Thursday, September 5, 2013

ပြုပြင် ရတော့မည့် ဗြိတိန်နိုင်ငံ စာနယ်ဇင်းလောက (၅)

စုံစမ်းရေး ကော်မရှင်က မီဒီယာ လောကအတွက် လက်ဝါးကြီးအုပ် ပိုင်ဆိုင်မှု အခြေအနေသည် သတင်း လွတ်လပ်မှု အပေါ် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း အလေးထား ထောက်ပြခဲ့သည်။ စုံစမ်းရေး ကော်မရှင်က လက်ရှိ ဗြိတိန် နိုင်ငံ၏ ရုပ်သံလွှင့် မီဒီယာ ဥပဒေပါ ရုပ်သံ စာနယ်ဇင်း ကျင့်ဝတ်များအရ ရုပ်သံလွှင့် ဌာနများ အနေဖြင့် သတင်းများကို ဘက်မလိုက်ဘဲ ဓမ္မအဓီ ဋ္ဌာန်ကျကျ တင်ပြရန် သတ်မှတ် ထားပြီး ဖြစ်ကြောင်း၊ သို့သော် ပြည်သူများ အတွင်း သတင်း ဖြန့်ဖြူး ပေးရာ သတင်းဌာန အများအပြား ရှိခြင်း သည်သာ ဘက်မလိုက်သော သတင်းများ ရရှိရန်အတွက် အကောင်းဆုံး အာမခံချက် ဖြစ်ကြောင်း၊ စုံလင်  များပြားသည့် သတင်း အရင်းအမြစ် များရှိမှသာ ပြည်သူများ အနေဖြင့် သတင်းများကို နှိုင်းယှဉ် စိစစ် သုံးသပ် နိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုတွင် ဒေသန္တရသတင်း၊ နိုင်ငံသတင်းနှင့် နိုင်ငံတကာ သတင်းများကို ပြည်သူများ အနေဖြင့် ကွဲပြား ခြားနားသည့် အရင်းအမြစ်များ ထံမှ ရရှိအောင် ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ဖော်ပြ ထားခဲ့သည်။
စုံစမ်းရေး ကော်မရှင်၏ အဆိုရ ဗြိတိန်နိုင်ငံ၏ တည်ဆဲ ဥပဒေများ ဖြစ်သည့် Enterprise Act 2002 နှင့်  Communication Act 2003တို့တွင် သက်ဆိုင်ရာ ၀န်ကြီးဌာန အနေဖြင့် မီဒီယာ လက်ဝါးကြီး အုပ်မှုကို ဖြစ်ပေါ်စေမည့် ကုမ္ပဏီချင်း ပေါင်းစည်း မှုများကို တားဆီးနိုင်ခွင့် ရှိသော်လည်း ဈေးကွက် အတွင်း ပြောင်းလဲမှု အခြေအနေများကို ၀င်ရောက် ထိန်းညှိ ပေးနိုင်သည့် လုပ်ပိုင်ခွင့်များ မရှိဟု သိရှိရသည်။ စုံစမ်းရေး ကော်မရှင်က ဗြိတိန် နိုင်ငံ၏ ရုပ်သံလွှင့် မီဒီယာ ကြီးကြပ်ရေး အဖွဲ့ ဖြစ်သည့် Ofcom  ၏ အဆိုပြုချက် ဖြစ်သည့် ဈေးကွက် အခြေအနေများကို ပုံမှန်သုံးသပ်ပြီး ၀င်ရောက် ထိန်းညှိခွင့် ပေးရန် ဆိုသည့် အချက်ကို ထောက်ခံ တင်ပြခဲ့သည်။ သို့သော် စုံစမ်းရေး ကော်မရှင်က ဈေးကွက် အခြေအနေ လေ့လာ ထိန်းညှိမှု များသည် နိုင်ငံတကာနှင့် ပြည်တွင်း သတင်း အစီအစဉ်များ အတွက် သာဖြစ်သင့်ကြောင်း၊ ရုပ်သံ မီဒီယာအပြင် အွန်လိုင်း မီဒီယာမှ တဆင့် သတင်း ဖြန့်ချိမှု အခြေအနေများ ကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း အဆိုပြု ခဲ့သည်ကိုတွေ့ရသည်။
ထို့ပြင် စုံစမ်းရေး ကော်မရှင်က မားဒေါ့၏ News Corp က ဗြိတိသျှ အဓိက ရုပ်သံလွှင့် ဌာနဖြစ်သည့် BskyB ကို ၀ယ်ယူရေး ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး စိစစ်ရန် တာဝန်ရှိသည့် ၀န်ကြီးဌာန၏ အကြံပေး အရာရှိများနှင့် News Corp အကြား ရင်းနှီးသည့် ဆက်ဆံရေး များကြောင့် အစိုးရ၏ မီဒီယာ လက်ဝါးကြီး အုပ်မှု ကာကွယ်ရေး အစီအစဉ်များ အပေါ် မေးခွန်း ထုတ်စရာများ ပေါ်ပေါက် ခဲ့ကြောင်း ထောက်ပြ ခဲ့သည်။ (ယခု အရှုတ်တော်ပုံ နောက်ပိုင်းတွင် ၀န်ကြီးချုပ် ကင်မရွန်း အစိုးရက News Corp ၏ BskyB ၀ယ်ယူရေး အစီအစဉ်အပေါ် ထောက်ခံမှု မပြုရန် ဆုံးဖြတ် ခဲ့သည်။ စာရေးသူ) ထို့ကြောင့် အနာဂတ်တွင် မီဒီယာ ကုမ္ပဏီချင်း ပေါင်းစည်း မှုများ၊ မီဒီယာကဏ္ဍ အများအပြားကို ကုမ္ပဏီ တစ်ခုတည်းက ပိုင်ဆိုင်မှု ( Corss Ownership) တို့ နှင့်ပတ်သက်ပြီး အစိုးရ၏ ထိန်းချုပ်ရေး မူဝါဒများသည် ပိုမို ပွင့်လင်း မြင်သာမှု ရှိစေရန် အတွက် ဆောင်ရွက် သွားရန်တိုက် တွန်းခဲ့ပြီး ဖြစ်နိုင်ပါက အရေးကြီးသည့် မီဒီယာ ပေါင်းစည်းမှု များတွင် ၀န်ကြီးဌာနက သာမက လွတ်လပ်သော ကော်မရှင် တစ်ခုပါ ဖွဲ့စည်းပြီး ဆုံးဖြတ် သင့်ကြောင်း ထောက်ခံတင်ပြ သွားခဲ့သည်။
စာနယ်ဇင်းများ၏တုန့်ပြန်ချက်
ဗြိတိသျှ ၀န်ကြီးချုပ် ကင်မရွန်း ကတော့ အစိုးရနှင့် ပါလီမန် အနေဖြင့် စုံစမ်းရေး ကော်မရှင်၏ ထောက်ခံ တင်ပြချက် များကို ဥပဒေဖြင့် အကောင်အထည် ဖော်ရမည့်အစား စာနယ်ဇင်းများ ကိုယ်တိုင်က မိမိတို့ဘာသာ ထိန်းကျောင်းသည့် အစီအစဉ်ကို ဆောင်ရွက် သင့်ကြောင့် သတင်းစာ အယ်ဒီတာများနှင့် တွေ့ဆုံချိန်တွင် တိုက်တွန်း ပြောကြားခဲ့သည်။
Goldsmithတက္ကသိုလ်မှ မီဒီယာနှင့်လူထုဆက်ဆံရေးပါမောက္ခ Natalie Fentonကဲ့သို့သောသူများကတော့ ကင်မရွန်း ၏ ချဉ်းကပ်မှုသည် နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအကြား ဆက်ဆံရေးကို ထိန်းသိမ်း နိုင်ရန် အတွက် ပူးပေါင်း ကြံစည်မှု သာဖြစ်ကြောင်း၊ ပြည်သူ့ အကျိုးစီးပွားကို ပစ်ပယ် ထားကြောင်း စွပ်စွဲ ပြောကြား ခဲ့သော်လည်း အများစုကမူ ထို နည်းလမ်း သည်သာလျှင် အကောင်းဆုံး နည်းလမ်း အဖြစ် လက်ခံခဲ့ကြသည်။
ထို့ကြောင့် လည်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဗြိတိနိုင်ငံ၏ အဓိက သတင်းစာများမှ  အယ်ဒီတာများ တွေ့ဆုံပြီး စုံစမ်းရေး ကော်မရှင်၏ အဆိုပြုချက် ၄၇ ချက်အနက် ၄၀ ချက်ကို လိုက်နာ ဆောင်ရွက် မည်ဖြစ်ကြောင်း ဆုံးဖြတ် ခဲ့ကြ သည်။ ထို အဆိုပြုချက်များ အနက် အဓိက အချက်မှာ လက်ရှိ စာနယ်ဇင်း တိုင်ကြားမှု စုံးစမ်းရေး ကော်မရှင်ကို ဖျက်သိမ်း ပြီး လက်ရှိ သတင်းစာ အယ်ဒီတာများ ပါဝင်ခွင့် မရှိသည့် စာနယ်ဇင်း ကောင်စီ အသစ်တစ်ခု ဖွဲ့စည်းရန်၊ ထိုကောင်စီကို စုံစမ်းရေး ကော်မရှင်က အဆိုပြု သည့်အတိုင်း စည်းကမ်း ဖောက်ဖျက်သည့် သတင်းစာ များကို ဒဏ်ကြေး ပေါင်စတာလင် တစ်သန်းအထိ ချမှတ်နိုင်သည့် အာဏာ အပ်နှင်းရန် ဆိုသည့် အချက် ဖြစ်သည်။ ထိုအချက်ကို သတင်းစာများ အားလုံးက လိုက်နာ အကောင်အထည် ဖော်ရန် သဘောတူညီ ခဲ့ကြသည်။ သို့တိုင်အောင် လေဘာပါတီ အမတ်အချို့က အဆိုပါ စာနယ်ဇင်း ကောင်စီ အသစ်၏ လုပ်ပိုင်ခွင့် များကို ပါလီမန် ဥပဒေဖြင့် အာမခံရန် ဆိုသည့် စုံစမ်းရေး ကော်မရှင် အဆိုပြုချက် အတိုင်း ဆက်လက် ဆောင်ရွက် နိင်ရန် အတွက် ဥပဒေကြမ်း တစ်ခု တင်သွင်း ရန်လည်း စီစဉ်လျှက် ရှိသည် ကိုတွေ့ရ သည်။ သို့သော် ကွန်ဆာ ဗေးတစ်နှင့် လစ်ဘရယ် ပါတီ အမတ်များ ကမူ အဆိုပါ ဥပဒေကြမ်းကို ပယ်ချမည် ဖြစ်ကြောင်း အတိအလင်း ပြောကြား လျက်ရှိသည်။
မည်သို့ပင်ဖြစ်စေ ဗြိတိန် နိုင်ငံက စာနယ်ဇင်းများ အနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်း နိုင်ရန် အတွက် လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ် နေသည့် သာမက အနာဂတ်တွင် စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ အဆင့်အတန်း များကို ယခုထက် ပိုမိုမြှင့်တင် သွားရန် ကြိုးစား ရတော့မည် ဆိုသည် ကတော့ သေချာ နေပြီ ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်
၁။         An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry

၂။         ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Guardian , Independent သတင်းစာများ

No comments:

Post a Comment