ အားလုံး နီးပါးသည် မီဒီယာ အုပ်စု ၁၂ ခုလက်ဝယ်တွင် ရှိနေသည်ကို လေ့လာ တွေ့ရှိရ ပါသည်။
ထိုင်းနိုင်ငံတွင်မူ ယခင် ပုဂ္ဂလိကပိုင် Thai Independent Television , TITV ကို ၂၀၀၈ ခုနှစ် တွင် ဥပဒေဖြင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ်သို့ပြောင်းလဲခဲ့သည်။ ပြောင်းလဲ သည့် နှစ် မကြာမြင့် သေးသော်လည်း ထိုင်းနိုင်ငံ အများပြည်သူ ၀န်ဆောင်မှု ရုပ်သံလွှင့် ဌာန Thai PSB သည် သတင်း အရည်အသွေး မြင့်မား မှုကြောင့် ပြည်တွင်း၊ ပြည်ပမှ အသိ အမှတ်ပြု ခံရသည် ကိုတွေ့ရ ပါသည်။
ဖိလစ်ပိုင် နိုင်ငံတွင်မူ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ တစ်ခု ထူထောင်ရန် အတွက် ၂၀၀၇ ခုနှစ် မှ စတင် ကြိုးစား ခဲ့သော်လည်း အောင်မြင်မှု မရှိသေးပါ။   University of the Philippines Visayas မှ ရုပ်သံလွှင့် ပညာရပ် ဆိုင်ရာ လက်ထောက် ပါမောက္ခ Amy Daquilanea-Tanoy ကတော့ ထိုကဲ့သို့ အောင်မြင်မ မရှိရ ခြင်းမှာ အစိုးရနှင့် လွှတ်တော် အနေဖြင့် နိုင်ငံရေးအရ စိတ်အား ထက်သန်မှု မရှိခြင်း၊ လက်ရှိ ပုဂ္ဂလိက မီဒီယာ အုပ်စုကြီးများက ကိုယ်ကျိုး စီးပွား အပေါ် အခြေခံ၍ ဆန့်ကျင်နေ ခြင်းနှင့် ပြည်သူလူထု အနေဖြင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အကြောင်းကို ကောင်းစွာမသိခြင်း တို့ကြောင့် ဖြစ်သည်ဟု သုံးသပ် ပြောကြား ခဲ့ပါသည်။
ထိုကဲ့သို့ အာဆီယံ နိုင်ငံ များတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အယူအဆ စတင် မိတ်ဆက် နေချိန်၌ မိမိတို့ မြန်မာ နိုင်ငံတွင်လည်း အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ စတင်ဖွဲ့စည်း နိုင်ရန် အတွက် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း ထားပြီ ဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံ ဖြစ်သည်နှင့် အညီ ထိုဥပဒေ ကြမ်းအပေါ် အယူအဆ အမျိုးမျိုး၊ အမြင် အမျိုးမျိုးဖြင့် တုန့်ပြန် ဆွေးနွေး ကြသည် မှာလည်း သဘာဝ ကျပါသည်။ ကြိုဆိုရမည့် အချက်လည်း ဖြစ်ပါသည်။
သို့သော် မိမိတို့ နိုင်ငံသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဆောင်ရွက် ရာတွင် ယခင် ရှိပြီးဖြစ်သည့် အင်စတီ ကျူးရှင်းများကို ပိုမို ကောင်းမွန်အောင် ပြုပြင်ခြင်း၊ အချို့ အင်စတီ ကျူးရှင်းများကို ဖျက်သိမ်းခြင်း၊ အင်စတီ ကျူးရှင်း အသစ်များကို ဖွဲ့စည်း တည်ထောင်ခြင်း များကို တစ်ပြိုင်တည်း လုပ် ဆောင် နေရသည့် အချိန်ဖြစ်သည်။
ယခု တင်သွင်း ထားသည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းမှာ မြန်မာ နိုင်ငံတွင် မရှိ ခဲ့ဖူးသည့် အင်စတီ ကျူးရှင်း အသစ် တစ်ခုကို တည်ထောင် နိုင်ရန် အတွက် ရည်ရွယ် ဆောင်ရွက် ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာကို စတင် ထူထောင် ခဲ့သည့် အပြင်  နိုင်ငံတကာက အလေးထား ရသည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ စံနှုန်းများကို ကျင့်သုံး နေသည့် ဥရောပ နိုင်ငံများမှ စံနှုန်းများကို အခြေပြုပြီး မြန်မာနိုင်ငံ အခြေအနေနှင့် အသင့်တော်ဆုံး ဖြစ်အောင် ရေးဆွဲ ထားခြင်း ဖြစ် ပါသည်။
သို့သော် ယနေ့ အချိန်အထိ ဥပဒေကြမ်း အပေါ် ဝေဖန် ထောက်ပြမှု အများစုသည် နိုင်ငံတကာ စံနှုန်းများကို အခြေခံ ခြင်းထက် မိမိတို့ ခံစားချက်များ၊ သံသယများ၊ ပုဂ္ဂလိက အကျိုး စီးပွားများ အပေါ် တွင်သာ အခြေခံ နေသည်ကို လေ့လာ တွေ့ရှိရ ပါသည်။ တကယ်တော့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဆိုသည်မှာ မြန်မာ နိုင်ငံတွင် မရှိခဲ့သေးသည့် အင်စတီ ကျူးရှင်း တစ်ခု ဖြစ်ရာ ဥပဒေကြမ်းကို ဝေဖန်ရာ၌ မိမိတို့ ကိုယ်ပိုင် ခံစားချက်များ၊ အတိတ် အတွေ့အကြုံ များကို အခြေခံပြီး ဝေဖန် နေခြင်းထက် အများပြည်သူ ၀န်ဆောင်မှု မီဒီယာနှင့် ပတ်သက်သည့် နိုင်ငံတကာ စံနှုန်း များကို အခြေခံပြီး ဝေဖန် သုံးသပ်မှသာ အားလုံးအတွက် အကျိုး ရှိမည် ဖြစ်ပါသည်။ ထိုသို့ ဓမ္မအဓိဋ္ဌာန် ကျကျ ဝေဖန် နိုင်ရန် အတွက် ယခု ဆောင်းပါးပါ အချက်အလက် များက အတိုင်းအတာ တစ်ခုအထိ အထောက် အကူပြု နိင်မည်ဟု မျှော်လင့်ပါသည်။
ဗညားအောင်

No comments:

Post a Comment