ပြည်ပ ခရီး သွားရန် ရှိသည့် အတွက် မနေ့ ညနေ ဇွန် ၁၄ ရက်နေ့မှာ
နေပြည်တော် ကနေ ရန်ကုန်ကို ဆင်းသည်။ ကျွန်တော် လိုက်မည့် အဝေးပြေး ကားက မြို့မဈေး
ကနေ ညနေ သုံးနာရီခွဲ ထွက်မည်ဟု လက်မှတ်မှာ ရေးပေး လိုက်တာ ကြောင့် သုံးနာရီ ဆယ့်ငါးမိနစ်
ရောက်အောင် သွားခဲ့သည်။ မြို့မဈေးဂိတ် ရောက်တော့ အရင်လို ကားကွင်းထဲ ၀င်လို့တော့။
ခရီး သည်တင် ဘတ်စ်ကား များမှ အပ မည်သည့်ယာဉ်မှ ၀င်ခွင့် မပြုကြောင်း ဆိုင်းဘုတ်ကြီး
ထောင်ထားသည်။
ကားကွင်းထဲမှာ ဆိုင်ကယ်တွေ၊ လာကြိုတဲ့ ကားတွေ ရှုတ်ရှက်
ခတ်နေ တာကို မျက်စိ နောက်နေသူ ဖြစ်တော့ တယ် ကောင်းတဲ့ အစီအစဉ် ပဲလို့ ချီးမွမ်းခန်း
ဖွင့်ရင်း ရုံးကားကို အပြင်မှာ ရပ်ခိုင်းကာ ကိုယ့်အိတ် ကိုယ်ဆွဲ ကားကွင်းထဲ ၀င်ခဲ့
သည်။ ဒါပေမယ့် ကျွန်တော် သွားမယ့် ကားဂိတ် နားမှာ ဆလွန်းကား အဖြူရောင် တစ်စီး ရပ်ထားသည်။
ကားရှေ့ခန်းမှာ ဦးထုပ် တစ်လုံး တင်ထားသည်။ ဆိုင်းဘုတ် ကြီးနဲ့ တားမြစ်ထား တာကို လေးစား
လိုက်နာပြီး လမ်းလျှောက် ၀င်လာ သူတွေ ကိုယ်စား စိတ်က ထောင်းကနဲ ဖြစ်သွားသည်။ ဒါနဲ့
နောက်ပြန် လှည့်ပြီး ဂိတ်က စည်ပင် ၀တ်စုံနဲ့ ၀န်ထမ်းကို ညီလေး ငါတို့လည်း မင်းတို့
ကန့်သတ်တဲ့ အတိုင်း လမ်းလျှောက် ၀င်လာတာပါ။ ဟိုကားက ဘာ့ကြောင့် ရပ်ထား တာတုံးလို့ သွား
ပြောရသည်။ ခင်ဗျားက ဘာတုံးလို့ မေးမှာစိုးလို့ ကားမည်းကြီး ကိုလည်း လက်ညှိုး ထိုးပြ
ရသေးသည်။ ဒီတော့မှ ကိုယ် တော်ချောက အဲဒီကားကို သွားပြီး ထွက်ခိုင်းသည်။ မောင်းသူက ဆယ်ကျော်
သက်ရွယ် တီရှပ်နဲ့ စောင့်ကြွားကြွား ချာတိတ်၊ ကျွန်တော်နဲ့ စည်ပင် ၀န်ထမ်း ကိုတောင်
ဘုကြည့် ကြည့်သွား သေးသည်။ ဟင်း ငယ်ငယ်တုံးက စိတ်နဲ့ ဆိုရင် ဒင်းလို ကောင်မျိုး ခြေနှစ်
ချောင်းက ကိုင်ဆောင့် ပစ်လိုက်ပြီ ဆိုတဲ့အတွေးက ၀င်လာသည်။
သုံးနာရီခွဲ ထွက်မည် ဆိုသည့် ကားက သုံးနာရီ လေးဆယ့် ငါးမှ
ရောက်လာသည်။ ထုံးစံ အတိုင်း စောင့်နေသော ခရီးသည်များ အတွက် ဖြေရှင်း ပေးရန်၊ တောင်းပန်ရန်
မလိုပါ။ ကားရောက် လာခြင်း၊ ဒီကားကို စီးပြီး ရန်ကုန်သို့ သွားရ ခြင်း သည်ပင် ကံကောင်း
လှပြီ မဟုတ် ပါလော။ နောက်ဆုံးတော့ သုံးနာရီခွဲ ထွက်မည် ဆိုသည့် ကားသည် လေးနာရီ ဆယ်ငါး
မိနစ်မှ မြို့မဈေးက ထွက်ပါေ တာ့သည်။
ထုံးစံ အတိုင်း ယာဉ် နောက်လိုက်က ခါးပတ်များ ပတ်ထား ခြင်းဖြင့်
ကူညီ ပေးပါရန် အသိ ပေးသည်။ ကျွန်တော့် ရှေ့ ဘယ်ညာ ခုံတန်း များက လေးယောက်၊ ဘေးဘက်မှာ
နှစ်ယောက် ပါလာသည်။ အဲဒီ ခရီးသည်တွေ ထဲမှာ တစ်ယောက်ပဲ ခါးပတ် ပတ်သည်။ ကျန်တဲ့ သူတွေ
ကတော့ ခပ်တည်တည် ပါပဲ။ ယာဉ် နောက်လိုက် မှာလည်း ခုံတွေကို လိုက်လံ စစ်ဆေး သတိပေးဖို့
သတိရဟန် မတူ။ ဒါမှမဟုတ် ပြောရင်လည်း လိုက်လုပ်မှ မဟုတ်၊ ဘုတော ခံရမည့် အတူတူ မထူးပါဘူး
ဆိုပြီး ထားတာလည်း ဖြစ်နိုင်သည်။ အမြန် လမ်းပေါ်က ယာဉ် မတော် တဆ မှုတွေ အတွင်း ထိခိုက်
သေဆုံး သူတွေ အထဲမှာ ခရီးသည် တင်ကား မှာရော၊ ကိုယ်ပိုင် ယာဉ်မှာပါ ခါးပတ် မပတ်ဘဲ စီးနင်းသည့် ခရီးသွားတွေ ဘယ်လောက်
ပါသလဲ ဆိုတာ သုတေသန ပြုရင် ကောင်းမည် ထင်သည်။
ကားထွက်တော့ ထုံးစံအတိုင်း အခွေ ထိုးပြ တော့သည်။ အခွေက
ကိုခင်မောင်တိုး သီချင်းေ တွကို ခိုးကူခွေ ထုတ် ထားခြင်း ဖြစ်သည်။ မခန့် လေးစား လုပ်ပုံများ ကတော့ Created by Mr.
Copy ဆိုတဲ့ စာတမ်းတောင် သီချင်းခွေ အစမှာ စာတမ်း ထိုးလိုက် သေးသည်။ ထုံးစံအတိုင်း
သီချင်းက သတ်သတ်၊ နောက်ခံက ကြုံရာ ဆုံရာ ဗီဒီယို ဇာတ်လမ်း တွေထဲက ပြကွက် တွေကို ထည့်ထားခြင်း
ဖြစ်သည်။
ဒီတော့ ကိုတိုးကြီးက ငှက်တွေရဲ့ အားမာန် အကြောင်း ဖွဲ့သီေ
နချိန်မှာ မင်းသားနဲ့ မင်းသမီးက ပြင်ဦးလွင်က စိုက်ခင်း ထဲမှာ ပြေးလွှားရင်း စတော် ဘယ်ရီ
သီးများကို အပြန်အလှန် ကျွေးနေ ကြသည်။ ကိုတိုးကြီး က ရိုးရိုးလေးသာ ၀တ်ခဲ့ ပါကွယ်ဟု ဆိုနေချိန်မှာ ဇာတ်ဆောင်
တစ်ဦးက ဧည့်ခန်း ထဲမှာ ဘိုးတော် ၀င်ပူး ပြနေသည်။ ကိုတိုးကြီးက ရာသီနဲ့ ညှိ ပြန်လာ
ပါလို့ ဆိုတော့ မင်းသားနဲ့ ဇာတ်ဆောင် တစ်ဦး ဆေးရုံ ဧည့်ခန်း ထဲမှာ ထိုးကြိတ် နေသည်။
ဒီလို ခိုးကူးခွေ မျိုးတွေကို သိန်း ထောင်ချီ
ရင်းနှီး လုပ်ကိုင် နေသည့် အဝေးပြေး ယာဉ်လုပ်ငန်း ကြီးပိုင် ယာဉ်များပေါ်တွင် ပြနေတာ
တစ်ခု ခုတော့ လွဲချော် နေသလို ခံစား ရသည်။ တရားဝင် ထုတ်လုပ်သည့် အခွေ တစ်ခွေ တန်ဖိုးမှာ
လက်မှတ် တစ်စောင် ဖိုးပင်မရှိ။ ငါတို့ ကားလိုင်း မှာ ခိုးကူးခွေ မပြဘူး ဆိုသည့် ကျင့်ဝတ်
စောင့်ထိန်း မှုမျိုး လေးများ ထားရင်ဖြင့် ယနေ့ ခေတ်စား နေသည့် စီးပွားရေး လုပ်ငန်း ကြီးများ၏ လူမှု တာဝန် သိမှုကို
ဖော်ဆောင်ရာ ရောက်လိမ့်မည် ထင်သည်။
၁၁၅ မိုင် နားနေ စခန်း ကတော့ ထုံးစံ အတိုင်း။ ဆိုင်တွေေ
ရှ့မှာ မျက်နှာ ပြောင်တိုက်ပြီး ရပ်ထားသော ကားတွေ ကားတွေ၊ လူစီး ကားငယ်တွေ သာမက ခရီးသည်တင်
လိုင်းကား ကြီးတွေပါ။ ဓာတ်ပုံ ရိုက်ပြီး တင်မိသည့် ကိုယ့်ကို ကိုယ်ပင် ရှက်လာ သဖြင့်
ဒီတခါတော့ မမြင် ချင်ယောင်သာ ဆောင်နေ မိတော့သည်။ တော်ပါ သေးရဲ့ ၊ ကိုယ်စီးတဲ့ ကားက
ကားရပ်ရန် နေရာမပဲ စည်းကမ်းတကျ ရပ်ပေလို့။
ဟိုတစ်ချိန် တုန်းကတော့ ၁၁၅ မိုင် ကားရပ် ကွင်းကြီးမှာ
ကြီးမား ကျယ်ပြန့် လှသည်။ ညဘက် ဆိုရင် လေးဘက် လေးတန်က မီးမောင်းတွေ ထိုးလို့။ ဆိုင်တွေရဲ့
လုံခြုံရေး အစောင့်တွေ၊ သန့်ရှင်းရေး ၀န်ထမ်း တွေကလည်း အပြည့်။ အင်ဂျင်ဝိုင် ယိုရင်
ဒဏ်ငွေ ဘယ်လောက်၊ အမှိုက်ပစ်ရင် ဒဏ်ငွေ ဘယ်လောက် ဆိုသည့် စာတမ်း တွေနဲ့။ ဆိုင်ထဲက စောထွက်
လာရင်လည်း ပန်းခုံမှာ ထိုင်ပြီး စောင့်လို့ ရသေးသည်။ အခုတော့ အဲဒီ ပန်းခုံတွေ နေရာမှာ
ဆိုင်တွေ၊ ဆိုင်တွေ၊ အစ တုံးကတော့ ပြောင်းဖူး ပြုတ်လေး၊ မြေပဲ ပြုတ်လေး၊ နောက်တော့
ကွမ်းယာဆိုင်၊ အခုတော့ အမှတ်တရ အစား အသောက်တွေ၊ ဒူရင်း သီးတွေ၊ မင်းဂွတ် သီးတွေ၊ နောက်ပြီး
ထမင်း ဆိုင်တွေ နဲ့ ထိုင်စရာ မရှိတော့ ။ ရပ်စောင့် တာတောင် အခြေအနေ ကြည့်ရ သေးသည်။
ထမင်းဆိုင်၊ အသုတ် ဆိုင်တွေက ရေ သွန်မယ် ဆိုရင် ကားရပ်တဲ့ ဘက်ကို လှမ်းပြီး ဗြန်း ကနဲ
ပက်လိုက်သည်။ မီးမောင်း တွေလည်း မလင်းတော့။ ဆိုင်သမားချင်း ဆဲသံ၊ ဆိုသံ၊ ၀ယ်သွား ပါဦး
ဖိတ်ခေါ်သံ၊ အမှိုက် တွေ၊ ကွမ်းတံထွေး တွေ၊ ပုတ်အဲ့အဲ့ အနံ့တွေ။ ရပ်ထားတဲ့ လူစီး ကားတွေမှာ
ပစ္စည်း ပျောက်တာတွေ။ အင်းအခုမှ ငါတို့ မြေ၊ ငါတို့ စရိုက်နဲ့ အကိုက် ပေးကိုး။ ဟိုတုန်း
ကတော့ သန့်လွန်းလို့ မနေတတ်၊ မထိုင်တတ်။
မြန်မာ စကား မှာတော့ အစ ကောင်းမှ အနှောင်း သေချာလို့ ဆိုသည်။
ကျွန်တော် တို့ကတော့ အစကောင်း ကြာရင် ပျက်နဲ့ အသား ကျနေ ခဲ့ပြီလေ။ ကောက်ရိုး မီးတို့၊
ဆိုဒါ ပုလင်းလို ဖောက်တုံး ခဏပဲ အမြှတ် ထတယ် ဆိုတာ တို့က ကျွန်တော် တို့နဲ့ အကိုက်ဆုံး။ ၁၁၅ မိုင် စခန်းက စည်းကမ်းမဲ့ ဈေးဆိုင် များနဲ့
ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးနဲ့ ဆွေး နွေးခဲ့ ဘူးသည်။ သူတို့လည်း ဒါကို ဖယ်ရှား လိုသည်။
ဒါပေမယ့် ဆန္ဒတွေ ပြကြမှာ ဗျလို့ စိုးရိမ် စကား ဆိုသည်။ ဒီမှာ ဈေးလာ ရောင်းတာ သမ္မတရဲ့
ဆင်းရဲမှု လျော့ချရေး လုပ်ငန်းနဲ့ ဆိုင်တယ်။ ရောင်းခွင့် ရှိတယ် ဆိုပြီး တောင်ငူ ဘက်ကနေ
လာလှုံ့ဆော် ပေးသူ တွေလည်း ရှိသည် ဆိုသည်။ ဈေးရောင်းခွင့် မရှိသော နေရာမှာ ဈေးလာ ရောင်းသူ
များကို ဈေးမရောင်းဖို့ တားမြစ်တဲ့ အတွက် ဈေးရောင်းဖို့ ဆန္ဒပြမယ့် လောကကြီးမှာ ကျွန်တော်လည်း
ဘာမှ မတတ်နိုင်။ အဲဒီ ဆိုင်တွေမှာ ဈေး မ၀ယ်ခြင်းဖြင့် တစ်ကိုယ်တော် ဆန္ဒ ဖော်ထုတ်ပြီး
ကားပေါ် ပြန်တက် လာခဲ့ တော့သည်။
ထုံးစံ အရတော့ ၁၁၅ မိုင်မှာ မိနစ် သုံးဆယ် ရပ်ပါ့မယ်။ ပြီးရင်
ထွက်မယ်၊ ကျန်တဲ့ ခရီးသည်တွေ မစောင့် ရအောင် အချိန်မီ လာပါ၊ မရောက်ရင် ထွက်ပါ့မယ် စသည်ဖြင့်
သတိပေးမြဲ ဖြစ်သည်။ ဒါပေ မယ့်လည်း ဒီလမ်းခရီးမှာ သွားခဲ့တာ ကြာပါပြီ၊ ၁၁၅ မိုင်က ပြန်အထွက်မှာ
အချိန်ကိုက် ထွက်တာ၊ အချိန်မီ မရောက် သူကို ထားပစ် ခဲ့တာ ဘယ်တုံး ကမှ မရှိခဲ့။ အခု
လည်း ဆယ်မိနစ် လောက် စောင့်ရ တာပါပဲ။ ဆိုင်ထဲမှ ထပ်ကြေညာမှ အမျိုးသမီး တစ်ဦး ပေါ်တော်မူ
လာသည်။ ကားပေါ် တက်လာချိန်မှာ တောင်းပန် ပြုံးလေးပင် ပြုံးပြဖော် မရ။ ခပ်တည်တည် ပါပဲ။
စောင့်နေတဲ့ ကျွန်တော် တို့ကလည်း ခပ်အေး အေးပါပဲ။ စုံပြီလား၊ စုံရင် သွားကြ တာပေါ့။
မစုံ သေးဘူးလား။ စောင့်တာပေါ့ ။ ဒါပဲလေ။
ထူးထူး ခြားခြား သတိပြုမိ တာကတော့ ဒီတစ်ခါ ယာဉ်မောင်း တွေက
သတ်မှတ် အရှိန်နှုန်း အတိုင်း မောင်းတာနဲ့ အဝေးပြေး လမ်းပေါ်မှာ ဆိုင်ကယ်တွေ နည်းသွား
တာပဲ ဖြစ်သည်။ အထူးသဖြင့် လမ်းပြောင်းပြန် မောင်းတဲ့ ဆိုင်တယ် တွေ နည်းသွား သည်။ ဒါကတော့
အတော် စိတ်ချမ်း သာဖို့ ကောင်းပါသည်။
ဒီလိုနဲ့ ရန်ကုန် ဂိတ်ဆုံးကို ရောက်သည်။ ကားပေါ်က အဆင်းမှာ
ပွဲကြိုတွေနဲ့ ကားငှား မလား၊ ဆိုင်ကယ် ယူမလာ၊ ဆွဲလား၊ ရမ်းလားတွေ ကြားက လွတ်မြောက်
ပြီးနောက် လာကြိုသည့် ကားနဲ့ ပြန်ခဲ့သည်။ အချိန်က တစ်နာရီလောက် နောက်ကျ၊ လူကလည်း နွမ်းလျလျနဲ့
ကားပေါ်မှာ မှိန်းပြီး လိုက်လာမိသည်။ သိပ်မကြာလိုက်၊ ရုတ်တရက် ကားအရှိန် မြင့်သွားပြီး
ဟွန်းတီး လိုက်တော့ အလန့်တကြား ထကြည့်မိသည်။ လက်စသတ်တော့ တပည့်ကျော်က မီးဝါကို ဟွန်းတီး
ပြီး အတင်း ဖြတ်တော်မူ တာကိုး။ ဒါနဲ့ တစ်လမ်းလုံး အောင့်အီး သည်းညည်း ခံလာသမျှ ဒင်းပေါ်
ပုံချပြီး စည်းကမ်း အကြောင်း ဆယ်မိနစ် လောက် သြ၀ါဒ ပေးလိုက်သည်။
လူတွေဟာ အတော် ခက်ပါလား။ လုပ်ပိုင်ခွင့် ရှိသူ၊ လုပ်ပိုင်ခွင့်
မရှိသူ အားလုံး တစ်ကိုယ်ရေ အကျိုးအတွက် စည်း ကမ်းကို လွယ်လွယ်နဲ့ ချိုးဖောက် နေတာ စိတ်ကုန်ဖို့
အတော် ကောင်းသည်။ စိတ်မော၊ လူမော သက်ပြင်း ချရင် ကားပေါ် က ယူလာသည့် ရေသန့်ဘူး လက်ကျန်ကို
မော့သောက် လိုက်သည်။ ပြီးတော့ မှန်ချကာ ဘူးခွံကို လွှင့်ပစ် လိုက်သည်။ ဖြတ် ကနဲ အသိဝင်
လာတော့ ရေသန့် ဘူးခွံလေးက ကားလမ်းပေါ်မှ တလိမ့်လိမ့် ကျန်နေခဲ့ပြီ။
ကိစ္စ မရှိ ပါဘူးလေ။ တစ်ခါ တစ်လေပဲ။ မနက် ကျရင် စည်ပင်က
သိမ်းသွား မှာပါ။ ဒါမှမဟုတ် အမှိုက် ကောက်တဲ့ ကလေး တစ်ယောက် ယောက်အတွက် လက်ဆောင်ပေါ့။
ကား နောက်ခုံပေါ် ပြန်မှီ ထိုင်ရင်း စည်းကမ်း
အကြောင်း အတွေး နယ်ချဲ့ကာ လိုက်ပါ လာခဲ့သည်။ မနက် ကြရင်တော့ စည်းကမ်း ရှိဖို့ အကြောင်း
ဆောင်းပါးလေး တစ်ပုဒ်တော့ ရေးဖြစ်မည် ထင်သည်။
ရဲထွဋ်
Facebook စာမျက်နှာမှ
No comments:
Post a Comment