Monday, October 14, 2013

သင်္ကြန်လွမ်းပုံပြင်

သင်္ကြန် ဆိုတော့ နှစ်ဟောင်းက အညစ် အကြေး တွေကို အတာရေနဲ့ ဆေးတဲ့ ပွဲပေါ့။ ပျော်ချင်တိုင်း ပျော်နေ သူတွေ၊ ပိတောက် ပန်းတွေ၊ ရွဲရွဲ စိုအောင် လောင်းလိုက်တဲ့ ရေတွေ၊ ရေတွေ---
ဒါပေမယ့် တစ်ခုသော သင်္ကြန် ကာလ မှာတုံးက ကျွန်တော်တို့ တစ်တွေ ရေငတ်လို့ သေမလို ဖြစ်ခဲ့ ရသည်။ ရေသောက် လို့လည်း သေခဲ့ ရသည်။ တောမီး ၀ိုင်းလို့ ပြေးခဲ့ ရသည်။ အိမ်မက်ထဲ အထိ တိုက်ပွဲ ဖြစ်လို့ အလန့် တကြား ဖြစ်ခဲ့ ရသည်။
၁၉၈၀ ပြည့်လွန် နှစ်များ အတွင်းက ဖြစ်သည်။ ထိုင်း နယ်စပ်သို့ သွားသည့် မှောင်ခို လမ်း တစ်နေရာမှာ ကျွန်တော်တို့  တပ်ရင်းနှင့် တစ်ဘက် လက်နက်ကိုင် အဖွဲ့ အစည်းတို့ အကြီး အကျယ် တိုက်ပွဲ ဖြစ်ခဲ့ ကြသည်။ နေရာက သံလွင်မြစ် အရှေ့ဘက်၊ အဲဒီ နေရာမှာ မှောင်ခို လမ်းကြောင်းက တောင်ကြော တစ်ခုကို ဖြတ်သွား ရသည်။ ထိုတောင် ကြားလမ်းကို ကျွန်တော်တို့က ဖြတ်ဖို့ ကြိုးစားသည်။ ထိုတောင် ကြောကို ကျော်လိုက်ရင် တစ်ဖက် အဖွဲ့အစည်း၏ နယ်စပ် ဒေသ မှောင်ခို စခန်း ကြီးကို သွားသည့် လမ်းမကြီးက ဖြူးနေတော့ ကျွန်တော်တို့ တပ်တွေ မကျော် နိုင်အောင် တစ်ဘက်က အခိုင်အမာ နေရာယူပြီး ဟန့်တားသည်။ ဒီလိုနဲ့ တိုက်ပွဲ အကြီး အကျယ် ဖြစ်ခဲ့ တာပဲ ဖြစ်၏။
တိုက်ပွဲ စသည့် ရက်က ဧပြီလ ၁၄ ရက် ဖြစ်သည်။ သင်္ကြန် အကျလား၊ အကြတ်လား မမှတ်မိတော့။ တိုက်ပွဲ ဖြစ်သည့် တောင်ကြောက ကျောက် တောင်ကြော၊ အကြီးဆုံး သစ်ပင်ကမှ ပေါင်လုံး လောက်သာ ရှိသည်။ နွေဆိုတော့ သစ်ပင်တွေ ကလည်း အရိုး ပြိုင်းပြိုင်း။  သူတို့က တောင်ထိပ်မှာ ကျွန်တော် တို့က တောင်စောင်းမှာ။ သူတို့ နောက်ကြောဘက် တောင်ခြေမှာ သံလွင်မြစ် အတွင်းသို့ စီးဝင် နေသည့် ချောင်းကြီး ရှိသည်။ ကျွန်တော် တို့က နောက်ဘက် တစ်မိုင် လောက် တောင်ခြေမှာ ရှိသည့် မှောင်ခို အထမ်း သမားတွေ တူးထားသည့် ရေတွင်း တစ်တွင်းသာ ရှိသည်။
တောင်က လည်းမတ်၊ အကာ အကွယ် ကလည်း နည်းဆိုတော့ ည အမှောင်ထုကို အကာ အကွယ် ယူပြီး တိုက်ရသည်။ တစ်ညလုံး လက်နက် ကြီးတွေ အပြန် အလှန် ပစ်ကြ၊ ကျွန်တော်တို့ဘက်က ညာသံ ပေးပြီး တက်လိုက်။ သူတို့ဘက်က စုပြုံပစ်ချိန် တွင် ကျွန်တော်တို့ လန်ကျလာပြီး ရောက်တဲ့ နေရာမှာ ခြေကုတ် ယူထား လိုက်နဲ့။  တစ်ညလုံး ပက်ကျိ သွားသလို တစ်ရွေ့ရွေ့ သာရှေ့ကို တိုးရသည်။
နေ့ခင်းဘက် ဆိုရင်တော့ ရောက်တဲ့ နေရာမှာ ၀ပ်နေ။ အပေါ်က ကိုယ်တော်ချော တွေကလည်း နည်းနည်းလေး လှုပ်တာ နဲ့ လက်နက်ငယ်၊ အာရ်ပီဂျီ တွေနဲ့ စုပြုံ ပစ်တော့သည်။ နောက်ပြီး နေရာက ကျောက်တောင် ဆိုတော့ ကျည်ဆန်မှန်တာ၊ ဗုံးစ မှန်တာထက် ကျောက်စတွေ မှန်ပြီး ထိခိုက် တာက ပိုများသည်။
ရန်သူ ပစ်တာ ထက် ပိုပြီး ဆိုးတာက ရေငတ်တာ၊ နေပူတာနဲ့ ဗိုက်ဆာ တာပဲ ဖြစ်သည်။ ဟိုး နောက်ဘက်က ပို့ပေးလိုက် တဲ့ ရေက ရှေ့က တိုက်နေတဲ့ လူဆီ ရောက်ဖို့  ညဘက်ကျမှ ခက်ခက် ခဲခဲ ပို့ပေး ရသည်။ ။ ရလာတဲ့ ရေကလည်း နည်းနည်း လေး၊ ပြီးနောက် နောက်ကျိပြီး ရွံ့စော်က နံသေးသည်။ မတ်ခွက် တစ်ခွက် စာလောက် ရှိသည့် ရေကိုပင် တစ်နေ့စာ အတွက် ချွေတာ သောက်ရ သည်။ ထမင်းကလည်း ညကျမှ ပို့ပေး နိုင်သည်။ ရောက်လာ တော့လည်း ဖုံတွေ သဲတွေ အလူးလူး။ ဟင်း တောင်မပါ။ ညတစ်ခါ စားပြီးလျှင် ပြီးပြီ။ ရေသောက် ဗိုက်မှောက်လို့ ပြောလေ့ ရှိပေမယ့် အဲဒီတုန်း ကတော့ ကျွန်တော်တို့ တစ်တွေ ရေမသောက် ရဘဲ တစ်နေကုန် ဗိုက်မှောက် နေခဲ့ ရသည်။
 ခက်တာက တိုက်ပွဲ ဖြစ်ချိန်တွင် ရေပို ငတ်သည်။ ရဲဘော် တွေကတော့ ယမ်းခိုး တွေကြောင့် ရေပို ငတ်တာလို့ ပြောကြ သည်။ ကျွန်တော် ကတော့ ကြောက်စိတ်၊ စိုးရိမ်စိတ် တွေကြောင့် ရေပို ငတ်တာ လို့ပဲ ထင်သည်။ ဘာပဲ ဖြစ်ဖြစ် အစာပြတ် ရေပြတ်ဒ ဏ်ကို ကြံ့ကြံ့ခံ တိုက်လိုက် သည့်အခါ တတိယ မြောက်နေ့ မနက်တွင် ရန်သူတွေ ဆုတ်ခွာ သွားကြသည်။ ဒီလို ဆုတ်သွားသော ရန်သူ နောက်သို့ ချက်ခြင်း လိုက်စစ်ဆင် ရသည်။ တောင်အောက် ရောက်မှာ ရေတွေ့မှာ ဆိုတော့ ရဲဘော် တွေကလည်း တလကြမ်း လိုက်စစ်ဆင် တော့တာ ပါပဲ။
တောင်ခြေကို ကျွန်တော်တို့ စစ်ကြောင်း ရောက်တော့ ရွာတစ်ရွာ တွေ့သည်။ ရွာသားတွေ ကတော့ ထုံးစံ အတိုင်း တောထဲ ပြေးကုန် ကြပြီ။ ရွာထိပ်မှာ ရေတွင်း တစ်တွင်း ရှိသည်။ တောရွာ တွေမှာ တွေ့လေ့ ရှိသည့် အတိုင်း အရိပ် ကောင်းကောင်း သစ်ပင်ကြီး၊ သစ်သား ဘောင်ခတ် ထားသည့် ရေတွင်းကြီး။
ရှေ့ပြေး တပ်ခွဲက ရဲဘော်တွေ၊ ရန်သူကို မေ့သွားပြီး ရေတွင်း ဆီကို အပြေး သွားကာ ရေခတ်ပြီး အားရ ပါးရ သောက်ကြသည် ။ တပ်ခွဲမှူးက ဟေ့ ရွာကို အရင်ရှင်း  ပြီးမှ ရေသောက်လို့ အော်နေတာ ကိုပင် ဂရုမစိုက် ကြတော့။ နောက်က လိုက်လာတဲ့ တပ်ခွဲတွေ ကလည်း ရေဆိုတဲ့ အသံ ကြားတာနဲ့ ပြေးတက် လာကြ တော့သည်။ ရေ၀ိုင်းသောက် နေတုံးမှာပဲ ခွဲ (၁)က စစ်သည် တစ်ဦး ၀ုန်းကနဲ ပစ်လဲသွားသည်။ ကြည့်လိုက်တော့ တခွီးခွီးနဲ့  တက်သလို ဖြစ်နေ၏။ ဆေးတပ် သားတွေ ၀ိုင်း ပြုစုနေသည့် ကြားကပဲ ခဏနေတော့ အသက်ရှု ရပ်ပြီး ဆုံးပါး သွားတော့သည်။ ဘေးက ရဲဘော် တွေကတော့ ရေကို ပုံးလိုက် မော့သောက် နေရင်း လဲကျ သွားတာလို့ ဆိုသည်။  နှစ်ရက်ကြာ တိုက်ပွဲတွင် ဘာမှ မဖြစ်ဘဲ  ရေသောက်ရင်း ကျဆုံးသွား သည့် ရဲဘော် အတွက် အားလုံး စိတ်မကောင်း ဖြစ်ခဲ့ရသည်။ တပ်ရင်းမှူး ဆိုလျှင် တောက် တစ်ခေါက် ခေါက်နဲ့ မပြီးနိုင်တော့။
ဆုတ်ခွာ သွားသော ရန်သူ တွေကို ရှင်းပြီး သည်နှင့် အဲဒီ ဒေသမှာ နေရာ ယူရသည်။ နောက်ထပ် တပ်ရင်း တစ်ရင်းလည်း ရောက်လာသည်။ ကျွန်တော်တို့ တစ်တွေက သံလွင်မြစ် အနောက်ဘက် ခြမ်းမှာ ကျွန်တော်တို့ တပ်တွေနဲ့  တိုက်ပွဲ ဖြစ် နေသည့် တစ်ဘက် အဖွဲ့အစည်းက တပ်ဖွဲ့တွေ သံလွင်ကို ဖြတ်ပြီး နယ်စပ် စခန်းဆီသို့ မပြန် နိုင်အောင် ကူးတို့ဆိပ် နေရာ များကို ပိတ်ဆို့ ထားခြင်း ဖြစ်သည်။  တပ်ဖြန့်ပုံကို မျက်စိထဲ မြင်အောင် ပြောရလျှင် အင်္ဂလိပ် အက္ခရာ L ပုံ။ အရှည်ဘက် ကျွန်တော်တို့ တပ်ရင်း၊ အတိုဘက်က နောက်တပ်ရင်း တစ်ရင်း။ ကျွန်တော် တို့က သံလွင်မြစ် အတိုင်း၊ နောက် တပ်ရင်းက သံလွင် မြစ်ကို စီးဝင် နေသည့် ချောင်းအတိုင်း နေရာ ယူထားခြင်း ဖြစ်သည်။ ကျွန်တော်တို့ ကြောဘက် မှာက ပေ ခုနှစ်ရာ၊ ရှစ်ရာ မြင့်သော တောင်ကြော တစ်ကြော ရှိသည်။ အဲဒီ တောင်ကြော ပေါ်မှာတော့ တပ်ခွဲ တစ်ချို့ တင်ထားသည်။
ဒီဒေသမှာ အခြေခံ နေသည့် တစ်ဘက် အဖွဲ့အစည်းက ကျွန်တော် တို့ထက် ပိုလျှင်သည်။ သူတို့ တပ်တွေ ပြန်ဆုတ်နိုင် အောင် မူလထဲက ကျွန်တော်တို့ ရှိနေသည့် နေရာ အထက် အတော် ဝေးဝေးမှာ ဖောင်တွေ လုပ်ပြီး သိုဝှက် ထားပြီး ဖြစ်သည်။ ဒီတော့ ကျွန်တော်တို့က ကူးတို့ဆိပ် တွေမှာ ဖင်ထိုင်ပြီး စောင့်နေ ချိန်မှ သူတို့က အပေါ်ဘက်က သံလွင်ကို ဖြတ်နိုင် ခဲ့သည်။ ပြီးတော့ ဒီလို ဖြတ်ရုံနဲ့ မပြီး ကျွန်တော် တို့ကို နောက်ကြော ဘက်က ၀င်တိုက် ပြန်သည်။
တိုက်ပွဲ စဖြစ်တော့ နေ့လည်ဘက်။ ရန်သူက နောက်ဘက် တောင်ကြော တွေမှာ နေရာယူ ထားသည့် တပ်ခွဲ တွေကို စတိုက် သည်။ တကယ်တော့ တိုက်သည် ဆိုတာထက် မီးတင် ရှို့သည် ဆိုတာက ပိုမှန်သည်။ လက်နက် ကြီးတွေနဲ့ ပစ်သည့် အပြင် နွေခေါင်ခေါင် ခြောက် သယောင်း နေသည့် တောကိုပါ မီးရှို့ လိုက်သည့်အတွက် အဲဒီပေါ်က တပ်ခွဲတွေ လန်ကျ လာသည်။ ရန်သူက အဲဒီ တောင်ကြောပေါ် ရောက်ပြီ ဆိုတော့ မြစ်ဘေးမှာ ရှိနေသည့် ကျွန်တော်တို့ ဘယ်လိုမှ နေလို့ မရတော့ နေရာ ရွှေ့ပြောင်း ယူရေ တာ့သည်။ ဟိုဘက် တပ်ရင်းလည်း ကျွန်တော်တို့ လိုပင် တစ်ပြိုင်တည်း အတိုက်ခံ နေရတော့ တောင်မင်း မြောက်မင်း မကယ်နိင်။
တကယ်တော့ နေရာ ရွှေ့ပြောင်း ယူသည် ဆိုသည်က နားခံ သာအောင် ပြောခြင်း မျှသာ။ နေရာ ရွှေ့ယူတယ် ပြောပြော၊ အောင်မြင်စွာ ဆုတ်ခွာတယ် ဆိုဆို၊ ခွာစစ် ဆင်တယ် လို့ပဲ သုံးသုံး။ မိမိ စခန်း၊ မိမိ ယာယီ ခံစစ် နေရာ ကနေ ဆုတ်ရပြီ ဆိုထဲက ကသောင်း ကနင်း ဖြစ်ရ သည်သာ။ အခုလို ရန်သူ ပစ်သည့် လက်နက်ကြီး ကျည်ဆံတွေ တချိမ်းချိမ်း ကွဲနေ၊  ၀ါးတောတွေ ကလည်း မီးတွေ လောင်နေ ချိန်မှာ ဆုတ်ခွာ ရတော့ ပိုဆိုးသည်။ လူမကွဲအောင်၊ အရေး ကြီးသည့် လက်နက် ခဲယမ်းတွေ မကျန် ခဲ့အောင် အတော် ကွပ်ကဲ ရသည်။ အရင် တိုက်ပွဲက ဒဏ်ရာ ရထား သူတွေ၊ အခုတိုက်ပွဲမှာ ဒဏ်ရာရ သူတွေ ကိုလည်း ထမ်းပိုး သယ်ဆောင် ရသည်။  ကျွန်တော့် အတွက် ဆိုရင်တော့ ဒီလို ဆုတ်ခွာ ရခြင်းသည် ပထမဆုံး အတွေ့ အကြုံ ဖြစ်သည့် အတွက် တပ်စုကို ကွပ်ကွဲ ဖို့ထက် ကိုယ်လူ ကွဲပြီး ကျန်ခဲ့မှာ ကြောက်သည့် စိတ်က ပိုခဲ့ သည်ဟု ရှက်ရှက်နှင့် ၀န်ခံ ရမှာပဲ ဖြစ်သည်။ အခု နေမင်း အဲဒီအချိန်က ဘယ်လို ကွပ်ကဲ ခဲ့တုံးလို့ မေးရင် ရှေ့က ရဲဘော် နောက်ကျောကို မျက်ခြေ မပြတ်  ကြည့်ပြီး လိုက်ခဲ့ ပါတယ်လို့ပဲ ဖြေရမည် ဖြစ်သည်။
ညနေစောင်းမှ တပ်ခွဲတွေ အားလုံး နေရာသစ်မှာ ပြန်လည် စုဖွဲ့ နေရာယူ နိုင်ခဲ့သည်။ ဒါတောင် ညဘက်မှာ ရန်သူလာ တိုက်ဦး မလား ဆိုသည့် စိုးရိမ်မှုက လူတိုင်း ထံတွင် ရှိနေဆဲ ဖြစ်သည်။ ဒီလိုနဲ့  မနက် တစ်နာရီ လောက်မှာ သေနတ်သံ နှစ်ချက် ကြားလိုက် ရသည်။ အိပ်နေသူ တွေရော၊ ကင်းစောင့် နေသူ တွေရော ထနေရာ ယူပြီး ဟေ့ ဘယ်ကလဲ၊ ဘယ်သူ ပစ်တာလဲ စသည်ဖြင့် အော်မေး သံတွေ ဆူသွားသည်။ ဘယ်ကင်း သမားကမှ ပစ်တာ မဟုတ်၊ လိုက်စစ် လိုက်တော့ ရဲဘော် တစ်ယောက် အိမ်မက် ထဲမှာ ရန်သူတွေနဲ့ ထွေးလုံး ရစ်ပတ် တိုက်ခိုက်ရင်း တကယ် ထပစ် လိုက်တာ ဖြစ်သည်။ သူပစ်လိုက်တာ ကြောင့် တပ်စိတ် တစ်စိတ် ထဲက ရဲဘော် တစ်ဦး အိပ်နေရင်း ပေါင်ကို ကျည်ဆံ ထိသွားသည်။ ပစ်မိသော ရဲဘော် မှာလည်း ကြောင်တောင် တောင်နဲ့ သူဘာ လုပ်မိ မှန်းပင် သိပုံ မရ။ တော်ပါေ သးရဲ့ တကယ်လို့များ အိမ်မက် ထဲမှာ လက်ပစ် ဗုံးနဲ့ ထပစ် လိုက်ရင် ခက်ရ ချည်ရဲ့။ ဘာပဲဖြစ်ဖြစ် ကျည်ထွက် သွားသော ရဲဘော်ကို စစ်စည်းကမ်း အရ အရေး ယူရန် အတွက် ဆက်လုပ် ရတော့သည်။ တပ်ရင်းမှူး ကတော့ တာဝန်အရ လုပ်ရ ပေမယ့် စိတ်မကောင်း ဖြစ်နေပုံ ရသည်။ သူလည်း တိုက်ပွဲရဲ့ ဖိစီးမှုဒဏ် တွေကို ခံခဲ့ဖူးတာကိုး။ အဲဒီ ဧပြီလ တစ်လလုံး ကတော့ တိုက်ပွဲ တွေနဲ့ လုံးချာ လည်ရင်း ပြီးသွား ခဲ့သည်။
၂၀၁၃ ခုနှစ် မှာတော့ နေပြည်တော်က သင်္ကြန် မဏ္ဍပ် တစ်ခုမှာ ကျွန်တော် ရောက်နေသည်။ မြူးမြူး ကြွကြွ သီဆို နေသည့် အဆိုတော် များရှေ့မှာ လူပင်လယ်ကြီး။ သံပြိုင် ညီညီ လိုက်ဆိုလို့၊ လက်တွေ ပြိုင်တူ မြှောက်ရင်း ယိမ်းကလို့ ၊ ရေပက်ခံ ကားတွေ ကလည်း တစ်သီ တစ်တန်းကြီး။ မဏ္ဍပ် ပေါ်က ရေပက်သူ များကလည်း ရွှဲရွှဲ စိုအောင် ပက်လို့။
ဒါတွေကို ကြည့်ရင်း သင်္ကြန် ကာလ ရေငတ် ခဲ့ပုံ၊ တိုက်ပွဲတွေ ဖြစ်ခဲ့ ပုံတွေကို သတိရ မိသည်။ နှစ်ပေါင်း သုံးဆယ်ခန့် အကြာ မှာတော့ ကျွန်တော်တို့ အသေအလဲ တိုက်ပွဲ ၀င်ခဲ့သည့် ဒေသတွေမှာ သေနတ် သံတွေ စဲသွား ခဲ့ပြီ။ အဲဒီ ဒေသသာ မဟုတ် တစ်နိုင်ငံလုံး နီးပါး နှစ်ပေါင်း ခြောက်ဆယ်ကျော် အတွင်း ပထမဆုံး အကြိမ် အဖြစ် သေနတ် သံတေ စဲခဲ့ပြီ။ လက်နက်ကိုင် တိုက်ခဲ့ သူတွေ ကြားမှာသာ မဟုတ်၊ နိုင်ငံရေး အရ သဘောထား ကွဲခဲ့၊ ရန်စောင် ခဲ့သူတွေ ကြားမှာလည်း တူတာတွေ တွဲလုပ် ဖို့အတွက် စိတ်တူ ညီမျှ ရှိခဲ့ ကြပြီ။ နှစ်ပေါင်း များစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူတွေ အနေနဲ့ မိမိတို့ အနာဂတ် အပေါ် အကောင်း မြင်မှု ရှိလာခဲ့ပြီ။ အစိုးရနဲ့ ပြည်သူ များကြား ခြားထားသည့် တံတိုင်း ကြီးတွေ ပြိုလဲ သွားခဲ့ လေပြီ။
ဒါပေမယ့် အားလုံးပြီး ပြည့်စုံ တာတော့ မဟုတ်သေး။ ဟိုး အရှေ့မြောက် တစ်နေရာမှာ သေနတ်သံ တစ်ချက် နှစ်ချက် ကြားနေ ရသေးသည်။ ယုံကြည် မှုတွေ များလာ သလို သံသယ အပိုင်းအစ တစ်ချို့လည်း ရှိနေ သေးသည်။ မတူကွဲပြား မှုတွေကို မညီရင် ညီအောင် ညှိမယ် ဆိုနေ ချိန်မှာပဲ မတူတာ တွေကို ပုံကြီး ချဲ့ချင် သူတွေ ရှိနေ သေးသည်။ လွတ်လပ်မှု တွေအတွက် ပြောနေ ပေမယ့် တာဝန်ယူမှု အတွက် ရှောင်လွှဲ ချင်သူ တွေလည်း ရှိနေ သေးသည်။ နောက်ဆုံး ကျွန်တော်တို့ ရေပတ် နေချိန်မှာ ရွှေ ကိုမလို ရေ ကိုသာ လိုပါသည်ဟု တမ်းတ နေသူ တွေလည်း အများ အပြား ရှိနေဆဲ ဖြစ်သည်။
ဒီတော့ သင်္ကြန်မှာ ပျော်သူတွေ များသလို မပျော် နိုင်သူ တစ်ချို့လည်း ရှိနေေ သးသည်ကို ကျွန်တော်တို့ အသိအမှတ် ပြုရ ပေမည်။ အားလုံး ပျော်နိုင်သည့် သင်္ကြန် ဖြစ်ဖို့ အတွက် အားလုံးက ကြိုးစား ရပါ ဦးမည်။ အဲဒီ အချိန် ရောက်ရင်တော့ မြန်မာ ဟေ့လို့ ကျွန်တော်တို့ အားလုံး လက်ခမောင်း ခတ်နိုင်မည် ဖြစ်သည်။
ရဲထွဋ်

Facebook စာမျက်နှာမှ 

No comments:

Post a Comment