Monday, September 23, 2013

ငယ်သော်လည်း အဆိပ် ပြင်းသည့် စင်္ကာပူ ကာကွယ်ရေး မူဝါဒ

စင်္ကာပူ နိုင်ငံသည် နိုင်ငံ အရွယ်အစား အရ လည်းကောင်း၊ လူဦးရေ အရ လည်းကောင်း အလွန် သေးငယ် သော်လည်း အာရှ ဒေသတွင် စစ်ပွဲနှင့် ပဋိပက္ခများ ထူပြော လှသော စစ်အေး တိုက်ပွဲ ကာလ အတွင်းတွင် လည်းကောင်း၊ စစ်အေး တိုက်ပွဲလွန် ကာလ အင်အား လွန်ဆွဲပွဲ များတွင် လည်းကောင်း ပတ်ဝန်းကျင် နိုင်ငံများမှ အရှုပ် အထွေး ဂယက်များက မိမိနိုင်ငံကို လာရောက် မထိ ပါးအောင် ကာကွယ်ရင်း တိုင်းပြည် စီးပွားရေးကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက် ရာတွင် စင်္ကာပူနိုင်ငံ၏ ကာကွယ်ရေး မူဝါဒ သည် အဓိက အခန်းမှ ပါဝင်ခဲ့ သည်ကို တွေ့ရပါသည်။
ကာကွယ်ရေး မဏ္ဍိုင်နှစ်ခု
စင်္ကာပူ နိုင်ငံ ကာကွယ်ရေး မူဝါဒ၏ အဓိက မဏ္ဍိုင်နှစ်ခုမှာ သံတမန် ရေးနှင့် ဟန့်တားရေး မဟာဗျူဟာ(Diplomacy and Deterence) ဖြစ်သည်။ သံတမန်ရေး မဟာဗျူဟာ တွင် ဒေသတွင်း အင်အား ချိန်ခွင် လျှာကို ထိန်းသိမ်း ထားရန်၊ ဒေသတွင်း နိုင်ငံ အားလုံးနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရန်၊ အင်အားကြီး နိုင်ငံများနှင့် ရင်းနှီးစွာ ဆက်ဆံပြီး စင်္ကာပူ နိုင်ငံ၏ လုံခြုံရေးကို အာမခံချက် ရအောင် ဆောင်ရွက် ရန်နှင့် လွပ်လပ်စွာ ကုန်သွယ်ရေးကို အထောက်အကူ ပေးသော နိုင်ငံတကာ စာချုပ်များ၊ အသင်းအဖွဲ့ များတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ရန် စသော အချက်များ ပါဝင်ပါသည်။ ဟန့်တားရေး မဟာ ဗျူဟာတွင် စင်္ကာပူ နိုင်ငံကို ကျူးကျော် တိုက်ခိုက် လာပါက ပြင်းထန်စွာ တုံ့ပြန် တိုက်ခိုက် ခြင်းကို ခံရမည် ဟူသော အမြင် ဖြစ်ပေါ် စေရန် အတွက် စစ်အင်အားကို ခိုင်မာစွာ တည်ဆောက် ထားရန်၊ လိုအပ်ပါက လက်ဦးမှု ရယူ တိုက်ခိုက် နိုင်စွမ်း ရှိအောင် တည်ဆောက် ထားရန် ဆိုသော အချက်များ ပါဝင်ပါသည်။ ဝန်ကြီးချုပ် ဟောင်းလီ ကွမ်းယူ ကမူ စင်္ကာပူသည် အကောင် ငယ်သော်လည်း အဆိပ်ပြင်း သည့် မြွေပွေး နှင့် တူရမည်ဟု ပြောခဲ့ပါသည်။
စုပေါင်း ကာကွယ်ရေး (Total Defence Concept)
လူဦးရေ နည်းပါးသော စင်္ကာပူ နိုင်ငံသည် အစ္စရေး၊ ဆွီဒင်နှင့် ဆွစ်ဇာလန် နိုင်ငံများ၏ ကာကွယ်ရေး မူဝါဒ များကို လေ့လာ ပြီးနောက် နိုင်ငံ ကာကွယ် ရေးတွင် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်စေရန် အတွက် စုပေါင်း ကာကွယ်ရေး အယူအဆ ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ စုပေါင်း ကာကွယ်ရေး စနစ်တွင် အပြန်အလှန် ဆက်စပ် နေသော စိတ်ဓာတ် ရေးရာ၊ လူမှု ရေးရာ၊ စီးပွား ရေးရာ၊ မြို့ပြ ကာကွယ်ရေးနှင့် စစ်ရေး နည်းလမ်း အစိတ်အပိုင်းငါးခု ပါဝင်ပြီး နိုင်ငံ ကာကွယ် ရေးကို တပ်မတော် သာမက စင်္ကာပူ လူ့အဖွဲ့အစည်း တစ်ခုလုံးက ပါဝင်လာပြီး ဘက်စုံ ဒေါင့်စုံမှ ကာကွယ် နိုင်စေရန် ရည်ရွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသား စစ်မှုထမ်း ဥပဒေ     
စင်္ကာပူ နိုင်ငံသည် မလေးရှား ပြည်ထောင်စုမှ ခွဲထွက်ခဲ့ပြီးနောက် နိုင်ငံ ကာကွယ်ရေး အတွက် တပ်မတော် ဖွဲ့စည်း နိုင်ရေး အတွက် အစ္စရေးနိုင်ငံမှ အကူအညီဖြင့် လေ့လာမှုများ ပြုလုပ် ခဲ့ရာတွင် ဆန္ဒအလျှောက် စစ်မှုထမ်း စနစ်ကိုသာ ကျင့်သုံး ပါက နိုင်ငံ၏ လူဦးရေ အချိုးအစား အရ တပ်မဟာ အဆင့်သာ အကြီးဆုံး ဖွဲ့စည်း နိုင်မည်ကို တွေ့ရှိ ခဲ့သည်။ ထို့ကြောင့် ၁၉၆၇ ခုနှစ် တွင် အမျိုးသား စစ်မှုထမ်း ဥပဒေကို ပြဌာန်းခဲ့ ရသည်။ ထိုဥပဒေအရ အသက် (၁၈) နှစ် ပြည့်သူတိုင်း နှစ်နှစ် စစ်မှု ထမ်းဆောင် ရမည် ဖြစ်သည်။ ထို့နောက် တိုက်ပွဲဝင် အသင့် အရန်တပ်ဖွဲ့ (Operational Ready Reserve) အဖြစ် နောက်ထပ် ၁၃ နှစ် တာဝန် ထမ်းဆောင်ကာ တစ်နှစ်လျှင် ရက်ပေါင်း လေးဆယ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ် ရမည် ဖြစ်သည်။ ထို ၁၃ နှစ် ပြည့်ပြီးပါက အရာရှိ များသည် အသက် ငါးဆယ်အထိ လည်းကောင်း၊ အခြား အဆင့်များသည် အသက်လေးဆယ် အထိ လည်းကောင်း အရန် တပ်ဖွဲ့တွင် ဆက်လက် တာဝန် ထမ်းဆောင် ရမည် ဖြစ်သည်။ အမျိုးသား စစ်မှုထမ်း ဥပဒေအရ နှစ်နှစ် ထမ်းဆောင် ပြီးလျှင် တပ်မတော်တွင် ဆက်လက် တာဝန် ထမ်းဆောင် လိုသူများသည် အမြဲတမ်း စစ်မှုထမ်းများ အဖြစ် ဆက်လက် တာဝန် ထမ်းဆောင် နိုင်သည်။ လက်ရှိ စင်္ကာပူ တပ်မတော်တွင် အင်အား ၃၅ဝဝဝဝ ခန့်ရှိရာတွင် ၂ဝဝဝဝ မှာ အမြဲတမ်း စစ်မှုထမ်း၊ ၄ဝဝဝဝ မှ အမျိုးသား စစ်မှုထမ်း ဥပဒေအရ တာဝန် ထမ်းနေသူများ ဖြစ်ပြီး ကျန်အင်အား များမှာ အရန် တပ်ဖွဲ့များ ဖြစ်ကြသည်။
စင်္ကာပူ တပ်မတော်သည် မိမိ၏ အရန် တပ်ဖွဲ့များကို တိုက်ပွဲဝင်ရန် အတွက် ဆင့်ခေါ်ရာ တွင် လျှင်မြန်စွာ စုဖွဲ့နိုင်ရန် အတွက် နှစ်စဉ် ဇာတ်တိုက် လေ့ကျင့်မှု များကို ပြုလုပ်လေ့ ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ထား မှုကြောင့် အရန် တပ်ဖွဲ့များသည် ခြောက်နာရီမှ နှစ်ဆယ့် လေးနာရီ အတွင်းတွင် တိုက်ပွဲဝင်ရန် အသင့်စုဖွဲ့ နိုင်သော အခြေအနေတွင် ရှိပါသည်။ ထို့ပြင် စင်္ကာပူ တပ်မတော်သည် ၎င်းတို့၏ အရေအတွက် နည်းပါးမှုကို အရည်အချင်း တိုးမြှင့်ခြင်းဖြင့် ကုစားရန် ဆောင်ရွက် သည်ကို တွေ့ရပေသည်။ စင်္ကာပူ နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မှာ ဂျီဒီပီ၏ ၄% မှ ၅% ခန့်သာ ရှိသော်လည်း နိုင်ငံ စီးပွားရေး အင်အား ကြောင့် ငွေပမာဏမှာမူ ဒေါ်လာ ဖြင့်တွက်ပါက အာဆီယံ နိုင်ငံများတွင် အများဆုံး ဖြစ်နေ သည်ကို တွေ့ရပါသည်။ ထိုကာကွယ်ရေး အသုံးစရိတ်၏ ၂၅%ခန့်ကို သုတေသနနှင့် လက်နက် ထုတ်လုပ်ရေး လုပ်ငန်း များတွင် သုံးစွဲကာ အဆင့်မြင့် နည်းပညာသုံး လက်နက် စနစ်များကို အသုံးပြု နိုင်ရေး ဆောင်ရွက်လျှက် ရှိပါသည်။ ၎င်းအပြင် ၁၉၈ဝ ပြည့်လွန် နှစ်များမှ စတင်ပြီး အမေရိကန်၊ သြစတေးလျ၊ နယူးဇီလန် စသော နိုင်ငံများနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှု များတွင် ပါဝင်ခဲ့ သကဲ့သို့ အာဆီယံ နိုင်ငံအချို့ နှင့်လည်း နှစ်နိုင်ငံ ပူးတွဲ လေ့ကျင့် မှုများ ပြုလုပ် ခဲ့သည်။ ထို့ပြင် စင်္ကာပူနိုင်ငံ အကျယ်အဝန်း အရ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် နယ်မြေ ကန့်သတ်ချက် များရှိသဖြင့် စင်္ကာပူ တပ်ဖွဲ့များကို အမေရိကန်၊ သြစတေးလျ၊ နယူးဇီလန်၊ ဘရူနိုင်း၊ ထိုင်း၊ အင်ဒိုနီးရှား စသော နိုင်ငံများတွင် အခြေစိုက်ပြီး လေ့ကျင့် မှုများ ပြုလုပ်လျှက် လည်းရှိပါသည်။
ဒေသတွင်း အင်အား ချိန်ခွင်လျှာ ညီမျှမှုကို ထိန်းသိမ်းခြင်း
စင်္ကာပူ နိုင်ငံသည် စစ်အေး တိုက်ပွဲ ကာလ အတွင်းတွင် လည်းကောင်း၊ စစ်အေး တိုက်ပွဲလွန် ကာလတွင် လည်းကောင်း နိုင်ငံကြီး တစ်ခုတည်းက အာရှ ဒေသတွင် ထင်သလို ချယ်လှယ် နိုင်သည့် အခြေအနေ ရောက်မလာ အောင် ထိန်းညှိနိုင်ရေး ကြိုးပမ်း ခဲ့သည်ကို တွေ့ရပေသည်။ ထို့ကဲ့သို့ ထိန်းညှိရာတွင် အရှေ့တောင် အာရှဒေသနှင့် အာရှဒေသဟူ၍ နှစ်ပိုင်းခွဲခြား သုံးသပ် ဆောင်ရွက်လျှက် ရှိပါသည်။ အရှေ့ တောင်အာရှ ဒေသတွင်း အင်အား ချိန်ခွင်လျှာ ညီမျှမှုကို ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ရာတွင် စင်္ကာပူနိုင်ငံ၏ သံတမန်ရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး စွမ်းအားများဖြင့် ဆောင်ရွက် သွားမည် ဖြစ်သည်။ စင်္ကာပူ နိုင်ငံ၏ ပထဝီ အနေ အထားနှင့် လူဦးရေ အနေ အထားအရ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများက ဒေသတွင်း အင်အားကြီး နိုင်ငံများ ဖြစ်မလာ ရေးသည် အဓိက လိုအပ်ချက် ဖြစ်နေသည်ကို တွေ့ရပါသည်။ အထူးသဖြင့် ထိုနိုင်ငံများ တွင် ဘာသာရေး အစွန်းရောက် ဝါဒီများ အာဏာရ လာလျှင် တရုတ် လူမျိုး အများစု နေထိုင်သော စင်္ကာပူ နိုင်ငံတွင် ၁၉၆၅ ခုနှစ်က ပေါ်ပေါက်ခဲ့သော တရုတ် လူမျိုးများနှင့် မလေး လူမျိုး များကြား လူမျိုးရေး ပဋိပက္ခများ ပြန်လည် ပေါ်ပေါက် လာမည် ကိုလည်း စိုးရိမ်လျှက် ရှိသည်။ ထို့ကြောင့် အာဆီယံ အဖွဲ့ အတွင်းတွင် ဗီယက်နမ်၊ လာအို၊ ကမ္ဘော ဒီးယားနှင့် မြန်မာ နိုင်ငံများကို တိုးချဲ့ ဖွဲ့စည်းမှုကို အစ္စလမ် ဘာသာဝင် နိုင်ငံများ၏ အင်အားကို ထိန်းညှိရန် အတွက် အထောက်အကူ ဖြစ်လိမ့် မည်ဟု စင်္ကာပူက ယူဆပြီး ကြိုဆိုခဲ့ခြင်း ဖြစ်သည်။ အာရှဒေသ အတွက်မူ အင်အား ထိန်းညှိမှုကို စင်္ကာပူ နိုင်ငံတစ်ခု တည်းဖြင့် ဆောင်ရွက် နိုင်စွမ်း မရှိသဖြင့် အမေရိကန် နိုင်ငံ ကဲ့သို့သော ဒေသပြင်ပ အင်အားကြီး နိုင်ငံများ၏ အားဖြင့် ဆောင်ရွက်ရန် ဆောင်ရွက်လျှက် ရှိသည်။ စင်္ကာပူ နိုင်ငံက တရုတ်နိုင်ငံ၏ စစ်ရေး၊ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်လာမှုနှင့် ဂျပန်နိုင်ငံတွင် အမျိုးသားရေး ဝါဒီများ ပြန်ခေါင်းထောင် လာမှုတို့ကို အာရှဒေသ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်မည့် အန္တရာယ်များ အဖြစ် ရှုမြင်ခဲ့သည်။ ထို့ကြောင့် အမေရိကန် နိုင်ငံအနေဖြင့် ၁၉၆ဝ ပြည့်လွန် နှစ်များ က ဗြိတိန် နိုင်ငံက စူးအက် တူးမြောင်း အရှေ့ဘက်ရှိ ဒေသများမှ ထွက်ခွာသွား သကဲ့သို့ အာရှဒေသမှ ထွက်ခွာ သွားမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ဖီလစ်ပိုင် နိုင်ငံရှိ အခြေစိုက် စခန်းများ ပိတ်လိုက် ရချိန်တွင် စင်္ကာပူ နိုင်ငံ၏ အခြေစိုက် စခန်းများတွင် အမေရိကန် တပ်ဖွဲ့များ ရပ်နားခွင့်များ ခွင့်ပြုခဲ့ သကဲ့သို့ အေပတ်၊ အာဆီယံ ဒေသ ဆွေးနွေးပွဲ Regional Forum စသော အဖွဲ့များတွင် အမေရိကန် နိုင်ငံမှ ဦးဆောင် ပါဝင်မှုကို ကြိုဆို ခဲ့ခြင်း ဖြစ်သည်။
စီးပွားရေး ဆန်ဆန် ချဉ်းကပ်ခြင်း
စင်္ကာပူ နိုင်ငံ၏ ကာကွယ် ရေးမူဝါဒနှင့် မဟာ ဗျူဟာကို လေ့လာပါက နိုင်ငံ ၏ ပထဝီ နိုင်ငံရေး အနေ အထားအရ ဖြစ်ပေါ် နေသော အားနည်းချက် များကို လျော့ပါး စေရန် အတွက် သံတမန် နည်းလမ်း များကို လိမ္မာ ပါးနပ်စွာ အသုံးချ ထားကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် “နိုင်ငံစီးပွားရေးတိုးတက်ရန်အတွက် အရှေ့တောင် အာရှဒေသ နှင့် အာရှတိုက် ဒေသ တစ်ခုလုံး တည်ငြိမ်မှု ရရန် လိုသည်။ ထိုကဲ့သို့ တည်ငြိမ်မှု ရစေရန် အတွက် ဒေသတွင်း အင်အားကြီး နိုင်ငံများက ဆောင်ရွက်ခြင်းထက် ဒေသပြင်ပ အင်အားကြီး နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းသည် စင်္ကာပူနိုင်ငံ အမျိုးသား အကျိုးစီးပွား အတွက် ပိုမို သင့်တော်သည်။ ဒေသတွင်း အားကြီး နိုင်ငံများသည် စင်္ကာပူ ကဲ့သို့သော နိုင်ငံငယ်များ အတွက် အန္တရာယ် ဖြစ်သည်။ ထို့ကြောင့် ဒေသတွင်း အင်အား ချိန်ခွင်လျှာ ညီမျှအောင် ဆောင်ရွက်ခြင်း သည် စင်္ကာပူ နိုင်ငံ၏ ကာကွယ်ရေး အတွက်ရော၊ စီးပွားရေး အတွက်ပါ အကောင်း ဆုံးဖြစ်သည်။” ဆိုသော အခြေခံ အယူ အဆဖြင့် ကာကွယ်ရေး မူဝါဒနှင့် မဟာဗျူဟာ များကို ချမှတ် ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။ အခြား နိုင်ငံများနှင့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု များကို ကြည့်ပါက စင်္ကာပူ တပ်မတော်၏ အားနည်းချက် တစ်ခုဖြစ်သည့် လေ့ကျင့်ရေး နယ်မြေ ကျဉ်းမြောင်းခြင်း ဆိုသော အချက်ကို ကုစားရန် အတွက် အဓိက ဦးတည် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည် ကို လေ့လာ တွေ့ရှိနိုင် ပါသည်။ ထို့ကြောင့် စင်္ကာပူ နိုင်ငံ၏ ကာကွယ်ရေး မူဝါဒသည် အထက်ပါ အယူအဆကို အခြေခံကာ အောက်ပါ အတိုင်း ချမှတ် ဆောင်ရွက် နေသည်ဟု ဆိုရပါမည်-
(က)
ဒေသပြင်ပ အင်အားကြီး နိုင်ငံ များဖြင့် ကာကွယ်ရေး မဟာမိတ် စာချုပ် ဆိုခြင်း မရှိ သော်လည်း ထိုနိုင်ငံ များနှင့် အစိုးရခြင်း၊ တပ်မတော် ချင်းရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် မိမိနိုင်ငံ ကာကွယ်ရေးတွင် ထိုနိုင်ငံ များ၏ ထောက်ခံ အားပေးမှုကို လိမ္မာ ပါးနပ် စွာဖြင့် ရယူ အသုံးပြုခြင်း။
(ခ)
ဒေသတွင်း အင်အားကြီး နိုင်ငံ ဖြစ်လာ နိုင်ဖွယ် ရှိသော နိုင်ငံများနှင့် ရင်းနှီးစွာ ဆက်ဆံ သကဲ့သို့ ထိုနိုင်ငံ များ၏ အင်အား ကြီးထွား လာမှုကို ထိန်းညှိနိုင်ရန် အတွက် ဒေသပြင်ပ အင်အားကြီး နိုင်ငံများကို အသုံးချ ခြင်း။
(ဂ)
သံတမန် နည်းလမ်းဖြင့် ကာကွယ်ခြင်း ( Defence Diplomacy) ကို ထိထိ ရောက်ရောက် အသုံးပြု ခြင်း။
(ဃ)
ရန်သူ့ ရှေးဦး တိုက်ခိုက်မှု (First Strike) ကိုကြံကြံ ခံနိုင်ပြီး တန်ပြန် တိုက်ခိုက် နိုင်စွမ်း ရှိအောင် ကာကွယ်ရေး စွမ်းအားနှင့် မြို့ပြ ကာကွယ်ရေး စနစ်ကို တည်ဆောက် ထားခြင်း။
(စ)
လိုအပ်ပါက လက်ဦးမှု ရယူ တိုက်ခိုက် နိုင်စွမ်း ရှိအောင် တပ်မတော်၏ ထိုးစစ်ဆင် နိုင်စွမ်း (Offensive Capability) ကိုမြှင့်တင်သည့် အနေဖြင့် ခေတ်မီ လက်နက် နည်းပညာသုံး လက်နက် စနစ်များကို ဝယ်ယူ တပ်ဆင် နေခြင်း။
စင်္ကာပူ နိုင်ငံ၏ ကာကွယ်ရေး မူဝါဒသည် မိမိနိုင်ငံ၏ ပကတိ အခြေအနေ များနှင့် ကိုက်ညီအောင် ရေးဆွဲ ချမှတ် ထားခြင်း ဖြစ်သဖြင့် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုနိုင်ခဲ့ သည်ကို တွေ့ရမည် ဖြစ်ပါသည်။ သို့သော် ထိုမူဝါဒသည် သမားရိုကျ ခြိမ်းခြောက် မှုများ အတွက် ရည်ရွယ် ချမှတ်ထားခြင်း ဖြစ်ရာ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်လာ နေသော နိုင်ငံမဲ့ အဖွဲ့ အစည်းများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ နိုင်ငံ ဖြတ်ကျော် ရာဇဝတ် ဂိုဏ်းများ ကဲ့သို့သော သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှု များကို ကိုယ်တွယ် ဖြေရှင်းနိုင်ရန် အတွက်မူ ပြည့်စုံ လုံလောက်မှု မရှိသေးသဖြင့် လာမည့် ဆယ်စုနှစ် များအတွက် မူဝါဒ ဆိုင်ရာ ချဉ်းကပ်မှု အသစ်များကို ရှာဖွေရန် လိုအပ် လာနေပြီ ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Defending the Lion City, By Tim Huxley. Tailisman Publishing House,Singapore, 2004
၂။
Singapore, The Ultimate Island, By T.S Selvan, Freeway Book, Singapore, 1990
၃။
Non- Traditional Security Issues in South East Asia, IDSS, Singapore, 2001
၎။
Security Challenges of the 21st Century; A regional and National Perspective, By Brig. Gen Tan Huck Gim, Singapore Army, 2004

No comments:

Post a Comment