Thursday, October 10, 2013

ဘယ်လမ်းရွေးမလဲ ဘင်္ဂလားဒေ့ရှ်

၂ဝဝ၆ ခုနှစ် အောက်တို ဘာလမှ စတင်ပြီး ရွေးကောက်ပွဲ အသစ် ကျင်းပရေး အတွက် အဝါ မီလိဂ် ပါတီနှင့် ဘင်္ဂလား ဒေ့ရှ် အမျိုးသားရေး ပါတီ အကြား အငြင်း ပွားမှုသည့် ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် သမ္မတ အာဂျူဒင် အာမက် က ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ထောက်ခံမှုဖြင့် အရေးပေါ် အခြေအနေ ကြေညာ ခဲ့ပြီးနောက် အိမ်စောင့် အစိုးရ ဖွဲ့စည်း လိုက်ချိန်တွင် နိဂုံးချုပ် သွားခဲ့သည်။ ယခု အချိန်တွင် ဗဟိုဘဏ် အကြီး အကဲဟောင်း ဖာရူဒင် အာမက်က ကြားဖြတ် အစိုးရ အဖွဲ့ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ပြီး နိုင်ငံကို စစ်အုပ် ချုပ်ရေး အမိန့် ထုတ်ပြန် အုပ်ချုပ် လျှက်ရှိသည်။ ဖရူဒင်အာမက်၏ တရားဝင်ရာထူးမှာ သမ္မတ၏ အကြံပေး အရာရှိချုပ် ဖြစ်သော်လည်း လက်တွေ့ တွင်မူ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက် နေခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် အာမက်သည် သူ၏ အစိုးရ အဖွဲ့ကို နိုင်ငံရေး သမားများ လုံးဝမပါပဲ ပြည်သူ့ ဝန်ထမ်းများ၊ အသိ ပညာရှင်၊ အတတ် ပညာရှင် များဖြင့်သာ ဖွဲ့စည်း ခဲ့သည်။ အိမ်စောင့် အစိုးရက နိုင်ငံရေး လှုပ်ရှားမှု အားလုံးကို ပိတ်ပင် ထားပြီး ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပရမည့် ရွေးကောက်ပွဲ ကိုလည်း အကန့် အသတ်မရှိ ရွှေ့ဆိုင်း ထားခဲ့သည်။ ထို့ပြင် နိုင်ငံရေး ခေါင်းဆောင် အများအပြား ကိုလည်း လိုက်လံ ဖမ်းဆီး လျှက်ရှိကာ တပ်မတော်က ငြိမ်ဝပ် ပိပြားရေး အတွက် တင်းတင်း ကျပ်ကျပ် ကိုင်တွယ် ဆောင်ရွက်လျှက် ရှိနေသည်။ ထိုအခြေ အနေများကို အပေါ်ယံ ကြည့်လိုက် လျှင်မူ ၁၉၉၁ ခုနှစ်က စပြီး ပါတီစုံ ဒီမို ကရေစီ စနစ် ကျင့်သုံး ခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသည် နောက်ပြန် ဆုတ်သွားပြီ ဟုဆိုရန် ရှိသော်လည်း ဘင်္ဂလားဒေ့ရှ် ပြည်သူ အများ အပြား က ထိုလုပ်ဆောင် ချက်များကို ထောက်ခံလျှက် ရှိနေ သည်ကို တွေ့ရသည်။ သာမန် အားဖြင့် ဒီမို ကရေစီနှင့် လူ့အခွင့် အရေးကို အလေး ထားသော ဘင်္ဂလားဒေ့ရှ် ပညာတတ် အသိုင်း အဝိုင်းနှင့် စာနယ်ဇင်း များကပင် အိမ်စောင့် အစိုးရ၏ လုပ်ဆောင် ချက်များကို ထောက်ခံ နေသည်ကို တွေ့မြင်ရသည်။ တကယ် တော့လည်း ဘင်္ဂလားဒေ့ရှ် ပြည်သူများ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပါတီစုံ စနစ်ကို အဂတိ လိုက်စားမှုများ၊ နိုင်ငံရေး အကျင့်ပျက် မှုများ၊မဲလိမ် မှုများ၊ ဆူပူ အကြမ်းဖက် မှုများနှင့် တွဲမြင်ပြီး စိတ်ပျက် နေသည်မှာ ကာလ အတန်ကြာ နေပြီဖြစ်သည်။
အတိတ် သမိုင်း
ဘင်္ဂလား ဒေ့ရှ်၏ ပါတီစုံ နိုင်ငံရေး စနစ်သည် အဓိက နိုင်ငံရေး ပါတီနှစ်ခု ဖြစ်သည့် အဝါမီလိဂ် နှင့် ဘင်္ဂလားဒေ့ရှ် အမျိုး သားရေး ပါတီနှစ်ခု စစ်ခင်းရာ စစ်မြေပြင် ဖြစ်ခဲ့ သည်မှာ ကြာပြီ ဖြစ်သည်။ ထိုထက်ပိုပြီး တိတိကျကျ ပြောရလျှင် ပါတီ ခေါင်းဆောင် နှစ်ဦး ဖြစ်သည့် ရှိတ်ဟာ ဆီနာနှင့် ခါလီ ဒါဇီယာ တို့သည် ပုဂ္ဂိုလ်ရေး အရ တစ်ဦးနှင့် တစ်ဦး တူးတူး ခါးခါး မုန်းတီး နေကြရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသည် ထိုခေါင်းဆောင် နှစ်ဦးတို့ စစ်ခင်းရာ စစ်မြေပြင် ဖြစ်လာ ခဲ့သည်။ ထို့ကြောင့် ပါတီ တစ်ခုက ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ကျန်ပါတီက တာဝန် သိသော အတိုက်အခံ အဖြစ် လွှတ်တော်တွင် ရပ်တည် ရမည့် အစား ရွေးကောက်ပွဲကို တရား မျှတမှု မရှိဟု စွတ်စွဲခြင်း၊ လွှတ်တော်တွင် တက်ရာက်မှု မရှိပဲ သပိတ် မှောက်ခြင်း၊ အထွေထွေ သပိတ် ဆင်နွဲခြင်းဖြင့် အခြား ပါတီမှ အုပ်ချုပ်၍ မရအောင် အမျိုးမျိုး လုပ်ဆောင် ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင် အဓိက နိုင်ငံရေး ပါတီကြီး နှစ်ခု အနေဖြင့် မိမိ အုပ်ချုပ်သည့် အချိန်တွင် အစိုးရ ရာထူး နေရာများ၊ စီးပွားရေး အခွင့်အလမ်း များကို ပါတီ ထောက်ခံသူ များကိုသာ ခွဲဝေ ပေးခြင်း၊ အတိုက်အခံ ပါတီ ထောက်ခံသူ များကို နှိပ်ကွပ်ခြင်း တို့ကိုသာ အလေးထား လုပ်ဆောင်ခဲ့ ကြသည်။ နောက်ဆုံး ၂ဝဝ၆ ခုနှစ် အောက်တို ဘာလတွင် လက်ရှိ ဝန်ကြီးချုပ် ခါလီ ဒါဇီယာ၏ အစိုးရ သက်တမ်း ကုန်ဆုံး ပြီးနောက် နောက်ထပ် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အငြင်း ပွားရာမှ အထွေထွေ သပိတ်များ၊ လမ်းပေါ် ရိုက်ပွဲများ ဖြစ်ပွားက အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာ ခဲ့ပြီးနောက် တပ်မတော်၏ ထောက်ခံမှုဖြင့် သမ္မတက အရေးပေါ် အခြေအနေ ကြေညာ ခဲ့ရခြင်း ဖြစ်ပေသည်။
အိမ်စောင့် အစိုးရ
အိမ်စောင့် အစိုးရ၏ ပထမဆုံး လုပ်ဆောင်ချက်မှာ ပါတီ နှစ်ခုကြား လမ်းပေါ် တိုက်ပွဲများ ရပ်တန့်သွား စေရန် အတွက် လုံခြုံရေး တပ်ဖွဲ့ များကို ချထားပြီး ငြိမ်ဝပ် ပိပြားရေးကို ရအောင် ဆောင်ရွက် ခဲ့ခြင်းပင် ဖြစ်သည်။ အခြေအနေ တည်ငြိမ် သွားပြီးသည့် အချိန်တွင်မူ အိမ်စောင့် အစိုးရသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး လောကမှ အကျင့် ပျက်မှုများ၊ အာဏာ အလွဲ သုံးစား လုပ်မှုများကို ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်း နိုင်ရန် ဆောင်ရွက် ခဲ့သည်။ ယနေ့ အချိန်အထိ ဝန်ကြီးဟောင်းများ၊ ပါတီ ခေါင်းဆောင် များနှင့် အစိုးရ အရှိကြီး ၁၆ဝ ကျော်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စီမံချက် အရ ဖမ်းဆီး အရေးယူ ထားခြင်း ခံထားရသည်။ ထိုအထဲ တွင် အဓိက နိုင်ငံရေး ပါတီ နှစ်ခုက အကောင် ကြီးကြီး များလည်း ပါဝင်ရာ ၎င်းတို့အနက် အဆင့်မြင့်ဆုံးမှာ ဝန်ကြီး ချုပ်ဟောင်း ခါလီဒါ ဇီယာ ၏သား တာရစ် ရာမန် ဖြစ်သည်။ ခါလီ ဒါဇီယာ၏ အရိုက်အရာ ဆက်ခံမည့် သူအဖြစ် ထင်ရှားသည့် တာရစ် ရာမန်သည် ယခုအခါ ဆောက်လုပ်ရေး လုပ်ငန်း ရှင်များကို ခြိမ်းခြောက်ငွေ တောင်းခံမှုဖြင့် တရား ရင်ဆိုင်လျှက် ရှိသည်။
အိမ်စောင့် အစိုးရ ခေါင်းဆောင် ဖာရူဒင် အာမက်က တိုင်း မဂ္ဂဇင်းနှင့် တွေ့ဆုံခန်းတွင် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် သန့်ရှင်းသည့် နိုင်ငံရေး စနစ်နှင့် လွပ်လပ်သည့် ရွေးကောက်ပွဲ ကော်မရှင် တစ်ရပ် ရှိရန် လိုကြောင်းနှင့် လက်ရှိ မဲဆန္ဒရှင် စာရင်း များတွင် မသမာမှုများ ရှိနေသဖြင့် ပြန်လည် ပြင်ဆင်ရန်၊ မဲလိမ်မှုများ မရှိစေရန် အတွက် မဲပေးခွင့် သက်သေခံ လက်မှတ် အသစ် များကို ပြုစုရန် လိုအပ် နေကြောင်း၊ အိမ်စောင့် အစိုးရ အနေဖြင့် ထိုအခြေ အနေများကို ပြည့်စုံအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့ သည်ကို တွေ့ရသည်။ ထို့ပြင် လွတ်လပ်ပြီး တရားမျှ တသော ရွေးကောက်ပွဲ ပြုလုပ် နိုင်ရန် အတွက် အခြေခံ ကျသော နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် သွားမည် ဟုလည်း ကတိပေး ခဲ့သည်။
နိုင်ငံရေး အကဲခတ် များကမူ အိမ်စောင့် အစိုးရ အနေဖြင့် အဓိက နိုင်ငံရေး ပါတီများမှ ထိပ်တန်း ခေါင်းဆောင် များကို နိုင်ငံရေး လောကမှ အပြီးအပိုင် ဖယ်ရှားရန် ဆောင်ရွက် လိမ့်မည်ဟု ယူဆနေ ကြသည်။ အချို့ ခေါင်းဆောင် များမှာမူ အဂတိ လိုက်စားမှုဖြင့် အရေးယူ ခံထား ရပေရာ ပြစ်မှု ထင်ရှားပါက နောင် ရွေးကောက်ပွဲ များတွင် ပါဝင် ယှဉ်ပြိုင်ခွင့် ရမည် မဟုတ်ပေ၊ အချို့ ခေါင်းဆောင် များကိုမူ အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး ပြည်ပသို့ ထွက်ခွာ သွားအောင် နားချ လိမ့်မည်ဟု ယူဆရသည်။ ထို့အပြင် ပါတီများ ကိုလည်း လက်ရှိ ခေါင်ဆောင်များကို ဖယ်ရှားပြီး မျိုးဆက်သစ် ခေါင်းဆောင် များဖြင့် အစားထိုးရန် ဖိအား ပေးလျှက် ရှိသည်။ တရားရေး ဌာန ဝန်ကြီး မာနူး ဟူစိန်ကမူ နိုင်ငံရေး လောကကို ပြောင်းလဲ ပစ်ရမယ်၊ စိတ်သစ်၊ လူသစ်နဲ့ လုပ်နိုင်မယ့် နိုင်ငံရေး သမားတွေ အတွက် နေရာ ရှိပေမယ့် အကျင့် ဆိုးတွေ မပြင်နိုင်တဲ့ လူတွေ အတွက်တော့ အနာဂတ် နိုင်ငံရေးမှာ ပါဝင် ခွင့်ပေးမှာ မဟုတ်ဘူး ဟု အတိအလင်း သတိပေး ခဲ့သည်ကို တွေ့ရသည်။
သို့သော် အိမ်စောင့် အစိုးရအ နေဖြင့် အနာဂတ် နိုင်ငံရေး စနစ်ပုံစံ၊ ရွေးချယ် တင်မြှောက် သည့်စနစ်၊ ပါတီများ ဖွဲ့စည်းခြင်း စသော အရေး ပါသည့် မေးခွန်းများ အတွက် အဖြေကိုမူ တိတိကျကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသေး သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း ဘင်္ဂလားဒေ့ရှ် ပြည်သူများက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် အမြဲလိုလို အဓိက အခန်းမှ ပါဝင်ခဲ့သည့် တပ်မတော်၏ သဘော ထားကို အလေးထား စောင့်ကြည့် လာကြသည်။
ဘင်္ဂလားဒေ့ရှ် တပ်မတော်
၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်၏ အုပ်ချုပ်မှု အောက်မှ ခွဲထွက်ပြီး လွပ်လပ်ရေး ရအောင် တိုက်ပွဲဝင် ခဲ့သည့် အချိန်မှစပြီး တပ်မတော်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၇၅ ခုနှစ် သမ္မတ ရှိတ်မူဂျီ ဘာရာမန် လုပ်ကြံ ခံရပြီးနောက် အခြေ အနေများ မတည်မငြိမ် ဖြစ်နေစဉ် တွင်လည်း ဗိုလ်ချုပ်ကြီး ဇီအော ရာမန်က အာဏာ သိမ်းခဲ့ ပြီးနောက် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ပြန်လည် ဖော်ဆောင် ပေးခဲ့ရသည်။ ၁၉၈၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဇီအော ရာမန် လုပ်ကြံ ခံရပြီးနောက် အခြေအနေကို ထိန်းသိမ်း နိုင်ရန်အတွက် ဗိုလ်ချုပ်ကြီး အာရှက်က တာဝန် ယူခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် နိုင်ငံကို သမ္မတ အုပ်ချုပ်သည့် စနစ်အစား ဗြိတိသျှပုံစံ ပါလီမန်နှင့် ဝန်ကြီးချုပ်က အုပ်ချုပ်သည့် နိုင်ငံရေး စနစ်ကို ပြောင်းလဲ ပေးခဲ့သည်။
လက်ရှိ နိုင်ငံရေး အကျပ် အတည်းကြောင့် အရေးပေါ် အခြေအနေ ကြေညာ ခဲ့ရချိန်တွင် နိုင်ငံတကာမှ တပ်မတော်၏ နောက်ကွယ်က အာဏာ သိမ်းမှု အဖြစ် စွပ်စွဲမှု များလည်း ပေါ်ပေါက် ခဲ့သည်။ အိမ်စောင့် အစိုးရ ခေါင်းဆောင် ဖာရူဒင် အာမက်ကမူ ထိုစွပ်စွဲချက် များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အခြေအနေ မှန်ကို မသိသူ များ၏ ရမ်းသမ်း ပြောဆိုချက် များအဖြစ် ရှုံ့ချခဲ့ကာ အရေးပေါ် အခြေအနေ ကြေညာ ခဲ့မှုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် အညီ ဆောင်ရွက် ခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ အစိုးရ၏ လုံခြုံရေး ဆောင်ရွက်ချက် များကို အကူအညီ ပေးခြင်းသာ ဖြစ်ကြောင်း၊ တိုင်း မဂ္ဂဇင်းနှင့် တွေ့ဆုံ ခန်းတွင် ပြောကြား ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် တပ်မတော် ခေါင်းဆောင်များအနေဖြင့် အနာဂတ် နိုင်ငံရေး ပုံစံနှင့် ပတ်သက်ပြီး သုံးသပ် ပြောဆိုမှုများ မရှိသော်လည်း ပြီးခဲ့သည့် နိုင်ငံရေး စနစ် ပုံစံ ကိုမူ နှစ်သက်မှု မရှိကြောင်း ကိုမူ ထုတ်ဖော် ပြောကြား ခဲ့သည်ကို တွေ့ရ ပါသည်။ ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မိုဟာ အာမက်က ဘင်္ဂလာဒေ့ရှ် နိုင်ငံ အနေဖြင့် မိမိ နိုင်ငံနှင့် ကိုက်ညီသော နိုင်ငံရေး စနစ်ကို သုံးသပ် ရှာဖွေ သင့်ပြီး အဆင့် တိုင်းတွင် စိတ်သစ်၊ လူသစ်ဖြင့် အသစ် ပြန်စ သင့်ပြီဟု မိန့်ခွန်း တစ်ခုတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။ ထို့ပြင် ၎င်းက ပြီးခဲ့သည့် နိုင်ငံရေး စနစ်သည် နိုင်ငံအတွက် အာဏာ အလွဲ သုံးစားမှု၊ နိုင်ငံရေး အကျင့် ပျက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု များကိုသာ ပေးခဲ့ပြီး နိုင်ငံရေး သမားများ၏ ပါတီစွဲ ကြီးမားလွန်း မှုကြောင့် နိုင်ငံအတွင်း စည်းလုံး ညီညွတ်မှု ပြိုကွဲ ခဲ့ရသည်ဟု ထောက်ပြ သွားခဲ့သည်။ သို့သော် တပ်မတော် အနေဖြင့် မည်သည့် နိုင်ငံရေး စနစ်ပုံစံကို လိုလားသည် ဆိုသည်ကိုမူ ဖော်ပြခဲ့ ခြင်းမပြုပေ။
ရွေးကောက်ပွဲ အသစ်
အိမ်စောင့် အစိုးရ အတွက် နောက်ထပ် အဖြေ ပေးရမည့် မေးခွန်းမှာ ရွေးကောက်ပွဲ ကျင်းပမည့် အချိန် ကာလပင် ဖြစ်သည်။ အစိုးရ အနေဖြင့် တိကျသော အချိန်ဇယား ထုတ်ပြန်ခြင်း မပြုသေးပဲ တရား မျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ ပေးသည့် အချိန် အခါမှသာ ကျင်းပမည်ဟု မယုတ်မလွန် ဆိုနေဆဲ ဖြစ်သည်။ အစိုးရ အနေဖြင့် ယခင် ရွေးကောက်ပွဲ များ၏ သင်ခန်းစာ အရ အာဏာရ ပါတီက မဲလိမ်မှုများ မပြုလုပ် နိုင်အောင် အာမခံ နိုင်မည့် မဲဆန္ဒရှင် စာရင်း၊ သက်သေခံ ကတ်ပြား စနစ် စသည် တို့ကို စနစ်တကျ အကောင် အထည် ဖော်နိုင်အောင် ဦးစားပေး ဆောင်ရွက် နေသည်ကို တွေ့ရပါသည်။ ထို့အပြင် နိုင်ငံရေး ပါတီများ အနေဖြင့်လည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အခြေခံ တည်ဆောက် ခြင်းထက် ပါတီတွင်း ဒီမိုကရေစီ ဖြင့် ပါတီကို တည်ဆောက်သည့် စနစ်သို့ ပြောင်းလဲ နိုင်အောင်လည်း ကြိုးစားမည့် ပုံပေါ် နေပေသည်။
ပြီးခဲ့သည့် အချိန်က အဓိက နိုင်ငံရေး ပါတီ နှစ်ခုလုံး၏ ခေါင်းဆောင် အမျိုးသမီး များသည် ဖခင်နှင့် ခင်ပွန်းတို့၏ အရှိန်အဝါဖြင့် ပါတီ ခေါင်းဆောင် ရာထူးကို ရရှိခဲ့ခြင်း ဖြစ်ပြီး ပါတီ အတွင်း တွင်လည်း တစ်ဦးတည်း သဘောဖြင့်သာ ဆုံးဖြတ် လုပ်ဆောင် ခဲ့သည်ကို တွေ့ခဲ့ရသည်။ ထို့ပြင် ထိုခေါင်းဆောင် နှစ်ဦးမှာ တစ်ဦးကို တစ်ဦး ခါးခါးသီးသီး မုန်းလွန်း သဖြင့် နိုင်ငံရေး သက်တမ်း တစ်လျှောက်တွင် တစ်ကြိမ်မျှ မျက်နှာ ချင်းဆိုင် စကား ပြောဆိုခြင်း မရှိခဲ့သည် ကိုလည်း ထူးထူး ခြားခြား တွေ့ခဲ့ ရသည်။ အိမ်စောင့် အစိုးရ ခေါင်းဆောင် ဖာရူဒင် အာမက်ကမူ အနာဂတ်တွင် ထိုကဲ့သို့ နိုင်ငံရေး ခေါင်းဆောင်မှု မျိုးကို လက်ခံ နိုင်မည် မဟုတ်သည်ကို အထင်အရှား ပြောကြား ထားပြီး ဖြစ်သည်။ ထို့ကြောင့် အိမ်စောင့် အစိုးရ အနေဖြင့် ပြုပြင် ပြောင်းလဲမှု များကို ခိုင်ခိုင် မာမာ ဖြစ်အောင် အချိန်ယူ ဆောင်ရွက် မည့် အသွင်ဆောင် နေပေသည်။
ယခုအချိန်အထိ နိုင်ငံတကာ အသိုင်းအဝိုင်းက အိမ်စောင့် အစိုးရ၏ လုပ်ဆောင် ချက်များကို လက်ခံ နေသည့် အသွင်ရှိ ပေသည်။ သို့တိုင်အောင် အမေရိကန် နိုင်ငံကမူ ရွေးကောက်ပွဲ ပြုလုပ်မည့် နေ့ကို အတိအကျ သတ်မှတ်ရန် တိုက်တွန်း လာပြီ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကမူ လိုအပ်သော ပြုပြင် ပြောင်းလဲမှု များကို ၁၈ အတွင်း အကောင် အထည် ဖော်ပြီး နိုင်မည် မဟုတ်ဟု ပြောကြားခဲ့ရာ အစောဆုံး ၂ဝဝ၈ ခုနှစ် အကုန်မှသာ ရွေးကောက်ပွဲ ပြုလုပ် နိုင်မည့် အခြေအနေတွင် ရှိပေသည်။
လက်ရှိ အခြေအနေတွင် ဘင်္ဂလားဒေ့ရှ် အိမ်စောင့် အစိုးရ အနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထောက်ခံမှု များကို ရရှိ ထားပြီး ဖြစ်ရာ ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်ရန် အတွက် အကောင်းဆုံး အခွင့်အရေးကို ရရှိထားပြီ ဟုပင် ဆိုနိုင် ပေသည်။ ထို့အခွင့် အရေးကို ဘင်္ဂလားဒေ့ရှ် ပြည်သူ များက အမိအရ အသုံးချ နိုင်လျှင်မူ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွက် တည်ငြိမ်မှု၊ ဖွံ့ဖြိုး တိုးတက်မှု များနှင့် အတူ ဒီမိုကရေစီကို မှန်မှန် ကန်ကန် ကျင့်သုံး နိုင်သည့် အခွင့်အရေး များကို ရရှိနိုင်မည် ဖြစ်ပေသည်။ သို့သော် မည်သည့် လမ်းကို ရွေးသည် ဖြစ်စေ အနာဂတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် နောက်ထပ် ရှိတ်ဟာ ဆီနာနှင့် ခါလီဒါ ဇီယာတို့ ပေါ်ပေါက် မလာစေရန် ကာကွယ် နိုင်မည့် နည်းလမ်းများ ပါဝင်အောင် ဆောင်ရွက် ရမည်သာ ဖြစ်ပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Bangladesh at a cross road, by Sabir Mustafa, BBC Bengali Services
၂။
BBC News, 27-3-07, 2-4-07
၃။
Time magazine,2-4-2007

No comments:

Post a Comment