Wednesday, February 26, 2014

အာဖရိကရောက်အမေရိကန်လင်းယုန်

ပြီးခဲ့သည့် အောက်တို ဘာလ ၁ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေး မူဝါဒ၌ အရေး ပါသော အပြောင်းအလဲ တစ်ခု ပေါ်ပေါက် ခဲ့သည်။ ထို့နေ့က  ရမ်းစဖဲလ် လက်ထက်က စတင် ခဲ့သည့် ကာကွယ်ရေး မဟာဗျူဟာ ပြန်လည် သုံးသပ် ချက်၏ ရလဒ်အဖြစ် အမေရိကန် တပ်မတော် သည် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် (United State Africa Command , AFRICOM)  ကို တရားဝင် စတင် လုပ်ငန်း ဆောင်ရွက်သည့် အခမ်း အနားကို ကျင်းပ ခဲ့သည်။
ဒေသကွပ်ကဲမှုဌာနချုပ်များ
ဒေသ ကွပ်ကဲမှု ဌာနချုပ် များသည် အမေရိကန် ကာကွယ်ရေး မူဝါဒတွင် အရေး အကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။ ထိုဌာနချုပ် များကို  ပေါင်းစည်း ကွပ်ကဲမှု ဌာနချုပ် (Unified Command) ဟု သုံးစွဲလေ့ ရှိသကဲ့သို့ ရမ်းစဖဲလ် လက်ထက် က တိုက်ပွဲ ကွပ်ကဲမှု ဌာနချုပ် (Combatant Command) ဟုလည်း သုံးစွဲခဲ့ ဖူးသည်။ အမေရိကန် တပ်မတော်၏ ပူးတွဲ စစ်ဆင်မှု သဘော တရား အရ ကွပ်ကဲမှု ဌာန ချုပ်မှူးသည် ကြည်း/ ရေ/ လေ/ ကမ်းတက် တပ်ဖွဲ့ တစ်ခုခုမှ ဖြစ်နိုင်ပြီး  ၎င်း၏ လက်အောက်တွင် ကြည်း/ရေ /လေ/ ကမ်းတက် တပ်ဖွဲ့ များကို တွဲဘက် ထားရှိ ရသည်။ ဌာန ချုပ်မှူး များသည် စစ်ဆင် ရေးများ ဆင်နွဲ ရာတွင် ပူးတွဲ စစ်ဦးစီး အဖွဲ့ချုပ် ဥက္ကဌနှင့် ကာကွယ်ရေး ဝန်ကြီး တို့မှ တဆင့် သမ္မတ ကိုသာ တာဝန်ခံ ဆောင်ရွက် ရသည်။ သက်ဆိုင်ရာ ကြည်း/ ရေ/ လေ/ ကမ်းတက် တပ်ဖွဲ့ ဦးစီး ချုပ်များ အနေဖြင့် ထိုကွပ်ကဲမှု ဌာနချုပ် များ၏ စစ်ဆင်ရေး များကို တိုက်ရိုက် ကွပ်ကဲခွင့် မရှိဘဲ အုပ်ချုပ် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ စစ်ဆင် ရေးနှင့် ပတ်သက်ပြီး ပူးတွဲ စစ်ဦးစီး ချုပ်ကို အကြံပေး ခြင်းတို့သာ ပြုလုပ် ရသည်။
ထို့ပြင် ဒေသ ကွပ်ကဲမှု ဌာနချုပ် မှူးများသည် မိမိ ကွပ်ကဲမှု ဒေသ အတွင်းတွင် ပဋိပက္ခ (Conflict)  ဖြစ်ပွားချိန်နှင့် စစ်ပွဲ ဖြစ်ပွားချိန် များမှသာ အမေရိကန် အကျိုး စီးပွားကို ကာကွယ်ရန် တာဝန် ရှိသည် မဟုတ်ပေ။ ငြိမ်းချမ်းစဉ် ကာလ၊ အကျပ် အတည်း ကာလ(Crisis) များတွင်လည်း  အမေရိကန် အကျိုး စီးပွား များကို ဖော်ဆောင် နိုင်ရန် အတွက် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ အမေရိကန် နိုင်ငံ တကာ အကူအညီ ပေးရေး အေဂျင်စီ (USAID) တို့နှင့် ပူးပေါင်း ဆောင်ရွက် ရသည်။ ထိုသို့ ဆောင်ရွက်ရန် အတွက် ကွပ်ကဲမှု ဌာန ချုပ်တွင် အရပ်ဘက် ဝန်ကြီး ဌာန များမှ အရာရှိ များကို တွဲဘက် ပေးထားရုံ သာမက စစ်ဘက်- နယ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဒုတိယ ဌာန ချုပ်မှူး (Deputy  Commander for Civil-Military Activities) အဖြစ် သံအမတ်ကြီး တစ်ဦးကို ခန့်အပ် ထားလေ့ ရှိသည်။ ထို့ကြောင့် အမေရိကန် တပ်မတော်၏ ဒေသ ကွပ်ကဲမှု ဌာန ချုပ်သည် စစ်ရေး အရ သာမက နိုင်ငံရေး၊ သံတမန် ဆက်ဆံရေး အတွက်ပါ တာဝန်ရှိ သည်ဟု ဆိုနိုင်သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်က အာဖရိက ဌာနချုပ် တည်ထောင်သည့် အခမ်း အနားတွင် ဒေသ ကွပ်ကဲမှု ဌာနချုပ် များ၏ တာဝန်သည် ကာကွယ်ရေး၊ သံတမန်ရေးနှင့် ဖွံ့ဖြိုးရေး(Defence, Diplomacy, Development, 3 Ds) ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ဒေသ ကွပ်ကဲမှု ဌာနချုပ် တစ်ခု ဖွင့်လှစ် လိုက်ခြင်းသည် ထိုဒေသ အပေါ် အမေရိကန် တို့၏ မဟာ ဗျူဟာ အရ စိတ်ပါ ဝင်စားမှု အတိုင်း အတာကို ပြလိုက်ခြင်း ဖြစ်သည် ဟုလည်း ဆိုနိုင် ပေသည်။
အာဖရိကတိုက်က အမေရိကန်အကျိုးစီးပွားများ
အစဉ်အလာ အားဖြင့် အမေရိကန် သည် အာဖရိကနှင့် ပတ်သက်ပြီး စိတ်ဝင် စားမှု မရှိလှပေ။ အမေရိကန် နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး ဆိုင်ရာ မူဝါဒ များတွင် အာဖရိက သည် ဥရောပ၊ အာရှ၊ လက်တင် အမေရိက တိုက်များ၏ နောက်တွင်သာ ရှိခဲ့သည်။ သို့သော် ၂၁ ရာစုသို့ ဝင်လာ ချိန်တွင် ရေနံနှင့် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတည်း ဟူသော အကြောင်း နှစ်ချက်ကြောင့် အမေရိကန် တို့သည် အာဖရိက တိုက်ကို အာရုံ စိုက်လာ ခဲ့ရ တော့သည်။
လက်ရှိ အချိန်တွင် အမေရိကန် နိုင်ငံ ရေနံ လိုအပ်ချက်၏ ၁၅ % ကို အာဖရိက တိုက်မှ တင်သွင်း လျှက်ရှိပြီး လာမည့် ဆယ်စုနှစ် အတွင်းတွင် ၂၅% မှ ၃၅% အထိ တိုးမြှင့် လာမည် ဖြစ်သည်။ ထို့ပြင် အာဖရိက တိုက်၏ အဓိက ရေနံ ထုတ်လုပ်ရာ ဒေသ ဖြစ်သည့် ဂီနီ ပင်လယ် ကွေ့နှင့် အာဖရိက အနောက် ကမ်းခြေေ ဒသမှ ရေနံများကို အမေရိကနှင့် အနောက် ဥရောပသို့ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး တိုက်ရိုက် သယ်ဆောင် နိုင်သဖြင့် စူးအက် တူးမြောင်းကို ဖြတ်သန်း သယ်ဆောင် ရသည့် အရှေ့ အလယ်ပိုင်း ဒေသ ရေနံ များထက် ပိုမို လုံခြုံ စိတ်ချ ရပေသည်။ အရှေ့ အလယ်ပိုင်းမှ ရေနံ များမှာမူ ပါရှန် ပင်လယ်ကွေ့ အဝရှိ ဟိုမုဇ် ရေလက်ကြား၊ ပင်လယ်နီ အဝင်ဝရှိ အာဖရိက ဦးချို ဒေသ၊ စူးအက် တူးမြောင်း အစရှိသည့် အချက်အခြာ ကျသည့် လမ်းကျဉ်း များကို ဖြတ်သန်း ရသဖြင့် ရေနံ တင်ပို့မှု လမ်းကြောင်းကို နှောင့်ယှက် နိုင်သည့် အခွင့် အလမ်း ပိုမို များပြား ပေသည်။ ထို့ကြောင့်ပင် ၂ဝဝ၅ ခုနှစ်မှ စတင်ပြီး ဂီနီ ပင်လယ်ကွေ့မှ အမေရိကသို့ တင်ပို့သော ရေနံ ပမာဏက ဆော်ဒီ အာရေ ဗီးယားနှင့် ကူဝိတ် နိုင်ငံနှစ်ခု ပေါင်းက တင်ပို့သည့် ပမာဏကို ကျော်လွန် သွားခဲ့သည်။ လက်ရှိ အခြေ အနေတွင် အမေရိကန် ကုမ္ပဏီ ကြီးများ ဖြစ်သည့် အက်ဆွန် မိုဘိုင်း၊ ရှယ်ဗရွန် တို့သာမက ဥရောပ ကုမ္ပကြီးများ ဖြစ်သည့် တိုတယ်လ်နှင့် ဘီပီ တို့ကပါ ဆဟာရ တောင်ပိုင်း ဒေသ နိုင်ငံ များတွင် ရေနံ တူးဖော် ထုတ်လုပ်ရေး အတွက် ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး  မြှပ်နှံလျှက် ရှိကြသည်။
တစ်ကမ္ဘာလုံးက အီရတ်နှင့် အာဖဂန် နစ္စတန် စစ်ပွဲ များကို အာရုံစိုက် နေချိန်တွင် အမေရိကန် တပ်မတော်က အစ္စလာမ် ဘာသာဝင် အများ အပြား နေထိုင် နေသည့် အာဖရိက တိုက်တွင် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် နောက်ထပ် စစ်မျက်နှာသစ် တစ်ခုကို တိတ်တိတ် ဆိတ်ဆိတ် တိုးချဲ့လျှက် ရှိပေသည်။ အာဖရိက နိုင်ငံ အများ စုတွင် ကြုံတွေ့ နေရသည့် လူမျိုးရေး ပဋိပက္ခများ၊ ဆင်းရဲ နွမ်းပါး မှုများ၊  အုပ်ချုပ်ရေး စနစ် ညံ့ဖျင်း မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှု များကလည်း အစ္စလာမ် အစွန်းရောက် ဝါဒီများ ခြေကုတ် ယူရန် အတွက် ရေခံ မြေခံ ကောင်းများ ဖြစ်နေ ပေသည်။ ထို့ကြောင့်ပင်  ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်မှ စတင်ပြီး  အမေရိကန် တို့သည် ဆဟာရ ဒေသ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အစီအစဉ် တစ်ခုကို ဗဟိုနှင့် အနောက် အာဖရိကတိုက် နိုင်ငံ ကိုးနိုင်ငံနှင့် ပူးပေါင်း ဖွဲ့စည်း ခဲ့သည်။ ထိုအစီ အစဉ်တွင် အမေရိကန် တပ်ဖွဲ့များ အမြဲတမ်း တပ်စွဲ ထားမည့် အစီအစဉ် ပါဝင်ခြင်း မရှိ သော်လည်း အကြမ်းဖက် သမား များကို နှိမ်နင်း ရာတွင် အမေရိကန် တို့က လက်နက်နှင့် နည်းပညာများ အထောက် အကူပေး သကဲ့သို့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက်လည်း  ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။
အာဖရိကဒေသကွပ်ကဲမှုဌာနချုပ်
ထိုကဲ့ သို့သော မဟာဗျူဟာ လိုအပ်ချက် များကြောင့် ဘုရှ် အစိုးရသည် အာဖရိက ဒေသနှင့် ပတ်သက်သည့် အမျိုးသား လုံခြုံရေး ဆိုင်ရာ မဟာ ဗျူဟာကို ပြန်လည် သုံးသပ်ခဲ့ ရသည်။ ယခင်က အာဖရိက တိုက်နှင့် ပတ်သက်လျှင် ဒေသ ကွပ်ကဲမှု ဌာနချုပ် သုံးခုက ခွဲဝေ တာဝန် ယူခဲ့ ကြသည်။ အာဖရိက ၅၃ နိုင်ငံ အနက် ၄၃ နိုင်ငံက ဥရောပ ဒေသ ကွပ်ကဲမှု ဌာနချုပ်၏ ကွပ်ကဲမှု နယ်မြေ အတွင်း ပါဝင် နေခဲ့ပြီး ကျန် နိုင်ငံ များကို ပစိဖိတ် ဒေသ ကွပ်ကဲမှု ဌာနချုပ်နှင့် အာဖဂန်နှင့် အီရတ် အပါအဝင် အရှေ့ အလယ်ပိုင်း ဒေသ များကို တာဝန် ယူထား ရသည့် အလယ်ပိုင်း ဒေသ ကွပ်ကဲမှု ဌာနချုပ် တို့က ခွဲဝေ တာဝန်ယူ ခဲ့ကြသည်။ ထို့ကြောင့်  ရမ်းစဖဲလ် က အာဖရိက ဒေသနှင့် ပတ်သက်သည့် အမေရိကန် မူဝါဒကို တစ်စု တစ်စည်းထဲ အကောင် အထည် ဖော်နိုင်ရန် အတွက် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် တစ်ခု တည်ထောင်ရန် အဆိုပြု ခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ် ဖေဖော် ဝါရီလ ၆ ရက်နေ့တွင် သမ္မတ ဘုရှ်နှင့် ကာကွယ်ရေး ဝန်ကြီးသစ် ဂိတ် တို့က အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် ဖွဲ့စည်းကြောင်း တရားဝင် ကြေညာ ခဲ့သည်။ ထိုနှစ် အောက်တို ဘာလ  ၁ ရက် နေ့တွင် အာဖရိက ဒေသ ကွပ်ကဲမှု ဌာန ချုပ်ကို ၂ဝဝ၈ ခုနှစ် အောက်တို ဘာလ ၁ ရက်မှ စတင် လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်း များကို စတင် လုပ်ဆောင် ခဲ့သည်။ ၂ဝဝ၈ ခုနှစ် အောက်တို ဘာလ  ၁ ရက်နေ့ တွင်မူ အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်သည် အာဖရိက တိုက်နှင့် ပတ်သက်သည့် လုပ်ငန်း တာဝန် များကို အခြား ဒေသ ကွပ်ကဲမှု ဌာနချုပ် သုံးခု ထံမှ လွှဲပြောင်း ရယူပြီး လုပ်ငန်း များကို တရားဝင် စတင် ဆောင်ရွက် ခဲ့ပေသည်။ ထိုကွပ်ကဲမှု ဌာနချုပ်တွင် အင်အား တစ်ထောင့် သုံးရာ ကျော်ရှိသည့် အနက် ထက်ဝက် ခန့်မှာ စစ်ဘက်နှင့် မသက်ဆိုင်သည့် အမေရိကန် အစိုးရ အေဂျင်စီ များမှ တွဲဘက် ထားသည့် ဝန်ထမ်းများ ဖြစ်ကာ ၂ဝဝ၉ ခုနှစ် ဘဏ္ဍာရေးနှစ် ( အမေရိကန် ဘဏ္ဍာရေး နှစ်သည်  ၂ဝဝ၈ အောက်တိုဘာ ၁ ရက်မှ အစပြုသည်။) အတွက် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် အတွက် ရန်ပုံငွေ ဒေါ်လာ ၃၉၂ သန်း ခွင့်ပြု ထားခဲ့သည်။
ဘာတွေလုပ်မလဲ
အမေရိကန် ကာကွယ်ရေး မဟာ ဗျူဟာ အရ ဒေသ ကွပ်ကဲမ ဌာနချုပ် များသည့် ငြိမ်းချမ်းစဉ် ကာလတွင် ဒေသ အတွင်းရှိ အမေရိကန် အကျိုး စီးပွား များကို ဖော်ဆောင်ရာ၌ နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် အမေရိကန် နိုင်ငံတကာ အကူအညီ ပေးရေး အေဂျင်စီ များ၏ လုပ်ငန်း များကို အထောက် အကူ ပေးသကဲ့သို့ ဒေသတွင်း နိုင်ငံ များနှင့် စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့် နိုင်ရေး အတွက် ဆောင်ရွက်မည် ဖြစ်သည်။ အကျပ်အတည်း ကာလ (Crisis) တွင်မူ သဘာဝဘေး အန္တရာယ် ကျရောက် မှုများ အတွက် အမေရိကန် နိုင်ငံတကာ အကူအညီ ပေးရေး အေဂျင်စီ က အကူအညီ ပေးမှု များတွင် လိုအပ်သော အုပ်ချုပ်  ထောက်ပံ့မှု အကူ အညီများ ပေးရမည် ဖြစ်သည်။ ကျန် နိုင်ငံရေး၊ စစ်ရေး အကျပ် အတည်း များတွင်မူ အမေရိကန် တို့၏ သံတမန်ရေး လှုပ်ရှား မှုကို စစ်အင်အားဖြင့် အထောက်အကူ ပေးခြင်း၊ အမေရိကန်၏ အကျိုး စီးပွား များကို ထိခိုက် လာလျှင် လည်းကောင်း၊ ပဋိပက္ခ အဆင့်သို့ ရောက်ရှိ သွားလျှင် သော်လည်းကောင်း စစ်ရေး အရ ဝင်ရောက် စွက်ဖက် နိုင်ရေး အတွက် ပြင်ဆင် ထားခြင်း များကို ဆောင်ရွက် ရမည် ဖြစ်သည်။ ပဋိပက္ခ ကာလတွင်မူ အမေရိကန် တပ်ဖွဲ့များ အနေဖြင့် ဒေသ ကွပ်ကဲမှု ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များ စေလွှတ် ခြင်းမှ အစ စစ်အင်အားသုံး တိုက်ခိုက် ခြင်းများ အထိ လိုအပ် သလို ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက် ရာတွင် ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ် နိုင်ရန်နှင့် ပဋိပက္ခလွန် ကာလ အခြေအနေကို အမေရိကန် အကျိုး စီးပွား အတွက် အကျိုး အမြတ် ရရှိ နိုင်သည့် အခြေအနေ ရောက်ရှိ စေရန် အတွက် နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်း များဖြင့် ပေါင်းစပ် ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှု များကို စစ်ဘက်က ဦးဆောင်ပြီး ကျန် အရပ်ဘက် ဌာနများက ပူးပေါင်း ဆောင်ရွက် ရမည် ဖြစ်ပေသည်။ ထို့ကြောင့် အာဖရိက ဒေသ ကွပ်ကဲမှု ဌာန ချုပ်ကို တည်ထောင် ခြင်းဖြင့် အမေရိကန်တို့ အနေဖြင့် အာဖရိက တိုက်၏ လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက် မှုများ သာမက အခြား သမားရိုးကျ မဟုတ်သော ခြိမ်းခြောက် မှုများ အားလုံး ကိုပါ အလေးထား ကိုင်တွယ် သွားတော့မည် ဆိုသည်ကို အချက်ပြ လိုက်ခြင်းလည်း ဖြစ်ပေသည်။
အမေရိကန် တပ်မတော် အနေဖြင့် ဒေသ ကွပ်ကဲမှု ဌာနချုပ် မတည်ထောင် မီကပင် အာဖရိက နိုင်ငံ များနှင့် စစ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို အကောင် အထည် ဖော်နေပြီး ဖြစ်သည်။ Combined Joint Task Force – Horn of Africa (CJTF-HOA)   အစီအစဉ်တွင် အမေရိကန် တပ်ဖွဲ့ ၂၃ဝဝ သည် ဒါဘူဂျီတီ နိုင်ငံတွင် အခြေပြုပြီး ဒါဘူဂျီတီ၊ အီသီယိုပီးယား၊ ကင်ညာ၊ အပါအဝင် ဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံနှင့် ပင်လယ် ရေပြင် လုံခြုံရေး အပါအဝင် လုံခြုံရေး ဆိုင်ရာ ကိစ္စ များတွင် ပူးပေါင်း ဆောင်ရွက်လျှက် ရှိသည်။ အလားတူပင် Operation Enduring Freedom – Trans-Sahara (OEF-TS)  အစီအစဉ်တွင် ဆဟာရ ဒေသ နိုင်ငံများ ဖြစ်သည့် အယ်လ်ဂျီးယား၊ ချဒ်၊ မာလီ၊ မော်ရိုကို အပါအဝင် နိုင်ငံ ကိုးနိုင်ငံနှင့် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်လျှက် ရှိသည်။ ထို့ပြင် အမေရိကန် တပ်မတော် သင်တန်း ကျောင်းများတွင် အာဖရိက တိုက်နိုင်ငံ ၄၅ နိုင်ငံမှ သင်တန်း သားများကို လေ့ကျင့်ပေး မည့် အစီအစဉ် ကိုလည်း အကောင်အထည် ဖော်လျှက် ရှိသည်။ အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး ဝီလျံဝဒ်က ထိုအစီအစဉ် များကို ဆက်လက် ချဲ့ထွင်ပြီး မိတ်ဆွေ နိုင်ငံများ၏ စစ်ဘက် ဆိုင်ရာ အခြေခံ အဆောက် အအုံနှင့် စွမ်းဆောင်ရည် မြင့်မားရေး၊ စစ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုကို တိုးမြှင့်ရေး တို့အတွက် ဆက်လက် ဆောင်ရွက် သွားမည်ဟု ကတိပေး ခဲ့သည်။
သို့သော် အမေရိကန် တို့၏ အာဖရိက မူဝါဒ အပြောင်း အလဲကို ဒေသတွင်း နိုင်ငံတိုင်းက ကြိုဆို ကြသည်တော့ မဟုတ်၊ နိုင်ငံ အများ အပြားက ထိုကဲ့သို့ ဌာနချုပ် တစ်ခု တည်ထောင် ခြင်းဖြင့် အမေရိကန် တို့၏ အာဖရိက ဆိုင်ရာ မူဝါဒမှာ ဖွံ့ဖြိုးရေး တိုးတက်မှု အကူ အညီနှင့် လူမှု ဂရုဏာ အကူအညီ ဗဟိုပြု ဝါဒမှ စစ်ရေးဗ ဟိုပြု ဝါဒ အဖြစ်သို့ ကူးပြောင်း သွားသည်ဟု ရှုမြင်ခဲ့ ကြသည်။ ထို့ပြင် အမေရိကန် တပ်ဖွဲ့ များကို လက်ခံခြင်း၊ အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကြောင့် လူထုက အမေရိကန် နောက်လိုက်  အဖြစ် သတ်မှတ် ခံရမည် ကိုလည်းကောင်း၊ မိမိတို့ နိုင်ငံ များမှာ အကြမ်းဖက် တိုက်ခိုက်မှု များ၏ ပစ်မှတ် ဖြစ်လာမည် ကိုလည်းကောင်း စိုးရိမ် နေကြသည်။ ဤ အခြေအနေ ကြောင့်ပင် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် ကို အာဖရိက တိုက်တွင် အခြေပြု နိုင်ခြင်း မရှိဘဲ ဂျာမနီ နိုင်ငံ တွင်သာ အခြေစိုက် ထားရသည်။ အလားတူပင် ဒါဘူဂျီတီ နိုင်ငံမှ လွဲပြီး အမေရိကန် တပ်ဖွဲ့ များကို အင်အား အလုံးအရင်း နှင့် အခြေပြုခွင့် ပေးမည့် နိုင်ငံ ကိုလည်း ရှာမရ သေးသည် ကိုလည်း တွေ့ရ၏။ ထို့ကြောင့် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ် သည် အမေရိကန် တို့၏ အာဖရိက ဆိုင်ရာ အကျိုး စီးပွားကို မည်မျှ အကောင်အထည် ဖော်နိုင်စွမ်း ရှိမည် ဆိုသည် ကို စောင့်ကြည့် ရဦး မည်သာ ဖြစ်ပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Joint Warfare of the Armed Forces of the United State, Joint Publication 1, 14-11-2000
၂။
U.S. Africa Aid Is Increasingly Military, Wshington Post, 18 - 7 - 2008  
၃။
The Scramble for Africa's Oil,  By Christopher Thompson , New Statesman, 14 - 6-  2007
၎။
www. africom.mil မှ သတင်းအချက်အလက်များ။
Read more

အိုဘားမားရဲ့ အာဖဂန်မဟာဗျူဟာသစ်

သုံးလကျော် အာဖဂန် စစ်ပွဲ အတွက် မဟာဗျူဟာ သစ်ကို စဉ်းစား ပြီးနောက် အိုဘားမားက ၎င်း၏ မဟာ ဗျူဟာကို ဒီဇင်ဘာလ ၁ ရက်နေ့၌ ၀က်စ်ပွိုင့် စစ်တက္ကသိုလ် ဗိုလ်လောင်း များကို မိန့်ခွန်း ပြောကြား ရင်းဖြင့် ချပြ ခဲ့သည်။ သို့သော် ထိုမဟာ ဗျူဟာ သစ်က အောင်ပွဲ ရမည် ဆိုသည့် ယုံကြည်မှု တွေထက် အောင်ပွဲ အပေါ် သံသယတွေ ပေါ်လာ အောင်သာ လုပ်ဆောင် ပေးနိုင် ခဲ့သည်။
အခြေခံမဏ္ဍိုင်သုံးခု
အိုဘားမား၏ မဟာဗျူဟာသည် မဏ္ဍိုင် သုံးခု ပေါ်တွင် အခြေခံသည်။ ပထမ မဏ္ဍိုင်မှာ စစ်ရေး ဖြစ်ပြီး အိုဘားမားက လာမည့် ၁၈ လအတွင်း တာလီဘန် တို့၏ စစ်ရေး စွမ်းရည်ကို ရိုက်ချိုး နိုင်ရန်  အတွက် နောက်ထပ် တပ်အင်အား သုံးသောင်းကို ၂၀၁၀ နှစ် ဆန်းမှ စတင် တိုးမြှင့် ချထားရန် ဆုံးဖြတ် ခဲ့သည်။ ထိုတပ်ဖွဲ့ များကို ၂၀၁၀ မေလ အပြီး ဖြန့်ကျက် ချထားမည် ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ များသည် တာလီဘန် တပ်ဖွဲ့ များကို ချေမှုန်းရန်၊ လူဦးရေ ထူထပ်သည့် မြို့ကြီး များကို ထိန်းသိမ်း ရန်နှင့် အာဖဂန် တပ်ဖွဲ့များကို လေ့ကျင့် ပေးရန် ဆိုသည့် ရည်မှန်းချက် တာဝန် သုံးခုကို ထမ်းဆောင် ရမည် ဖြစ်သည်။ အိုဘားမားက နေတိုး အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ပြင်သစ်မှ တပ်အင်အား နှစ်ထောင်၊ အီတလီမှ တစ်ထောင့် ငါးရာ၊ ဗြိတိန်မှ တစ်ထောင် ကိုလည်း အာဖဂန်ရှိ နေတိုး တပ်ဖွဲ့များ အတွက် ထပ်မံ ဖြည့်တင်း ပေးရန် ပန်ကြား ခဲ့သည်။ အိုဘားမား၏ မဟာ ဗျူဟာမှာ အီရတ်မှာ ကဲ့သို့ပင် တာလီဘန် များကို အချိန်တို အတွင်း ဦးကျိုးအောင် တိုက်ခိုက်၊ တစ်ချိန် တည်း၌ အာဖဂန် တပ်များကို စွမ်းရည် မြင့်မား လာအောင် လေ့ကျင့်၊ အခြေအနေ တည်ငြိမ် သွားပါက အမေရိကန်နှင့် နေတိုး တပ်ဖွဲ့ များက အာဖဂန် တပ်များကို တာဝန် လွှဲပြီး အဆင့်ဆင့် ဆုတ်ခွာ ရုပ်သိမ်း ဆိုသည့် မဟာဗျူဟာ မျှသာ ဖြစ်သည်။
အိုဘားမား မဟာ ဗျူဟာ၏ ဒုတိယ မဏ္ဍိုင်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ ဖြစ်သည်။ အိုဘားမားက အမေရိကန်နှင့် မဟာမိတ် များသည် ကုလ သမဂ္ဂနှင့် ပူးပေါင်းပြီး အာဖဂန် ပြည်သူ တွေ၏ လူနေမှု ဘ၀ တိုးတက်ရေး အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်း တွေကို ပိုမို လုပ်ဆောင် ပေးသွား မည်ဟု ဆိုသည်။ ဒီမဟာဗျူဟာ ကလည်း ကာဇိုင်း အစိုးရ တက်လာ ကတည်းက အမေရိကန်နှင့် နိုင်ငံတကာ အသိုင်း အ၀န်းက လုပ်လာ ခဲ့သည့် အလုပ် ဖြစ်သည်။ သို့သော် အိုဘားမားက ကာဇိုင်း အစိုးရ အတွင်း အဂတိ လိုက်စားမှု များကြောင့် ယခင် စီမံကိန်းများ အဟောသိကံ ဖြစ်ခဲ့ ရသည်ကို အသိအမှတ် ပြုခဲ့ပြီး ကြီးကြပ် စစ်ဆေးမှု မရှိဘဲ ငွေတွေ ပုံပေး ခဲ့သည့် ခေတ်ကုန် ခဲ့ပြီဟု သတိပေး ခဲ့သည်။ အာဖဂန် အစိုးရ အနေဖြင့် အဂတိ လိုက်စားမှု များကို တိုက်ဖျက်ရန် ၊ တာဝန်ရှိ သူများကို အရေးယူရန် လိုအပ်ပြီး အမေရိကန် တို့၏  အကူအညီ များသည် အာဖဂန် ပြည်သူ များကို တိုက်ရိုက် အကျိုး ရှိစေမည့် လယ်ယာ စိုက်ပျိုး ရေးလို ကဏ္ဍ တွေမှာ ပိုသုံး မည်ဟု ကတိ ပေးခဲ့သည်။
တတိယ မဏ္ဍိုင် ကတော့ အာဖဂန် စစ်ပွဲ အောင်မြင် မှုကို ပါကစ္စတန် နိုင်ငံ၏ အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေး လုပ်ဆောင် မှုများနှင့် ချိတ်ဆက်ပြီး ဟန်ချက် ညီညီ ဆောင်ရွက် ရေးပင် ဖြစ်သည်။ ထိုအယူ အဆသည် အိုဘားမား၏ ပထမ အကြိမ် အာဖဂန် မဟာ ဗျူဟာ ချပြစဉ် ကလည်း ပါဝင် ခဲ့သည့် အယူအဆ ဖြစ်သည်။ သို့သော် ယခု တစ်ကြိမ်တွင် အိုဘားမားက ပါကစ္စတန် အနေဖြင့် ၎င်းနယ်မြေ ထဲတွင် ခိုလှုံ နေသည့် တာလီဘန်နှင့် အယ်လ်ကေဒါ များကို ယခုထက် ပိုပြီး တင်းတင်း ကျပ်ကျပ် ကိုင်တွယ် ချေမှုန်းဖို့ တောင်းဆို ထားခဲ့သည်။
တကယ်တော့ အိုဘားမား အနေဖြင့် အာဖဂန် ဆိုင်ရာ မဟာ ဗျူဟာကို ထုတ်ပြန် ကြေညာ ခြင်းသည် တစ်နှစ် အတွင်း ဒုတိယ အကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် သူ့အစိုးရ၏ အာဖဂန် မဟာ ဗျူဟာသစ်ကို ကြေညာ ပြီးနောက် နောက်ထပ် တပ်အင်အား နှစ်သောင်းကျော် ပို့ခဲ့သည်။ ရှစ်လ အကြာတွင် နောက်ထပ် မဟာ ဗျူဟာသစ်ကို ကြေညာ ပြီးနောက် အင်အား သုံးသောင်း ထပ်ပို့မည် ဆိုရာ ၂၀၁၀ နှစ်လယ်တွင် အမေရိကန် တပ်ဖွဲ့ တစ်သိန်းကျော် အာဖဂန်တွင် ရောက်နေမည် ဖြစ်သည်။ အခုလို မဟာ ဗျူဟာတွေ ထပ်ပြန် တလဲ ထုတ်နေ ရခြင်းကိုက အမေ ရိကန်တွေ အာဖဂန်မှာ အလုပ် မဖြစ်ခြင်းကို ပြနေသည်။ ထိုကဲ့သို့ အလုပ် မဖြစ်တာတွေ များလာလျှင် အာဖဂန် စစ်ပွဲအတွက် လိုအပ် သော ငွေကြေး ရဖို့ လွှတ်တော်ကို စည်းရုံး ရာတွင် အခက်တွေ့ နိုင်ပေသည်။
ဘဏ္ဍာရေးဝန်ထုပ်ဝန်းပိုး
၂၀၁၀ ခုနှစ် အတွက် အမေရိကန် ကာကွယ်ရေး အသုံး စရိတ် လျာထား ချက်မှာ ၅၃၄ ဘီလီယံ ဖြစ်သည်။ ထိုထဲမှာ အီရတ်နှင့် အာဖဂန် အသုံး စရိတ်တွေ မပါသေး။ အီရတ် စစ်ပွဲ အတွက်က ၆၂ ဘီလီ ယံနှင့် အာဖဂန် အတွက် ၆၃ ဘီလီယံ ထပ်သုံးရန် လျာထားသည်။ ယခု မဟာ ဗျူဟာ အရ ထပ်တိုးမည့် တပ်များ အတွက် နောက်ထပ် ၃၀ ဘီလီယံ သုံးရမည်။ ထိုသို့ ဆိုလျှင် ၂၀၁၀ အတွက် ကာကွယ်ရေး အသုံး စရိတ်သည် ဒေါ်လာ ၇၁၆ ဘီလီယံ အထိ ရှိလာမည် ဖြစ်သည်။ ယခုကဲ့သို့ ပြည်တွင်းမှာ ဘဏ္ဍာရေး အကျပ် အတည်းနှင့် ကြုံနေချိန်တွင် အာဖဂန် စစ်ပွဲ အတွက် ငွေတွေ ထပ်တိုး ပေးဖို့ကို ဆန့်ကျင် မှုတွေ အများကြီး ကြုံနိုင်သည်။ မဲဆန္ဒရှင် တွေက မကြိုက်လျှင် ၂၀၁၀ မှာ လွှတ်တော် သက်တမ်းလယ်  ( Midterm Election) နှင့် ရင်ဆိုင် ရမည့် အမတ်တွေ ကလည်း စစ်အသုံး စရိတ်တွေ ထပ်တိုး ပေးဖို့ လွယ်လွယ်နှင့် ဆုံးဖြတ် ရဲမည် မဟုတ်ပေ။
အာဖဂန်ပြည်သူတွေ
ပြီးခဲ့သည့် သြဂုတ် လတွင် အာဖဂန်ရှိ အမေ ရိကန်နှင့် နေတိုး တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး McChrystal က အာဖဂန် အခြေအနေ အပေါ် သုံးသပ်ချက် စာတမ်း တစ်စောင် တင်သွင်း ခဲ့သည်။ ထိုစာ တမ်းတွင် ဗိုလ်ချုပ်ကြီး McChrystal က အာဖဂန် စစ်ပွဲ အောင်နိုင်ရေး အတွက် သော့ချက်သည် နယ်မြေ သိမ်းနိုင်မှု မဟုတ်ဘဲ အာဖဂန် ပြည်သူ တွေ၏ ယုံကြည် အားကိုးမှု ရရှိရေး ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လက်ရှိ အခြေအနေတွင် အာဖဂန် ပြည်သူ တွေက အာဖဂန် အစိုးရ၏ အုပ်ချုပ်မှုကို အယုံ အကြည် မရှိ သကဲ့သို့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ တွေကိုလည်း အားမကိုး၊ နိုင်ငံတကာ တပ်ဖွဲ့ တွေကိုလည်း ယုံကြည်မှု မရှိ ဖြစ်နေသည်။ ထိုအခြေ အနေကို ပြောင်းလဲ ရေးသည် အရေး အကြီးဆုံး လုပ်ငန်း ဖြစ်သည်ဟု သတိပေး ခဲ့သည်။
အိုဘားမားက သူ့မိန့်ခွန်းတွင် အာဖဂန် အစိုးရကို အဂတိ လိုက်စား မှုများ တိုက်ဖျက် ပေးရန် တိုက်တွန်း ခဲ့သည်။ သို့သော် လက်တွေ့တွင် အမေရိကန်နှင့် ဥရောပ သမဂ္ဂ အတွက် ကာဇိုင်း အစိုးရမှ လြွဲပီး အားကိုးမရှိ ဖြစ်နေသည်။ ပြီးခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် မသမာ မှုများ ရှိခဲ့သည်ကို ကုလ သမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့ များရော၊ ဥရောပ သမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့များ ကရော ထုတ်ပြော ခဲ့သည်။ သို့သော် ဒုတိယ အကျော့ ရွေးကောက် ပွဲများ ပြုလုပ်သည့် အခါ အလားတူ အဖြစ်မျိုး မဖြစ်အောင် ပြုပြင် ပြောင်းလဲ မှုများ လုပ်ဖို့ ကာဇိုင်း အစိုးရကို ဖိအား မပေးနိုင်ခဲ့။ ဖိအား မပေးဝံ့ခဲ့။ သို့နှင့် ကာဇိုင်း၏ ပြိုင်ဘက်က ရွေးကောက်ပွဲမှ နှုတ်ထွက်ပြီး ယှဉ်ပြိုင်ရန် မလိုဘဲ ကာဇိုင်း သမ္မတ ဖြစ်လာ ခဲ့သည်။ ထိုအဖြစ်က အခြား နိုင်ငံများတွင် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက် ပွဲများ ဖြစ်အောင် ဖိအားပေးမှု ၊ ဒဏ်ခတ် မှုတွေ လုပ်နေသည့် အမေရိကန် တို့အပေါ် အာဖဂန် ပြည်သူ များက လိုတစ်မျိုး၊ မလို တစ်မျိုး လုပ်သူ တွေဟု ထင်မြင် စေသည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ ကာလ ထဲက အာဖဂန် ပြည်သူတွေ က အမေရိကန်တို့ အပေါ် ယုံကြည်မှု ပျက်ပြား ခဲ့ပြီဖြစ်ရာ အိုဘားမား၏ မိန့်ခွန်း တစ်ခု တည်းဖြင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ အတော် ခက်ခဲ ပေမည်။ ကာဇိုင်း အစိုးရက အဂတိ လိုက်စားမှု တွေကို ထိထိ ရောက်ရောက် အရေး မယူဘူး ဆိုလျှင်လည်း အမေရိကန်တို့ လက်ပိုက် ကြည့်နေ ရမည်သာ ဖြစ်သည်ဟု လူတွေက ယူဆနေ ကြသည်။
အိုဘားမားက အမေရိကန် တပ်ဖွဲ့ တွေက ဆိုဗီယက် တွေလို အာဖဂန်ကို သိမ်းပိုက် ထားဖို့ လာတာ မဟုတ်ဘူးဟု ဆိုသည်။ သို့သော် ၂၀၀၁ ခုနှစ်တုံးက အမေရိကန် တပ်ဖွဲ့ တစ်သောင်းသာ ရှိသည်။ အခု ခုနှစ် သောင်းကျော် ရှိနေပြီး အိုဘားမား အစီအစဉ်ကို အကောင် အထည် ဖော်လျှင် အမေ ရိကန်တပ် တစ်သိန်းကျော် ရှိမည်။ နေတိုး တပ်တွေ ပေါင်းလိုက်လျှင် တစ်သိန်းခွဲ ကျော်ရှိမည်။ ထိုအခြေ အနေ တွေကြောင့် ဆိုဗီယက် တွေတုံးက ကာဘူးလ်က ဘာသာမဲ့ ကွန်မြူနစ် အစိုးရကို ကြောထောက် နောက်ခံ ပေးနေ သလို အခု နိုင်ငံခြားသား တွေက နိုင်ငံကို သိမ်းပြီး ကာဘူးလ်က အကျင့်ပျက် နေသော၊ မဲလိမ်သော အစိုးရကို ထောက်ခံ နေသည်ဟု တာလီဘန် တို့၏ စွတ်စွဲချက် များက မှန်သလို ဖြစ်နေသည်။ နောက်ပြီး ဘာသာရေး အစွန်းရောက် တာလီဘန် တွေက ကာဇိုင်း အစိုးရ ထက်တော့ သန့်ရှင်း သေးသည်၊ နိုင်ငံကို ထိန်းနိုင် သေးသည် ဟုလည်း ကျေးလက် ဒေသက ပြည်သူ တွေက မြင်လာ နေသည်။ ထိုအမြင်တွေ ရှိနေသရွေ့ တာလီဘန် တွေကို ထောက်ခံ သူတွေ ရှိနေ ဦးမည်သာ ဖြစ်သည်။
သမိုင်းသင်ခန်းစာ
အိုဘားမား လိုပင် အမေရိကန် သမ္မတ ဂျွန်ဆင်သည် ဗီယက်နမ် စစ်ကို အမွေခံ ခဲ့သည်။ ရာထူး လက်ခံပြီး သိပ်မကြာ ခင်မှာပဲ တပ်အင်အားကို နှစ်ဆ တိုးချ ထားပြီး စစ်ပွဲ အောင်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်။ အလားတူပင် ဆိုဗီယက် သမ္မတ ဂိုဘာချော့ဗ် လည်း အာဖဂန် စစ်ပွဲကို အမွေရ ခဲ့သည်။ သူရာထူး ရပြီးသည်နှင့် တပ်တွေ တိုးချပြီး အာဖဂန် ပြဿနာကို ရှင်းဖို့ ကြိုးစား ခဲ့သည်။ နှစ်ဦးလုံး အောင်မြင်မှု မရခဲ့ပေ။ အိုဘားမား ကတော့ အာဖဂန် စစ်ပွဲသည် ဗီယက်နမ် စစ်နှင့် မတူ၊ အမေရိကန် နိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက် နေသည် အယ်လ်ကေဒါ တွေနှင့် တိုက်ရသော စစ်ဖြစ်သည်၊ ထို့ကြောင့် နိုင်အောင် တိုက်ရ မည်ဟု ကြုံးဝါးသည်။ တစ်ဘက် ကလည်း ၂၀၁၁ တွင် တပ်များ ရုပ်သိမ်းရေး စမည် ဟုလည်း ဆိုသည်။ ထိုအတိုင်း ဆိုလျှင် နိုင်နိုင် မနိုင်နိုင် ၂၀၁၁ ဇူလိုင် လတွင် အမေ ရိကန်တွေ အိမ်ပြန် တော့မည့် သဘော ဖြစ်သည်။ ထို့ကြောင့် အိုဘားမား၏ မဟာ ဗျူဟာသည် မတိုက်ခင်က ရှုံးနိမ့်ပြီး ဖြစ်သည်ဟု ဆိုလျှင် မှားမည်မထင်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Johnson, Gorbachev, Obama  By NICHOLAS D. KRISTOF , New York Time, 3-12-09
၂။
COST OF TROOP INCREASE & IMPACT ON OVERALL DEFENSE BUDGET by Travis Sharp
၃။
Remarks by the President in Address to the Nation on the Way Forward in Afghanistan and Pakistan , 1-12-09
Read more

အမေရိကန် ဘယ်ကိုသွားမလဲ

အိုဘားမား အစိုးရ တာဝန် ယူချိန်တွင် အမေရိကန် နိုင်ငံသည် သမိုင်း တွင်မည့် မဟာဗျူဟာ အပြောင်း အလဲ ကာလနှင့် ရင်ဆိုင် နေရ ပေပြီ။ အီရတ်နှင့် အာဖဂန် စစ်ပွဲ များကြောင့် အမေရိကန် တပ်မတော်သည် မနိုင်ဝန် ထမ်းနေ ရသည့် အခြေအနေ ရောက်ဖို့ နီးနီး လာနေပြီ ဖြစ်သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေး ပျက်ကပ် ကြောင့် အမေ ရိကန် တို့၏ အမျိုး မျိုးသော အကျိုး စီးပွား များကို အကောင် အထည် ဖော်ရာတွင် ငွေကြေး ကန့်သတ် ချက်တွေ ရှိလာသည်။ ထွန်းသစ်စ အင်အားကြီး နိုင်ငံများ၊ သံယံဇာတ အရင်း အမြစ်များ ရှားပါး လာမှု၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာမှု၊ ယိုယွင်း ပျက်စီး နေသော နိုင်ငံများ၊ နိုင်ငံမဲ့ အစွန်းရောက် အဖွဲ့ အစည်းများ စသည့် စသည့် စိန်ခေါ်မှု ပေါင်းများစွာ ကလည်း အမေ ရိကန်တို့ အပေါ် သက်ရောက် နေသည့် ဖိအား များစွာ ထဲက အချို့ ဖြစ်သည်။
ကာကွယ်ရေး
အမေရိကန် တပ်မတော် ရင်ဆိုင် နေရသည့် စိန်ခေါ်မှု များဆိုလျှင် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတွင် အကြီး မားဆုံး စိန်ခေါ်မှုဟု ဆိုနိုင်သည်။ အမေရိကန် တပ် အများစုက အီရတ်၊ အာဖဂန် စစ်မြေပြင် တွေမှာ နစ်နေသည်။ တစ်ချို့ တပ်ဖွဲ့များက တိုက်ပွဲ ၀င်နေသည်။ တစ်ချို့ တပ်ဖွဲ့များက တိုက်ပွဲဝင် နေသည့် တပ်များကို သွားရောက် လဲလှယ်ဖို့ ပြင်ဆင် နေသည်။ တစ်ချို့ တပ်ဖွဲ့များက စစ်မြေပြင်က ပြန်ရောက် လာပြီး အနားယူ ပြန်လည် ဖွဲ့စည်း နေရသည်။ ထိုအခြေ အနေတွင် အမေရိကန် တပ်မတော် စစ်အခြေခံ သဘော တရားပါ ကျန်စစ်ပွဲ ပုံစံများကို လေ့ကျင့်ဖို့ မဖြစ်နိုင်တော့။ နောက်ထပ် ပေါ်လာမည့် အရေးပေါ် အခြေ အနေတွေ၊ ပဋိပက္ခ တွေကို ကိုင်တွယ် နိုင်ဖို့ အတွက် ကန့်သတ် ချက်တွေ ဖြစ်လာသည်။
ထို့ကြောင့် ပူးတွဲ စစ်ဦးစီး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်ကြီး မူလန်  (Mullen) က အမေရိကန် တပ်မတော်၏ စစ်ဆင် နိုင်မှု စွမ်းရည်သည် ဟန်ချက် ပျက်နေပြီ၊ ဒီအတိုင်း ကြာကြာ ဆက်မသွား နိုင်ဘူးဟု ၎င်း၏ ၂၀၀၈-၂၀၀၉ မဟာဗျူဟာ လမ်းညွှန် စာတမ်းတွင် သုံးသပ် ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားရေးမူဝါဒ
အမေရိကန် နိုင်ငံခြားရေး မူဝါဒ အနေဖြင့် ဘုရှ် အစိုးရ လက်ထက်က ကျင့်သုံး ခဲ့သည့် တစ်ကိုယ်တော် ၀ါဒ၊ အင်အား အဓိက ၀ါဒ တွေထဲက ရုန်းထွက်ဖို့ လုပ်ရဦးမည်။ ဘုရှ် အစိုးရ လက်ထက်က အမေရိကန် အမျိုးသား အကျိုး စီးပွားကို အကောင် အထည် ဖော်ရာတွင် စစ်အင်အားက အဓိက ဖြစ်ခဲ့သည်။ Soft Power တွေက နောက်တန်းမှာ နေခဲ့ ရသည်။ ၉/၁၁ လွန် နိုင်ငံတကာ ဆက်ဆံရေး နှင့် ပထ၀ီ နိုင်ငံရေးတွင် ထိုနည်းလမ်းက အလုပ် မဖြစ်တော့။ ဗိုလ်ချုပ်ကြီး မူလန်ကပင် စစ်အင်အားကို အခြေခံသည့် အမေရိကန် နိုင်ငံခြားရေး ၀ါဒကို ပြင်ရ တော့မည် ဟု ၎င်း၏ စာတမ်းတွင် ဆိုခဲ့သည်။
ယနေ့ အမေရိကန် ရင်ဆိုင် နေရသည်က အကြမ်းဖက် ၀ါဒ၊ အစွန်းရောက် ၀ါဒ တစ်ခုတည်း မဟုတ်၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာနေသည့် အာဏာရှင် ဆန်ဆန် အုပ်ချုပ်သည့် နိုင်ငံများ ကလည်း အမေ ရိကန်တို့၏ တန်ဖိုး များကို စိန်ခေါ် နေသည်။ နီယိုကွန် တို့၏ ကောင်းမှုကြောင့် ကမ္ဘာ့ ပြည်သူများ အလယ်တွင် အမေရိကန်ကို အကောင်း မြင်မှုက နည်းပါး နေသည်။ ထိုအကျိုး ဆက်ကြောင့် အမေရိကန်တို့ အနေဖြင့် အီရတ် စစ်ပွဲမှာ၊ အာဖဂန် စစ်ပွဲမှာ သူတို့နှင့် လက်တွဲ တိုက်မည့် မဟာမိတ်တွေ၊ လုပ်ဖော် ကိုင်ဘက်တွေ နည်းနည်း လာတော့သည်။ လူ့အခွင့် အရေးလို၊ အနုမြူ လက်နက် မပြန့်ပွား ရေးလို၊ ဖန်လုံအိမ် ဓာတ်ငွေ့လို နိုင်ငံတကာ ပြဿနာ တွေမှာ အမေရိကန် သံတမန်တွေ လုပ်ရ ကိုင်ရတာ ပိုခက် လာသည်။ အမေ ရိကန်တို့၏ ရပ်တည်ချက် အပေါ် ထောက်ခံ လာအောင် စည်းရုံးဖို့ ခက်လာသည်။ ဘုရှ်အစိုးရ နောက်ဆုံး နှစ်များတွင် ဒီပြဿနာ တွေကို ကိုင်တွယ်ဖို့ ကြိုးစားခဲ့ သော်လည်း အောင်မြင်မှု မရှိလှ။ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူ အညီတွေ၊ ပြည်သူ့ ဆက်ဆံရေး လုပ်ငန်းတွေ၊ သံတမန် လုပ်ငန်းတွေ မှာ ငွေကြေးတွေ ပိုသုံး ခဲ့သည့်တိုင် သုံးသင့် သည်ထက် အများကြီး နည်းနေ သေးသည်။ ကာကွယ်ရေး ဘက်က သုံးစွဲမှုနှင့် ယှဉ်လိုက်လျှင် မဖြစ် စလောက်သာ ရှိသည်။
ဘဏ္ဍာရေး
ကာကွယ် ရေးမှာ၊ နိုင်ငံခြား ရေးမှာ ပြင်သင့် တာတွေပြင်၊ လုပ်သင့် တာတွေ လုပ်ဖို့ ဆိုလျှင် ငွေလိုသည်။ လက်ရှိ အိုဘားမား အစိုးရ အတွက် ဘဏ္ဍာရေး အခြေ အနေ ကလည်း ကောင်းလှသည် မဟုတ်။ အမေရိကန် အစိုးရ ကြွေးမြီသည် ၂၀၀၁ က ဒေါ်လာ ၅.၇ ထရီလီယံ ( တစ် ထရီလီယံသည် သန်းတစ် သောင်းနှင့် ညီသည်။ ) ရှိသည်။ ဘုရှ်၏ အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေး စစ်ပွဲကြောင့် ၂၀၀၈ ခုနှစ်တွင် ကြွေးမြီ တွေက ဒေါ်လာ ၁၀ ထရီလီယံ ရှိလာသည်။ တနည်းအားဖြင့် ပြောလျှင် အမေရိကန် အိမ်ထောင်စု တစ်စုလျှင် ဒေါ်လာ ကိုးသောင်း ကြွေးတင်သည့် သဘော ဖြစ်သည်။ ၂၀၀၈-၉ ဘဏ္ဍာရေး အကြပ် အတည်းကို ဖြေရှင်းရန် အတွက် ငွေတွေ သုံးခဲ့ ရသဖြင့် ယခုနှစ် ဘတ်ဂျက် လိုငွေက ဒေါ်လာ တစ်ထရီ လီယံ ရှိမည် ဖြစ်သည်။ ထို့ကြောင့် အိုဘားမား အစိုးရ အနေဖြင့် ဘယ်နေရာမှာ ဘယ်လို သုံးရမည်။ ဘယ်ကဏ္ဍကို ဦးစားပေး ရမည်ကို အတော် ခက်ခက် ခဲခဲ ဆုံးဖြတ် ရတော့မည် ဖြစ်သည်။ နိုင်ငံရေး အရ ပြည်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၊ အိမ်ပေါင် ချေးငွေ အခက်အခဲ ဖြေရှင်းရေး အစီအစဉ် တွေမှာ သုံးဖို့ လိုသလို ကာကွယ်ရေး၊ နိုင်ငံခြားရေး မှာလည်း မသုံးမဖြစ် သုံးရ ဦးမည်။ ဒီ ကန့်သတ်ချက် တွေက အမေရိကန် တို့၏ အမျိုးသား လုံခြုံရေး မဟာ ဗျူဟာများ အပေါ် ကြီးမားသော အကျိုး သက်ရောက်မှု ဖြစ်စေ လိမ့်မည်။
တတိယအလှည့်အပြောင်း
အထက်ပါ စိန်ခေါ်မှု များအပြင် အိုဘားမား အစိုးရ အနေဖြင့် စစ်အေး ခေတ်လွန် ကာလတွင် အကြီးမား ဆုံးသော နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ ပြောင်းလဲ မှုကြီးနှင့် ရင်ဆိုင် နေရ ပေသည်။ ပြီးခဲ့ ရာစုနှစ် တစ်ခုလုံးတွင် နိုင်ငံတကာ ဆက်ဆံရေး စနစ်ကြီးကို အခြေခံပြီး ပြောင်းလဲ စေသည့် ဖြစ်ရပ်ကြီး နှစ်ခုသာ ရှိခဲ့သည်။ ထိုဖြစ်ရပ် ကြီးများ နောက်တွင် အမေရိကန် နိုင်ငံ၏ အဂ္ဂမဟာ ဗျူဟာ Grand Strategy  နှင့် မဟာဗျူဟာ များမှာလည်း ပြောင်းလဲ လာသည့် အခြေ အနေနှင့် လိုက်လျော ညီထွေ ပြောင်းလဲ ခဲ့ရသည် ။
ပထမ တစ်ကြိမ်မှာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် ၁၉၄၅ ခုနှစ်မှ ဆိုဗီယက်က အနုမြူဗုံး စမ်းသပ် ဖောက်ခွဲ ခဲ့သည့် ၁၉၄၉ ခုနှစ်ကြား ကာလ ဖြစ်သည်။ ထိုဖြစ်ရပ် ကြောင့် ၁၉၅၀ ခုနှစ်တွင် အမေရိကန် တို့သည် ဆိုဗီယက်ကို ထိန်းချုပ် ရေးနှင့် နိုင်ငံတကာ ဆက်ဆံ ရေးတွင် အမေရိကန် အကျိုး စီးပွားကို အထောက် အကူ ပြုနိုင်မည့် နိုင်ငံတကာ အဖွဲ့ အစည်း များကို ထူထောင်ရန် ဆိုသည့် အချက် နှစ်ခု ပေါ်တွင် အခြေခံသည့် အဂ္ဂမဟာ ဗျူဟာနှင့် မဟာဗျူဟာ များကို ချမှတ်ခဲ့ ရပေသည်။
ဒုတိယ တစ်ကြိမ်မှာ ဘာလင် တံတိုင်းကြီး ပြိုကျ သွားချိန်မှ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ချိန် အထိ ဖြစ်သည်။ ထိုဖြစ်ရပ် နောက်ပိုင်းတွင် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်သည် ဆိုဗီယက်နှင့် အမေရိကန်တို့ အားပြိုင် နေသည့် ဒွိမဏ္ဍိုင် စနစ်မှာ အမေ ရိကန်တို့ တစ်ဦးတည်း ကြီးစိုးသည့် ဧက မဏ္ဍိုင် အခြေ အနေသို့ ရောက်သွား ခဲ့သည်။ ထို အခြေ အနေတွင် အမေ ရိကန်တို့က ဘုရှ်၏ ကမ္ဘာ့ အင်အား ပုံစံသစ်၊ ကလင်တန်၏ လူသားခြင်း စာနာ ထောက်ထား မှုဖြင့် ၀င်ရောက် စွက်ဖက်ခြင်း စသည့် မူဝါဒများ ကို အခြေ ခံသည့် မဟာ ဗျူဟာ များကို ချမှတ် ခဲ့ရသည်။
၂၁ ရာစု အတွက် အပြောင်း အလဲမှာ ၉/၁၁ တိုက်ခိုက် မှုနှင့် ၂၀၀၃ အီရတ်ကို စတင် ကျူးကျော် တိုက်ခိုက်သည့် အချိန်ထိ ကာလ ဖြစ်သည်။ ဤ အပြောင်း အလဲသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း နိုင်ငံ တကာ ဆက်ဆံရေး စနစ် ကြီးကို အခြေခံမှ စပြောင်း စေမည့် တတိယ အပြောင်း အလဲလည်း ဖြစ်သည်။ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ကောင်စီ  (National Intelligence Council) ၏ ၂၀၂၅ ခုနှစ် အတွက် သုံးသပ်ချက် စာတမ်းတွင် အီရတ် စစ်ပွဲ နောက်ပိုင်းတွင် ကမ္ဘာကြီးသည် ဧက မဏ္ဍိုင် အခြေ အနေမှာ ရှုတ်ထွေး နက်နဲသည့် ဗဟုမဏ္ဍိုင် အခြေအနေသို့ တစ်ဖြေး ဖြေးခြင်း ပြောင်းလဲ နေပြီ ဖြစ်ကြောင်း၊  အမေရိကန်တို့ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး အကျိုး စီးပွား များတွင် ၎င်းတို့ အလိုကျ ဖြစ်အောင် အခြား နိုင်ငံများကို နားချ သိမ်းသွင်း နိုင်သည့် စွမ်းအား တစ်ဖြေးဖြေး နည်းပါး လာပြီ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ရောက်ချိန်တွင် နိုင်ငံတကာ ဆက်ဆံရေး စနစ် ပုံစံမှာ ယခု အခြေ အနေနှင့် လုံးဝ ခြားနား နေမည်ဖြစ် ကြောင်း  ဖော်ပြ ထားသည်ကို တွေ့ရသည်။
ဘုရှ်အစိုးရ လက်ထက်တွင် အထက်ပါ ပြောင်းလဲမှု အခြေ အနေကြီးကို သတိမမူခဲ့ပဲ တစ်ကိုယ်တော် ၀ါဒဖြင့် ခရီးနှင် ခဲ့သည်။ ရေရှည် မဟာဗျူဟာ အမြင်ထက် ရေတို နည်းဗျူဟာ များတွင်သာ အာရုံစိုက် နေခဲ့ သဖြင့် အီရတ်နှင့် အာဖဂန် ဆိုင်ရာ မူဝါဒ များတွင် အမှား အယွင်းများ ခဲ့သည်။ ယခု အချိန်တွင် အိုဘားမား အစိုးရသည် တရုတ်၊ ရုရှားနှင့် အိန္ဒိယ ကဲ့သို့သော ထွန်းသစ်စ အင်အားကြီး နိုင်ငံများ၊ နိုင်ငံမဲ့ အစွန်းရောက် အဖွဲ့ အစည်း များနှင့် ဒေသ ဆိုင်ရာ အဖွဲ့အစည်း အမျိုးမျိုးတို့ ပါဝင် နေသည့် ဗဟုမဏ္ဍိုင် ကမ္ဘာ ကြီးနှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။ ယခု ဖြစ်ပေါ် နေသည့် ပထ၀ီ နိုင်ငံရေး ဆိုင်ရာ အပြောင်း အလဲ များက ပြီးပြည့် စုံသည့် အခြေ အနေသို့ မရောက်သေး။ သို့သော် အပြောင်း အလဲတွေ ဖြစ်နေသည် ဆိုသည် ကတော့ သေချာ နေသည်။ နယူးစ်ဝိခ် ပင်တိုင် ဆောင်းပါးရှင် ဇာကာ ရီးယားက အမေရိကန် ခေတ်လွန် ကမ္ဘာ ဆိုသည့် စာအုပ်တွင် ဘာတွေပဲ ဖြစ်ဖြစ် အမေရိကန် စီးပွားရေး ကတော့ အချက် အခြာ ကျတဲ့ စီးပွားရေး၊ ရှင်သန် တက်ကြွ နေတဲ့ စီးပွားရေး ဖြစ်နေ ဦးမှာပဲ။ စက်မှု၊ သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ တော်လှန်ရေး တွေမှာ ဦးဆောင် ဦးရွက် နိုင်ငံ ဖြစ်နေ ဦးမှာပဲဟု ဆိုခဲ့သည်။ မှန်ပါသည်။ အမေရိကန် ခေတ်ကုန် သွားဖို့ ဆိုတာ မဖြစ် နိုင်သေး။ သို့သော် လာမည့် ကမ္ဘာ့ အခြေအနေ သစ်တွင် အမေရိကန် တို့၏ အကျိုး စီးပွား များကို အောင်အောင် မြင်မြင် အကောင် အထည်ဖော် နိုင်ဖို့ ဆိုလျှင်တော့ လက်ရှိ အဂ္ဂမဟာ ဗျူဟာ၊ မဟာဗျူဟာ များကို လိုက်လျော ညီထွေ ပြောင်းနိုင်ဖို့ လိုပေသည်။ ထိုအချက်ကို အိုဘားမား အစိုးရက ဘယ်လောက် အောင်မြင်အောင် လုပ်နိုင်မည် ဆိုသည် ကိုသာ စောင့်ကြည့် ရမည် ဖြစ်သည်။
ရဲထွဋ်
Bi- Weekly Eleven(18-9-2009)
မှီငြမ်းပြုစာစောင်များ

၁။
Crafting Strategy in an Age of Transition, Shawn Brimley
၂။
Global Trend 2025, National Intelligence Council, United States
Read more