Tuesday, October 15, 2013

U 2 နှင့် အတိတ်မေ့ခြင်း

U 2 ဆိုသည်မှာ အိုင်းရစ် ရော့ခ် အဆိုတော် ဘိုနို ဦးဆောင်သည့် တီးဝိုင်း၊ ဒါမှမဟုတ် တစ်ချိန်က အလွန် ကျော်ကြား ခဲ့သည့် အမေရိကန် လော့ခ်ဟိဒ် ကုမ္ပဏီမှ ထုတ်လုပ်သည့် သူလျှို လေယာဉ်၊ ၁၉၆၀ ခုနှစ် မေလ အတွင်းမှာ ဆိုဗီယက် ပြည်ထောင်စု အပေါ် ဖြတ်ကျော် ပျံသန်းစဉ် ပစ်ချ ခံရသဖြင့် စစ်အေး တိုက်ပွဲ ကာလ နိုင်ငံတကာ အရေး အခင်း ဖြစ်စေ ခဲ့သည့် လေယာဉ် တို့ ၏ အမည်ဖြစ်သည်။
ဒီတော့ ရဲထွဋ် တစ်ယောက်တော့ ရော့ခ် သီချင်းတွေ အကြောင်း၊ ဒါမှမဟုတ် နိုင်ငံတကာ သူလျှို လုပ်မှုတွေ အကြောင်း ရေးတော့ မယ်ဟု ထင်စရာရှိသည်။ အဲဒါတွေ တစ်ခုမှ မဟုတ်။ ကော်ဖီမစ် ကြော်ငြာ တစ်ခု အကြောင်းသာ ဖြစ်၏။
၂၀၀၉ ခုနှစ် အတွင်းက ဖြစ်သည်။ စာပေ စိစစ် ရေးတွေ တင်းတင်း ကြပ်ကြပ် ရှိနေ သေးသည့် အချိန်။ တစ်နေ့တွင် အစည်း အဝေး တစ်ခုကို ၀န်ကြီး ကိုယ်စား သွားတက် ရသည်။ လုံခြုံရေး ကိစ္စ အပါအ၀င် အရေး ကြီးသည့် ကိစ္စ တွေကို ဆွေးနွေးသည့် အစည်းအဝေး၊ ၀န်ကြီးလည်းခ ရီးသွား၊ ၀န်ကြီး ဌာန အတွက် ဒုတိယ ၀န်ကြီးလည်း ခန့်အပ်ခြင်း မရှိ သေးသည့် အတွက် ဌာန ကိုယ်စား သွားတက် ရခြင်း ဖြစ်သည်။ ၀န်ကြီး တွေရဲ့ နောက်ဘက် ခုံတန်းလေးမှာ ခပ်ကုပ်ကုပ် ထိုင်ရင်း မိမိဌာန အလှည့် ရောက်ရင် ဘာမှ တင်ပြရန် မရှိကြောင်း သတင်းပို့မည်။ လုပ်ရမယ့် အလုပ်က ဒါပဲဖြစ်သည်။
ဒါပေမယ့် ကျွန်တော့် ကံက အဲဒီလောက် မကောင်း၊ အစည်းအဝေး စပြီး သိပ်မကြာ မီမှာ ဌာန တစ်ခု၏ အကြီး အကဲက ဂျာနယ် တစ်စောင်ကို ကိုင်ပြီး ထသတင်း ပို့သည်။ လက်ထဲမှာ ဂျာနယ်ကို မြင်လိုက် ထဲက ပြန်ကြားရေး အလှည့် ရောက်ပြီဟု သိ လိုက်မိပြီ။ ထိုအကြီး အကဲ ကလည်း မကြာ ခဏ ပြန်ကြားရေးကို ဝေဖန် ထောက်ပြလေ့ ရှိသူ၊ အဲဒီအချိန်က လူတွေက ကြပ်လွန်း သည်ဟု ဝေဖန် နေသည့် စာပေစိစစ် ကိုပင် လိုသေး သည်ဟု မကြာခဏ ပြောလေ့ ရှိသူ ဖြစ်သည်။
သူက ××  ဒီဂျာနယ် အဖုံးမှာ U 2 ကော်ဖီမစ် ကြော်ငြာ ပါတယ်။ နောက်ပြီး  54 ဆိုတဲ့ စာသား ပါတယ်။ ဒါကို ပြောင်းပြန် ကြည့်ရင် SU  64 လို့ မြင်ရတယ်။ ဒါဟာ ဟိုအမျိုးသမီး ( သူ့မူရင်း စကား အတိုင်း) ၆၄ နှစ် မွေးနေ့ကို ကြိုတင် လှုံ့ဆော် တာပဲ။ ပြန်ကြားရေးက ဒီလောက်တောင် မသိဘူးလား ×× ဟု တွယ် တော့သည်။ အစည်းအဝေး သဘာပတိ မျက်လုံးကား ကျွန်တော် ဘက်သို့ စိမ်းစိမ်းကြီး ကြည့်တော့သည်။ ကျွန်တော်မှာ နေစရာ မရှိတော့။ နောက်တော့ ချက်ခြင်း စစ်ဆေးပြီး ပြန်တင် ပြရန် ဆိုသည့် အမိန့် ရသည်။ ၀န်ကြီးရုံးသို့ အပြေးတက်နှင့် ပြန်လာ ပြီးနောက် ကျွန်တော်နှင့် တာဝန်ရှိ သူတွေ ဂျာနယ် မျက်နှာ ဖုံးပါ U 2  ကြော်ငြာကို မှန်ထောင်ကြည့်၊ နေရောင်မှာ ထောင်ပြီး ကြောဘက်က ကြည့်နဲ့  ဆားပုလင်း နှင်းမောင် ဇာတ်ခင်း ရတော့သည်။
ကြော်ငြာ ထည့်သည့် လုပ်ငန်းရှင် လည်းမနေရ၊ ဘာ့ကြောင့် U 2  အမည်ကိုရွေးရသတုံး၊ ဘာ့ကြောင့် 54 လို့ ရေးတာတုံး စသည့် မေးခွန်း တွေနဲ့ ရင်ဆိုင် ရသည်။ သူတို့ ဘက်ကတော့ ရှင်းသည်။ ကြော်ငြာ သဘော အရ ၅၅ ကျပ်ထက် ၅၄ ကျပ် ကို လူတွေ ပိုစိတ်ဝင် စားလို့ ၅၄ ကျပ်လို့ သုံးတာ ပါတဲ့။ ၁၀၀ ကျပ်အစား ၉၉ ကျပ်နဲ့ ရောင်းတယ် ဆိုတဲ့ သဘောပေါ့။ U 2 ဆိုတာ ကတော့ မင်းလည်း ကြိုက်တယ် You Too ဆိုပဲ။ ဟုတ် မဟုတ်တော့ မသိ၊ သူ့ အကြောင်းနဲ့ သူကတော့ ဟုတ်နေသည်။ သူ့မှာလည်း ကြော်ငြာ ထည့်ကမှ ဘုန်းကြီး အမှု ရွာပတ်နဲ့ အားနာ ဖို့တော့ ကောင်းသည်။
ဒီလို မလုပ်လို့ ကလည်း မဖြစ်၊ ရှေ့မှာ ကြော်ငြာ စာသားကို ပြောင်းပြန် ဖတ်ရင် ဘယ်လို၊ ကဗျာ ရှေ့စာလုံး တွေကို အထက်အောက် ဖတ်ရင် ဘယ်သို့ စသည်ဖြင့် အမှု တက်ခဲ့ တာတွေက ရှိပြီး ခဲ့ပြီ။ ဒါပေမယ့် ခက်တာက ဘယ်လို ဖတ်ဖတ် U 2  က  SU ဖြစ်ပေမယ့် 54 ကတော့ 64 မဖြစ်။ နောက်ဆုံး 54 သည်  64 မဟုတ် ကြောင်း၊ လုပ်ငန်းရှင် ကလည်း ဒါမျိုး လုပ်မည့်သူ မဟုတ် ပါကြောင်း  ပြန်သတင်း ပို့တော့ နောင် သတိထား စစ်ပါ ဆိုပြီး ပြီးသွားသည်။ အစ ထောင်ပေး ခဲ့သည့် ဆရာကြီး ကတော့ သူနဲ့ မဆိုင် သလို၊ သူဘယ်လို ကြည့်လို့များ 54 ကို   64 မြင်ခဲ့ သလဲလို့ မေးလိုလှ သော်လည်း အထောင်း ခံရပြီး ငါးခြောက်ပြား ဖြစ်မယ့် ဘေးကြောင့် တပ်ခေါက် ပြန်ခဲ့ ရသည်။
မီဒီယာနဲ့ ပတ်သက်လျှင် ပြန်ကြားရေးကို ပြေးမြင် ကြသော်လည်း ပြန်ကြားရေး အပေါ် ဘာဖိအားတွေ ရှိနေသည်ကို လူတွေ သိပ်မသိကြ။ တစ်ချိန်က အစိုးရနှင့် သဘောထား ကွဲလွဲသည့် ဆောင်းပါးများ နိုင်ငံပိုင် သတင်းစာ များတွင် ပါသည့် အခါ ပြန်ကြားရေးက လူတွေက ဒိုင်ခံ ရေးသည်ဟု ထင်ကြသည်။ ဟိုတုံး ကတော့ မသိ၊ ၂၀၀၅ ခုနှစ် နောက်ပိုင်း ကျွန်တော် ပြန်ကြားရေး ၀န်ကြီး ဌာန ရောက်မှတော့ ဆောင်းပါး အများစုမှာ နယ်ပယ်စုံ လူတွေက ရေးပို့ခြင်း ဖြစ်သည်။ ဒါမျိုး ရေးရင် လူကြီး ကြိုက် တယ်ဆိုပြီး ကိုယ်တိုင်တောင် မက ဇနီး ဖြစ်သူ ကိုပါ ရေးခိုင်းပြီး ပို့လာသဖြင့် ဖြစ်နိုင်သမျှ တည်းဖြတ် ထည့်ပေးရ သည့် ဆောင်းပါး တွေပင် ရှိသည်။ ကျင့်ဝတ်အရ စာရေးသူကို ထုတ်မပြော ရပေမယ့် တစ်ခါ တစ်လေ ထိုသူတွေ ကပဲ ဟိုတုံးက နိုင်ငံပိုင် သတင်းစာ များပါ ဆောင်းပါးတွေ အကြောင်း အားပါးတရ ဝေဖန် နေပြန် တော့လည်း စိတ်ထဲမှာ ကျလိ ကျလိ ဖြစ်ရ ပြန်သည်။
ဒါတွေ ကလည်း ခေတ်ပြောင်း၊ စနစ် ပြောင်းမှာ တွေ့ရမြဲ ဖြစ်စဉ်တွေ ဖြစ်လို့ ဘယ်သူကိုမှ အပြစ် မတင် လိုတော့။ အခုတော့ U 2 ကြော်ငြာ ထည့်လို့လည်း ပြောမည့်သူ မရှိတော့။ သူငယ်ချင်း တစ်ယောက် ကတော့ မြန်မာ ဗီဒီယို ကားတွေကို ကြည့်ပြီး မြန်မာ နိုင်ငံမှာ အဖြစ် အများဆုံးက နှလုံး ရောဂါနဲ့ အတိတ် မေ့တဲ့ေ ရာဂါဟု ဆိုဖူးသည်။
ကျွန်တော် U 2 ကော်ဖီမစ်ကို မသောက်ဖူးပါ။ အခုတော့ U 2 ၀ယ်ဆောင် ထားတော့မည်။ ဘာပဲ ဖြစ်ဖြစ် U 2 နဲ့ ဧည့်ခံ လိုက်ရင်ဖြင့် အတိတ် မေ့နေ သူများ ပြန်သတိရ လာကောင်း မည်ဟု ထင်မိသည်။
ရဲထွဋ်

Facebook စာမျက်နှာမှ

No comments:

Post a Comment