Tuesday, October 8, 2013

ဂျပန် နိုင်ငံရေးနှင့် ဝန်ကြီးချုပ် အာဘေး အနာဂတ်

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ဂျပန်နိုင်ငံ အထက် လွှတ်တော် ရွေးကောက်ပွဲ၌ လက်ရှိ အာဏာရ ပါတီ လစ်ဘရယ် ဒီမိုကရက်တို့ မရှုမလှ အရေးနိမ့် ခဲ့ရသည်။ ထို အရေးနိမ့်မှုသည် ၁၉၅၅ ခုနှစ် နောက်ပိုင်းတွင် လစ်ဘရယ် ဒီမို ကရက် တို့အတွက် အကြီးမား ဆုံးသော အရေးနိမ့်မှု ဖြစ်ပေရာ ပါတီ ခေါင်းဆောင် နှင့် ဝန်ကြီးချုပ် ဖြစ်သူ ရှင်ဇို အာဘေးကို ရာထူးမှ နှုတ်ထွက် ပေးရန် တောင်းဆိုမှု များလည်း ပေါ်ပေါက် လာခဲ့သည်။
အထက် လွှတ်တော်
ဂျပန်နိုင်ငံ၏ လွှတ်တော်ကို အထက် လွှတ်တော်နှင့် အောက် လွှတ်တော် နှစ်ရပ်ဖြင် ဖွဲ့စည်း ထားသည်။ အောက် လွှတ်တော်တွင် အမတ် နေရာ ၄၈ဝ ရှိပြီး သက်တမ်းမှာ ၄ နှစ်ဖြစ်သည်။ House of Councillor ဟု ခေါ်သော အထက် လွှတ်တော်တွင် အမတ်နေရာ ၂၄၂ နေရာ ရှိပြီး သက်တမ်းမှာ ခြောက်နှစ် ဖြစ်သည် ။
အထက် လွှတ်တော်ကို အောက် လွှတ်တော် ကဲ့သို့ ဖျက်သိမ်း၍ မရပဲ အထက် လွှတ်တော် အမတ် တစ်ဝက် ကို သုံးနှစ် တစ်ကြိမ် ပြန်လည် ရွေးကောက် တင်မြှောက် ရသည်။ ဥပဒေကြမ်း အားလုံးကို လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုရန် လိုအပ်ပြီး အောက် လွှတ်တော်သည် အထက် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ကျော်လွှား လိုပါက အောက် လွှတ်တော် အမတ် သုံးပုံ နှစ်ပုံ၏ ထောက်ခံ မှုကို ရရှိရန် လိုအပ်သည်။ ထို့ကြောင့် အောက် လွှတ်တော် တွင် အာဏာရ ပါတီနှင့် မဟာမိတ် ပါတီများက အမတ်နေရာ သုံးပုံ နှစ်ပုံကို မရနိုင်သည့် အချိန်မျိုးတွင် အထက် လွှတ်တော်၏ အာဏာမှာ ပိုမို ကြီးမား လာသည်ကို တွေ့ရသည်။ ဝန်ကြီး ချုပ်ဟောင်း ကိုအီဇူမီ ၏ စာတိုက် လုပ်ငန်း ပြုပြင် ပြောင်းလဲရေး ဥပဒေကြမ်းကို အထက် လွှတ်တော်က ဟန့်တား နိုင်ခဲ့ သည်မှာ၍ သဘော တရားပင် ဖြစ်သည်။
မျိုးဆက်သစ် နိုင်ငံရေး ခေါင်းဆောင် အာဘေး
၁၉၅၄ ခုနှစ်တွင် မွေးဖွားခဲ့သော ရှင်ဇို အာဘေးသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတွင် မွေးဖွားခဲ့သော ပထမဆုံး ဂျပန် ဝန်ကြီးချုပ် ဖြစ်သည်။ အာဘေး၏ ဖခင်ဖြစ်သူ ရှင်တာရို အာဘေး သည်လည်း လစ်ဘရယ် ဒီမိုကရက် ပါတီ၏ ထိပ်တန်း နိုင်ငံရေး သမားများ ဖြစ်သကဲ့သို့ မိခင်ဘက်မှ အဖိုး ဖြစ်သူမှာ ၁၉၅၇ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ် အထိ ဝန်ကြီးချုပ် တာဝန် ယူခဲ့သူ ဖြစ်သည့် နိုဘူရှီ ကီကင်ရှီ ဖြစ်သည်။ အာဘေးသည် ၁၉၉၃ ခုနှစ်တွင် အောက် လွှတ်တော် အမတ်ဖြင့် ရွေးချယ် ခံရပြီးနောက် ဖခင်၏ အရှိန်အဝါဖြင့် လစ်ဘရယ် ဒီမိုကရက် ပါတီအတွင်း မြန်မြန် ဆန်ဆန်ပင် နေရာ ရလာ ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ် တွင်မူ ဝန်ကြီး အဖွဲ့ ဒုတိယ အတွင်း ရေးမှူးချုပ် အဖြစ် ဝန်ကြီးချုပ် မိုရီ၏ အစိုးရ အဖွဲ့တွင် စတင် တာဝန်ယူ ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် လစ်ဘရယ် ဒီမိုကရက် ပါတီ အထွေထွေ အတွင်း ရေးမှူး ဖြစ်လာ ခဲ့ကာ ၂ဝဝ၅ ခုနှစ်တွင် ဝန်ကြီး အဖွဲ့ အတွင်း ရေးမှူးချုပ် တာဝန်ကို ရယူခဲ့သည်။
၂ဝဝ၆ ခုနှစ်တွင် ဝန်ကြီးချုပ် ကိုအီဇူမီ အနားယူ ခဲ့သည့်အခါ ၎င်းနှစ် စက်တင် ဘာလ ၂ဝ ရက်နေ့တွင် အာဘေး သည် လစ်ဘရယ် ဒီမိုကရက် ပါတီ ဥက္ကဌ ဖြစ်လာ ခဲ့သည်။ ထို့နောက် လစ်ဘရယ် ဒီမိုကရက် တို့ ထိန်းချုပ် ထားသော အောက် လွှတ်တော်က အာဘေးကို ဝန်ကြီးချုပ် အဖြစ် ရွေးကောက် တင်မြှောက် ခြင်းဖြင့် အာဘေးသည် စစ်ပြီးခေတ် မျိုးဆက်သစ် ဝန်ကြီးချုပ် အဖြစ် ပေါ်ထွက် လာခဲ့သည်။
ရှင်ဇို အာဘေးသည် ဂျပန် နိုင်ငံရေး လောကတွင် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သူ အဖြစ် လူသိများသူ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန် တပ်မတော်မှ သိမ်းပိုက်ခံ နယ်မြေ များမှ အမျိုးသမီး ထောင်ပေါင်း များစွာကို လိင် ကျေးကျွန်များ အဖြစ် အသုံးပြု ခဲ့မှုနှင့် ပတ်သက်ပြီး အာရှ နိုင်ငံများ၏ ပြောကြား ချက်များကို ပုံကြီးချဲ့ မှုများ အဖြစ် ဝေဖန် ခဲ့သကဲ့သို့ ဒုတိယ ကမ္ဘာစစ် အပြီးတွင် စစ်ရာဇဝတ် ကောင်များ အဖြစ် အပြစ်ပေး ခဲ့ရသူ များသည် ဂျပန်တို့၏ ဥပဒေအရ အပြစ် ကင်းသူများ ဖြစ်သည်ဟု ပြောကြား ခဲ့မှု များကြောင့် ဝေဖန်ခံ ခဲ့ရသူ ဖြစ်သည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး အင်အားကို ကန့်သတ် ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် မည်ဟု ပြောကြား ချက်ကြောင့် အာရှ နိုင်ငံများတွင် ဂျပန် စစ်ဝါဒ ပြန်လည် ခေါင်းထောင် လာမည်ကို စိုးရိမ်မှုများ ပေါ်ပေါက် ခဲ့ရသည်။
သို့သော် ဂျပန် နိုင်ငံတွင်မူ အာဘေး၏ အမျိုးသားရေး ဝါဒီ ရပ်တည်ချက် များကို ထောက်ခံသူ အများအပြား ရှိခဲ့ပြီး မြောက် ကိုရီးယား အပေါ် တင်းတင်း မာမာ ဆက်ဆံ ခဲ့သည့် မူဝါဒမှာလည်း လူကြိုက် များခဲ့သည်။ အာဘေးနှင့် ၎င်း၏ ဇနီး နှစ်ဦးလုံးမှာ အသက် ငယ်ရွယ်ပြီး ခေတ်ပညာတတ်များ ဖြစ်သောကြောင့် ကလင်တန် ဇနီးမောင်နှံ ကဲ့သို့ပင် အတွဲညီပြီး လူကြိုက်များ ခဲ့ပေသည်။ ထိုအကြောင်းများ ပေါင်းစည်း လိုက်သည့် အခါ အာဘေး ဝန်ကြီးချုပ် ဖြစ်လာ ချိန်တွင် ပြည်သူ လူထု ၆ဝ%က အာဘေးကို ထောက်ခံခဲ့ပြီး အာဘေး သည်လည်း စစ်ပြီး ခေတ်တွင် ကိုအီဇူမီ နောက်တွင် ဒုတိယ လူကြိုက် အများဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
အရှုတ် တော်ပုံများ
သို့သော် ဝန်ကြီးချုပ် သက်တမ်း ခြောက်လခန့် အကြာတွင်မူ အာဘေး အပေါ် လူကြိုက်များမှုမှာ တဟုန်ထိုး ကျဆင်းပြီး ၂၈%သို့ ရောက်သွား ခဲ့သည်။ သူ၏ စီးပွားရေး ဆိုင်ရာ ဝန်ကြီး နှစ်ဦးမှာ ငွေကြေး အရှုတ် တော်ပုံများ ကြောင့် နှုတ်ထွက် ခဲ့ရပြီး စိုက်ပျိုးရေး ဝန်ကြီးမှာမူ ငွေကြေး အရှုတ် တော်ပုံ များကြောင့် မိမိကိုယ် မိမိ သတ်သေသွား ခဲ့သည်။ ၎င်းနေရာကို ဆက်ခံသူ မှာလည်း နှစ်လ အကြာတွင် နောက်ထပ် ငွေကြေး အရှုတ် တော်ပုံများ တွင် ပါဝင်ကြောင်း စွပ်စွဲ ခံရပြီးနောက် နှုတ်ထွက် သွားခဲ့သည်။
အာဘေး၏ ဝန်ကြီး အဖွဲ့ဝင်များ၏ မဆင်မခြင် ပြောဆိုမှု များကြောင့်လည်း အာဘေး အစိုးရ အဖွဲ့မှာ နာမည်ပျက် ခဲ့ရသည်ကို တွေ့ရသည်။ ကာကွယ်ရေး ဝန်ကြီး ဖြစ်သူမှာ ဂျပန် နိုင်ငံ အပေါ် အမေရိကန် နိုင်ငံက အနုမြူ ဗုံးကြဲ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မှတ်ချက် ပေးခဲ့မှုကြောင့် နှုတ်ထွက် ခဲ့ရသကဲ့သို့ ကျန်းမာရေး ဝန်ကြီး ဖြစ်သူ မှာလည်း ကိုယ်ဝန်ဆောင် အမျိုး သမီးများကို သားဖောက်စက်နှင့် နှိုင်းယှဉ် ပြောကြား မှုကြောင့် ဝေဖန်မှု အကြီးအကျယ် ခံခဲ့ ရသည်။ ထို့အတူ အာဘေး ကိုယ်တိုင်က ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန် တပ်မတော်၏ ရက်စက် ကြမ်းကြုတ်မှု များကို ကာကွယ် ပြောကြား ခဲ့မှုကြောင့် အာရှ နိုင်ငံများ၏ ဝေဖန်ခံ ခဲ့ရသည်ကို တွေ့ရသည်။
အလားတူပင် ဂျပန် ကျောင်းသုံး စာအုပ်များတွင် ဒုတိယ ကမ္ဘာစစ်နှင့် ပတ်သက်သည့် ရေးသား ချက်များကို ပြင်ဆင်ရန် ကြိုးစားမှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ကြိုးစားမှုများ ကြောင့်လည်း အာရှ ဒေသ နိုင်ငံ များနှင့် ဆက်ဆံရေးတွင် အဖု အထစ်များ ပေါ်ပေါက် ခဲ့ရသည်။ ထိုကဲ့သို့ ပြည်တွင်းရေး တွင်လည်းကောင်း၊ ပြည်ပ ဆက်ဆံရေး တွင်လည်းကောင်း အမှား အယွင်းတွေ များလာ သည်နှင့် အာဘေး အပေါ် မဲဆန္ဒရှင် များ၏ ယုံကြည်မှု ကလည်း ကျဆင်း လာပေသည်။
ထို့ကြောင့် ၂ဝဝ၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် အထက် လွှတ်တော် ရွေးကောက်ပွဲ များ၏ ရလဒ်ကို ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စားစွာ စောင့်ကြည့် ခဲ့ကြသည်။ ထို ရွေးကောက်ပွဲမှာ အာဘေး လက်ထက်တွင် ပထမဆုံး ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်သောကြောင့် ပြည်သူ လူထုက အာဘေး၏ မူဝါဒများကို အဆုံးအဖြတ် ပေးမည့် ရွေးကောက်ပွဲ အဖြစ် နိုင်ငံရေး အကဲခတ်များက သတ်မှတ် ခဲ့ကြသည်။
ရွေးကောက်ပွဲ ရလဒ်နှင့် အာဘေး အနာဂတ်
အထက် လွှတ်တော်ရှိ အမတ် ၂၄၂ နေရာ အနက် ၁၂၁ နေရာကို ယခု ရွေးကောက်ပွဲတွင် ပြန်လည် ရွေးချယ်ခဲ့ ကြသည်။ လက်ရှိ အချိန်တွင် အထက် လွှတ်တော်တွင် လစ်ဘရယ် ဒီမို ကရက် ပါတီနှင့် မဟာမိတ်များ က အထက် လွှတ်တော်တွင် ၁၃၂ နေရာကို ရရှိထားသည်။ ထိုအနက် ၅၈ နေရာမှာ ယခု ရွေးကောက်ပွဲတွင် ပါဝင်မှု မရှိ သောကြောင့် လစ်ဘရယ် ဒီမို ကရက်တို့ အနေဖြင့် လွှတ်တော်တွင် အများစု နေရာကို ဆက်ထိန်း နိုင်ရန် အတွက် ယခု ရွေးကောက်ပွဲတွင် အနည်းဆုံး ၆၄ နေရာ အနိုင်ရရှိရမည် ဖြစ်သည်။
သို့သော် ရွေးကောက်ပွဲ ရလဒ်များ ပေါ်ထွက် လာသည့်အခါ လစ်ဘရယ် ဒီမို ကရက်တို့ အနေဖြင့် ၄၆ နေရာသာ အနိုင်ရ ရှိခဲ့ပြီး အဓိက အတိုက်အခံ ပါတီ ဖြစ်သည့် ဂျပန် ဒီမို ကရက်တစ် ပါတီက ၆ဝ နေရာ အနိုင်ရရှိ ခဲ့သည်။ ထို့ကြောင့် ဂျပန် ဒီမို ကရက်တစ် ပါတီသည် ပါတီ သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် အထက် လွှတ်တော်ကို ထိန်းချုပ် နိုင်သည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲ အရေးနိမ့်မှုကို တာဝန် ယူသည့် အနေဖြင့် အာဘေး ရာထူးမှ နှုတ်ထွက် ပေးသင့်ကြောင်း တောင်းဆိုမှု အများ အပြား ပေါ်ပေါက် လာခဲ့သည်။ သို့သော် အာဘေး ကမူ ရာထူးမှ နှုတ်ထွက်ပေး မည် မဟုတ်ကြောင်း၊ သို့သော် ပြည်သူ လူထုက အစိုးရ အဖွဲ့ အပေါ် ယုံကြည်မှု နည်းပါး နေသည်ကို အသိအမှတ် ပြုကြောင်းနှင့် ဝန်ကြီး အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းပြီး စီးပွားရေးနှင့် အခွန် အကောက် ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များကို ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ သို့သော် အဆာဟိ သတင်းစာက ပြုလုပ် ခဲ့သည့် လူထုဆန္ဒ ခံယူမှု စစ်တမ်း များတွင် မဲဆန္ဒရှင် ၄၇%က ဝန်ကြီးချုပ် အာဘေး နှုတ်ထွက်ရန် လိုလားကြောင်း ပြောကြား ခဲ့သည်ကို တွေ့ရ၏။
သို့သော် လစ်ဘရယ် ဒီမိုကရက် ပါတီ အတွင်း တွင်မူ ဝန်ကြီးချုပ် အာဘေးကို နှုတ်ထွက် ပေးရန် ဖိအား ပေးမှုများ မရှိသလောက် ဖြစ်နေ သည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်း မှာလည်း လက်ရှိ အခြေအနေတွင် ရှင်ဇို အာဘေးကို အစားထိုး နိုင်မည့်သူ မရှိသေး သောကြောင့် ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရက် ပါတီ၏ စည်းမျဉ်းအရ ပါတီ ဥက္ကဌကို အောက် လွှတ်တော်တွင် ရှိသော လစ်ဘရယ် ဒီမိုကရက် အမတ်များက မဲပေး ရွေးချယ် ရမည် ဖြစ်သည်။ ဥက္ကဌ သက်တမ်းမှာ ငါးနှစ် ဖြစ်ပြီး သက်တမ်း တစ်ကြိမ်သာ တာဝန် ထမ်းဆောင် ရမည် ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရက် များက အောက် လွှတ်တော်တွင် အများစု ရရှိပါက ပါတီ ဥက္ကဌသည် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူ ရမည် ဖြစ်သည်။
သို့သော် လစ်ဘရယ် ဒီမိုကရက် ပါတီသည် တိကျသော ဖွဲ့စည်းမှု၊ ဗဟို ချုပ်ကိုင်မှု မရှိပဲ အဓိက အုပ်စုကြီး ခုနှစ်ခု အတွင်း ညှိနှိုင်း ဆွေးနွေးမှု များဖြင့်သာ မူဝါဒများ ချမှတ် နေရခြင်း ဖြစ်သည်။ အထက် လွှတ်တော်နှင့် အောက် လွှတ်တော် အမတ်များမှာ ထိုအုပ်စု ဝင်များသာ ဖြစ်သောကြောင့် ပါတီ ဥက္ကဌ ရာထူး အတွက် လိုအပ်သော ထောက်ခံ မှုကို ရာထူး အပေး အယူ၊ ငွေကြေး အပေး အယူ များဖြင့် ရယူ နေရ သည်ကို တွေ့ရသည်။ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလ ကိုအီဇူမီ လက်ထက်တွင် ပြုလုပ် ခဲ့သည့် အောက် လွှတ်တော် ရွေးကောက်ပွဲတွင် လစ်ဘရယ် ဒီမိုကရက် တို့က အမတ်နေရာ ၂၉၆ နေရာ အနိုင်ရရှိ ထားပေရာ ဝန်ကြီးချုပ် အာဘေးကို စိန်ခေါ်မည့် သူသည် အထက်ပါ လွှတ်တော် အမတ် အများစု၏ ထောက်ခံမှုကို ရရှိရန် လိုအပ် ပေသည်။ ယခုအချိန် အထိတော့ ပါတီ တွင်း အုပ်စုကြီး ခုနှစ်ခုမှ အာဘေးကို ယှဉ်ပြိုင် မည့်သူ၊ အာဘေး နေရာကို အစားထိုး နိုင်မည့် သူကို ရွေးချယ် နိုင်ခြင်း မရှိသေးသဖြင့် ဝန်ကြီးချုပ် အာဘေး အနေဖြင့် ဝန်ကြီးချုပ် တာဝန် ဆက်လက် ထမ်းဆောင် နေရမည့် အခြေအနေတွင် ရှိနေသည်။
အနာဂတ် ဂျပန်နိုင်ငံရေး
သို့သော် လစ်ဘရယ် ဒီမိုကရက် ပါတီ၏ အနာဂတ် အခြေအနေ မှာလည်း တဲတဲလေး မျှသာ ရှိသည်ဟု ဆိုရမည့် အခြေအနေတွင် ရောက်ရှိ နေသည်။ ဂျပန် နိုင်ငံရေး လောကကို နှစ်ပေါင်း ငါးဆယ်မျှ စိုးမိုး ခဲ့သော လစ်ဘရယ် ဒီမိုကရက် တို့အပေါ် မဲဆန္ဒရှင် များ၏ ယုံကြည်မှုမှာ တစ်ဖြေးဖြေး လျော့နည်း လာနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်နှစ်က လစ်ဘရယ် ဒီမိုကရက် ပါတီဝင် သုံးသန်းကျော် ရှိရာမှ ယနေ့တွင် တစ်သန်း ခန့်သာ ရှိတော့သည်ကို တွေ့ရသည့် အပြင် မဲဆန္ဒရှင် ၅ဝ% ကျော်က ၎င်းတို့ကိုယ် ၎င်းတို့ လွပ်လပ်သော မဲဆန္ဒရှင် များအဖြစ် ခံယူထား သည်ကို တွေ့ရသည်။ ကိုအီဇူမီ လက်ထက် ကမူ ထိုမဲ ဆန္ဒရှင်များကို လစ်ဘရယ် ဒီမို ကရက် ပါတီသို့ ရောက်အောင် ဆွဲဆောင် နိုင်ခဲ့သည်။ ရှင်ဇို အာဘေးကို ကိုအီဇူမီကို ဆက်ခံရန် အတွက် ရွေးချယ် ခဲ့စဉ်က လစ်ဘရယ် ဒီမိုကရက် တို့အနေဖြင့် ကိုအီဇူမီ ကဲ့သို့ပင် ကြားနေ မဲဆန္ဒရှင်များကို ဆွဲဆောင် နိုင်မည်ဟု မျှော်လင့်ခဲ့ သော်လည်း အထင်နှင့် အမြင် တခြားစီ ဖြစ်ခဲ့ရ ပေသည်။ အဆာဟိ သတင်းစာနှင့် တိုကျို တက္ကသိုလ် တို့ ပူးပေါင်း ပြုလုပ်ခဲ့သည့် စစ်တမ်း ကောက်ယူမှု များအရ ၂ဝဝ၅ ခုနှစ် အောက် လွှတ်တော် ရွေးကောက် ပွဲတွင် ကိုအီဇူမီကို ထောက်ခံ ခဲ့သူ ၅ဝ% ကျော်က လာမည့် ရွေးကောက် ပွဲတွင် လစ်ဘရယ် ဒီမိုကရက် တို့ကို ထောက်ခံမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်ကို တွေ့ခဲ့၏။

ကိုအီဇူမီ ဝန်ကြီးချုပ် ဖြစ်လာသည့် ၂ဝဝ၁ ခုနှစ် မတိုင်မီ ၁၂ နှစ် အတွင်းတွင် ဂျပန်နိုင်ငံ၌ ဝန်ကြီးချုပ် ၁ဝ ဦး တာဝန်ယူ ခဲ့သည်အထိ နိုင်ငံရေး မတည်ငြိမ် မှုများ ဖြစ်ခဲ့ရပြီး ကိုအီဇူမီ တစ်ဦးသာ သက်တမ်းပြည့် ဝန်ကြီးချုပ် တာဝန် ယူရင်း နိုင်ငံ စီးပွားရေး နလံ ပြန်ထူ နိုင်ရန် လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့ ပေသည်။ လက်ရှိ ဝန်ကြီးချုပ် ရှင်ဇို အာဘေး အနေဖြင့် ပါတီနှင့် အစိုးရ အဖွဲ့ အတွင်း လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် နိုင်ခြင်း မရှိလျှင်မူ ယခင်က ကဲ့သို့ပင် တစ်နှစ်လျှင် တစ်ခါ ဝန်ကြီးချုပ် ပြောင်းနေသည့် မတည် မငြိမ် ဗျာများ နေသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိ သွားနိုင် ပေသည်။ ထိုသို့ ဆိုလျှင် ပြန်လည် ဦးမော့စ ပြုနေသော ဂျပန်နိုင်ငံ စီးပွားရေး သည်လည်း စီးပွားရေး ဆုတ်ကပ် အတွင်း ပြန်ရောက် သွားမည်သာ ဖြစ်သည်။
ရဲထွဋ်
International Eleven: 9-8-2007
မှီငြမ်းပြုစာစောင်များ

၁။
Time, 30-7-2007, Japan Tune Out
၂။
BBC News, 29-7-2007,30-7-2007 , 31-7-2007

No comments:

Post a Comment