Thursday, October 10, 2013

ဘုရှ်နှင့် လှုပ်လေမြုပ်လေအီရတ်စစ်ပွဲ

၂ဝဝ၇ ခုနှစ် စပိုင်းထဲက အမေရိကန် နိုင်ငံရေး လောကတွင် အီရတ်စစ်ပွဲနှင့် ပတ်သက်ပြီး ရီပတ် ဘလီကင် သမ္မတ ဘုရှ်နှင့် ဒီမိုကရက်တို့ ချုပ်ကိုင် ထားသော လွှတ်တော် အကြား အားပြိုင်မှုက ပြင်းထန် လာခဲ့သည်။ တကယ်တော့ ဘုရှ်၏ အီရတ် စစ်ပွဲ မူဝါဒ အပေါ် လွှတ်တော်၏ စိတ်ခေါ်မှု များသည် ၂ဝဝ၆ ခုနှစ် ဒီဇင် ဘာလတွင် အီရတ် လေ့လာရေး အဖွဲ့ (Iraq Study Group) ၏ အစီရင်ခံ စာထွက်ပေါ် လာချိန်ကပင် စတင် ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
အီရတ် လေ့လာရေး အဖွဲ့
အီရတ် လေ့လာရေး အဖွဲ့သည် ကွန်ဂရက် လွှတ်တော်က ၂ဝဝ၆ ခုနှစ်မတ်လ ၁၅ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့သော အဖွဲ့ ဖြစ်သည်။ အဖွဲ့ဝင် အဖြစ် ရီပတ် ဘလီကင် ပါတီမှ ငါးဦး၊ ဒီမိုကရက် ပါတီမှ ငါးဦးဖြင့် ဖွဲ့စည်းပြီး ရီပတ် ဘလီကင် ဘက်မှ ဂျိမ်းဘေကာနှင့် ဒီမိုကရက် ပါတီမှ ဟယ်လ်မီတန် တို့မှ ပူးတွဲ သဘာပတိ များအဖြစ် ဆောင်ရွက် ခဲ့သည်။ ထိုအဖွဲ့တွင် ပါဝင်သူ များမှာ ပါတီ နှစ်ခုလုံးက ဝါရင့်၊ သဘာရင့် သံတမန်များ၊ ဥပဒေ ပညာရှင်များ၊ နိုင်ငံရေး သမားများ ဖြစ်ကြသည်။ သို့သော် သမ္မတ ဘုရှ်ကမူ မူလထဲက ထိုအဖွဲ့ကို လွှတ်တော်က သမ္မတ၏ လုပ်ငန်း တာဝန် များကို စွတ်ဖက်ရန် ကြိုးစားမှု အဖြစ် ရှုမြင် ခဲ့သည်။
၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အီရတ် လေ့လာရေး အဖွဲ့က ၎င်းတို့၏ အစီရင်ခံစာကို ထုတ်ပြန် ခဲ့သည်။ ထိုအစီ ရင်ခံစာက ဘုရှ် အစိုးရ၏ အီရတ် စစ်ပွဲအပေါ် အကောင်းမြင် နေမှုများကို ပယ်ချခဲ့ပြီး အစီရင်ခံစာ၏ အစတွင် အီရတ်တွင် အမေရိကန်တို့ အောင်ပွဲခံ နိုင်မည်ဟု အာမခံချက် မရှိကြောင်း၊ ဘဂ္ဂဒက်နှင့် ပတ်ဝန်းကျင် ပြည်နယ် များတွင် အခြေအနေ အလွန်ဆိုး နေကြောင်း နှင့် အမေရိကန် တို့အနေဖြင့် အီရတ်နိုင်ငံ အတွင်းက အဖြစ်အပျက် များကို ချုပ်ကိုင် နိုင်မှုမှာ တစ်နေ့ တစ်ခြား လျော့နည်း လာနေပြီ ဖြစ်ကြောင်း အစချီပြီး အီရတ် စစ်ပွဲ ဆိုင်ရာ မူဝါဒကို ပြောင်းလဲရန် အကြံပြု ခဲ့သည်။ ထိုအဖွဲ့၏ အကြံပြု ချက်များတွင် စိတ်ဝင်စားမှု အခံရဆုံး နှစ်ချက်မှာ အီရတ်ရှိ အမေရိကန် တပ်ဖွဲ့များကို ၁၅ လအတွင်း အဆင့်ဆင့် လျှော့ချပြီး အီရတ် တပ်ဖွဲ့များကို တာဝန် လွှဲပေးရန်နှင့် အီရတ် နိုင်ငံ တည်ငြိမ်ရေး အတွက် အီရန်၊ ဆီရီးယား တို့နှင့် ဆွေးနွေးရန် လိုသည် ဆိုသည့် အချက် များပင်ဖြစ်သည်။
ဘုရှ်ရွေးတဲ့လမ်း
ဘုရှ်က အီရတ် လေ့လာရေး အဖွဲ့၏ အကြံပြုချက် များကို တုန့်ပြန်သည့် အနေဖြင့် ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့ တွင် အီရတ် ဆိုင်ရာ မဟာဗျူဟာကို ထုတ်ပြန် ခဲ့သည်။ ထိုမဟာ ဗျူဟာတွင် ဘုရှ်က အီရတ် လေ့လာရေး အဖွဲ့၏ အကြံပြုချက် ဖြစ်သည့် တပ်အင်အား လျှော့ချရေး အစား အမေရိကန် တပ်ဖွဲ့ နှစ်သောင်း ကျော်ကို ထပ်မံ စေလွှတ်ရန်၊ အီရန်နှင့် ဆီရီးယားကို တင်းတင်း မာမာ ကိုင်တွယ်ရန် ဆုံးဖြတ် ခဲ့သည်။ ဘုရှ်က အီရတ်တွင် လုံခြုံမှုနှင့် တည်ငြိမ်မှု ရအောင် အရင် လုပ်ရန် လိုအပ်သည်ဟု အကြောင်းပြ ခဲ့သည်။ သို့သော် ထို တပ်အင်အား တိုးမြှင့်မှုသည် ယာယီမျှ သာဖြစ်ပြီး ဘဂ္ဂဒက်တွင် အခြေအနေ တည်ငြိမ် လာသည် နှင့်အမျှ အမေရိကန် တပ်ဖွဲ့များကို လျှော့ချ သွားမည်ဟု ပြောဆို ခဲ့၏။ ထိုကဲ့သို့ ပြောဆို လျင့်ကစား ဘုရှ်၏ မူဝါဒကို ဒီမိုကရက်တို့ ကြီးစိုးသော လွှတ်တော်က အပြင်းအထန် ဆန့်ကျင် ခဲ့ကြ ပြီးနောက် အီရတ်နိုင်ငံ အခြေ အနေနှင့် ပတ်သက်ပြီး ဇူလိုင်လနှင့် စက်တင် ဘာလတွင် သမ္မတက ပြန်လည် အစီရင်ခံရန် ဥပဒေ ပြဋ္ဌာန်း ခဲ့သည်။
အီရတ် အခြေအနေ
ဘုရှ်က သူ၏ အီရတ် မဟာဗျူဟာ သစ်တွင် ဘဂ္ဂဒက် မြို့နှင့် ပတ်ဝန်းကျင် ဒေသများ၌ ဖြစ်ပေါ် နေသော ဆူနီနှင့် ရှီယိုက်ကြား တိုက်ခိုက်မှု များနှင့် အမေရိကန် တပ်ဖွဲ့များ အပေါ် တိုက်ခိုက်မှု များကို ရပ်တန့်အောင် ဆောင်ရွက်ရေးကို အဓိက သော့ချက် လုပ်ငန်း အဖြစ် သတ်မှတ် ခဲ့သည်။ သို့သော် လက်တွေ့တွင် အမေရိကန်နှင့် အီရတ် တပ်ဖွဲ့များ အနေဖြင့် ဘဂ္ဂဒက် ပတ်ဝန်းကျင်တွင် လုံခြုံရေး ရရှိအောင် ဆောင်ရွက် နိုင်ခြင်း မရှိခဲ့ပေ။ အစီရင်ခံစာ ထုတ်ပြန်မည့် ဇူလိုင်လ ပထမ အပတ် အတွင်းတွင် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု ကြောင့် ဘဂ္ဂဒက် ပတ်ဝန်း ကျင်တွင် သေဆုံးသူ ၅၇၅ ဦးရှိပြီး ထိုအထဲတွင် အရပ်သား ၃၇၇ ဦးပါဝင်ခဲ့သည်။ ထို့ပြင် ဘာသာရေး ဂိုဏ်းအချင်းချင်း လက်စားချေ သတ်ဖြတ်မှု များတွင် အရပ်သား ၃၈ ဦးထပ်မံ သေဆုံးခဲ့ရ သည်ကို တွေ့ရသည်။ ဘုရှ်၏ မဟာ ဗျူဟာသစ်ကို စတင်ချိန်မှ စပြီး အမေရိကန် စစ်သည် ၆ဝ၂ ဦး သေဆုံး ခဲ့ရပြီး အီရတ်စစ်ပွဲ စတင်ချိန်မှ ၂ဝဝ၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့အထိ အမေရိကန် စစ်သည် ၃၆၁၅ ဦး သေဆုံးကာ ၂၆၅၅၈ ဦးဒဏ်ရာ ရခဲ့ရပြီး ဖြစ်သည်။ အလားတူပင် မဟာ ဗျူဟာသစ် စတင်ချိန် မှစကာ အီရတ် လုံခြုံရေး တပ်ဖွဲ့ နှင့် အရပ်သား ၁၃၇၈၅ ဦး သေဆုံး ခဲ့ရပြီးလည်း ဖြစ်ပါသည်။ ထို့ပြင် ကုလသမဂ္ဂ စာရင်းဇယား များအရ အီရတ် ပြည်သူ နှစ်သန်းခန့်မှာ ပြည်ပသို့ ဒုက္ခသည်များ အဖြစ် ထွက်ခွာ သွားကာ နောက်ထပ် နှစ်သန်း ခန့်မှာ ပြည်တွင်းတွင် အိုးအိမ်မဲ့ များအဖြစ် နေထိုင် ရလျှက် ရှိပေသည်။
ထိုကဲ့သို့ လုံခြုံရေး အခြေအနေ များတိုးတက် လာမှု မရှိခြင်း ကြောင့် မတ်လတွင် ဘုရှ်သည် ၎င်းမူလ လျာထားသည့် အင်အား ၂၁၅ဝဝ ဦးအပြင် နောက်ထပ် အင်အား ၄၇ဝဝ ကိုအီရတ်သို့ ထပ်မံ စေလွှတ် ခဲ့ရသည်။ ထိုကဲ့သို့ အီရတ်တွင် အခြေအနေ မကောင်းသည် နှင့်အတူ အမေရိကန် ပြည်သူ တွေက အီရတ် စစ်ပွဲနှင့် ဘုရှ်၏ ခေါင်းဆောင်မှု အပေါ် ယုံကြည်မှု ကလည်း ကျဆင်း လာခဲ့သည်။ ဇွန်လ အတွင်း ပြုလုပ် ခဲ့သည့် ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူချက် များအရ အမေရိကန် ပြည်သူ ၆ဝ%က အီရတ်သို့ နောက်ထပ် စစ်သားတွေ ပို့ခဲ့ ခြင်းမှာ အကျိုး မရှိဟု မြင်နေပြီး ၅၃% ကမူ အီရတ် စစ်ပွဲတွင် အနိုင်ရမှသာ အမေရိကန် နိုင်ငံ အတွက် ပိုလုံခြုံမည် ဆိုသည့် ဘုရှ်၏ ပြောစကားကို ယုံကြည်မှု မရှိကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင်ဘုရှ်၏ ခေါင်းဆောင်မှု အပေါ် အယုံအကြည် မရှိသူများမှာ ၆၅% ရှိနေသဖြင့် ဝါးတားဂိတ် အရေး အခင်းတွင်းက နစ်ဆင်၏ အခြေအနေနှင့် ထပ်တူ နီးပါး ဖြစ်နေပေသည်။
ကွန်ဂရက်နှင့် ရုန်းထွက်ရေး လှုပ်ရှားမှု
အီရတ် စစ်ပွဲပေါ် ပြည်သူလူထု၏ ထောက်ခံမှု ကျဆင်း လာသည်နှင့်အမျှ အမေရိကန် နိုင်ငံရေး လောက တွင်လည်း အီရတ်မှ အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းရန် တောင်းဆိုမှုများ ပိုမို ပေါ်ထွက်လာ ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက အီရတ် စစ်ပွဲအတွက် ရန်ပုံငွေ ခွင့်ပြု ခဲ့ရာတွင် လွှတ်တော်က အီရတ် အစိုးရက နိုင်ငံ တည်ငြိမ်ရေး အတွက် လုပ်ဆောင်မှုကို တိုင်းတာမည့် စံ ၁၈ ချက်ကို ချမှတ် ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့၌ ဘုရှ်အစိုးရက လွှတ်တော်သို့ အီရတ် အခြေအနေ တိုးတက်မှု အစီရင် ခံစာကို တင်ပြ ရာတွင် အီရတ် အစိုးရ အနေဖြင့် ထိုစံ ၁၈ ခု အနက် ကိုးခုကို ပြည့်မီ ခဲ့ကြောင်းနှင့် ကျန်ကိုးခုကို ဆက်လက် အကောင် အထည်ဖော် နေကြောင်း၊ ဖော်ပြခဲ့ပြီး အမေရိကန်တို့ အနေဖြင့် အီရတ် အစိုးရကို ဆက်လက် အကူအညီ ပေးရန် လိုအပ် နေသေးကြောင်း ဖော်ပြခဲ့သည်။
သို့သော် ဒီမိုကရက်တို့ ကြီးစိုးသော လွှတ်တော်ကမူ အစီရင်ခံစာ ထွက်ပြီး နောက်နေ့တွင် အမေရိကန် တပ်ဖွဲ့များ အဆင့်ဆင့် ရုပ်သိမ်းရန် အဆိုကို ဆုံးဖြတ် ခဲ့ခြင်းဖြင့် ဘုရှ်၏ အစီရင်ခံစာ အပေါ် ယုံကြည်မှု မရှိကြောင်း ပြသခဲ့သည်။ အထက် လွှတ်တော် ကလည်း အလားတူ တပ်ရုပ် သိမ်းရေး ဆုံးဖြတ်ချက်ကို ချမှတ်ရန် ကြိုးစား ခဲ့သော်လည်း ရီပတ် ဘလီကင်တို့၏ အချိန်ဆွဲမှု filibuster ကို ကျော်လွှားရန် လုံလောက်သည့် မဲမရ ရှိသောကြောင့် ဆုံးဖြတ်ချက် ချမှတ် နိုင်ခြင်း မရှိပဲ ဖြစ်ခဲ့ရ သည်။ အကယ်၍ ဆုံးဖြတ်ချက် ချမှတ် နိုင်သည့် တိုင် ထိုဥပဒေကို ပယ်ချမည့် သမ္မတ၏ ဗီတို အာဏာကို ကျော်လွှား နိုင်မည့် လုံလောက်သော ထောက်ခံမှု မရှိပဲ ဖြစ်နေ သည်ကို တွေ့ရသည်။ ယခု ကြိုးစားမှု များမှာ ၂ဝဝ၇ ခုနှစ်အတွင်း တပ်ရုပ်သိမ်း ရေးနှင့် ပတ်သက်သည့် တတိယ အကြိမ် လှုပ်ရှားမှု ပင်ဖြစ်သည်။
သို့သော် ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက် ပွဲနှင့် လွှတ်တော် ရွေးကောက် ပွဲများ၏ အဖြေပေါ် မူတည်ပြီး တပ်ရုပ်သိမ်း ရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှု များလည်း ပြောင်းလဲ သွားနိုင် ပေသည်။ နိုင်ငံရေး အကဲခတ် များကမူ အမေရိကန်တို့ အနေဖြင့် အီရတ်မှ ထွက်ခွာ တော့မည်မှာ သေချာ နေပြီဖြစ်ကာ မည်သည့် အချိန်တွင် မည်သည့် ပုံစံဖြင့် ဆုတ်ခွာမည် ဆိုသည်ကိုသာ စောင့်ကြည့် ရမည်ဟု ကောက်ချက် ချလျက် ရှိကြ၏။
ရုပ်သိမ်းရေးလား၊ ထွက်ပြေးရေးလား
အမေရိကန် လွှတ်တော် အမတ်များက အဆင့်ဆင့်နှင့် စနစ်တကျ တပ်ဖွဲ့များ ရုပ်သိမ်းရေး ဆိုသည့် စကားလုံးကို တွင်တွင်ကြီး အသုံးပြု နေသော်လည်း တိုက်ပွဲများ ကြားမှ အရှုံးနှင့် ဆုတ်ခွာ ရခြင်းသည် လွယ်ကူသော ကိစ္စ မဟုတ် သည်ကို သမိုင်း ဖြစ်စဉ် များက ပြသလျှက် ရှိပေသည်။
ထိုသို့ ဆုတ်ခွာမှု များတွင် အဆိုးဆုံးမှာ ၁၈၄၂ ခုနှစ်က ဗြိတိသျှတို့ အာဖဂန်မှ ဆုတ်ခွာ ခဲ့မှုပင် ဖြစ်သည်။ ထိုအချိန်က ဗြိတိသျှ တပ်ဖွဲ့နှင့် အရပ်သားပေါင်း တစ်သောင်း ခြောက်ထောင့် ငါးရာသည့် ကာဘူး မြို့တော်မှ ဗြိတိသျှပိုင် အိန္ဒိယ နိုင်ငံသို့ ဆုတ်ခွာ ခဲ့ကြသည်။ နှစ်ပတ် အကြာတွင် ထိုအထဲက ဗြိတိသျှ လူမျိုး တစ်ဦးသာ အိန္ဒိယ-အာဖဂန် နယ်စပ် (ယခု ပါကစ္စတန်-အာဖဂန်နယ်စပ်) သို့ အသက် ရှင်လျှက်နှင့် ပြန်လည် ရောက်ရှိ လာခဲ့ ပေသည်။
၁၉၈၈ ခုနှစ်တွင် ဆိုဗီယက်တို့က ၎င်းတို့၏ အင်အား တစ်သိန်း နှစ်သောင်းနှင့် စစ်လက်နက် ပစ္စည်း များကို အာဖဂန်မှ ရုပ်သိမ်း နိုင်ရန် အတွက် အချိန် ကိုးလ ယူခဲ့ရသည်။ သို့တိုင်အောင် ဆိုဗီယက် တို့သည် ဆိုဗီယက်- အာဖဂန် နယ်စပ်သို့ ကုန်းလမ်းဖြင့် တပ်များ ရွှေ့ပြောင်း ခဲ့ရခြင်း ဖြစ်ပြီး ထိုဆုတ်ခွာ မှုတွင် ဆိုဗီယက် စစ်သည် ၅ဝဝ ခန့် ကျဆုံးက သံချပ်ကာများ၊ တင့်ကား များနှင့် မော်တော်ယာဉ် အများ အပြားကို စွန့်ပစ် ခဲ့ရသည် သာမက ကာဘူး မြို့တော်တွင် ပိတ်မိနေသော နောက်ချန် တပ်များကို လေကြောင်းမှ ရွှေ့ထုတ် ခဲ့ရသည်။
အမေရိကန် တို့ တောင် ဗီယက်နမ်မှ ဆုတ်ခွာခဲ့ရာ တွင်လည်း အလားတူပင် ကြုံတွေ့ ခဲ့ရသည်။ ဗီယက်ကောင်း တပ်များ ဆိုင်ဂုံ မြို့တော်သို့ သိမ်းပိုက်ချိန်တွင် အမေရိကန် တပ်ဖွဲ့ အားလုံး နီးပါး တောင် ဗီယက်နမ် မှ ရုတ်သိမ်းပြီး ဖြစ်သည့်တိုင် သံတမန်များ၊ အကြံပေး အရာရှိများ၊ မှီခို သူများနှင့် အမေရိကန် ဘက်တော်သား များကို ရွှေ့ထုတ် ရာတွင် အခက်အခဲ များစွာ တွေ့ခဲ့ ရသည်။ ထို့ပြင် အမေရိကန် တပ်မတော် သည်လည်း ထို အရှက်တကွဲ ဖြစ်ရပ်မှ နလံထူ နိုင်ရန် အတွက် ဆယ်စုနှစ် တစ်ခုကျော် ပြန်လည် ကြိုးစား ခဲ့ရသည်။ ကမ္ဘာပေါ်တွင် တိုက်ရည် ခိုက်ရည် အကောင်းဆုံး တပ်ဖွဲ့ တစ်ခု အဖြစ် ကျော်ကြားသော အစ္စရေး တပ်မတော် သည်ပင် ၂ဝဝဝ ပြည့်နှစ်တွင် လက်ဘနွန် တောင်ပိုင်းမှ ဆုတ်ခွာရာ၌ ကသောင်းကနင်း ဖြစ်ခဲ့ရ ပေသည်။
ယခုအီရတ်တွင် အမေရိကန် တပ်ဖွဲ့ တစ်သိန်း နှစ်သောင်းကျော်၊ လေယာဉ်၊ ရဟတ်ယာဉ်၊ သံချပ်ကာ နှင့် တင့်ကားများ အပါအဝင် စစ်ယာဉ်ပေါင်း လေးသောင်းခွဲ ကျော်သည် အခြေစိုက် စခန်း ၁ဝ ခုတွင် ဖြန့်ခွဲထားပြီး ထိုတပ်ဖွဲ့ များကို အထောက်အကူ ပြုရန်အတွက် ရိက္ခာဝေ စခန်း ၃၈ ခု၊ လောင်စာဆီ သိုလှောင်ရေး စခန်း ၁၈ ခုနှင့် ခဲယမ်း သိုလှောင်ရန် နေရာ ၁ဝ ခုကို တည်ဆောက် ထားရသည်။ ထို့ပြင် အမေရိကန် သံတမန်နှင့် နိုင်ငံခြားသား ငါးသောင်း ခန့်ကိုလည်း ရွှေ့ပြောင်းရန် လိုအပ် ပေသည်။ အလားတူပင် အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည့် အီရတ် နိုင်ငံသား သောင်းနှင့် ချီပြီး ရွှေ့ထုတ် ပေးရမည့် ပြဿနာလည်း ရှိနေ ပေသည်။ အမေရိကန်တို့ ဒေါ်လာ ဘီလီယံနှင့် ချီပြီး အကုန်အကျခံ ဆောက်လုပ် ထားသည့် ကမ္ဘာ ပေါ်တွင် အကြီးဆုံး သံရုံး အပါအဝင် အဆောက် အဦ အများအပြား မှာမူ ဖျက်ဆီး ပစ်ခဲ့ရမည် ဖြစ်သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနကမူ ပထမ အဆင့် တပ်မဟာ ၁ဝ ခု ရွှေ့ထုတ်မှု သည်ပင် ၁ဝ လခန့်အချိန်ယူ ရမည် ဟု ခန့်မှန်း ထားသည်။ သို့သော် အမေရိကန်တို့ စတင် ဆုတ်ခွာ သည်နှင့် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု များက ပိုမို တိုးပွား လာနိုင် သကဲ့သို့ အမေရိကန် ခေတ်လွန် အီရတ် နိုင်ငံတွင် အာဏာကို ထိန်းသိမ်း နိုင်ရေး အတွက် ဆူနီနှင့် ရှီယိုက် တို့ကြား တိုက်ခိုက်မှု များလည်း ပိုမို ပေါ်ပေါက် လာပေမည်။ အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သော အီရတ်တို့ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပိုဖြစ် လာမည် မှာလည်း အသေ အချာပင် ဖြစ်၏။ ထိုထက် ပိုဆိုး မည်မှာ အမေရိကန် တပ်မတော်အတွင်း ယုံကြည်မှု ပျက်ပြား လာမည့် အရေးပင် ဖြစ်သည်။ ဗီယက်နမ် စစ်အပြီးတွင် အမေရိကန် တို့သည် ထိုဒဏ်ရာကို ကုစားရန် အတွက် အချိန် များစွာ ယူခဲ့သည့် သင်ခန်းစာ ရှိခဲ့သည်။
ထို့ကြောင့်လည်း သမ္မတဘုရှ်က အီရတ်တွင် အခြေ အနေများ မတည်ငြိမ်မီ ဆုတ်ခွာပါက အရှေ့ အလယ်ပိုင်း ဒေသနှင့် အမေရိကန် နိုင်ငံ၏ လုံခြုံမှု အတွက် အခြေ အနေတွေ ပိုဆိုး ကုန်မည်ဟု သတိပေး ခဲ့ခြင်း ဖြစ်သည်။ ဘုရှ်က အချိန်မတိုင်မီ ဆုတ်ခွာခဲ့လျှင် အီရတ်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပေါ်ပေါက် လာပြီး နိုင်ငံ ပြိုကွဲ ပျက်စီးကာ ဆိုဗီယက် ခေတ်လွန် အာဖဂန် နိုင်ငံကဲ့သို့ အယ်လ်ကေဒါတို့ အတွက် အခြေစိုက် စခန်းကောင်း ရသွား နိုင်သည်ဟု ပြောခဲ့ သလို အရှေ့ အလယ်ပိုင်း ဒေသက အမေရိကန် တို့၏ မဟာမိတ်များ၊ မိတ်ဆွေများ အတွက်ပါ အန္တရာယ် များလိမ့် မည်ဟု ထောက်ပြ ခဲ့သည်။
သို့သော် အမေရိကန် တပ်ဖွဲ့များ ဆက်လက် တိုက်ပွဲ ဝင်နေပါက အခြေအ နေတွေ ပိုကောင်း လာနိုင် မည်လား ဆိုသည့် အမေးကိုမူ ဘုရှ် ကိုယ်တိုင်က ဖြေကြား နိုင်ခြင်း မရှိသည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် အမေရိကန် အနေဖြင့် အီရတ်တွင် ဆုတ်လည်းစူး၊ စားလည်းရူး အခြေအနေနှင့် ရင်ဆိုင် နေရပြီ ဖြစ်ရာ အီရတ်မှ အနိုင်နှင့် ပိုင်းပြီး ထွက်ခွာ နိုင်မည်လား၊ ဗီယက်နမ် မှာကဲ့သို့ အလဲလဲ အပြိုပြိုဖြင့် ထွက်ပြေး ရမည်လား ဆိုသည် ကို ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အပြီးတွင် ခန့်မှန်း နိုင်တော့မည် ဖြစ်ပါသည်။ သို့သော် မည်သည့် နည်းဖြင့်ပင် အဆုံးသတ် စေကာမူ အမေရိကန် တပ်မတော် အနေဖြင့် အီရတ် စစ်ပွဲ၏ ဒဏ်ရာ ဒဏ်ချက် များကို ကုစား နိုင်ရန် အတွက် နှစ်ပေါင်း များစွာ အချိန်ယူ ရတော့မည် ဖြစ်ပေသည်။
ရဲထွဋ်
International Eleven: 2-8-2007
မှီငြမ်းပြုစာစောင်များ

၁။
Exit Strategies , Washington Post, 17-7-2007
၂။
Initial Benchmark Assessment Report, 12-7-2007, White House
၃။
Duffey, Michale , How to leave Iraq, IPS News, 19-7-2007
၎။
Military Fatalities: By Time Period News

No comments:

Post a Comment