Thursday, October 10, 2013

ကွန်ဒို လီဇာရိုက်စ်၏ ပုံရိပ်များ

ခင်မင်သူ များက ကွန်ဒီ ဟု ခေါ်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီ ဇာရိုက်စ်သည် ရှားမှ ရှားသည့် လူမည်း အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမတွင် နိုင်ငံတကာ ဆက်ဆံရေး နှင့် ပတ်သက်ပြီး ခိုင်မာသည့် ပညာရေး နောက်ခံ ရှိရုံ သာမက အစိုးရ အဖွဲ့တွင် လည်းကောင်း၊ ထင်ရှား ကျော်ကြားသော တက္ကသိုလ်များ၊ သုတေသန အဖွဲ့အစည်း များတွင် လည်ကောင်း နိုင်ငံတကာ ရေးရာနှင့် ပတ်သက်သည့် တာဝန် အမျိုးမျိုး ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ ထို့ပြင် အမေရိကန် နိုင်ငံ သမိုင်းတွင် ပထမဆုံး အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ တာဝန် ထမ်းဆောင် ခဲ့သည့် အမျိုးသမီး အဖြစ် လည်းကောင်း၊ ဒုတိယမြောက် လူမည်း နိုင်ငံခြားရေး ဝန်ကြီး အဖြစ် လည်းကောင်း၊ ဒုတိယမြောက် အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး အဖြစ် လည်းကောင်း မော်ကွန်းတင် ခံရသည့်သူ ဖြစ်၏။ သို့သော် အမေရိကန် နိုင်ငံရေး လောကတွင် ကွန်ဒိုလီ ဇာရိုက်စ်ကို အကဲဖြတ်ရာ၌ သဘောထား အမျိုးမျိုး ကွဲလွဲခဲ့နေ သည်ကို တွေ့ရသည်။ အချို့က ကွန်ဒိုလီ ဇာရိုက်စ်ကို အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ တာဝန်ယူ ချိန်တွင် သမ္မတကို ထိရောက်သော အကြံညဏ်များ ပေးနိုင်ခြင်း မရှိပဲ နီယိုကွန် များက ချယ်လှယ် သမျှ ခံခဲ့ရ သည်ဟု ဆိုကြ သကဲ့သို့ အချို့ကတော့ ကွန်ဒို လီဇာရိုက်စ် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာ ချိန်တွင် နီယိုကွန် တို့၏ အမှားများကို ပြန် အဖတ်ဆယ် နိုင်မည်ဟု ယူဆနေ ကြသည်။ ကွန်ဒိုလီ ဇာရိုက်စ်၏ Twice as Good: Condoleezza Rice and Her Path to Power အမည်ဖြင့် စာအုပ် ရေးသားခဲ့သူ နိုင်ငံရေး သတင်းထောက် မားကပ်စ် မက်ဘရီ ကမူ ကွန်ဒိုလီ ဇာရိုက်စ်နှင့် ပတ်သက်ပြီး ဒွိဟ ကွဲပြား နေသည့် အချက်များ အပေါ် အောက်ပါ အတိုင်း သုံးသပ် ပြခဲ့သည်။
ဘုရှ်အပေါ် အကြွင်းမဲ့သစ္စာရှိသူ
အချို့က ရိုက်စ် သည် ဘုရှ်အပေါ် အကြွင်းမဲ့ သစ္စာရှိသူ၊ ဘုရှ်အပေါ် ပုဂ္ဂိုလ်ရေးအရ အလွန် ကြည်ညိုသူ ဖြစ်သော ကြောင့် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အနေဖြင့် ဘုရှ်၏ ဆုံးဖြတ်ချက် များ အပေါ် ဆန်းစစ် အကြံပေးရမည့် အစား အမြဲသ ဘောတူရန် အသင့်ဖြစ် နေခဲ့သည်ဟု ဆိုကြသည်။ သို့သော် ရိုက်စ်၏ ပညာရေး နှင့် အစိုးရ အမှုထမ်း ဘဝ နှစ်သုံးဆယ်တွင် သူမ၏ အထက် အရာရှိ ဖြစ်ခဲ့သူ တိုင်းက ရိုက်စ်သည် သူတို့နှင့် အမြင် တူသည်ဟု ထင်ခဲ့ကြေ သ်ာလည်း သူတို့ လက်အောက်မှ ထွက်သွားသည်နှင့် သူမ၏ အယူအဆ များက ၁၈ဝ ဒီဂရီ အလှည့်အပြောင်း ဖြစ်သွား သည်ကို တွေ့ခဲ့ရပြီး ဖြစ်သည်။ ဘုရှ် (အကြီး) လက်ထက် အမျိုးသား လုံခြုံရေး ကောင်စီ တွင် အမှုထမ်း ခဲ့စဉ်က အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဘရန့် စကိုးကရော့ဖ်က ရိုက်စ်ကို သူ့လိုပင် နိုင်ငံတကာ ဆက်ဆံရေးတွင် လက်တွေ့ ပဓာန ဝါဒီ အဖြစ် ယူဆခဲ့ သော်လည်း ဘုရှ် (အငယ်) လက်အောက်တွင် နီယိုကွန်တို့ အယူအဆ နောက်လိုက် သွားသည်ကို မယုံနိုင် ဖွယ်ရာ တွေ့ခဲ့ရသည်။ အလားတူပင် စတန်းဖို့ဒ် တက္ကသိုလ်တွင် တာဝန် ယူစဉ် ပါမောက္ခချုပ် ဂါးဟဒ် ကစ်စပါက ရိုက်စ်ကို လစ်ဘရယ် သမား အဖြစ် ယူဆ ခဲ့သည်ကို တွေ့ရသည်။ သူမနှင့် စတန်းဖို့ဒ် တက္ကသိုလ်တွင် လုပ်ဖော် ကိုင်ဖက် ဖြစ်ခဲ့သူ နိုင်ငံရေး သိပ္ပံ ပါမောက္ခ အလန် ဂီးလ်ဘတ်ကမူ ရိုက်စ်ကို သူမအတွက် အကျိုးရှိမည် ဆိုလျှင် လိုသလို ပြောင်းလဲ ကျင့်ကြံရန် ဝန်မလေးသူ၊ အခွင့် အရေးသမား အဖြစ် သတ်မှတ် ခဲ့သည်။ ထို့ကြောင့် ဘုရှ် ဒုတိယ သက်တမ်း ကုန်ချိန်တွင် ကွန်ဒို လီဇာရိုက်စ်၏ နိုင်ငံရေး အယူအဆများ ပြောင်းသွား လျှင်လည်း အံ့သြစရာ မရှိလှပေ။
ထူးချွန် ထက်မြက်သူ
ရိုက်စ်ကို ထူးချွန် ထက်မြတ် သူဟု ဆိုလျှင် ထင်သလောက် မဟုတ်ဟု ဆိုရမည်။ စတန်းဖို့ဒ် တက္ကသိုလ်မှ အငယ်တန်း ပါမောက္ခ ရိုက်စ်ကို ဘုရှ်(အကြီး) ၏ အမျိုးသား လုံခြုံရေး ကောင်စီတွင် ဆိုဗီယက် ရေးရာ ကျွမ်းကျင်သူ အဖြစ် တာဝန် ပေးရန် ရွေးချယ် ခဲ့စဉ်က အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဖြစ်သူ စကိုးကရော့ဖ် သဘော ကျသည့် အချက်မှာ ရိုက်စ် ၏ ပညာ အရည်အချင်း မဟုတ်ပဲ မိမိကိုယ် မိမိ ယုံကြည်မှု ရှိသည့် အမူအယာနှင့် တင်ပြချက်၊ ရှုတ်ထွေးသော အချက်များကို နားလည် လွယ်အောင် ခွဲခြား တင်ပြ နိုင်သည့် အရည်အချင်း တို့ကြောင့် ဖြစ်သည် ဟုဆိုသည်။ စတန်းဖို့ဒ် တက္ကသိုလ်တွင် ရိုက်စ်၏ အထက် အရာရှိ ဖြစ်ခဲ့သူများ ကလည်း ထိုအချက်များ ကြောင့်ပင် သူမကို သင်ကြားရေး အတွက် ရွေးချယ် ခဲ့သည်ဟု ဆိုကြသည်။
အမည် မဖော်လိုသည့် လုပ်ဖော် ကိုင်ဖက် တစ်ဦးကမူ ရိုက်စ်ပြုစုတဲ့ သုတေသန ကျမ်းတွေ ထဲမှာ တစ်ခြား တစ်ယောက်နဲ့ တွဲပြီး ပြုစုခဲ့တဲ့ ဂျာမနီ နိုင်ငံ အကြောင်း စာတမ်း ကလွဲရင် ကျန်တာ တွေက သာမန်ပဲ။ ဒါပေမယ့် သူမ တင်ပြချက်ကို နားထောင် လိုက်ရင်တော့ သူမကို အထင်ကြီး မိမှာ သေချာတယ်ဟု ဆိုခဲ့သည်။ ထိုကဲ့သို့ ရှုတ်ထွေးသော အကြောင်း အရာများကို ရှင်းလင်းအောင် ဖော်ပြနိုင်မှုနှင့် ဆွဲဆောင်မှု ရှိသည့် တင်ပြချက် များကြောင့်ပင် ၂ဝဝဝ ပြည့်နှစ် မဲဆွယ်ပွဲ ကာလတွင် ရိုက်စ်သည် ဘုရှ်၏ ယုံကြည် အားကိုးမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုင်ငံခြားရေး ဝန်ကြီး ဘဝတွင် ရိုက်စ်သည် အပြောနှင့် မပြီးတော့ပဲ လက်တွေ့ နယ်ပယ်တွင် ရလဒ် ကောင်းများ ရအောင် ဆောင်ရွက် ရတော့မည်ဖြစ်ရာ ယခုအချိန် အထိတော့ အောင်မြင်မှု ဟူ၍ ဘာမှ လက်ဆုပ် လက်ကိုင် မပြနိုင် သေးသည်ကို တွေ့ရသည်။
နီယိုကွန်တို့ကို မလွန်ဆန်နိုင်သူ
အချို့က ရိုက်စ် အနေဖြင့် နီယိုကွန် ထိပ်သီးများ ဖြစ်သော ချေယင်နီနှင့် ရမ်းစဖဲလ် တို့ကို မယှဉ်နိုင် သောကြောင့်၊ အမျိုးသား လုံခြုံရေး ကောင်စီ၏ အခန်းကဏ္ဍ ပျောက်ခဲ့ရသည် ဟု ဆိုသည်။ သို့သော် ထိုသို့ ဖြစ်ရခြင်းမှာ ရိုက်စ်၏ အားနည်း ချက်ထက် ဘုရှ်၏ စီမံခန့်ခွဲမှု ပုံစံကြောင့် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ ဘုရှ်က ယခင် သမ္မတများ ကဲ့သို့ မဟုတ်ပဲ ဒုတိယ သမ္မတ ချေယင်နီကို ကာကွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့် အာဏာများ အများအပြား ပေးအပ် ခဲ့ရာ ဒုတိယ သမ္မတရုံးသည် အမျိုးသား လုံခြုံရေး ကောင်စီ၏ စင်ပြိုင် ဖြစ်လာခဲ့ သည်။ ထို့ပြင် ဘုရှ်၏ ပင်ကိုယ် စရိုက် အရ ၎င်း၏ လက်အောက် အရာရှိများ အတွင်း အငြင်းအခုံ ဖြစ်မှု၊ စင်ပြိုင် ဖြစ်မှု များကို မနှစ်သက် သည့်အပြင် ထိုအငြင်းပွားမှု များအပေါ် ဝင်ရောက် ဆုံးဖြတ် ရန်လည်း ဝန်လေး သည်ကို တွေ့ရသည်။ ထို့ကြောင့် ရိုက်စ် အနေဖြင့် နီယိုကွန် များနှင့် ထိပ်တိုက် တွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ရှား နေခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် အီရတ် စစ်ပွဲတွင် အခြေအနေ ဆိုးလာ ချိန်တွင်မူ ဘုရှ်၏ ခွင့်ပြုချက်ဖြင့် ရိုက်စ်က ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် ပတ်သက်သော အရေး ကြီးသည့် ဆုံးဖြတ်ချက် များကို ကိုင်တွယ် ဆောင်ရွက် လာခဲ့သ ည်ကို တွေ့ရမည် ဖြစ်သည်။ ရိုက်စ် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာ ချိန်တွင်မူ အီရန် ပြဿနာ၊ မြောက်ကိုရီးယား အရေးအခင်း များတွင် ဒစ်ချေယင်နီ တို့နှင့် ကွဲလွဲသည့် ချဉ်းကပ် မှုများကို ပြုလုပ် နိုင်ခဲ့သည်။ ရမ်းစဖဲလ် နှုတ်ထွက် သွားပြီးချိန် တွင်မူ ရိုက်စ် အနေဖြင့် ပိုမိုလှုပ်ရှား လာနိုင်သည်ကို တွေ့ရ၏။ ထို့ကြောင့် ရိုက်စ် အနေဖြင့် နီယိုကွန် များကို မယှဉ်နိုင် ခြင်းမဟုတ်ပဲ သမ္မတ၏ လိုလား ချက်ပေါ် မူတည်ပြီး ထိပ်တိုက် မတွေ့အောင် ရှောင်နေခဲ့ပြီး သူမ အတွက် အခွင့်အရေး ပေးလားမည့် အချိန်ကို စောင့်နေ ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုရပေမည်။
သံတမန်ရေးရာ ကျွမ်းကျင်သူ
ရိုက်စ်ကို သံတမန် ရေးရာ ကျွမ်းကျင်သူ၊ စေ့စပ် ညှိနှိုင်းရေး သမားကောင်းဟု ဆိုလျှင် မှန်သည်ဟု ဝန်ခံရ ပေမည်။ သို့သော် တစ်ဆက်တည်း ၌ပင် ယခုအချိန်တွင် ထိုကျွမ်းကျင်မှု များမှာ အသုံးမဝင် လှတော့ ဟုလည်း ဆိုရပေမည်။ ဘုရှ် (အကြီး)လက်ထက် အမျိုးသား လုံခြုံရေး ကောင်စီတွင် ရိုက်စ်၏ အထက် အရာရှိ အဖြစ် ဥရောပနှင့် ဆိုဗီယက် ရေးရာ ဌာနကို တာဝန်ယူ ခဲ့သူ ရောဘတ် ဘလက်ဝဲလ်က အီရတ် စစ်ပွဲ၏ အကျိုး ဆက်ကြောင့် ရိုက်စ် အနေဖြင့် သိသာ ထင်ရှားသော သံတမန် ရေးရာ အောင်မြင်မှု များရအောင် စွမ်းဆောင် နိုင်ခြေ မရှိတော့ဟု ဆိုသည်။ ၎င်းကပင် အီရတ် စစ်ပွဲသာမ ဖြစ်ခဲ့ရင် ရိုက်စ်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဘဝနဲ့ နိုင်ငံခြားရေး ဝန်ကြီးဘဝ မှတ်တမ်း တွေက အတော် ကွာခြား သွားမှာ အမှန်ပဲဟု ဆိုခဲ့ ပြန်သည်။
သို့တိုင်အောင် ရိုက်စ်သည် မြောက် ကိုရီးယားနှင့် အီရန် ပြဿနာ များတွင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အောင်မြင်မှု အချို့ရအောင် လုပ်နိုင်ခဲ့ သေးသည်။ သို့သော် နီယိုကွန်များ အနေဖြင့် ဘုရှ်ကို အီရတ်တွင် စစ်ရေး နည်းလမ်း ဖြင့်သာ အောင်ပွဲခံ နိုင်သည်ဟု လက်ခံအောင် ဆွဲဆောင် ထားနိုင်ဆဲ ဖြစ်သည့် အပြင် အီရန်နိုင်ငံ အနေဖြင့် အနုမြူ လက်နက် ပိုင်ဆိုင်မှု မရှိအောင် စစ်ရေး နည်းလမ်း ဖြင့်သာ တားဆီး နိုင်မည်ဟု နားချ နေသည့် အန္တရာယ်လည်း ရှိနေ ပေသည်။ ထို့ကြောင့် နိုင်ငံတကာ ရေးရာ အထူးသဖြင့် အရှေ့ အလယ်ပိုင်းတွင် ရိုက်စ် အနေဖြင့် သူမ၏ သံတမန် ကျွမ်းကျင်မှုကို အသုံးချပြီး အောင်မြင်မှု ရနိုင်မည့် အခြေအနေမှာ နည်းပါး လွန်းလှသည် ဟုသာ သုံးသပ်ရ ပေမည်။
ပထမ သက်တမ်း များက အမှားတွေကို ပြင်မည့်သူ
ထိုအယူအဆမှာ တက်တက် စင်အောင် မှားသည်ဟု ဆိုရပေမည်။ ရိုက်စ်သည် အီရတ်ကို ဝင်တိုက်ခြင်း အပါအဝင် ပထမ သက်တမ်းတွင် ချမှတ်ခဲ့သော မဟာဗျူဟာ ရည်မှန်းချက်၊ ဆုံးဖြတ်ချက် အားလုံးကို သဘောတူသူ ဖြစ်သည်။ သူမနှင့် ရမ်းစဖဲလ်၊ ချေယင်နီတို့ ကွဲလွဲ သည်မှာ နည်းဗျူဟာ ပိုင်းတွင်သာ ဖြစ်၏။ ဒုတိယ သက်တမ်းတွင် ရိုက်စ် လုပ်မည့် အလုပ်မှာ ထို နည်းဗျူဟာ အမှားများကို ပြင်ဆင် ခြင်းသာ ဖြစ်ပေမည်။ ရိုက်စ်က သူမနှင့် ရင်းနှီးသူ များကို ဘုရှ်အစိုးရ အနေဖြင့် ပထမ သက်တမ်း၌ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်က အစွဲအလမ်း ဟောင်းများ၊ ပုံစံ အဟောင်း များကို ဖြိုချ နိုင်ခဲ့ပြီး ဖြစ်သောကြောင့် ဒုတိယ သက်တမ်းတွင် နိုင်ငံတကာ ဆက်ဆံရေး ကို အထူးသဖြင့် အရှေ့ အလယ်ပိုင်းတွင် အမေရိကန်တို့ လိုချင်သော ပုံစံဖြစ်အောင် အခြေချပေး ရတော့မည်ဟု ပြောပြခဲ့သည်။ သူမအနေဖြင့် နိုင်ငံခြားရေး ဝန်ကြီး ရာထူးကို မလိုချင် သော်လည်း ထိုရည်မှန်းချက်ကို အကောင်အထည် ဖော်ရန် အတွက် ယူခဲ့ရ သည်ဟုလည်း ဆိုသည်။
ထို့ကြောင့် အီရတ် စစ်ပွဲ အပါအဝင် အရှေ့ အလယ်ပိုင်းတွင် ကသောင်း ကနင်း ဖြစ်ပျက် နေမှုများကို ရိုက်စ်က နိုင်ငံတကာ ဆက်ဆံရေး စနစ်တစ်ခုမှ တစ်ခု အပြောင်းအလဲတွင် ကြုံတွေ့ လေ့ရှိသော အဖြစ်အပျက်ဟု ဝါရှင်တန်ပို့စ် သတင်းစာကို ရှင်းပြခဲ့ပြီး ထို ကသောင်းကနင်း ဖြစ်မှု များကြောင့် အမေရိကန်၏ ဦးဆောင်မှု ပိုမို လိုအပ် လာသည်ဟု ဆိုခဲ့သည်။ ရိုက်စ် အနေဖြင့် ထိုသဘော တရားကို နှစ်နှစ်ကာကာ ယုံကြည်ပြီး ပြောခြင်းလား၊ သို့မဟုတ် အထက်တွင် ဆိုခဲ့သလို သူမအကျိုး အတွက် ဘုရှ်အလိုကျ ပြောနေခြင်း လာဆိုသည် ကိုတော့ ဘုရှ်သက်တမ်း ကုန်ဆုံး ချိန်မှသာ သိနိုင်မည် ဖြစ်သည်။
အနာဂတ် သမ္မတလောင်း
အနာဂတ်တွင် ကွန်ဒိုလီ ဇာရိုက်စ်ကို ရီပတ် ဘလီကင် သမ္မလောင်း အဖြစ် မြင်ရတော့မည် လား၊ ရိုက်စ် ကတော့ လူသားတွေရဲ့ ဘဝကို ထာဝရ ဘုရားသခင်က ပြဋ္ဌာန်း ပေးထားပြီး ဖြစ်သည် ဟု ယုံကြည် နေသည်။ သူမကတော့ စန္ဒရား ပညာရှင် ဖြစ်ရမည် ဆိုသည့် ငယ်အိမ်မက် ပျက်ပြယ် သွားထဲက ရေရှည် ရည်မှန်းချက်တွေ၊ အိမ်မက်တွေ မထားတော့ဟု ဆိုသည်။ ( စန္ဒရား ပညာရှင် ဖြစ်လိုသော အိမ်မက်က ၁၇ နှစ်သမီး အရွယ်တွင် ပျက်သွားခဲ့သည်။) သို့သော် သူမ၏ ပညာရေး နောက်ခံနှင့် အစိုးရ အဖွဲ့အတွင်း အရေးပါသော ရာထူးများကို ထမ်းဆောင် ခဲ့သည့် အတွေ့အကြုံ များကြောင့် အနာဂတ်တွင် အရေးပါသော တာဝန်တွေ ထမ်းဆောင် ရဦးမည်ကတော့ သေချာလှ သည်။
ရိုက်စ်၏ မိတ်ဆွေ တွေကတော့ သူမကို အနာဂတ်တွင် နိုင်ငံတကာ ကော်ပို ရေးရှင်း များ၏ အမှုဆောင် အရာရှိချုပ်၊ ဒါမှမဟုတ် ပြည်နယ် အုပ်ချုပ် ရေးမှူး ဖြစ်လာမည်ဟု ထင်နေကြသည်။
ထို့ပြင် နောင် တစ်ချိန်တွင် ဒုတိယ သမ္မတ ရာထူး အတွက်လည်း တာဝန် ယူကောင်း ယူနိုင်ပေသည်။ သို့သော် သမ္မတလောင်း ရိုက်စ် အဖြစ် တွေ့ရဖို့ကတော့ အလှမ်း ဝေးလွန်း လှသည်ဟု ဆိုရပေမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Think Again: Condoleezza Rice By Marcus Mabry, Foreign Policy, May/ June, 2007
၂။
The wieght of the world, by Romesh Ratnesar and Elaine Shinnon, Time, 19-2-2007

No comments:

Post a Comment