Friday, September 6, 2013

ရွေးကောက်ပွဲနှင့် စတုတ္ထ မဏ္ဍိုင် တာဝန်

ဒီမိုကရေစီ စနစ်၏ အဓိက လက္ခဏာ တစ်ရပ်မှာ ကာလ အပိုင်းအခြား သတ်မှတ်ပြီး ပုံမှန်ကျင်းပ သည့် ရွေးကောက်ပွဲများ ဖြစ်သည်။ ရွေးကောက်ပွဲများတွင် ပြည်သူတို့က ပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ အတိတ်က လုပ်ဆောင် ချက်များ၊ ရှေ့ဆက် အကောင်အထည် ဖော်မည့် မူဝါဒများကို မှတ်ကျောက်တင် ဆန်းစစ် ကြသည်။ ဒါတွေကို မူတည်ပြီး ရွေးချယ်မှုပြုကြသည်။ ထိုကဲ့သို့ ပြည်သူတွေ၊ မဲဆန္ဒရှင် တွေက မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ် နိုင်ဖို့ အတွက် သတင်း အချက်အလက် တွေ လိုသည်။ ထို သတင်း အချက်အလက်များ ကို ဖြည့်ဆည်း ပေးနိုင်သည်က သတင်း မီဒီယာများ ဖြစ်သည်။ ထို့ကြောင့်လည်း ဒီမိုကရေစီစ နစ်၏ နောက်ထပ် လက္ခဏာ တစ်ရပ်အဖြစ် သတင်း လွတ်လပ်ခွင့်ကို သတ်မှတ်ထား ခြင်းဖြစ်သည်။
ဘက်မလိုက်တဲ့ မီဒီယာ
ရွေးကောက်ပွဲ နီးပြီ ဆိုသည်နှင့် ပြည်သူတွေ သိချင်သော အကြောင်းအရာ များကို ယျေဘူယျ အားဖြင့် သုံမျိုး ခွဲခြား နိုင်သည်။ ပထမတစ်ခု ပါတီနဲ့ ကိုယ်စားလှယ် လောင်းများ အကြောင်း ဖြစ်သည်။ ဒုတိယတစ်ခုက လက်ရှိ အချိန်တွင် ပြည်သူတွေ အတွက် အရေးအကြီးဆုံး မူဝါဒ ဆိုင်ရာ ပြဿနာ များနှင့် ထိုပြဿနာများ အပေါ် ပါတီနှင့် ကိုယ်စားလှယ် လောင်းများ၏ သဘောထား ဖြစ်သည်။ နောက်ဆုံး တစ်ခု ကတော့ မဲပေးပုံ၊ မဲပေးနည်းနှင့် ဆောင်ရန်၊ ရှောင်ရန် တွေဖြစ်သည်။
ထိုသတင်းတွေကို ပေးနိုင်ဖို့ အတွက် လွတ်လပ်သော သတင်း မီဒီယာရှိရမည်။ ထိုသတင်း မီဒီယာ သည် လွတ်လပ် ရုံမျှသာမက ယုံကြည် စိတ်ချရသော မီဒီယာ ဖြစ်ဖို့လည်း လိုသည်။ ဒါမှသာ မဲဆန္ဒ ရှင်များက ဘယ်သူကို ဘယ်လို ရွေးရမည်ကို မှန်မှန် ကန်ကန် ဆုံးဖြတ် နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ ယုံကြည် စိတ်ချ ရသည့် သတင်း အချက်အလက်များ ပေးနိုင်ရန် အတွက် မီဒီယာများသည့် တိကျခြင်း (Accuracy)၊ ဘက်မလိုက်ခြင်း  (mpartiality) ၊ တာဝန်ယူ တတ်ခြင်း  (Responsibility) တို့နှင့် ပြည့်စုံ ရပေမည်။ ထို့အတူ ပုဂ္ဂိုလ်ရေးအရ အပုတ်ချ ရေးသား ခြင်း (Defamatory) ၊ ခိုင်မာမှု ကို မစိစစ်ပဲ ရေးသား မိခြင်း၊ ( Derivative) ၊ နစ်နာအောင် ရည်ရွယ် ရေးသားခြင်း၊( Malicious )၊ အဂတိ လိုက်စားခြင်း ( Corrupt ) တို့ကိုလည်း ရှောင်ကျဉ်ရန် လိုအပ်ပေသည်။
ထိုအချက် များအနက် အရေးကြီး ဆုံးအချက်မှာ ဘက်မလိုက်မှုဖြစ်သည်။ ဘက်မလိုက်ဖူး၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မထားဘူး ဆိုလျှင် ကျန်အချက်များ ပြည့်စုံဖို့ မခက်ဟု ဆိုနိုင်သည်။ ဘက်မလိုက်ဘဲ သတင်း ရေးသားဖို့ ဆိုလျှင် သတင်း တစ်ပုဒ်တွင် အနည်းဆုံး နှစ်ဘက် အမြင် သဘာထားကို ထည့်သွင်း ဖို့ လိုပေသည်။ ကိုယ်စားလှယ် လောင်း တစ်ယောက်က စွပ်စွဲချက် တစ်ခုကို ပြုလုပ်လျှင် သို့မဟုတ် ရွေးကောက်ပွဲ ကတိ တစ်ခုကို ပေးသည် ဆိုလျှင် ထိုပြောကြားချက် အပေါ် အခြား ပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ တုန့်ပြန်ချက်၊ သုံးသပ် ချက်များကိုေ ဖ်ာပြဖို့ လိုသည်။ ထိုသို့ ဖော်ပြရာတွင် မျှတဖို့လည်း လိုပြန်သည်။ တစ်ဘက်ကို များများ၊ တစ်ဘက်ကို နည်းနည်း ဖော်ပြခြင်း၊ မိမိ မလိုလားသော ဘက်က ပြောကြားချက် များမှ ကောင်းကွက် များကို ချန်ထားခြင်း တို့ကို ရှောင်ကြဉ် ရပေမည်။ ထို့ကြောင့် လည်း ဘက်မလိုက်မှု တွင် Fair and Balanced နှစ်ချက်နှင့် ပြည့်စုံဖို့ လိုသည်ဟု ဆိုကြခြင်း ဖြစ်သည်။
ဘက်မလိုက် မှုနှင့် ပတ်သက်ပြီး နောက်ထပ် အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။ ထိုအချက်မှာ သတင်းထောက် သို့မဟုတ် အယ်ဒီတာများ အနေဖြင့် မည်သည့် ပါတီ၊ အဖွဲ့အစည်း တွင်မှ ပါဝင် လှုပ်ရှားခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ ရန်ပုံငွေ ထည့်ဝင်ခြင်း မပြုရန် ဆိုသည့် အချက် ဖြစ်သည်။ သတင်းထောက်များ၊ အယ်ဒီတာ များတွင်လည်း ယုံကြည်ချက် များရှိကြ မည်သာ ဖြစ်သည်။ သို့သော် သတင်း မီဒီယာ သမားများ အနေဖြင့်မူ ရွေးကောက်ပွဲ နှင့်ပတ်သက်လျှင် မိမိ နိုင်ငံရေး ယုံကြည်မှုက လွှမ်းမိုး မသွားစေရန်၊ မိမိ ရေးသားချက် များတွင် မိမိအနေဖြင့် မည်သည့် ပါတီ၊ မည်သည့်ပုဂ္ဂိုလ် ကိုထောက်ခံ သည်ကို စာဖတ် ပရိသတ်က ကောက်ချက် ဆွဲမသွားအောင် ထိန်းသိမ်း နိုင်ဖို့ လိုပါသည်။ ဒါသည်ပင် စာနယ်ဇင်း သမား စစ်စစ်များ လိုက်နာရမည့် စံနှုန်း တန်ဖိုးလည်း ဖြစ်သည်။
ဘက်လိုက်မှုတွေ
သို့သော် လက်တွေ့ နယ်ပယ်တွင် ထိုစံများ အတိုင်း လိုက်နာရန် ခက်ခဲ လှသည်ကို တွေ့ရသည်။ စာနယ်ဇင်း သမားများ မှာလည်း ခံစားချက် ရှိသူများ ဖြစ်ရာ အနည်းနှင့် အများ တိမ်းစောင်းမှု၊ ဘက်လိုက်မှုများ ရှိကြမည်သာ ဖြစ်သည်။ ထိုကဲ့သို့သော ဘက်လိုက်မှု များနှင့် ပတ်သက်ပြီး မက်ကွေး (Mc Gural) က ရွေးကောက်ပွဲ ကာလတွင် နိုင်ငံရေး ဘက်လိုက်မှုသည် ပုံစံ လေးမျိုးနှင့် ဖြစ်ပေါ် နိုင်သည်ဟု ဆိုသည်။
ပထမ ဘက်လိုက်မှုမှာ ပုဂ္ဂိုလ်ရေး ဘက်လိုက်မှု ဖြစ်သည်။ ထို ဘက်လိုက်မှု များမှာ စာနယ်ဇင်း သမားများ၏ ပုဂ္ဂိုလ်ရေး ခံစားချက်၊ ပုဂ္ဂိုလ်ရေး ကြည်ညိုမှု များကို အခြေခံပြီး ဖြစ်ပေါ်ခြင်း ဖြစ်သော ကြောင့် ထင်ထင်ရှားရှား မြင်နိုင်သည်။ လုပ်ဆောင်သူ ကလည်း ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင် ခြင်း ဖြစ်သည်။ ထိုဘက်လိုက်မှု မျိုးကို အယ်ဒီတာ့ အာဘော် ဆောင်းပါးများ၊ ခေါင်းကြီးများတွင် အများဆုံး တွေ့ရ တတ်သည်။
ဒုတိယ ဘက်လိုက် မှုမျိုး ကတော့ ၀ါဒ ဖြန့်ချိရေး သဘောတရား အရ ဘက်လိုက်မှုမျိုး ဖြစ်သည်။ မိမိ လိုလားသော ပါတီ၊ ပုဂ္ဂိုလ်နှင့် ပတ်သက်လျှင် သာသာ ထိုးထိုး ရေးသကဲ့သို့ မလိုသူ ဘက်ကို ဖိဖိ နှိပ်နှိပ် ရေးခြင်းမျိုး ဖြစ်သည်။ ထို ဘက်လိုက် မှုမျိုးကို စကားလုံးများ ရွေးချယ်ရာတွင် တွေ့နိုင်သည်။ ဒီမိုကရေစီ လိုလား သူများ၊ သဘောထား ပျော့ပြောင်းသူ၊ အစွန်းရောက သမား၊ စစ်သွေးကြွများ ဆိုသည့် စကားလုံး များကို တစ်ခါတစ်ရံတွင် ဘက်လိုက်သည့် သဘောဖြင့် သုံးနှုန်း သည်ကို တွေ့နိုင် ပါသည်။
တတိယ ဘက်လိုက်မှု ကတော့ အတွေးအခေါ် သဘောအရ ဘက်လိုက်မှု ဖြစ်သည်။ စာနယ်ဇင်း သမား၏ ပုဂ္ဂိုလ်ရေး ယုံကြည်မှုများ၊ တန်ဖိုးများကို အခြေခံပြီး ဘက်လိုက် မိခြင်း ဖြစ်သည်။ ဥပမာ အားဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားသူ ဆိုပါက ပြဿနာ တစ်ခုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်ဘက်မှ အလေးကဲ စဉ်းစားဖြင့် အခြား ရှုထောင့်များကို ထည့်သွင်း စဉ်းစား ရေးသားရန် ပျက်ကွက် ခြင်းမျိုး ဖြစ်သည်။
နောက်ဆုံး ဘက်လိုက်မှု အမျိုးအစားမှာမူ မရည်ရွယ်ဘဲ ဘက်လိုက်မှု ဖြစ်သည်။ ထိုဘက်လိုက်မှု မျိုးမှာ လုပ်ငန်း သဘောအရ စဉ်းစားပြီး သတင်းအဖြစ် ရွေးချယ် ရာတွင် ဖြစ်ပေါ်လေ့ ရှိသည်။  စာနယ်ဇင်း များအနေဖြင့် မိမိ သတင်းစာ၊ မိမိ ဂျာနယ် ရောင်းအား ကောင်းအောင်လည်း ထည့်သွင်း စဉ်းစား ရပေရာ လူများ စိတ်ဝင်စားသော ပုဂ္ဂိုလ် အဖွဲ့အစည်း အကြောင်းကို ဦးစားပေး ဖော်ပြခြင်း ဖြင့် ဘက်လိုက် သကဲ့သို့ ဖြစ်သွား တတ်သည်ကို တွေ့ရသည်။ မြန်မာ သတင်းစာ ဆရာများ အတွက် သတင်းပညာ စာစောင်ကို ရေးသား ပြုစုခဲ့သူ ဂျွို့က်ဆလုံး ကတော့ ရွေးကောက်ပွဲမှာ သမာသမတ် ကျစေရန်အ တွက် အချို့ ဂျာနယ်များ အနေဖြင့် ကိုယ်စားလှယ် လောင်းအားလုံး အတွက် ဖော်ပြပေးမည့် စာမျက်နှာ အကျယ်၊ စာလုံး အရေအတွက် စသည်တို့ကို တစ်ညီတည်း သတ်မှတ် ပေးလေ့ ရှိပုံကို ဥပမာ အဖြစ် ဖော်ပြ ထားသည်။ ထိုန ည်းလမ်းသည် မရည်ရွယ်ဘဲ ဘက်လိုက်မှုကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်း တစ်ခုလည်း ဖြစ်သည်။
ကျွန်တော်တို့ဆီမှာ
ကျွန်တော်တို့ နိုင်ငံ တွင်လည်း မကြာမီ ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပတော့ မည်ဖြစ်သည်။ အစိုးရသစ် လက်ထက်တွင် အကောင် အထည် ဖော်ခဲ့သည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ဆောင်ချက် များ၏ ရလဒ်ကြောင့် ယခု ရွေးကောက်ပွဲကို ပြည်သူတွေ ပိုပြီး စိတ်ဝင်စား ကြသည်။ သတင်း မီဒီယာများ ဘက်တွင်လည်း အစိုးရသစ်၏ မူဝါဒ အပြောင်းအလဲ များကြောင့် နိုင်ငံရေး သတင်းတွေ၊ ရွေးကောက်ပွဲ သတင်းတွေကို ပိုပြီး လွတ်လွတ် လပ်လပ် ရေးနိုင် နေပြီ ဖြစ်သည်။ ပြည်သူတွေ အတွက် လိုအပ်သော သတင်း အချက်အလက်တွေ ပိုပြီး ပေးနိုင် နေပြီ ဖြစ်သည်။
သို့သော် စာနယ်ဇင်း အနည်းစုကသာ ယနေ့ ပြည်သူတွေ အတွက် အရေးကြီးဆုံး ဖြစ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများနှင့်ပ တ်သက်ပြီး ပါတီများ၊ ကိုယ်စား လှယ် လောင်းများ၏ မူဝါဒများ၊ ထုတ်ပြန်ချက် များကို စိစိစစ်စစ် ဝေဖန် သုံးသပ်ခြင်း၊ ရွေးကေက်ပွဲ မဲပေးခြင်း၊ မဲစာရင်း ပြုစုခြင်း၊ မဲရေတွက်ခြင်းတို့နှင့်ပတ်သက်ပြီး ပြည်သူကို အသိပညာ ပေးခြင်း တို့ကို ပြုလုပ်နေပြီး အများစုမှာမူ အဖွဲ့အစည်းနှင့် ကိုယ်စားလှယ် လောင်းများ၏ လှုပ်ရှားမှု သတင်းများ ကိုသာ ဦးစားပေး ဖော်ပြ နေသည်ကို လေ့လာ တွေ့ရှိရ ပါသည်။
ထိုကဲ့သို့ လှုပ်ရှားမှု သတင်းများ ဖော်ပြရာ တွင်ပင် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ပါတီ ၁၇ ခုအနက် အနည်းစု အကြောင်း ကိုသာ ဖော်ပြနေပြီး ကျန်ပါတီ အများစု၏ သတင်းများကို ဖော်ပြမှု မရှိသလောက်ပင် ဖြစ်နေသည်ကို တွေ့ရ ပါသည်။ ဥပမာ အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပေါ်ပေါက် လာသည့် နိုင်ငံရေး အသားပေး ဂျာနယ် တစ်စောင်၏ ဇန်န၀ါရီလ ၂၆   ရက်နေ့မှ  ဖေဖော်ဝါရီလ ၂၃    ရက်အကြား ထုတ်ဝေ ခဲ့သော ဂျာနယ် လေးစောင်ကို လေ့လာခဲ့ရာ ပါတီ တစ်ခု တည်းမှ ကိုယ်စားလှယ် လောင်းများ၏ တွေ့ဆုံ မေးမြန်းခန်း များကို ၁၂ ကြိမ် ဖော်ပြ ထားပြီး ကျန်ပါတီ ၁၆ ခုမှ ပါတီ သုံးခု၏ ကိုယ်စားလှယ် လောင်းများနှင့် တွေ့ဆုံ မေးမြန်းမှု သုံးကြိမ်သာ ဖော်ပြ ထားသည်ကို လေ့လာ တွေ့ရှိ ရပေသည်။ အကယ်၍ ပါတီ လှုပ်ရှားမှု သတင်းများ ကိုပါ ထည့်သွင်း တွက်ချက်မည် ဆိုလျှင် ပါတီ ကြီးတစ်ခုနှင့် ကျန်ပါတီများ အကြား သတင်း ဖော်ပြခံရမှု ပိုမို ကွာခြား သည်ကို တွေ့ရမည် ဖြစ်သည်။  ဂျာနယ် အယ်ဒီတာ အဖွဲ့အနေဖြင့် မည်ကဲ့သို့ စဉ်းစား လုပ်ဆောင် ခဲ့သည်ကို မသိနိုင်သော်လည်း ကိန်းဂဏန်း အရပြော မည်ဆိုလျှင် ထိုဂျာနယ် အနေဖြင့် ကျန်ပါတီများအပေါ် ခွဲခြား ဆက်ဆံရာ ရောက်သည်၊ ပါတီတစ်ခု အတွက် ဘက်လိုက် ဖော်ပြရာ ရောက်သည်ဟု ကောက်ချက်ချ ရမည်သာ ဖြစ် ပေသည်။
မှတ်ကျောက် တင်စရာ
ထိုကဲ့သို့ အဖြစ်မျိုးေ တွကား မြန်မာနိုင်ငံ မှာသာမဟုတ် အမေရိကန်လို နိုင်ငံမျိုး မှာပင် မီဒီယာ တွေ၏ ဘက်လိုက်မှုတွေ ရှိနေဆဲ ဖြစ်သည်။ စာနယ်ဇင်း ပညာရှင် Ross Howard ကတော့ သူ့ရဲ့ An Elections Reporting Handbook မှာ ဘက်လိုက်မှု အနည်းဆုံး ဖြစ်ဖို့ အတွက် စာနယ်ဇင်း သမားများ အနေဖြင့် ရွေးကောက်ပွဲ သတင်းများကိုေ အာက်ပါ စံခုနှစ်ချက်နှင့် တိုက်ပြီး စစ်ဆေးပါဟု အကြံ ပြုသည်-
၁။
သတင်း မှန် မမှန် အတည်ပြုနိုင်ဖို့အတွက် လိုအပ်တဲ့စိစစ်မှုတွေလုပ်ပြီး၊ မပြီး။
၂။
ဘက်လိုက်မှု မရှိဘဲ ကွဲပြား ခြားနားသည့် အမြင် အားလုံးကို မျှမျှတတ ထင်ဟပ် ရေးသားပြီး၊ မပြီး။
၃။
မိမိ ရေးသားသည့် သတင်း အပေါ် တာဝန်ခံ နိုင်မှု၊ တာဝန်ယူ နိုင်မှု ရှိ မရှိ။
၎။
မဲဆန္ဒရှင်များ သိသင့် သိထိုက်သော အချက်များ၊ ၎င်းတို့နှင့် သက်ဆိုင်သော သတင်းအချက် အလက်များ ပါဝင်မှု ရှိ မရှိ။
၅။
ဖြစ်စဉ် တစ်ရပ် လုံးကို ခြုံငုံ ဖော်ပြနိုင်ခြင်း ရှိမရှိ၊ အရေးကြီးသော အချက်များ အားလုံးကို စာသား၊ ရုပ်ပုံတို့ဖြင့် ဖော်ပြ ထားခြင်း ရှိ၊မရှိ။
၆။
မဲဆန္ဒရှင်များ အတွက် မှန်ကန်သော ရွေးချယ်မှု ပြုလုပ်နိုင်အောင် အထောက်အကူ ပြုနိုင်ခြင်း ရှိ၊ မရှိ။
၇။
လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် အတွက် အခြား ဖော်ပြသင့်သော သတင်း အချက်အလက် များ ရှိ၊ မရှိ။
မှီငြမ်းပြုစာစောင်များရဲထွဋ်ရွေးကောက်ပွဲ တစ်ခု ပြုလုပ်တိုင်း လွတ်လပ်ပြီး တရား မျှတမှု ရှိရန် အားလုံးက မျှော်လင့် ကြစမြဲ ဖြစ်ပါသည်။ သို့သော် လွတ်လပ်ပြီး တရား မျှတမှု ရှိစေရန်မှာ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတီ များတွင်သာ တာဝန်ရှိသည် မဟုတ်ပေ။ စတုတ္ထ မဏ္ဍိုင် ဖြစ်သည့် စာနယ်ဇင်းများ ကိုယ်တိုင် ကလည်း ဘက်လိုက် မှုမရှိ၊ အစွဲကင်းစွာဖြင့် စောင့်ကြည့်ခြင်း၊ အသိပညာ ပေးခြင်းတို့ဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဆောင် ပေးဖို့ လိုပါသည်။ သို့မှသာ စတုတ္ထ မဏ္ဍိုင် တာဝန် ကျေပွန်သည် ဟု ဂုဏ်ယူ နိုင်မည်ဟု ထင်ပါသည်။                     
၁။       An Elections Reporting Handbook by Ross Howard
၂။       Support the Media During the Election , International Media Support
၃။       မီဒီယာနှင့်နိုင်ငံရေး၊ မိမိကြီး (IR), မျက်မှောက်ရေးရာစာစောင်

၎။       မြန်မာသတင်းစာ ဆရာများအတွက် သတင်းပညာ၊ ဂျွိုက်ဆလုံး 

No comments:

Post a Comment