Saturday, September 21, 2013

ငွေကြေးနှင့် နိုင်ငံရေးပါတီများ (၃)

ဂျာမနီ နိုင်ငံသည် ၁၉၅၉ ခုနှစ်ကပင် စတင်ပြီး ပါတီ ရန်ပုံငွေ များကို နိုင်ငံတော်မှ ထောက်ပံ့ သည့်စနစ်ကို စတင် ကျင့်သုံး ခဲ့သည့် ရှေ့ဆောင် နိုင်ငံ ဖြစ်သည်။ ထိုစနစ်ကို အကြိမ်ကြိမ် အပြောင်းအ လဲများ လုပ်ခဲ့ ပြီးနောက် ယခု အချိန်တွင် ကနေဒါ၊ အမေရိကန်နှင့် အခြား အနောက် ဥရောပ နိုင်ငံများတွင် ကျင့်သုံး နေသည့် စနစ်များမှ ကောင်းသည့် အချက် အားလုံးကို ပေါင်းစပ် ထားသည့် ပုံစံအဖြစ် ရောက်ရှိနေ ပေသည်။
ဂျာမန်တို့၏ စနစ်အရ နိုင်ငံရေး ပါတီတစ်ခု သည် နိုင်ငံတော်၏ ထောက်ပံ့ငွေ များကို ရရှိနိုင်ရန် အတွက် နိုင်ငံအဆင့် ရွေးကောက်ပွဲ များတွင် အနည်းဆုံး လူထု ထောက်ခံမှု ဒဿမ ငါး ရာခိုင်နှုန်း သို့မဟုတ် ပြည်နယ် ၁၆ ခုအနက် တစ်ခုတွင် ပြုလုပ်သည့် ပြည်နယ် ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှု တစ်ရာခိုင်နှုန်း ရရှိရန်လိုအပ်သည်။ သို့သော် ပါတီများ အနေဖြင့် ထောက်ပံကြေး ရယူရန် အတွက် ကန့်သတ်ချက်များ ထပ်မံ ပြုလုပ် ထားသည် ကိုလည်း တွေ့ရ သည်။ ပထမဆုံး အနေဖြင့် ပါတီ တစ်ခုသည် ၎င်း ရရှိမည့် ထောက်ပံ့ကြေး နှင့် ညီမျှသည့် ရန်ပုံငွေကို ပါတီဝင်များနှင့် ပါတီ ထောက်ခံသူများ ထံမှ ကောက်ခံ နိုင်ရမည် ဖြစ်သည်။ ဒုတိယ အနေဖြင့်မူ ပါတီတစ်ခု၏ ထောက်ပံ့ကြေး သည် ဒွိုက်မတ်ခ်ျ ၂၄၅ သန်းထက် မပိုစေရန် သတ်မှတ်ထား သည်။ ထိုသတ်မှတ် ချက်သည် ၁၉၉၈ ခုနှစ်က သတ်မှတ်ချက် ဖြစ်ပြီး နောက်ပိုင်း နှစ်များတွင် ငွေကြေး ဖောင်းပွမှု နှုန်းကို မူတည်ပြီး ပြောင်းလဲ သတ်မှတ် ပေးလျှက် ရှိသည်။
ပါတီတစ်ခု အတွက် ရသင့်သော ထောက်ပံ့ ကြေးကို တွက်ချက်ရာတွင်လည်း နိုင်ငံတော် ထောက်ပံ့ ကြေး၏ ၄ဝ%ကို ပါတီ အလိုက် ရရှိသည့် ထောက်ခံမဲ တစ်မဲလျှင် တစ် ဒွိုက်မတ်ခ်ျ နှုန်းဖြင့် ထောက်ပံ့ ပေးရာတွင် အသုံးပြု သည်။ ထို့ပြင် ထောက်ခံမဲ ငါးသန်း ပြည့်ပါက ဆုကြေး အဖြစ် မဲတစ်မဲလျှင် ဒဿမ သုံး ဒွိုက်မတ်ခ်ျ နှုန်းဖြင့်လည်း ထပ်မံ ထောက်ပံ့ ပေးသည်။ ကျန် ၆ဝ%ကိုမူ ပါတီဝင်များ၊ ပါတီ ထောက်ခံသူ များမှ ထည့်ဝင်ငွေ အပေါ် မူတည်ပြီး နိုင်ငံတော်က နှစ်အချိုးတစ် နှုန်းဖြင့် ထည့်ဝင်ပေးသည်။ ဂျာမနီနိုင်ငံ၏ စနစ်သည် ရှုပ်ထွေး လှသည့် အပြင် နိုင်ငံတော် အတွက်လည်း အကုန်အကျ များပြား လှပြီး ၁၉၉၈ ခုနှစ်တွင် ဒွိုက်မတ်ခ်ျ ၉၆၅ သန်း အသုံးပြုခဲ့ ရသည်ကို တွေ့ရသည်။
သွယ်ဝိုက်ထောက်ပံ့ခြင်း
အနောက် ဥရောပ နိုင်ငံများတွင် သွယ်ဝိုက်ေ ထာက်ပံခြင်းကို ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ကျင့်သုံး ကြသည်။ အီတလီ နိုင်ငံတွင် ရွေးကောက်ပွဲ ကာလအတွင်း မဲဆန္ဒရှင် များထံသို့ စာတိုက်မှ စည်းရုံး လှုံ့ဆော်စာများ ပေးပို့မှုကို အခမဲ့ ဆောင်ရွက်ခွင့် ပြုထားသည်။ ထို့ပြင် ပြည်သူပိုင် အဆောက် အဦများကို နိုင်ငံရေး လှုပ်ရှားမှု များတွင် အသုံးပြုခွင့် ပေးသကဲ့သို့ အများ ပြည်သူပိုင် အဆောက် အဦများ နေရာများကို ပါတီရုံး ဖွင့်လှစ်ရန် အတွက် ငှားရမ်းပါက အနည်းဆုံး ခြောက်နှစ် ငှားရမ်း ပေးရန်နှင့် နှုန်းထားကို အခြား စီးပွားရေး လုပ်ငန်း များထက် လျှော့ယူရန် သတ်မှတ် ထားသည်။ အလားတူပင် အများ ပြည်သူနှင့် ဆိုင်သော နေရာများတွင် ကြော်ငြာ ဆိုင်းဘုတ်များ ထောင်ခြင်း၊ ပိုစတာ ကပ်ခြင်း များအတွက် ပုဂ္ဂလိက လုပ်ငန်းများေ ပးရသည့် နှုန်းထား၏ သုံးပုံ တစ်ပုံသာ ပေးချေရန် သတ်မှတ် ထားသည် ကိုလည်း တွေ့ရသည်။ ပြင်သစ်၊ ဂျာမနီ၊ စပိန် စသော နိုင်ငံများ တွင်မူ နိုင်ငံရေး ပါတီများ၏ ပိုစတာများ ကပ်ရန် နေရာများ သတ်မှတ်ပေးပြီး အခမဲ့ ကြော်ငြာ ခွင့်ပြု ထားသည် ကိုလည်း တွေ့ရသည်။ ထို့ပြင် အီတလီ၊ ပြင်သစ်၊ စပိန်စသော နိုင်ငံများတွင် ရွေးကောက်ပွဲ ကာလ၌ အသုံးပြုရန် ကွန်ပျူတာ၊ မိတ္တူ ကူးစက် ကဲ့သို့သော ရုံးသုံး စက်ပစ္စည်း ကရိယာများ၊ ပရိဘောဂ များကို အခမဲ့ ငှားရမ်း ပေးသည်။ ဂျာမနီ နိုင်ငံတွင်မူ ထိုကဲ့သို့ ထုတ်ပေး သော်လည်း သင့်တော်သည့် နှုန်းထားဖြင့် ပေးချေရန် သတ်မှတ် ထားသည်။ ရွေးချယ် ခံထားရသော လွှတ်တော် ကိုယ်စားလှယ် များကို နိုင်ငံတော်မှ ထောက်ပံ့မှု ကိုလည်း ပုံစံ အမျိုးမျိုးဖြင့် ဆောင်ရွက် သည်ကို တွေ့ရပြန်သည်။ ပြင်သစ်၊ ဂျာမနီနှင့် ဆွီဒင် နိုင်ငံများတွင် ရွေးချယ်ခံ ကိုယ်စားလှယ် များသည် နိုင်ငံအတွင်း အခမဲ့ ရထားစီးခွင့် ပေးထား သကဲ့သို့ ပြင်သစ် နိုင်ငံတွင် မိမိ မဲဆန္ဒနယ် နှင့် မြို့တော် ပါရီအကြား လေယာဉ်ဖြင့် တစ်နှစ်လျှင် အကြိမ် (၄ဝ) အခမဲ့ ခရီးသွားခွင့် ပေးထားသည်။ ထို့ပြင် သတ်မှတ် ထားသည့် ရုံးဝန်ထမ်းနှင့် ရုံးခန်းများ၊ ရုံးသုံး ပစ္စည်းများကို အခမဲ့ ထောက်ပံ့ ပေးသည်။ ရွေးကောက်ပွဲ ကာလ မဲဆွယ်ရာတွင် အနောက် ဥရောပ နိုင်ငံ အားလုံးတွင် နိုင်ငံပိုင် ရေဒီယို၊ ရုပ်မြင်သံကြား တို့တွင် အခမဲ့ ကြော်ငြာခွင့် ဟောပြောခွင့် ရှိပြီး ပုဂ္ဂလိကပိုင် မီဒီယာ များတွင် သက်သာသော နှုန်းထားဖြင့် အသုံးပြုခွင့် ရရှိသည်ကို တွေ့ရသည်။ အသုံးပြုခွင့် ပေးသည့် အချိန် အတိုင်းအတာ မှာမူ အချို့နိုင်ငံများတွင်ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို မူတည်ပြီး အချိုးကျသတ်မှတ်ပေးသကဲ့သို့ ဆွီဒင် ကဲ့သို့သော နိုင်ငံများ တွင်မူ ပါတီ အားလုံးကို တစ်ပြေးညီ သတ်မှတ် ပေးသည်ကို တွေ့ရပြန်သည်။
ရန်ပုံငွေသုံးစွဲမှုအပေါ်ထိန်းချုပ်ခြင်း
အီတလီ နိုင်ငံတွင် တစ်ဦးချင်းနှင့် ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းများမှ ပါတီ ရန်ပုံငွေ ထည့်ဝင် နိုင်သည့် ငွေကြေး ပမာဏကို ကန့်သတ်မှု မရှိသော်လည်း စီးပွားရေး လုပ်ငန်းများ အနေဖြင့် ပါတီ ရန်ပုံငွေ အတွက် ထည့်ဝင် လှုဒါန်း ရာတွင် သက်ဆိုင်ရာ ကုမ္ပဏီ ဘုတ်အဖွဲ့၏ အတည်ပြုချက် ရယူရန်နှင့် နှစ်ပတ်လည် ရှင်းတမ်းတွင် ထည့်သွင်း ပြဋ္ဌာန်းရန် သတ်မှတ် ထားသည်။ သို့သော် အများ ပြည်သူပိုင် ရှယ်ယာ ၂ဝ % နှင့် အထက် ရှိသော ကုမ္ပဏီများ အနေဖြင့် ပါတီ ရန်ပုံငွေ ထည့်ဝင်ခြင်း မပြုရန် တားမြစ် ထားသည်။ ထို့ပြင် ကိုယ်စားလှယ် တစ်ဦးချင်း အတွက် ရွေးကောက်ပွဲ ရန်ပုံငွေ ထည့်ဝင်ရာတွင်လည်း အီတလီ လိုင်ယာငွေ ၂၃ သန်းထက် မများ စေရန်နှင့် ကိုယ်စားလောင်း တစ်ဦး အနေဖြင့် ရွေးကောက်ပွဲ ရန်ပုံငွေ လိုင်ယာ သန်းတစ်ရာ ထက် မပိုစေရန် လည်းကောင်း၊ ပါတီ တစ်ခုလုံး အနေဖြင့် ရွေးကောက်ပွဲရ န်ပုံငွေ လိုင်ယာ တစ်ဘီလီယံ ထက် မပိုစေရန် လည်းကောင်း သတ်မှတ် ထားသည် ကိုလည်း တွေ့ရသည်။ သို့သော် လက်တွေ့တွင် ရွေးကောက်ပွဲ အသုံးစရိတ်နှင့် သာမန် ပါတီ လုပ်ငန်းများ အတွက် အသုံးစရိတ်ကို ခွဲခြားရန် လွယ်ကူမှု မရှိခြင်းကြောင့် အီတလီတို့၏ ကန့်သတ်ချက်မှာ ထိရောက်မှု မရှိလှဟု ဝေဖန်သူ များလည်း ရှိနေသည်။
ပြင်သစ် နိုင်ငံတွင်မူ ၁၉၉၅ ခုနှစ်မှ စတင်ပြီး အများပိုင် ဖြစ်စေ၊ ပုဂ္ဂလိက ပိုင်ဖြစ်စေ ကုမ္ပဏီများမှ ပါတီ ရန်ပုံငွေ သို့မဟုတ် ရွေးကောက်ပွဲ ရန်ပုံငွေ ထည့်ဝင်ခြင်းကို တားမြစ် ထားသည်။ အလားတူပင် နိုင်ငံခြား ကုမ္ပဏီ များ၏ အလှုငွေ ထည့်ဝင်မှု ကိုလည်း တားမြစ် ထားသည်။ တစ်ဦးချင်း အလှုငွေ အနေဖြင့်မူ တစ်နှစ်လျှင် ဖရန့်ငွေ ငါးသောင်း ထက် ပိုမို ထည့်ဝင်ခြင်း မပြုရန်နှင့် ဖရန့်ငွေ တစ်ထောင်နှင့် အထက် လှုဒါန်းမှုများကို ချက်လက်မှတ် ဖြင့်သာ ဆောင်ရွက်ရန် ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။ ရွေးကောက်ပွဲ အသုံးစရိတ် ကန့်သတ် ရာတွင်မူ သမ္မတ ရွေးကောက်ပွဲ တွင် ပထမ အကြိမ် မဲပေးမှု အတွက် ဖရန့် သန်း၉ဝ နှင့် ဒုတိယ အကြိမ် မဲပေးမှု အတွက် ဖရန့်သန်း ၁၂ဝ အသုံးပြုရန် ခွင့်ပြု ထားသည်။ ပါလီမန် ရွေးကောက်ပွဲများ အတွက်မူ ဖရန့် နှစ်သိန်းခွဲနှင့် မဲဆန္ဒနယ်ရှိ လူဦးရေပေါ် မူတည်ပြီး လူတစ်ဦးလျှင် တစ်ဖရန့် နှုန်းဖြင့် သုံးစွဲခွင့် ပြုထားသည်။
ဂျာမနီ နိုင်ငံတွင်မူ လူတစ်ဦးချင်း မှဖြစ်စေ၊ ကုမ္ပဏီများက ဖြစ်စေ၊ အများဆုံး ထည့်ဝင် နိုင်သည့် ငွေပမာဏကို ကန့်သတ် ထားခြင်း မရှိကြောင်း တွေ့ရသည်။ အလားတူပင် ပါတီ သို့မဟုတ် ကိုယ်စားလှယ် လောင်း တစ်ဦးချင်း အနေဖြင့် အများဆုံး သုံးစွဲနိုင်သည့် ရွေးကောက်ပွဲ ရန်ပုံငွေ ပမာဏကို ကန့်သတ် ထားမှု မရှိသည် ကိုလည်း ထူးထူး ခြားခြား တွေ့ရ ပြန်သည်။ သို့သော် တစ်နှစ်လျှင် ဒွိုက်မတ်ခ်ျ နှစ်သောင်းထက် အထက် လှုဒါန်းသူများ စာရင်းကိုမူ ပြုစု ထားရှိရန် သတ်မှတ် ထားသည်။ ထို့ပြင် ပါတီ အဖွဲ့အစည်း အဆင့်ဆင့် အနေဖြင့် မိမိတို့ ရရှိသော ပါတီ ရန်ပုံငွေ လှုဒါန်းမှု များနှင့် ပတ်သက်ပြီး အသေးစိတ် စာရင်း ပြုစု ထားရှိပြီး နှစ်စဉ် ရှင်းတမ်း ထုတ်ပြန်ရန် ၁၉၈၄ ခုနှစ်တွင် ဥပဒေ ပြဋ္ဌာန်းထား ခဲ့သည်။ ထို့ကြောင့် ဂျာမန်တို့၏ စနစ်သည် ကန့်သတ်ခြင်း နည်းလမ်းထက် ပွင့်လင်းမှု၊ ထင်သာ မြင်သာ ရှိအောင် ဆောင်ရွက်မှုများ အပေါ်တွင် အခြေခံ သည်ဟု ဆိုနိုင် ပေသည်။
အနောက် ဥရောပ နိုင်ငံများ၏ ပါတီ ရန်ပုံငွေများ အပေါ် ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး ဆောင်ရွက်ချက် များကို လေ့လာပါက နိုင်ငံရေး ပါတီများ အတွက် နိုင်ငံတော်က ထောက်ပံ့ မှုများကို တတ်နိုင်သမျှ ပြည့်စုံအောင် ဆောင်ရွက်ပေး သကဲ့သို့ ပုဂ္ဂလိကနှင့် စီးပွားရေး လုပ်ငန်းများ၏ ထည့်ဝင်မှုကို နည်းလမ်း အမျိုးမျိုးဖြင့် ကန့်သတ် ထားသည်ကို တွေ့ရသည်။ သို့သော် အနောက် ဥရောပ စနစ်တွင် နိုင်ငံတော်မှ ကျခံငွေ ပမာဏသည် လွန်စွာ များပြား လှပေရာ စီးပွားရေး အင်အား ချို့တဲ့သော နိုင်ငံများ အနေဖြင့် ထိုပုံစံ အတိုင်း ထောက်ပံ့ရန်မှာ မလွယ်ကူ သည်ကို တွေ့နိုင် ပေသည်။
အရှေ့အာရှနိုင်ငံများ
အရှေ့ အာရှ နိုင်ငံများတွင် အဓိက ထင်ရှားသော နိုင်ငံများမှ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ် (တိုင်ပေ) တို့ ဖြစ်သည်။ ထိုနိုင်ငံများအနက် တောင် ကိုရီးယားနှင့် တရုတ်(တိုင်ပေ) တို့သည် ဒုတိယ ကမ္ဘာစစ် ပြီးသည် အထိ ဂျပန် နိုင်ငံ၏ သိမ်းပိုက် အုပ်ချုပ်မှုကို ခံနေခဲ့ရသော နိုင်ငံများ ဖြစ်ကာ ၎င်းတို့ကျင့်သုံးနေသော ရွေးကောက်ပွဲ စနစ် ပုံစှာံလည်း ဂျပန်တို့၏ စနစ်ကို အခြေခံ ထားခြင်းပင် ဖြစ်သည်ဟု ဆိုက ရနိုင် ပေသည်။ ထို့ပြင် ထိုသုံးနိုင်ငံလုံးတွင် တူညီသည့် အချက်မှာ မဲဆန္ဒရှင်းများက ၎င်းတို့၏ အမတ်လောင်းသည် မဲဆန္ဒနယ် ၏ သာရေး၊ နာရေး အဝဝ အတွက် တာဝန် ရှိသည်ဟု ယူဆနေခြင်း ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်ခံ ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒရှင် များနှင့် အစိုးရ ဌာနများ အကြား ပြဿနာ များကို ကိုင်တွယ် ဖြေရှင်း ပေးရ သကဲ့သို့ မင်္ဂလာဆောင်များ၊ မွေးနေ့များ စသည့် အခမ်းအနားများ တွင်လည်း လက်ဆောင်များ ပေးပို့ရန် တာဝန်ရှိပေသည်။ ထို့ကြောင့် ထိုနိုင်ငံ များတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲ အသုံးစရိတ် သာမက သာမန် အသုံးစရိတ်များ သည်ပင် အလွန် များပြား နေသည်ကို တွေ့နိုင် ပေသည်။ ဂျပန် နိုင်ငံတွင် ပြုလုပ်ခဲ့သော လေ့လာချက် မျာအရ ဆိုပါက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် မိမိမဲဆန္ဒနယ်မှ ပါတီ ဝင်များ၏ မင်္ဂလာဆောင် တစ်ခုလျှင် ယန်း ခွန်နှစ်သောင်း ခန့်အထိ လက်ဖွဲ့ရန် လိုအပ်ပြီး ထိုကဲ့သို့ သာရေး နာရေး အကူငွေများ အတွက် တစ်နှစ်လျှင် အနည်းဆုံး ယန်း ၁၈ သန်း အသုံးပြုရန် လိုအပ်ကာ နှစ်သစ်ကူး လက်ဆောင်အတွက် နောက်ထပ် ယန်း ၆ သန်း ထပ်မံ အသုံးပြုရန် လိုအပ်သည်ဟု ဆိုသည်။ ဂျပန် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် လစာငွေ တစ်နှစ်လျှင် ယန်း ၁၈ သန်းခန့် သာရရှိပြီး နိုင်ငံတော်မှ နိုင်ငံရေး လှုပ်ရှားမှုများ အတွက် သီးခြား ထောက်ပံ့ ခြင်းလည်း မရှိသောကြောင့် လိုအပ်သော ငွေများကို ရရှိရန် အတွက် အသည်းအသန် လှုပ်ရှား ရတော့မည်မှာ ထင်ရှား နေပေသည်။ ထို့ကြောင့် ထိုနိုင်ငံများ တွင် ရွေးကောက်ပွဲ ရန်ပုံငွေ၊ ပါတီ ရန်ပုံငွေများနှင့် ပတ်သက်သည့် အရှုပ်တော်ပုံများ မကြာခဏ ပေါ်ပေါက်ခဲ့ခြင်း လည်း ဖြစ်သည်။
နိုင်ငံတော်မှ ထောက်ပံခြင်း
ဂျပန် နိုင်ငံတွင် ၁၉၇ဝ ပြည့်လွန် နှစ်များနှင့် ၁၉၈ဝ ပြည့်လွန် နှစ်များတွင် နိုင်ငံရေး ပါတီများ၏ ငွေကြေး အရှုပ်တော်ပုံများ ဆက်တိုက် ပေါ်ပေါက် ခဲ့ပြီးနောက် ၁၉၉ဝ ပြည့်လွန် နှစ်များတွင် ပါတီ ရန်ပုံငွေ များနှင့် ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ဆောင်ရွက် ခဲ့ကြသည်။ ထိုပြုပြင် ပြောင်းလဲမှု များအရ အစိုးရက နှစ်စဉ် ယန်း ၃ဝ ဘီလီယံကို နိုင်ငံရေး ပါတီများကို ထောက်ပံ့ရန် အတွက် လျာထား ခဲ့သည်။ သို့သော် ထိုထောက်ပံ့ ငွေများကို ကိုယ်စားလှယ် တစ်ဦးချင်းကို ထုတ်ပေးခြင်း မဟုတ်ပဲ ရွေးကောက်ပွဲ ရလဒ်များ အပေါ် မူတည်ပြီး ပါတီများ သို့သာ ထောက်ပံ့ ပေးခဲ့သည်။ ထိုစနစ်အရ အနည်းဆုံး လွှတ်တော် နေရာ ငါးခုတွင် အနိုင်ရသော နိုင်ငံရေး ပါတီ များကိုသာ ထောက်ပံ့ကြေး ထုတ်ပေးခဲ့သည်။ ထိုသို့ ပါတီကိုသာ တိုက်ရိုက် ထောက်ပံ့ခြင်း မှာလည်း ဂျပန်နိုင်ငံတွင် နိုင်ငံရေး ပါတီတစ်ခု အတွင်း၌ပင် အုပ်စုများ ဖွဲ့ထားပြီး ထိုအုပ်စု များကို ရန်ပုံငွေ များများ ရှာနိုင်သော နိုင်ငံရေး သမားများက ချုပ်ကိုင် ထားသည့် အခြေအနေကို ပယ်ဖျက်ရန် ကြိုးစား ခြင်းလည်း ဖြစ်သည်။ သို့သော် ၂ဝဝဝ ပြည့်နှစ် စာရင်းများ အရ နိုင်ငံရေး ပါတီများ အနေဖြင့် လူမှုရေး ထောက်ပံ့မှုများ မပါ ဗဟိုနှင့် ပြည်နယ် အဆင့် ရွေးကောက်ပွဲ များ အတွက် ယန်း ၃၃၂.၇ ဘီလီယံ အသုံးပြုခဲ့ သည်ကို တွေ့ရပေရာ ဂျပန်အစိုးရ၏ ထောက်ပံ့မှုသည် သိသာ ထင်ရှားသော အကျိုး ကျေးဇူး မရနိုင် သည်ကို တွေ့ရပေသည်။
၂ဝဝ၂ ခုနှစ်က ပြုလုပ် ခဲ့သည့် စုံစမ်း စစ်ဆေးမှု များအရ ဂျပန် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေဖြင့် တစ်နှစ်လျှင် အနည်းဆုံး ယန်းသန်း ၄ဝ မှ ၈ဝ အကြား သုံးစွဲ နေရကြောင်းနှင့် ပါတီတွင်း အုပ်စု ခေါင်းဆောင်များ အနေဖြင့် မိမိ အုပ်စုဝင် ကိုယ်စားလှယ် များကို ထောက်ပံ့ နိုင်ရန်နှင့် အခြား ကိုယ်စားလှယ်များ ကို မိမိတို့ အုပ်စု အတွင်းသို့ စည်းရုံး နိုင်ရန် အတွက် နှစ်စဉ် ယန်းသန်း ငါးရာခန့် သုံးစွဲ ရကြောင်း တွေ့ခဲ့ရသည်။ ထိုအချက်က ဂျပန် နိုင်ငံတွင် ရန်ပုံငွေ အများအပြား ထည့်ဝင် နိုင်သည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဂျပန် နိုင်ငံရေး သမားများကို သြဇာ လွှမ်းမိုး နိုင်သည့် အခွင့်အရေးများ ရှိနေဆဲ ဖြစ်သည်ကို ဖော်ပြနေ ပေသည်။ ထို့ကြောင့် ဂျပန နိုင်ငံတွင် နိုင်ငံရေး သမားများ၏ ငွေကြေး သုံးစွဲမှု အပေါ် ထိရောက်သော ထိန်းချုပ်မှု ပြုလုပ်ရန် တောင်းဆို မှုများ ဆက်တိုက် ပေါ်ပေါက် လာခဲ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Funding of Political Parties and Election Campaigns, Reginald Austin, Maja Tjernström by 2003
၂။
www. opensecret.org.

No comments:

Post a Comment