Friday, September 27, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၂)



အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေ
အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ ထူးခြားချက်မှာ အစိုးရ၏ ထိန်းချုပ်မှုမှ လည်းကောင်း၊ စီးပွားရေး လုပ်ငန်း များ၏ ထိန်းချုပ်မှု မှလည်းကောင်း ကင်းလွတ်ပြီး အယ်ဒီတာ လွတ်လပ် ခွင့်နှင့် ဘဏ္ဍာရေး လွတ်လပ်မှု ရှိခြင်းပင် ဖြစ်သည်။ ဤနေရာတွင် အချို့သူများ အနေဖြင့် စာနယ်ဇင်း လွတ်လပ် ခွင့်နှင့် အယ်ဒီတာ လွတ်လပ်ခွင့်ကို အတူတူဟု နားလည်မှု လွဲမှား နေသည်ကို တွေ့ရသည်။ တကယ်တော့ စာနယ်ဇင်း လွတ်လပ် ခွင့်မှာ အစိုးရ၏  ကြိုတင် စိစစ်မှုမှ ကင်းလွတ် ခြင်းနှင့် သက်ဆိုင်ပြီး အယ်ဒီတာ လွတ်လပ်ခွင့်မှာ အယ်ဒီတာ ဖြစ်သူ၏ လွတ်လပ်စွာ ရွေးချယ် နိုင်မှုနှင့် သက်ဆိုင် ပါသည်။ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိတိုင်း အယ်ဒီတာ လွတ်လပ်ခွင့် မရှိပါ။ ပုဂ္ဂလိက မီဒီယာမှ အယ်ဒီတာ တစ်ဦး အနေဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့် ရှိသည့်တိုင် ပိုင်ရှင် ဖြစ်သူ၏ အခြား စီးပွားရေး လုပ်ငန်း များနှင့် ပတ်သက်ပြီး ဝေဖန် ရေးသားရန် အခက်အခဲ ရှိမည် ဖြစ်သကဲ့သို့ တစ်ခါတစ်ရံ တွင်လည်း ပိုင်ရှင်ဖြစ်သူ အလိုကျ ရေးသား ရခြင်းလည်း ရှိနိုင် ပါသည်။ ထို့ပြင် မိမိ သတင်းစာ၊ ဂျာနယ်တွင် ကြော်ငြာ အများဆုံး ထည့်သွင်း နေသည့် စီးပွားရေး လုပ်ငန်း တစ်ခု အပေါ် ဝေဖန် ရေးသားရန် အခက်အခဲ ရှိနိုင် ပါသည်။ ထိုအခြေအနေ မျိုးနှင့် ရင်ဆိုင် လာရလျှင် စာနယ်ဇင်း လွတ်လပ်ခွင့် ရှိသည့်တိုင် အယ်ဒီတာ လွတ်လပ်ခွင့် အပြည့် အ၀ မရရှိပဲ စီးပွားရေး အကျိုး စီးပွား များ၏ ဖိအားနှင့် ရင်ဆိုင် နေရပြီဟု ဆိုရမည် ဖြစ်ပါသည်။
အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အနေဖြင့် အယ်ဒီတာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိရန် အတွက် မူဝါဒ ရေးရာများ၊ စီမံ ခန့်ခွဲမှု များတွင် အစိုးရ ထိန်းချုပ်မှု အောက်မှ လွတ်ကင်း ရန်လိုအပ် သကဲ့သို့  ရန်ပုံငွေနှင့် ပတ်သက်လျှင် ကြော်ငြာ ရှင်များ၊ ရင်းနှီး မြှပ်နှံသူများ အပေါ် မှီခို နေရခြင်း မရှိသည့် တိကျ ခိုင်မာပြီး လွတ်လပ်သည့် ဘဏ္ဍာငွေ အရင်းအမြစ် တစ်ခုရှိရန် လိုအပ် ပါသည်။ ထို့ပြင် အယ်ဒီတာ လွတ်လပ်ခွင့်နှင့် ဘဏ္ဍာရေး လွတ်လပ်ခွင့်ကို ခိုင်မာ စေရန် အတွက်  ဥပဒေအရ လည်းကောင်း၊ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖွဲ့အစည်း ဖွဲ့စည်း တည်ဆောက်ပုံ အရ လည်းကောင်း အကာအကွယ် ပေးရန် လိုအပ်သည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ တစ်ခုကို အယ်ဒီတာ လွတ်လပ်ခွင့်နှင့် ဘဏ္ဍာ ရေး လွတ်လပ်မှု ရှိစေရန် အတွက် ဥပဒေဖြင့် အကာ အကွယ် ပေးမှု ပုံစံကို အောက်ပါ ပုံတွင် လေ့လာနိုင်ပါသည် -
ထို့ကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသည့် နိုင်ငံ တိုင်းတွင် အများ ပြည်သူ ၀န်ဆောင် မှုမီဒီယာ၏ ဖွဲ့စည်းပုံ၊ တာဝန်၊ ဘဏ္ဍာငွေ ထောက်ပံ့သည့် စနစ်၊ အယ်ဒီတာ လွတ်လပ်ခွင့်၊ တာဝန်ခံမှု၊ တို့ကို ဥပဒေနှင့် ပြဋ္ဌာန်း ထားသည်ကို တွေ့ရပါသည်။ ကွန်မြူနစ် စနစ်မှ ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်း ခဲ့သည့် အရှေ့ ဥရောပ နိုင်ငံများ တွင်မူ နိုင်ငံပိုင် မီဒီယာများ၊ ကွန်မြူနစ် ပါတီပိုင် မီဒီယာ များကို အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ် ပြောင်းလဲ နိုင်ရန် အတွက် ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက် ခဲ့ပြီး ထိုဥပဒေ များတွင်မူ အနောက် ဒီမိုကရေစီ နိုင်ငံများ၏ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေများ တွင် ပါဝင်လေ့ ရှိသည့် အချက်များ သာမက နိုင်ငံပိုင် မီဒီယာ များရှိ ၀န်ထမ်း များအား အသွင် ကူးပြောင်း နိုင်ရေး နှင့် ပတ်သက်သည့် ပြဋ္ဌာန်း ချက်များပါ ထည့်သွင်း ထားသည်ကို လေ့လာ တွေ့ရှိ ရသည်။
ယူနက်စကို အဖွဲ့မှ သတ်မှတ် ထားသော မီဒီယာ ဖွံ့ဖြိုးမှု အညွှန်းကိန်း တိုင်းတာ မှုတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ လွတ်လပ်မှုကို အောက်ပါ စံများဖြင့် တိုင်းတာ စိစစ် ရမည်ဟု သတ်မှတ် ထားသည်ကို တွေ့ရပါသည်-
(က)
ဘဏ္ဍာငွေထောက်ပံ့ပေးမည့်အစီအစဉ်များကို ဥပဒေတွင် တိကျစွာပြဋ္ဌာန်းထားခြင်း ရှိ၊ မရှိ။
(ခ)
အယ်ဒီတာလွတ်လပ်ခွင့်ကို ဥပဒေဖြင့်တိကျစွာအာမခံထားခြင်းရှိမရှိ။
(ဂ)
အုပ်ချုပ်ရေးအဖွဲ့မှ တဆင့် ပြည်သူသို့ တာဝန်ခံသည့် စနစ်ကို တိကျစွာ သတ်မှတ် ထားခြင်းရှိမရှိ။
(ဃ)
အုပ်ချုပ်ရေးအဖွဲ့၏ လွတ်လပ်စွာလုပ်ဆောင်နိုင်ခွင့်ကို ဥပဒေဖြင့် အာမခံထားခြင်း ရှိမရှိ။
ထို့ကြောင့် မည်သည့် နိုင်ငံတွင် ဖြစ်စေ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ တစ်ခုကို ဖွဲ့စည်း တည်ထောင်မည် ဆိုပါက အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ အခြေခံ မူများကို ဖော်ဆောင် နိုင်ရန် အတွက် တိကျ ခိုင်မာသည့် ဥပဒေ တစ်ရပ်ဖြင့် ပြဋ္ဌာန်း အကာအကွယ် ပေးရန် လိုအပ်သည်ကို တွေ့မြင် ရမည် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဗညားအောင်

No comments:

Post a Comment