၂ဝဝ၆
ခုနှစ် ဆန်းပိုင်းမှ စတင်ပြီး အာဖဂန် နစ္စတန် နိုင်ငံတွင် တာလီဘန် လှုပ်ရှား မှုများ ပိုမို
ကျယ်ပြန့် လာသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ၂ဝဝ၆ ခုနှစ် အတွင်းတွင် ပေါ်ပေါက် ခဲ့သော တာလီဘန်
တို့၏ တိုက်ခိုက်မှု များသည် ၂ဝဝ၅ ခုနှစ် အတွင်း ကထက် လေးဆ တိုးလာ ခဲ့သည်။ ထိုကဲ့သို့
တာလီ ဘန်များ လှုပ်ရှား လာသည်နှင့် အတူ နောက်ဆက်တွဲ ပါလာသည့် ပြဿနာမှာ ဘိန်းစိုက်ပျိုး
ထုတ်လုပ်မှု အကြီးအကျယ် မြင့်တက် လာခြင်းပင် ဖြစ်သည်။
၂ဝဝ၆
ခုနှစ် အတွင်းတွင် အာဖဂန် နိုင်ငံမှ ဘိန်း တန်ချိန် ငါးထောင့် ခြောက်ရာကျော် ထုတ်လုပ်
ခဲ့ရာ ထိုပမာဏ သည် ကမ္ဘာ့ဘိန်း ထုတ်လုပ် မှု၏ ၉ဝ% အထိ ရှိခဲ့သည်။ ၂ဝဝ၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်
အာဖဂန်တွင် ဘိန်းစိုက် ဧက ၆၁% တိုးတက် လာပြီး ဘိန်းထွက် နှုန်းမှာ ၂၆% မြင့်တက် လာခဲ့
သည်ကို တွေ့ ရပါသည်။ သို့သော် အဓိက ဘိန်း ထုတ်လုပ်ရာ နယ်မြေ ဖြစ်သည့် အနောက် မြောက်ဘက်ရှိ
ဟဲလ်မန်း ပြည်နယ်နှင့် အရှေ့ ဘက်ရှိ အိုရုဇ်ဂန် ပြည်နယ် များတွင် စိုက်ဧကမှာ ၁၂၃% အထိ
တိုးတက် လာသည်ကို တွေ့ရသည်။
၂ဝဝ၇
ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ကုလ သမဂ္ဂ အစီရင်ခံစာ တွင်လည်း အာဖဂန်
နိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ် မှုသည် ဒုတိယ နှစ်အဖြစ် ဆက်တိုက် မြင့်တက် လာနေကြောင်း
ဖော်ပြ ခဲ့သည်။ ကုလ သမဂ္ဂ အစီရင်ခံစာ အရ အာဖဂန် နိုင်ငံ၏ ဘိန်းစိုက် ပျိုးသည့် ဧရိယာမှာ
ဧက လေးသိန်း ခုနှစ်သောင်း ခြောက်ထောင့် ကိုးရာ ကျော်ရှိပြီး ယခင် နှစ်ကထက် ၁၇% တိုးတက်
လာခဲ့ကာ အာဖဂန် နိုင်ငံတွင် ဘိန်းစိုက်သည့် နယ်မြေ အကျယ် အဝန်း မှာလည်း တောင် အမေရိက
တိုက်ရှိ ကိုလံဘီယာ၊ ပီရူးနှင့် ဘိုလီဗီးယား နိုင်ငံ သုံးခု ပေါင်းတွင် ကိုကာပင် စိုက်ပျိုးသည့်
နယ်မြေ များထက် ကျော်လွန် သွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင်
ယခုနှစ်တွင် ရာသီဥတု ကောင်းမွန် မှုကြောင့် အာဖဂန် နိုင်ငံမှ ဘိန်းတန်ချိန် ၈၂ဝဝ တန်
ထုတ်လုပ် နိုင်မည် ဖြစ်ပြီး တစ်ကမ္ဘာလုံး ထုတ်လုပ် မှု၏ ၉၃% ရှိလာပြီ ဖြစ်သည်။ ကုလ သမဂ္ဂ
ကမူ ထိုအခြေ အနေသည် ကမ္ဘာ့ သမိုင်းတွင် နိုင်ငံ တစ်ခု အနေဖြင့် မကြုံစဖူး ထူးကဲ လှသော
မူးယစ် ဆေးဝါး ထုတ်လုပ်မှု ဖြစ်သည်ဟု ဖော်ပြ ခဲ့သည်။
သို့သော်
အာဖဂန် နိုင်ငံ၏ ဘိန်း ထုတ်လုပ်မှုမှာ တစ်ပြည်လုံး အတိုင်း အတာဖြင့် တိုးတက် လာခြင်း
မဟုတ်ဘဲ အချို့ နယ်မြေ များတွင် ဘိန်းစိုက် ပျိုးမှုမှာ သိသိသာသာ လျော့ကျ နေသည် ကိုလည်း
တွေ့ပါသည်။ နိုင်ငံ အလယ် ပိုင်းနှင့် မြောက်ပိုင်း ဒေသ များတွင် ဘိန်း စိုက်ပျိုးမှု
လုံးဝ ကင်းစင် သွားသည့် ဒေသ ၁၃ ခုအထိ ရှိလာ ခဲ့သည်။ သို့သော် နိုင်ငံ အနောက် ပိုင်းနှင့်
တောင်ပိုင်း ဒေသ များတွင်မူ ဘိန်း စိုက်ပျိုးမှုမှာ ကြောက်ခမန်း လိလိ တိုးတက် လာခဲ့သည်။
နိုင်ငံ၏ ဘိန်း စိုက်ပျိုးမှု ၇ဝ%မှာ ပါကစ္စတန်နှင့် နယ်စပ်ခြင်း ထိစပ် နေသော ပြည်နယ်
ငါးခုတွင် စိုက်ပျိုး နေခြင်း ဖြစ်သကဲ့သို့ နိုင်ငံ၏ ဘိန်း ထွက်ရှိမှု ၅ဝ%မှာ ဟဲလ်မန်း
ပြည်နယ် တစ်ခု တည်းမှ ဖြစ်သည် ကိုလည်း တွေ့ရ ပြန်သည်။
ထိုကဲ့သို့
နယ်မြေ အလိုက် ကွဲပြား ခြားနားမှု အခြေအနေကို လေ့လာလျှင် ဘိန်းစိုက်ပျိုး မှုသည် ဆင်းရဲ
နွမ်းပါးသော၊ မြေဆီ သြဇာ ထက်သန်မှု မရှိသော ဒေသ များတွင်သာ ရှိနိုင်သည် ဆိုသည့် အယူအဆ
မှားယွင်း လာနေ သည်ကို တွေ့ရမည် ဖြစ်သည်။ အာဖဂန်တွင် ဘိန်း အများဆုံး စိုက်ပျိုး နေသည့်
ပြည်နယ် ငါးခုမှာ မြေသြဇာ ကောင်းမွန်ပြီး ယခင်က အဓိက ဂျုံစိုက်ပျိုးရာ ဒေသများ ဖြစ်ကာ
ဒေသခံ လူများမှာ ကျန် ပြည်နယ် များထက် တစ်ဦးချင်း ဝင်ငွေ ပိုမို မြင့်မား ခဲ့သော
ပြည်နယ်များ ဖြစ်ပေသည်။ ယခုအချိန်တွင် ထိုပြည်နယ် များတွင် ဘိန်းဧက ငါးထောင့် ခုနှစ်ရာ
ကျော် စိုက်ပျိုး ထားပြီး အာဖဂန် နိုင်ငံတွင် တစ်ဦးချင်း ဝင်ငွေ အမြင့်ဆုံး ပြည်နယ်များ
ဖြစ်နေ သည်ကို တွေ့ရသည်။ ဘိန်း အများဆုံး စိုက်ပျိုးရာ ဟဲလ်မန်း ပြည်နယ်တွင် ဘိန်း
တောင်သူ များ၏ ဝင်ငွေမှာ ဒေါ်လာ ၅၂၈ သန်းရှိခဲ့ရာ ၂ဝဝ၆ ခုနှစ် ဝင်ငွေ ဒေါ်လာ ၃၄၇ သန်းထက်
နှစ်ဆ နီးပါးမျှ တိုးတက် လာသည်ဟု ဆိုနိုင် ပါသည်။
ဘိန်းစိုက်
ပျိုးမှုတွင် ပါဝင် ပတ်သက် နေသော အာဖဂန် ပြည်သူ ဦးရေ မှာလည်း ဘိန်း အထွက်နှုန်း ကဲ့သို့ပင်
တရိပ်ရိပ် တိုးတက် နေ၏။ ၂ဝဝ၆ ခုနှစ်တွင် အာဖဂန် အိမ်ထောင် စုပေါင်း လေးသိန်း လေးသောင်း
ရှစ်ထောင် ကျော် ပါဝင် ပတ်သက် နေခဲ့ သော်လည်း ၂ဝဝ၇ ခုနှစ်တွင် ငါးသိန်း ကိုးထောင် ကျော်အထိ
တိုးတက် လာခဲ့သည်။ အာဖဂန် နိုင်ငံ၏ ပျမ်းမျှ နှုန်းထား ဖြစ်သည့် အိမ်ထောင်စု တစ်ခုလျှင်
လူဦးရေ ၆.၇ ဦးနှင့် တွက်ချက်လျှင် လူဦးရေ ၃.၃ သန်း သည် မူးယစ် ဆေးဝါး လုပ်ငန်းတွင်
ပတ်သက် နေသည်ဟု ဆိုနိုင်သည်။ ထိုပမာဏသည် အာဖဂန် လူဦးရေ ၂၃ သန်း ၏ ၁၄.၃ % ပင်ဖြစ်သည်။
၂ဝဝ၆
ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ် များတွင် ဘိန်း အထွက်နှုန်း တိုးတက် လာမှုကြောင့် ဘိန်းစိမ်း
ဈေးများ ထိုးကျ သွားမည်ဟု မျှော်မှန်း ခဲ့သော်လည်း ၂ဝဝ၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်
၂% မှ ၇% အတွင်းသာ ကျဆင်း ခဲ့သည်ကို တွေ့ရသည်။ ကုလ သမဂ္ဂက ထိုကဲ့သို့ ဖြစ်ရ ခြင်းမှာ
မြန်မာနှင့် လာအို နိုင်ငံများ၌ ဘိန်း စိုက်ပျိုးမှု သိသိ သာသာ လျော့ကျ သွားသည့် နေရာတွင်
အာဖဂန် နိုင်ငံက အစားဝင် ရောက်လာပြီး တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင် အာရှ ဈေးကွက်
များသို့ တင်ပို့ လာခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ် ဖော်ပြ ခဲ့သည်။ ထိုကဲ့သို့ ဘိန်းဈေးကွက်
ရှိနေ ခြင်းကြောင့် ၂ဝဝ၇ ခုနှစ်တွင် ဘိန်းတောင်သူ များထံမှ ဘိန်းစိမ်း ဝယ်ယူ ခဲ့သည့်
ငွေပမာဏမှ ဒေါ်လာ သန်းတစ်ထောင် နီးပါး ရောက်ရှိ ခဲ့ပြီး ၂ဝဝ၆ ခုနှစ် ငွေပမာဏ (ဒေါ်လာ
သန်း၇၆ဝ) ထက် ၃၂% တိုးတက် လာခဲ့သည်။ အာဖဂန် နိုင်ငံ၏ ဂျီဒီပီမှာ ဒေါ်လာ ၇.၅ ဘီလီယံသာ
ရှိသောကြောင့် ဘိန်းစိမ်း ဝယ်ယူသည့် ငွေသည် ဂျီဒီပီ၏ ၁၃% ရှိသည်ဟု ဆိုနိုင် ပေသည်။
ကုလ
သမဂ္ဂ၏ အစီ ရင်ခံစာတွင် ဘိန်းတောင်သူ များ၏ ၅၃%ခန့်မှာ ဘိန်းဈေး ကောင်းခြင်း ကြောင့်
အခြား သီးနှံ များကို စွန့်ပစ်ပြီး ဘိန်းစိုက်ပျိုး လာခြင်း ဖြစ်ကြောင်း၊ ဘိန်းတောင်သူ
၉၈% က အခြားဝင်ငွေ ရသည့် လုပ်ငန်းများ၊ သီးနှံများ ရှိပါက ဘိန်းစိုက် ပျိုးမှုကို ရပ်ဆိုင်းမည်
ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း ဖော်ပြ ထားသည်။
သို့သော်
ဘိန်းအများဆုံးစိုက်ပျိုးသည့် တောင်ပိုင်းပြည်နယ်များတွင် ဘိန်းတောင်သူများ၏ တစ်နှစ်
ဝင်ငွေမှာ အမေ ရိကန် ဒေါ်လာ ၃၃၁၆ ရှိပြီး အခြား သီးနှံ စိုက်ပျိုး သူများ၏ ဝင်ငွေမှာ
ဒေါ်လာ ၂၄၈ဝ ရှိနေ သောကြောင့် အခြား ဝင်ငွေကောင်း သီးနှံ ရရှိပါက ဘိန်းစိုက် ပျိုးမှုကို
ရပ်ဆိုင်းမည် ဆိုသည့် ပြောကြား ချက်များမှာ အဓိပ္ပါယ် မရှိလှ ဟုလည်း ကျွမ်းကျင်သူ အချို့
ကလည်း ဆိုပါသည်။
ဘိန်း
စိုက်ပျိုးမှု တိုးတက် လာခြင်း၏ အဓိက အကြောင်း အရင်း တစ်ခုမှာ တိုင်းပြည်တွင် လုံခြုံရေး
အခြေ အနေ ဆိုးဝါး လာခြင်းပင် ဖြစ်သည်။ အာဖဂန် ဘိန်းတောင်သူ များ၏ ၅၄%မှာ ၂ဝဝ၁ ခုနှစ်တွင်
တာလီဘန် အစိုးရ ပြုတ်ကျပြီး နောက်မှသာ ဘိန်းစိုက် လာခြင်း ဖြစ်သည်ကို တွေ့ရသည်။ တာလီဘန်တို့
အုပ်ချုပ်စဉ်က ဘိန်းစိုက် ပျိုးခြင်းကို ဘာသာရေး အမိန့် ထုတ်ပြန်ပြီး ပြင်းပြင်း ထန်ထန်
တားဆီး ခဲ့သော်လည်း ယခု အချိန်တွင် ၎င်းတို့ ကိုယ်တိုင်က ဘိန်း တောင်သူများ၊ မူးယစ် ဆေးဝါး
ဂိုဏ်းများကို အကာ အကွယ် ပေးခြင်းဖြင့် ဝင်ငွေဖြောင့် နေသည်ကို တွေ့ရသည်။ ၂ဝဝ၄ ခုနှစ်
နောက်ပိုင်းတွင် အာဖဂန် တောင်ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်များ၏ အုပ်ချုပ်မှုမှာ
ဗဟို အစိုးရ ထံတွင် မရှိတော့ဘဲ ဒေသခံ စစ်ဘုရင်များ၊ တာလီဘန် ပြောက်ကျား များနှင့် မူးယစ်
ဂိုဏ်းများ လက်အတွင်းသို့ ရောက်ရှိ သွားခဲ့သည်။ ကုလ သမဂ္ဂ၏ အစီ ရင်ခံစာတွင် ၂ဝဝ၄ ခုနှစ်
နောက်ပိုင်း၌ တောင်ပိုင်း ပြည်နယ် များတွင် တိုက်ပွဲများ တိုးတက် ဖြစ်ပွား လာမှုနှင့်
ဘိန်းစိုက် ဧက တိုးတက် လာမှု ဆက်စပ် နေကြောင်း ကိန်းဂဏန်း များဖြင့် နှိုင်းယှဉ် ဖော်ပြ
ထားပါသည်။
ကုလသမဂ္ဂ
UNODC ( United Nations Offices on Drugs and Crime) က အာဖဂန် နိုင်ငံ မူးယစ် ဆေးဝါး
တိုက်ဖျက်ရေး လုပ်ငန်းကို လုံခြုံရေး နည်းလမ်း၊ စစ်ရေး နည်းလမ်း သက်သက်ဖြင့် ဖြေရှင်း၍
မရနိုင်ကြောင်း သုံးသပ် ပြခဲ့သကဲ့သို့ မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံ တို့တွင် အောင်မြင်စွာ
ဆောင်ရွက် နိုင်ခဲ့သည့် ဘိန်းစိုက်ပျိုးမှု တားဆီးရေး လုပ်ငန်း များကို အာဖဂန်တွင် ထိထိ
ရောက်ရောက် ဆောင်ရွက် သင့်သည် ဟုလည်း ထောက်ပြ ခဲ့သည်။၂ဝဝ၇ ခုနှစ်တွင် အာဖဂန်၌ ဘိန်း
စိုက်ဧက လေးသောင်း ကျော်သာ ဖျက်ဆီး နိုင်ခဲ့ရာ စုစုပေါင်း စိုက်ဧက ၏၁ဝ% သာ ရှိခဲ့သည်။
နေတိုး တပ်ဖွဲ့များနှင့် အာဖဂန် အစိုးရ တို့က ဘိန်းခင်း ဖျက်ဆီးမှု များကို အတင်း အကြပ်
ဆောင်ရွက် ပါက ဘိန်းစိုက် တောင်သူ များကို တာလီဘန် တို့ဘက်သို့ တွန်းပို့ သလို ဖြစ်မည်ဟု
ယူဆ နေခြင်းကြောင့် ဘိန်းခင်း ဖျက်ဆီး မှုများ အရှိန် အဟုန် နည်းပါး နေခြင်း ဖြစ်သည်ဟု
အကဲခတ်များက ဆိုကြ ပါသည်။
အာဖဂန်
နိုင်ငံတွင် တစ်ဟုန်ထိုး တိုးတက် လာနေသည့် မူးယစ် ဆေးဝါး စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေ
များကြောင့် အာဖဂန် နိုင်ငံတွင် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်း နိုင်ရေး အတွက် အမေ
ရိကန်တို့က ပေးနေသည့် အကူ အညီများ အပေါ် မေးခွန်း ထုတ်မှုများ ပေါ်ပေါက် လာခဲ့ ပါသည်။
လက်ရှိ အချိန်တွင် အမေ ရိကန် တို့သည် အာဖဂန် အစိုးရ၏ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်သို့
ဒေါ်လာ သန်း ၆ဝဝ ခန့်အကူအညီ ပေးထား သည့်အပြင် မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် နံမည်ပျက်
နိုင်ငံ စာရင်း မှလည်း ပယ်ဖျက် ပေးထား ခဲ့သည်။ သမ္မတ ဘုရှ်က အာဖဂန်ကို နံမည်ပျက် စာရင်းမှ
ပယ်ဖျက် ပေးခဲခြင်းမှာ အမေရိကန် နိုင်ငံ၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကျိုး စီးပွားကြောင့်
ဖြစ်သည်ဟု အကြောင်းပြ ခဲ့သည်။ သို့သော် မြန်မာ၊ ပီရူး၊ ဘိုလီ ဗီးယား နိုင်ငံ တို့ကဲ့သို့
မူးယစ် ဆေးဝါး ထုတ်လုပ်မှု သိသိသာသာ လျော့ကျ နေသော နိုင်ငံများကို နံမည်ပျက် စာရင်းမှာ
ပယ်ဖျက်ခြင်း မပြုဘဲ နှစ်စဉ် တိုးတက် ထုတ်လုပ် နေသော အာဖဂန် နိုင်ငံကို စာရင်းမှ ပယ်ဖျက်
ပေးခဲ့ခြင်း အပေါ် ဝေဖန်မှု အများ အပြားလည်း ပေါ်ထွက် လာခဲ့သည်။
ဘုရှ်
အစိုးရ တာဝန် ရှိသူ အချို့က ဘိန်း စိုက်ပျိုးမှု တိုးတက် လာခြင်းနှင့် ပတ်သက်ပြီး တာဘီဘန်တို့
အပေါ် လုံးလုံး အပြစ်ပုံချ ခဲ့သော်လည်း အာဖဂန်ရှိ နေတိုး တပ်ဖွဲ့များ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး
ဂျိမ်းဂျုံး ကမူ မူးယစ် ဆေးဝါး မှောင်ခို ဂိုဏ်းများက ဘိန်း စိုက်ပျိုးမှုနှင့် ဘိန်းဖြူ
ထုတ်လုပ်မှုကို ချုပ်ကိုင် ထားကြောင်း၊ မူးယစ် ဆေးဝါးဂိုဏ်း များသည် အာဖဂန်မှ ပါကစ္စတန်၊
အီရန်၊ ရုရှတို့ ကိုဖြတ်ပြီး နိုင်ငံတကာသို့ တင်ပို့နေကြောင်း၊ ထိုဂိုဏ်း များသည်
နေတိုးနှင့် အာဖဂန် အစိုးရ တပ်ဖွဲ့များ ကိုလည်း တိုက်ခိုက် နေကြောင်း၊ တာလီဘန် တို့ကိုသာ
အပြစ် ပုံချနေ၍ မရကြောင်း ရှင်းပြ ခဲ့သည်။
လက်ရှိ
အခြေ အနေတွင် အမေရိကန်နှင့် နေတိုး တပ်ဖွဲ့သည် လည်းကောင်း၊ အာဖဂန် အစိုးရ သည် လည်းကောင်း၊
ပြည်နယ် အားလုံးကို ထိရောက်စွာ ထိန်းချုပ် နိုင်ခြင်း မရှိဘဲ ဒေသခံ လူမျိုးစု ခေါင်းဆောင်များ၊
ပြောက်ကျား တပ်ဖွဲ့ များကိုသာ မဟာမိတ် ဖွဲ့ပြီး တစ်ဆင့် အုပ်ချုပ် နေရခြင်း ဖြစ်သည်။
ထို့ကြောင့် အယ်လ်ကေဒါတို့ လှုပ်ရှားမှု များပြား လာသည် နှင့်အမျှ ထိုဒေသခံ လူမျိုးစု
ခေါင်းဆောင်များ၊ ပြောက်ကျား တပ်ဖွဲ့ များ၏ ပူပေါင်း ကူညီ မှုသည် အမေရိကန်နှင့် နေတိုး
တပ်ဖွဲ့များ အတွက် ပိုမို အရေးကြီး လာပေသည်။ ဤ အခြေအ နေတွင် ထိုခေါင်းဆောင်များ အနေဖြင့်
မူးယစ် ဆေးဝါး လုပ်ငန်း များတွင် ပါဝင် ပတ်သက် နေမှုကို အမေရိကန်တို့ အနေဖြင့် မသိ ကျိုးကျွံ
ပြုထား နေရမည်သာ ဖြစ်သည်။
သို့သော်
ရေရှည် တွင်မူ မူယစ် ဆေးဝါး စိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းသည် အာဖဂန်နိုင်ငံ၏ တည်ငြိမ်မှု၊
ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက် အကူ မပြုသည့် အပြင် တာလီဘန်၊ အယ်လ်ကေဒါနှင့် အခြား
အကြမ်းဖက် အဖွဲ့အစည်းများ ပိုမို အားကောင်း စေရန် အတွက် ရေခံ မြေခံပင် ဖြစ်လာ နိုင်ပါသည်။
ထို့ကြောင့် အမေရိကန် တို့၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် အာဖဂန် နိုင်ငံမှ
မူးယစ် ဆေးဝါး ပြဿနာ ဖြေရှင်းရေး ကိုလည်း ထည့်သွင်း ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်
နေပြီ ဖြစ်ပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
|
Afghanistan Opium
Survey 2007 Executive Summary By UNODC
|
၂။
|
New York Time,
26-8-2007
|
No comments:
Post a Comment