( သမ္မတ ဂျော့ ဒဗလျူဘုရှ် ၏ ပထမ သက်တမ်းတွင် အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်
ခဲ့သော Ari Fleisher က သူက အတွေ့ အကြုံများကို Taking Heat အမည်ဖြင့် စာအုပ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်မှ အခန်းလေး Bias ? ကို ဆီလျော်အောင် ဘာသာ
ပြန်ဆို တင်ပြ အပ်ပါသည်။)
၂၀၀၃ အီရတ်စစ်ပွဲ စဖြစ်တော့ စစ်ဆန့်ကျင်ရေး
သမားတွေ ဆန္ဒပြကြတယ်။ အဲဒီအထဲမှာ ဗီယက်နမ် စစ်ပွဲကာလ တုန်းက နံမည်ကြီး စစ်ဆန့်ကျင်ရေး
သမားတွေ အနုပညာရှင် တွေတဲ့ Jane Fonda, Joan Baez, Tom Hayden , Pete Seeger တို့ရဲ့
အီရတ် စစ်ပွဲ ဆန့်ကျင်ရေး သဘောထား တွေကို နယူးယောက် တိုင်းမ်က သတင်း ဆောင်းပါး ရေးတယ်။
ဒီလူ တွေဟာ ဗီယက်နမ် စစ်ဆန့်ကျင်ရေး ကာလတုန်းက နံမည်ကြီး လစ်ဘရယ် သမားတွေပဲ။ ဒါပေမယ့်
အခု ဆောင်းပါး မှာတော့ သူတို့ကို လက်ဝဲယိမ်းတွေ၊ ဒါမှမဟုတ် လစ်ဘရယ် တွေလို့ တစ်လုံးမှ
မသုံးခဲ့ဘူး။
အီရတ် စစ်ပွဲ စတဲ့နေ့မှာ ဆန်ဖရန်စ္စကို
မြို့မှာ စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြမှု အကြီးအကျယ် ဖြစ်တယ်။ ဆန္ဒပြတဲ့သူ တွေက လူစည်းကားတဲ့
လမ်းဆုံလမ်းခွလေးဆယ်ကို လူတံတိုင်းနဲ့ ပိတ်ဆို့ခဲ့တယ်။ ဆန်ဖရန်စ္စကို မြို့ရဲ အမြင့်ဆုံး
မိုးမျှော်တိုက်ကြီး ပတ်လည်မှာ ကောက်ရိုးတွေပုံပြီး မီးရှို့ခဲ့တယ်။ ဆန္ဒပြတဲ့သူလေးဆယ်ကျော်က
စစ်ပွဲကို အန်ချင် လောက်အောင် မုန်းတယ်ဆိုတာ သက်သေပြဖို့ အတွက် ပြည်ထောင်စု အစိုးရရုံးရှေ့
လှေကားထစ် တွေမှာ အန်ချခဲ့ တယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ လူတစ်ထောင့် သုံးရာ ငါးဆယ်ကျော်
အဖမ်းခံရတယ်။ ဒါပေမယ့် အဲဒီ သတင်းတွေကို ဝါရှင်တန် သတင်းထောက် များက ရေးတဲ့အခါ အစွန်းရောက်တွေ၊
လစ်ဘရယ်တွေ ဆိုတာ တစ်လုံးမှ မပါခဲ့ဘူး။ ကျွန်တော် ကတော့ အဲဒီဆန္ဒပြ သူတွေ ဟာ အလယ်အလတ်
ဝါဒီတွေလို့ လုံးဝ မထင်မိဘူး။
ဒါပေမယ့် ရီပတ်ဘလီကင် ပါတီဝင်တွေ ဆန္ဒပြရင်တော့
အဲဒီလို သက်သက်ညှာညှာ ရေးတာခံရမှာ မဟုတ်ဘူး။ ၁၉၉၄ ခုနှစ်မှာ သမ္မတ ကတော် ဟီလာရီ ကလင်တန်က
သမ္မတ ကလင်တန်ရဲ့ ကျန်းမားရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး အစီအစဉ် အတွက် မဲဆွယ် ခရီးထွက်တယ်။
သူ့ကို ကန့်ကွက် ဆန္ဒပြတဲ့ ရီပတ် ဘလီကင် ထောက်ခံ သူတွေကို အေဘီစီ သတင်းဌာနက ပဋိသန္ဓေ
တားဆီးမှု ဆန့်ကျင်ရေး အုပ်စုတွေနဲ့ ကွန်ဆာ ဗေးတစ် တွေလို့ ကင်ပွန်း တပ်ခဲ့တယ်။
ဝါရှင်တန် ပို့စ် ကလည်း ကွန်ဆာဗေးတစ် ဆန္ဒပြသူ တွေလို့ ရေးခဲ့တယ်။ ဒီလိုပဲ ရီပတ် ဘလီကင်ဘက်က
ဆန္ဒပြသူ တွေကို သတင်းစာ တွေက ဒေါသ ထွက်နေတဲ့ လက်ယာ သမားတွေ ( Angry Right ) လို့ ရေးပေမယ့်
ဒေါသ ထွက်နေတဲ့ လက်ဝဲ သမားတွေ လို့ ရေးတာမရှိဘူး။ ဒါဟာ သဘောတရား ရေးအရ တစ်ဖက်သတ် နံမည်ပေး
ထားတာလို့ ယုံကြည်မိ ပါတယ်။
၂၀၀၂ ခုနှစ် နွေရာသီမှာ သမ္မတဘုရှ်ဟာ အော်ရီဂွန်
ပြည်နယ်မှာ မဲဆွယ်ခရီး ထွက်ရင်း ကန့်ကွက် ဆန္ဒပြမှုတွေ နဲ့ရင်ဆိုင်ခဲ့ ရတယ်။ အဲဒီ သတင်းကို
သမ္မတနဲ့ အတူပါသွားတဲ့ သတင်းထောက် များက ရေးတဲ့အခါ သမ္မတဟာ ပို့လန်မြို့ က တက်ကြွ လှုပ်ရှားသူများရဲ့
ကန့်ကွက်မှု များနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီ လူတွေဟာ ငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
အလုပ်သမား အခွင့်အရေးနဲ့ ဆင်းရဲမှု ပပျောက်ရေး အတွက် လှုပ်ရှား နေသူတွေ ဖြစ်တယ်လို့ ရေးခဲ့တယ်။
တကယ်လို့ သမ္မတကို ကန့်ကွက် ဆန္ဒပြသူ တွေဟာ ပဋိသန္ဓေ တားဆီးမှု ဆန့်ကျင်ရေး အုပ်စုတွေ၊
လက်နက် ကိုင်ဆောင်ခွင့် ကိုထောက် ခံသူတွေ၊ ခရစ်ယန် ဘာသာရေး အုပ်စုတွေသာ ဖြစ်နေမယ် ဆိုရင်
သတင်းထောက် တွေက ကွန်ဆာဗေးတစ် ဆန္ဒပြသူတွေ၊ လက်ယာစွန်း အုပ်စုတွေလို့ ပျော်ပျော်ကြီး
ခေါ်မှာ သေချာတယ်။ ဒီမိုကရက် တွေလို့ ခေါ်သလို တက်ကြွ လှုပ်ရှားသူများလို့ သာသာ ထိုးထိုး
လေးခေါ်မှာ မဟုတ်ဘူး။
အဲဒီလို ဘက်လိုက် ရေးတာမျိုး တွေကို ၀င်ငွေခွန်
ကိစ္စတွေ မှာလည်း တွေ့ရတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတ ကလင်တန်ရဲ့ ဘတ်ဂျက်ကို အောက်လွှတ်တော်မှာ
နှစ်မဲ အသာ၊ အထက် လွှတ်တော်မှာ တစ်မဲ အသာနဲ့ပဲ အတည်ပြု နိုင်ခဲ့တယ်။ တကယ်တော့ အဲဒီ ဘတ်ဂျက်ဟာ
ဝင်ငွေခွန်ကို အများကြီး တိုးကောက်တဲ့ ဘတ်ဂျက်ပါ။ ဒါပေမယ့် ဘယ် သတင်းစာ ကမှ ဒါကို အခွန်
တိုးကောက်တဲ့ ဘတ်ဂျက်လို့ မရေးဘူး။ သူတို့က ဒါဟာ လိုငွေ လျှော့ချတဲ့ ဘတ်ဂျက်လို့ ရေးတယ်၊
ဒါမှမဟုတ် ဘတ်ဂျက် သဘောတူညီချက် အသစ်လို့ ရေးတယ်။ ရီပတ် ဘလီကင် သမ္မတက အခွန် လျှော့ချပြီ
ဆိုရင်တော့ ဒီမိုကရက်တွေ က ဒါဟာ ချမ်းသာတဲ့ သူတွေကို မျက်နှာသာ ပေးတဲ့ အခွန်ေ လျှာ့ချမှုလို့
အပြစ် တင်တယ်။ သတင်းစာ တွေကလည်း အဲဒီအတိုင်း သံယောင် လိုက်တယ်။ တကယ်တော့ ဘတ်ဂျက်နဲ့
ပတ်သက်ရင် ရီပတ်ဘလီကင် တွေက ဒီမိုကရက်တွေကို အခွန်တွေပဲ တိုးကောက်တယ်၊ အသုံးအစွဲ ကြီးလို့
ဘတ်ဂျက် လိုငွေ ပြနေတယ်လို့ အပြစ် တင်တယ်။ ဒီမိုကရက်တွေက ရီပတ် ဘလီကင် တွေကို လူချမ်းသာ
တွေဆီက အခွန် လျှော့ကောက်ပြီး ဆင်းရဲသား တွေရဲ့ လူမှု ဖူလုံရေး အစီအစဉ် တွေကနေ ငွေတွေဖြတ်ဖို့
ကြိုးစား နေတယ်လို့ အပြစ်တင်တယ်။ သတင်းစာ တွေကတော့ အခွန်ကိစ္စနဲ့ ပတ်သက်ရင် ဒီမိုကရက်
တွေဘက်က လိုက်ရေးတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် ရီပတ် ဘလီကင် တွေဟာ သတင်းစာ တွေက သူတို့ကို
ထောက်ခံလာ အာင် ဒီမိုကရက် တွေထက် နှစ်ဆလောက် ပိုကြိုးစား ရတယ်။ ဒါတောင် အလုပ်သိပ် မဖြစ်ဘူး။
နောက်တစ်ခု ကတော့ မျိုးချစ်စိတ်နဲ့ ပတ်သက်တယ်။
ရီပတ် ဘလီကင်ေ တွက ဒီမိုကရက် တွေကို မျိုးချစ်စိတ် မရှိ ဘူးလို့ ပြောရင် သတင်းစာတွေက
ရီပတ်ဘလီကင် တွေဟာ အီရတ် စစ်ပွဲနဲ့ ပတ်သက်တဲ့ ဘုရှ်ရဲ့ မူဝါဒကို ဝေဖန်သူ မျှန်သမျှ
မျိုးချစ်စိတ် မရှိဘူးလို့ စွပ်စွဲ တော့တာပဲလို့ ဝေဖန်တယ်။ ဒါပေမယ့် အယ်လ်ဂိုးနဲ့ ဂျွန်ကယ်ရီ
တို့က သမ္မတ ဘုရှ်ကို မျိုးချစ်စိတ် မရှိဘူးလို့ ဝေဖန်တဲ့ အခါမှာတော့ ဘယ်သူကမှ ထောက်မပြ
တော့ဘူး။ ကျွန်တော် ရီပတ်ဘလီကင် လွှတ်တော် အမတ် ဂျွန်အာချာ ဆီမှာ အလုပ်လုပ်တုန်းက သူ့ကို
ဒီမို ကရက်တွေက နာဇီလို့ ခေါ်တယ်။ ဖက်ဆစ် လို့ ခေါ်တယ်။ ဒီမိုကရက် အမတ် ချာလီ ရမ်ဂဲလ်ကဆိုရင်
ဟစ်တလာ လို့တောင် ခေါ်သေးတယ်။ ဒီလို ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာမျိုး အပေါ် ဘယ်သတင်းစာ
ကမှ ဝေဖန်တာ မရှိခဲ့ဘူး။
တကယ်တော့ အမေရိကန် မဲဆန္ဒရှင် တွေဟာ ပါတီကြီး
နှစ်ခုကြားမှာ နှစ်ခြမ်း ကွဲနေတာပါ။ ပါတီ နှစ်ခုလုံးက သဘောတရား ရေးအရ ထောက်ခံသူတွေ
အခိုင်အမာ ရှိပြီးသား ဖြစ်ပါတယ်။ အဲဒီ အင်အားက သိပ်မကွာလှဘူး။ ဒီတော့ ရွေးကောက်ပွဲ
နိုင်ဖို့ဆိုတာ ဘယ်ပါတီကို ထောက်ခံမယ် ဆိုတာ တိတိကျကျ မဆုံးဖြတ် ရသေးတဲ့ လွတ်လပ်တဲ့
မဲဆန္ဒရှင် Independent Voters တွေကို စည်းရုံးနိုင်ဖို့ လိုတယ်။ ( အမေရိကန် နိုင်ငံတွင်
သက်ဆိုင်ရာ ပါတီတွင်း ရွေးကောက် ပွဲများ တွင် မဲပေးနိုင်ရန် အတွက် ကြိုတင် မှတ်ပုံတင်
ထားရသည်။ လွတ်လပ်သော မဲဆန္ဒရှင် ဆိုသည်မှာ ထိုကဲ့သို့ မှတ်ပုံတင် မထားသော သူများကို
ဆိုလို ပါသည်။ ဘာသာပြန်သူ) အဲဒီ မဲဆန္ဒရှင်တွေက ပြဿနာတွေ အပေါ်မှာ သူတို့ရဲ့ အမြင်ကို
အခြေခံပြီး မဲပေးသွားတာ ဖြစ်ပါတယ်။ ဒီတော့ သတင်းစာ တွေအနေနဲ့ ဘယ်ပါတီ ဘက်ကိုမှ မလိုက်ပဲ
မျှမျှတတ တင်ပြမှသာ ဒီလူတွေ အနေနဲ့ မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အထက်မှာ ကျွန်တော် ထောက်ပြ ခဲ့သလိုပဲ
သတင်းထောက် များရဲ့ စကားလုံး ရွေးချယ် သုံးနှုန်းမှုများ ကြောင့် လူတွေက ရီပတ် ဘလီကင်ပါတီ
က ကွန်ဆာ ဗေးတစ်တွေ၊ လက်ယာ သမားတွေ၊ အဲဒီလူ အတော် များများက ဒေါသ ထွက်နေတဲ့ လူတွေနဲ့
ဖွဲ့စည်း ထားတယ်လို့ မြင်သွားနိုင်ပြီး ဒီမိုကရက် ပါတီ ကိုတော့ အမျိုးသမီး အခွင့်အရေး
အုပ်စုတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ပြည်သူ့ အခွင့်အရေး ကာကွယ် သူတွေ၊ ဆင်းရဲမှု ပပျောက်ရေး
ကြိုးပမ်း နေသူတွေ အဖြစ် မြင်သွား စေပါတယ်။ ဒါဟာ ပါတီတစ်ခုကို နှိမ့်ချ ရေးသားပြီး
ပါတီတစ်ခု ကိုတော့ သာသာ ထိုးထိုးလေး ရေးပေးရာ ရောက်ပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူတွေက
စာနယ်ဇင်း များရဲ့ ဘက်မလိုက်မှု ဆိုတဲ့ အခြေခံ သဘောတရား အပေါ် မေးခွန်း ထုတ်လာတာ ဖြစ်ပါတယ်။
ဝါရှင်တန် သတင်းလောကမှာ အနှစ်နှစ် ဆယ်ကျော်၊
အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အဖြစ် နှစ်နှစ်ခွဲ လုပ်ခဲ့တဲ့ အတွေ့အကြုံ အရ ဝါရှင်တန်က
သတင်းစာ ဆရာများဟာ ပဋိပက္ခတွေကို ခံတွင်း အတွေ့ဆုံးပဲ၊ မရှိရင်လည်း ရှိလာအောင် အစ ဆွဲထုတ်တယ်လို့
ဆိုချင်ပါတယ်။ နောက်ပြီး ပါတီကြီး နှစ်ခုကြား မူဝါဒဆိုင်ရာ အငြင်း အခုန်တွေ ဖြစ်လာတဲ့
အခါ ရီပတ် ဘလီကင်တွေ အမြင်ထက် ဒီမိုကရက် ပါတီဘက်က အမြင်ကို ပိုပြီး အလေးပေး ရေးတယ်လို့
ကောက်ချက်ချ ချင်ပါတယ်။ သတင်းစာ ဆရာ အများစုဟာ ဒီမိုကရက်တွေပါ။ သူတို့က ငြင်းနေပေမယ့် ဒါကို သူတို့ ရေးတာတွေ၊ လုပ်တာ တွေက သက်သေ ပြနေပါတယ်။
ဒါပေမယ့် ဒါဟာ တမင်သက်သက် ရည်ရွယ် လုပ်ဆောင်တဲ့ လုပ်ကြံမှုတော့ မဟုတ်ပါဘူး။ လူတွေရဲ့
သဘော သဘာဝ အတိုင်း ဖြစ်လာတာပါ။ သို့သော် စာနယ်ဇင်း လုပ်ငန်းဆိုတာ အခြား လုပ်ငန်းတွေလို
မဟုတ်ပါဘူး။ ဝါဒရေးတွေ၊ သဘော တရားရေးအစွဲတွေဝင်ပါလာရင် လုပ်ငန်းရဲ့ ပရော်ဖက်ရှင်နယ်
ဆန်မှုကို အများကြီး ထိခိုက် စေပါတယ်။
ရဲထွဋ်
No comments:
Post a Comment